ကိုက်ချင်ရာကိုက်
Vol. 5 Ch. 69
ဖုန်ချင်အန်း မျက်လုံးပြူးသွားသည်။ တစ်ခုခုတော့ လွဲနေသည်။ ထိုစကားပြောသင့်သည်က သူသာဖြစ်သည်။
ဝိညာဉ်တစ်သောင်းခန္ဓာ။
ခန္ဓာပြောင်းခဲ့စဉ်က နှေးကွေးလွန်းသည့် သူ့တိုးတက်မှုနှင် အိမ်မွေးတိရစ္ဆာန်များ၏ တုံ့ပြန်မှုများအကြောင်း သူပြန်သတိရလာသည်။
သူ့ခန္ဓာသည် ထိုတိရစ္ဆာန်များအတွက် ဆွဲဆောင်မှုတစ်ခုခုရှိသည်ဟု သူခန့်မှန်းဖူးသည်။ ယခု သူအထင် မှန်နေပုံရသည်။ လူချင်းပူးကပ်နေသဖြင့် မိန်းကလေးအတွက် ဆွဲဆောင်အားတစ်ခု ဖြစ်လာပုံရသည်။
သို့သော် သူသည်ယခု ရုပ်ခန္ဓာအသွင်ဖြင့် ရှိနေခြင်းမဟုတ်ကြောင်း သိသည်။ ဝိညာဉ်တစ်သောင်းခန္ဓာသည် ခန္ဓာကိုယ်ကိုသာမက ဝိညာဉ်ကိုပါ သက်ရောက်ဟန်ရှိသည်။
“အရမ်းမွှေးတာပဲ”
သူ့လည်ပင်းဆီ မိန်းကလေးငုံ့၍ နမ်းသည်။ ထွက်သက်ဝင်သက်က သူ့ကိုယ်ပေါ်ရိုက်ခတ်လာသည်။
“ငါတစ်ခါလောက်ကိုက်ကြည့်ချင်တယ်”
မိန်းကလေး၏ လိုချင်တပ်မက်နေသည့်အမူအရာကြောင့် သူ့ကျောရိုးထဲစိမ့်တက်လာသည်။ သို့သော် သူမကြောက်။ ပြုံး၍မေးလိုက်သည်။
‘မင်းက ဘယ်လောက်နာအောင် ကိုက်ချင်တာလဲ”
“ဟမ်”
မိန်းကလေး ခေါင်းမော့ကြည့်သည်။ နားမလည်ဖြစ်နေပုံရသည်။
“ရော့”
သူ့ဘယ်လက်ကို ပါးစပ်နားကပ်ပေးလိုက်သည်။
“ကိုက်ချင်ကိုက်လေ”
“တကယ်ကိုက်လို့ရလား”
မိန်းကလေးက မျက်တောင်ကော့များကို တဖျတ်ဖျတ်ခတ်လျက် တအံ့တဩပြန်မေးသည်။
“တကယ်ပါ”
သူခေါင်းငြိမ့်လိုက်သည်။ လူသားမဟုတ်သည့်မျိုးနွယ်များအပေါ် သူ့ဆွဲဆောင်မှု မည်မျှပြင်းထန်ကြောင်း သိချင်နေသည်။ ဤမိန်းကလေးသည် လူသားနှင့်တူသော်လည်း တကယ်မဟုတ်မှန်း သူသိသည်။ အသွင်အပြင်က သိသာသည်။
ထို့အပြင် ဤမိန်းကလေးသည် သိပ်စွမ်းအားမကြီး။ စွမ်းရည်အဆင့်က ကြောက်စရာကောင်းသော်လည် ထိုစွမ်းရည်ကိုနှိုးဆွ၍ တိုက်ခိုက်စွမ်းအားအဖြစ် မပြောင်းရသေး။
မိန်းကလေး တုံ့ဆိုင်းမနေတော့။ သူ့လက်ဖျံကို ကိုက်လိုက်သည်။ သို့သော် နည်းနည်းထုံသွားသလိုသာ ခံစားရသည်။ ထို့နောက် ပျော့ပျောင်းသည့်အရာတစ်ခုက သူ့အရေပြားကိုလာထိသည်။
သူ့အသက်ရှူနှုန်း မြန်လာသည်။ နာကျင်မှုမခံစားရသော်လည်း မိန်းကလေးက လျှာဖြင့်လျက်နေသဖြင့် တစ်မျိုးတစ်မည်ခံစားရသည်။
အတော်စိတ်လှုပ်ရှားစရာကောင်းသည့် ခံစားချက်ဖြစ်သည်။
သူသာယာနေစဉ်မှာပင် မိန်းကလေးက သူ့လက်မောင်းလွှတ်၍ မော့ကြည့်လာသည်။ မျက်လုံးများက ရေလှိုင်းလိုကြည့်လင်၍ ရွှင်ပြနေဟန်ရှိသည်။ အနီရောင်နှုတ်ခမ်းသားက ရွှန်းလဲ့နေသည်။
“နာလား”
ဖုန်ချင်အန်း လက်မောင်းကို ငုံ့ကြည့်သည်။ ကိုက်ခဲ့ရာ ခပ်မှိန်မှိန်တစ်ခုရှိသည်။ ထိုမျှသာဖြစ်သည်။
လူသားမဟုတ်သည့်မျိုးနွယ်များအပေါ် သူ့ဆွဲဆောင်နိုင်စွမ်းကို အထင်ကြီးလွန်းသွားဟန်ရှိသည်။ ဆွဲဆောင်မှုတစ်ချို့တော့ ရှိသည်မှာမှန်သည်။ သို့သော် သူ့ကို အရှင်လတ်လတ် ကိုက်စားချင်လောက်အောင် မပြင်းထန်ပေ။
“နာလား၊ ငါအသာလေးပဲကိုက်လိုက်တာ။ ရေထဲကိုဆင်းတုန်းကလောက် မနာဘူးမဟုတ်လား”
ဖုန်ချင်အန်း ပြန်မဖြေသဖြင့် မိန်းကလေးက စိုးရိမ်ဟန်ဖြင့်မေးသည်။
“မနာပါဘူး။ လုံးဝမနာဘူး”
ဖုန်ချင်အန်း အလေးအနက်ကြည့်၍ ပြောလိုက်သည်။
“ဒါပေမယ့် အရာတောင်ထင်သွားတယ်လေ။ အဲဒါမနာဘူးလား”
လက်မောင်းမှ သွားရာကိုကြည့်၍ စိုးရိမ်တကြီးမေးသည်။
“ငါမလိမ်ပါဘူး။ တကယ်မနာတာပါ”
ဖြစ်နိုင်လျှင် နောက်ထပ်သုံးလေးကြိမ်လောက် ထပ်လုပ်စေချင်သည်။ သူ့အတွေးကို မိန်းကလေးက ကြားသွားသလားထင်ရသည်။
“မနာဘူးဆိုရင် နောက်တစ်ခါ ထပ်ကိုက်လို့ရမလား”
ကြည်လင်နေသည့်မျက်လုံးတွင် ပတ်ဝန်းကျင်မှ ခရမ်းပြာရောင်အရိပ်များ ထင်ဟန်ပေသည်။ ဖုန်ချင်အန်း၏အရိပ် ပေါ်နေသည်။
“မင်းဘယ်နေရာကို ကိုက်ချင်တာလဲ”
ဖုန်ချင်အန်း ပြုံး၍မေးလိုက်သည်။
“ကိုက်ချင်တာက...”
“အောက်အီးအီးအောက်”
သူ့နားထဲတွင် ကြဖတွန်သံက မိုးခြုန်းသံပမာ ဟိန်းထွက်သွားသည်။ မမြင်နိုင်သည့် စွမ်းအားများ နေရာစုံမှရောက်လာသည်။ သူ့ရှေ့မှ နတ်မိမယ်လေး ချက်ချင်းပျောက်ကွယ်သွားသည်။ အိပ်ယာပေါ်လှဲနေရင်း သူ့မျက်လုံးများ ရုတ်တရက်ပွင့်လာသည်။
ထို့နောက် ဆတ်ခနဲ ထထိုင်လိုက်သည်။ ပြတင်းပေါ်မှ အလင်းမကွဲသေးသည့် အာရုဏ်ချိန်ကို ကြည့်လိုက်သည်။ သူ့မျက်နှာ တင်းမာနေသည်။ လူသတ်ရိပ်များ သူ့မျက်လုံးတွင် ပေါ်လာသည်။
မိုနာ့အဆင့် ယင်ဝိညာဉ်။
အားလုံး ဖြစ်ပျက်ခဲ့သည်။ လှပသည့်တောနက်ထဲသို့ ရောက်ခဲ့သည်မှအစ သူအကုန်မှတ်မိသည်။ အစစ်အမှန်ဖြစ်ခဲ့သည်။ ထိုမိန်းကလေး၏ နူးညံ့သည့်အထိအတွေ့ကိုလည်း မှတ်မိသည်။
သို့သော်ယခု အားလုံး မရှိတော့။
“ဘယ်အချိန်ရှိသေးလို့ မင်းကအော်နေတာလဲကွ”
သူဒေါသအကြီးအကျယ်ထွက်နေသည်။ အိပ်မက်တစ်ခုဖြစ်လျှင်ပင် ဇာတ်ရှိန်အမြင့်ဆုံးအချိန်၌ နှောက်ယှက်ခံရလျှင် ဘယ်သူမဆို ဒေါသထွက်ပေလိမ့်မယ်။ ယခုအဖြစ်က အိပ်မက်မဟုတ်။
ကုတင်ပေါ်မှခုန်ဆင်း၍ အခန်းတံခါးကို ကန်ဖွင့်ကာ မီးဖိုထဲသို့ ဒုန်းစိုင်းပြေးဝင်သွားသည်။ ထို့နောက် အသားလှီးဓားကိုယူလိုက်သည်။ ခြံထဲတွင် အစာကောက်ချင်ယောင်ဆောင်နေသည့် ကြက်ဖကြီးကို ချက်ချင်းတွေ့လိုက်သည်။
ဘာမှပြောမနေတော့။ သူ့အိပ်မက်ကို ဖျက်ဆီးသူမှာ ထိုတိရစ္ဆာန်ဖြစ်သည်။ သူ့လက်ထဲမှဓား လွင့်ပျံသွားသည်။ ဓားကအလင်းတန်းတစ်ခုအသွင်ပြောင်း၍ လမ်းကြောင်းတစ်လျှောက် မီးပွင့်များပေါ်လာသည်။ ထို့နောက် အပြာရောင်ကျောက်သားကြမ်းပြင်ထဲသို့ လက်ကိုင်အရင်းထိ စိုက်ဝင်သွားသည်။
ကြက်မွှေးတစ်ချို့ လေထဲတွင် ဝဲပျံသွားသည်။ သို့သော် ကြက်ဖကြီးက ကြောက်လန့်တကြား တောင်ပံတဖျန်းဖျန်းခတ်၍ ခေါင်မိုးထုပ်တန်းပေါ် ပျံတက်သွားသည်။ ထို့နောက် သူ့ကိုငုံ့ကြည့်၍ ကြောက်ကြောက်ရွံ့ရွံ့ အော်သံပေးနေသည်။
ကျောက်သားထဲ လက်ကိုင်ရင်းထိမြုပ်ဝင်နေသည့်ဓားကို ဖုန်ချင်အန်း တအံ့တဩစိုက်ကြည့်သည်။ ထုပ်တန်းပေါ်မှ ကြက်ဖကို မော့ကြည့်သည်။ သူ့အတွေးများ ရှုပ်ထွေးနေသည်။
ထိုမျှကြောက်စရာကောင်းသည့်အားမျိုး သူ့ကိုယ်ထဲတွင် ပုန်းအောင်းနေမည်ထင်မထား။ သူသာမဟုတ်။ ကြက်ဖကြီးသည်လည်း နတ်ဆိုးစွမ်းအင်ရှိနေပုံရသည်။
“အကဲဖြတ်မယ်”
(မျိုးစိတ် - ရောင်စုံကြက်ဖ)
(ဗီဇ - အိမ်မွေးကြက်)
(စွမ်းရည် - ဝိညာဉ်နိုးထခြင်း။ အလတ်တန်းဆင့်)
(တိုက်ခိုက်စွမ်းအား - မရှိ)
တကယ်မူမမှန်တော့။ အချိန်တိုအတွင်းမှာပင် ထိုသတ္တဝါ၏စွမ်းရည်က တိုးတက်လာသည်။ ထိုကြက်ဖကို သွေးသန့်စင်မှု တစ်ကြိမ်သာ လုပ်ပေးခဲ့သည်။
မနေ့ညက အဖြစ်အပျက်ကို ပြန်သတိရလာပြီး သူစိတ်ပျက်သွားသည်။ သို့သော် ထိုအဖြစ်ကြောင့် သူ့ခေါင်းထဲ အတွေးတစ်ခု ပေါ်လာသည်။ ခြံထောင့်မှ သံလွင်(**)ပင်ကို လှမ်းကြည့်လိုက်သည်။
(**ရှေ့အခန်းများတွင် အော်စမန်သပ် သစ်ပင်ဟုသုံးခဲ့သည်။ ဤအခန်းတွင် (laurel) ဟု သုံးထားသဖြင့် သံလွင်ပင်ဟု ပြောင်းလဲဘာသာပြန်ပါသည်)
“အကဲဖြတ်မယ်”
(မျိုးစိတ် - သံလွင်)
(ဗီဇ - သစ်သား)
(စွမ်းရည် - ဝိညာဉ်နိုးထခြင်း၊ အခြေခံအဆင့်)
(တိုက်ခိုက်စွမ်းအား - မရှိ)
သံလွင်ပင်နှင့် ကြက်ဖကြီးတို့အပြောင်းအလဲက သူနှင့်ပတ်သက်သည်မှာ သေချာသွားသည်။ ဝိညာဉ်တစ်သောင်းခန္ဓာနှင့် ပတ်သက်သည်ဟု ပြောလျှင် ပိုမှန်သည်။
“အားနွီ၊ မနက်စောစောစီးစီး ခြံထဲမှာ မဟုတ်တာတွေ လုပ်နေပြန်ပြီလား”
အတွင်းခန်းထဲမှ ချန်ရှီ၏ စကားသံ ပေါ်လာသည်။
“မဟုတ်ပါဘူး”
ကျောက်သားထဲမြုပ်နေသည့်ဓားကို အမြန်ဆွဲနှုတ်သည်။ ဓားရာကိုတော့ ထိုအတိုင်းထားလိုက်သည်။ ထိုအရာသည် မီးဖိုချောင်သုံးအသားလီးဓားကြောင့် ဖြစ်လာသည်ဟု ဘယ်သူမှထင်မည်မဟုတ်။
“မင်းနဲ့ နောက်မှစာရင်းရှင်းမယ်”
ထုပ်တန်းပေါ်တွင် ကြောင်တောင်တောင်ပုံစံဖြင့် အရူးကွက်နင်းနေသည့် ကြက်ဖကို သူတစ်ချက်စိုက်ကြည့်လိုက်သည်။
ဤကြက်ဖသာ မတွန်ခဲ့လျှင် ယခုအချိန် သူအိပ်ယာနိုးဦးမည်မဟုတ်။ ထိုခဏတာအချိန်လေးသည် ယင်ဝိညာဉ်နှင့်သူ ရင်းနှီးမှုတည်ဆောက်ရန် လုံလောက်သည်။ စာချုပ်ချုပ်နိုင်သည့်အခြေအနေ ဖြစ်ခဲ့နိုင်သည်။