← Chapters

သူရှာကိုယ်ရှာ

Vol. 5 Ch. 72

သူရှာကိုယ်ရှာ

Vol. 5 Ch. 72

“ဝုတ်”

အက်ကြောင်းဆီပြေးလွှားနေသည့် တောင်နက်ထံမှ ကျယ်လောင်သည့်ဟောင်သံ ပေါ်လာသည်။ ခြေလှမ်းရပ်သွားသည်။ ခွေးလိုမဟောင်သည်မှာ ကြာပြီဖြစ်သည်။

သေးငယ်သည့်အက်ကြောင်းလေးက ရုတ်တရက် ဝင်ထွက်နိုင်လောင်အောင် ကျယ်လာသောကြောင့်ဖြစ်သည်။

ပို၍ကြောက်စရာကောင်းသည်မှာ ထိုအက်ကြောင်းဆီမှ ခြောက်ခြားစရာစွမ်းအင်ရောင်တစ်ခု လွင့်ပျံလာခြင်းဖြစ်သည်။ တောင်တန်းနတ်ဘုရား၏ စွမ်းအင်ရောင်လိုပင်ဖြစ်သည်။

သို့သော် တောင်နက်၏ထိတ်လန့်မှုများ ပြေလျော့သွားသည်။ ‘လူ’ဟူယူဆသူတစ်ယောက် အက်ကြောင်းထဲမှထွက်လာသည်ကို မြင်လိုက်ရသောကြောင့်ဖြစ်သည်။ အတော်ဆွဲဆောင်မှုရှိသည်။

ထိုလူပေါ်တွင သူ့သခင်၏အနံ့ကို ရသောကြောင့် စိတ်အေးသွားခြင်းဖြစ်သည်။

ဖုန်ချင်အန်း အံ့ဩမှင်သက်မိသွားသည်။ ထိုဝိညာဉ်သူ့ဆီ ရောက်လာဖို့ သူဆုတောင်းနေခဲ့သည်။

“ဟင်”

မိန်းကလေးကလည်း တောင်နက်ကို သတိပြုမိသည်။ စိတ်ဝင်စားသွားဟန်ရှိသည်။ ထိုသားရဲပေါ်တွင် ဖုန်ချင်အန်း၏အနံ့က ပြင်းထန်လွန်းသည်။ အတော်ထင်ရှားနေသည်။

အပြန်အလှန်အကဲခတ်နေချိန်တွင် ညဘက်ကင်းလှည့်လာသည့်နတ်ဘုရားမှာ ယင်စွမ်းအင်လှုပ်ရှားမှုအရိပ်ကို တွေ့ရသဖြင့် လန့်ဖျတ်သွားသည်။

သို့သော် ဖုန်မိသားစုတောင်ကုန်းအနီးသို့ရောက်လာချိန်တွင် လူသားမဟုတ်သည့် ဖြစ်တည်မှုနှစ်ခုကို မြင်ရသဖြင့် သူခြေလှမ်းရသွားသည်. သားရဲကောင်ကို သူသိပါသည်။ အသွင်ပြောင်းထားသော်လည်း သူရိပ်မိသည်။ ဖုန်မိသားစု၏ခွေဖြစ်သည်။ မိန်းကလေးကို အစေအပါးအဖြစ်ထားရန် ဖမ်းဆီးလာခြင်းဖြစ်မည်ဟု သူယူဆသည်။

မိန်းကလေးအသွင်က အားနည်းပုံရသော်လည်း သူသွားထိလျှင် ကြောက်စရာကောင်းသည့်အရာတစ်ခုခုကို ရင်ဆိုင်ရမည်ဟု အလိုလိုခံစားနေရသည်။

သူ့ဗီဇစိတ်ကို ယုံကြည်သည်။

“မြို့တော်နတ်ဘုရားဆီ သတင်းပို့မှဖြစ်မယ်ထင်တယ်”

နတ်မင်း လှည့်ထွက်သွားသည်။ မြို့တော်နတ်ဘုရားက သူ့ကိုသတိပေးထားသည်။ လူသားများကို အန္တရာယ်မပြုသရွေ့ ဖုန်မိသားစုအမွေ့ခံနှင့်ပတ်သက်သမျှအရာအားလုံးကို မထိရ။ ဝင်မစွက်ရ။

သူကြောက်၍မဟုတ်။ နတ်ဘုရားအမိန့်ကြောင့်ဖြစ်သည်။

မိန်းကလေးနှင့် တောင်နက်တို့ အချင်းချင်းစိုက်ကြည့်နေကြသည်။

“ဒါကို ဖုန်ချင်အန်း မွေးထားတာလား”

“သူက ငါ့သခင်နဲ့ ဘယ်လိုပတ်သက်တာလဲ”

တစ်ယောက်ကို တစ်ယောက် ခန့်မှန်းနေကြသည်။ အန္တရာယ်ပေးလိုစိတ်တော့ မရှိကြ။

ပထမဆုံးအကြိမ် တွေ့ကြခြင်းဖြစ်၍ နှစ်ဘက်လုံးသတိထားနေသည်။ ဘယ်လိုစဆက်သွယ်ရမည် မသိကြ။

“တောင်နက်”

ထိုခဏမှာပင် ရွာထဲမှ သဏ္ဌာန်တစ်ခု ထွက်လာသည်။ တောင်နက်ရော မိန်းကလေးပါ လှမ်းကြည့်ကြသည်။ မိန်းကလေးပျော်ရွှင်သွားသည်။

သို့သော် တောင်နက် နားလည်ရခက်နေသည်။ သူ့သခင် ညဘက် အပြင်ထွက်သည်ကို မမြင်ဖူးခဲ့။ အိမ်ထဲမှသာ သူ့ကိုညွှန်ကြားခဲ့သည်။ ယခု ဘာကြောင့် ထွက်လာသည်မသိ။ နားလည်ရခက်နေသည်။

“ဖုန်ချင်အန်း”

သူ့အံ့ဩနေစဉ် မိန်းကလေးက သူ့သခင်နာမည်ကို ခေါ်လိုက်သည်။ ထို့နောက် မိန်းကလေးက အမြန်ပြေးသွားပြီး သူ့ရှေ့မှာပင် သူ့သခင်လည်ပင်းကို ကိုက်လိုက်သည်။

“ဂါး”

မကျေမချမ်း ဟိန်းဟောက်သံ သူ့လည်ချောင်းထဲမှ ထွက်လာသည်။ ခုန်အုပ်ရန်ပြင်သည်။ သို့သော် သူ့သခင်က လှည့်ကြည့်လာသည်။

“ဘာလုပ်နေတာလဲ တောင်နက်”

တောင်နက်ခန္ဓာကိုယ် ချက်ချင်း‌ပျော့ပြောင်းသွားသည်။ မျက်လုံးထဲတွင် တစ်ခုခုဆုံးရှုံးလိုက်ရသည့်အရိပ်မျိုး ပေါ်လာသည်။

ဘာကြောင့် သူ့ကိုအော်ငေါက်နေသနည်း။ သူဘာအမှားလုပ်မိသနည်း။ ဘယ်ကလာမှန်းမသိသည့် မိန်းကလေးက သူ့သခင်ကိုကိုက်နေသည်။

“ဒါက နင့်ရဲ့သားရဲလား”

မိန်းကလေးက ကိုက်နေရာမှလွှတ်လိုက်သည်ကို တောင်နက်မြင်သည်။ သူ့ကို ခေါင်းလှည့်ကြည့်ပြီး စိတ်ဝင်စားဟန်ဖြင့် သူ့သခင်ကိုမေးနေသည်။

သူ့သခင်လည်ပင်းတွင် သွေးထွက်သည်ကို မတွေ့ရ။ ကြည်လင်တောက်ပသည့်အရည်တစ်ခု လရောက်အောက်တွင် မြင်နေရသည်။ ကိုက်ခဲထားသည့်အရာမျိုး လုံးဝမဟုတ်။

သူတွေးရခက်သွားသည်။

“တောင်နက် ဘာတွေကြောင်ကြည့်နေတာလဲ။ အက်ကြောင်းက ပွင့်သွားပြီ။ မြန်မြန်ဝင်တော့လေ။

ဖုန်ချင်အန်းစကားသံ ထပ်ပေါ်လာသည်။

လှုပ်ရှားရန်ပြင်နေသည့်တောင်နက် ချက်ချင်း တောင့်တင်းသွားသည်။ သူလည်း သခင်နားသွား၍ လျှာဖြင့်လျက်ချင်သည်။ ဘာကြောင့်ရယ်တော့မဟုတ်။ သူ့ဆီမှ တစ်ခုခုဆွဲယူသွားသလို ခံစားရသောကြောင့်ဖြစ်သည်။

သို့သော် သူ့သခင်အမိန့်က ပြတ်သားသည်။ ထို့အပြင် သူလည်း အက်ကြောင်းထဲသို့ ဝင်ချင်သည်။

စိတ်ပျက်လက်ပျက်တစ်ချက်ညည်းသံပေး၍ သရဲဝံပုလွေအသွင် ချက်ချင်းပြောင်းလိုက်သည်။ အပြာရောင်မီးတောက်များဖန်တီလျက် မြေအောက်ဘုံအက်ကြောင်းထဲသို့ ပြေးဝင်သွားသည်။

“ဖုန်ချင်အန်း၊ နင့်သားရဲက နည်းနည်းမကျေမနပ်ဖြစ်နေပုံပဲ”

ထွက်သွားသည့်တောင်နက်ကိုကြည့်၍ မိန်းကလေး နည်းနည်းနားမလည်နိုင်‌အောင် ဖြစ်နေသည်။

“ထားလိုက်ပါ။ သူဘာလို့မကျေမနပ်ဖြစ်ရမှာလဲ။ အခုသူ မြေအောက်ဘုံကို ဝင်သွားပြီပဲ။ မကြာခင် သူ့စားတော်ပွဲကို တွေ့ရမှာပဲလေ”

ဖုန်ချင်အန်း အရေးမစိုက်။ တောင်နက်ခံစားချက်များကို နားလည်ပါသည်။ စိတ်မကျေနပ်ချက် ထုတ်ပြရုံသာဖြစ်သည်။ သူ့ရှေ့တွင် ရပ်နေသည့်မိန်းကလေးကိုသာ ဦးစားပေးပြီး အရေးတယူဆက်ဆံရမည်။

“တကယ်လား”

“တကယ်ပေါ့။ လာပါ။ မင်းရောက်လာပြီဆိုမှတော့ ငါ့အိမ်ထဲဝင်ထိုင်ပါဦး”

ဖုန်ချင်အန်း ဖိတ်ခေါ်လိုက်သည်။ သူ့အကိုက တစ်ခြားလူများကို နှိပ်ကွပ်နိုင်ရန် အိမ်တွင် တော်ဝင်စွမ်းအင်ရောင် ချန်ခဲ့သော်လည်း ထိုမိန်းကလေးအတွက် အခက်အခဲရှိမည်မထင်။

“မလိုက်ဘူး”

သို့သော် မိန်းကလေးက ချက်ချင်းခေါင်းမာသည့်အသွင် ပြောင်းသွားသည်။

“ဘာဖြစ်လို့လဲ”

ဖုန်ချင်အန်း အံ့အားသင့်သွားသည်။ ဘာဖြစ်သွားသည်မသိ။ ခုနကပင် အဆင်ပြေနေသေးသည်။

ထိုမိန်းကလေးနှင့် သူမြန်မြန်စာချုပ်ချုပ်လိုသည်။ စိတ်ခံစားချက်ပြောင်းသွားသည်ကို ရိပ်မိသော်လည်း အကြောင်းရင်းကို သူစဉ်းစားမရ။

“မနေ့က ဘာလို့ဘာမှမပြောဘဲ ထွက်သွားတာလဲ။ ပြီးတော့ ငါသီချင်းဆိုတာ နားထောင်ကောင်းတယ်လို့ နင်ပြောတယ်။ ဒါပေမယ့် တစ်ညလုံးငါသီချင်းဆိုနေတာတောင် နင်ပေါ်မလာဘူး။ ငါ့ကို လိမ်နေတာလား”

မိန်းကလေး မျက်မှောင်ကျုံ့သည်။ စိတ်ဆိုးနေဟန်ဖြင့် ပါးနှစ်ဘက်က ဖောင်းလာသည်။ ထိုပုံစံက အတော်ချစ်စရာကောင်းသည်ဟု ဖုန်ချင်အန်း ထင်မိသည်။

အမွှေးပွရှဉ့်ကလေးတစ်ကောင်နှင့် တူနေသည်။

All Chapters