တူနှစ်ကိုယ်
Vol. 5 Ch. 73
“ငါရှင်းပြပါ့မယ်”
ဖုန်ချင်အန်း အကျိုးအကြောင်းရှင်းပြရန်ပြင်သည်။
“ရှင်းပြပါ။ သေချာရှင်းမပြနိုင်ရင်တော့ ငါနင်နဲ့မလိုက်ဘူး”
မိန်းကလေးက ခါးထောက်၍ စိုက်ကြည့်နေသည်။
“မနေ့က မြေအောက်ဘုံကို ငါဝင်နိုင်တာက ထူးဆန်းတဲ့အခွင့်အခါနဲ့ ကြုံကြိုက်လို့ပါ။ ဘယ်လိုရောက်သွားသလဲဆိုတာတောင် ငါနားမလည်သေးဘူး။ ငါမျက်လုံးဖွင့်လိုက်တော့ မြေအောက်ဘုံကိုရောက်နေတယ်။ မင်းသီချင်းသံကို ကြားရတယ်။ သီချင်းသံနောက်လိုက်လာတော့ ကောင်းကင်မသေမျိုးလို မိန်းမလှလေးတစ်ယောက် သီချင်းဆိုနေတာကို မြင်ရတယ်လေ”
မျက်လုံးနှင့်လေသံကို အရိုးသားဆုံးပုံစံထား၍ အမှန်တရားကို သူပြောလိုက်သည်။
“ပြီးတော့ ဒီနေ့ကရော..”
မိန်းကလေးမျက်နှာ နည်းနည်းပျော့ပျောင်းသွားသည်။
“ဒီနေ့က မြေအောက်ဘုံကို ပြန်ဝင်ဖို့ နည်းလမ်းရှာနေတာ။ မင်းနဲ့ပြန်တွေ့ချင်လို့လေ”
ဖုန်ချင်အန်း တောင်နက်ထွက်သွားရာလမ်းကြောင်းဆီ လက်ညှိုးထိုးပြသည်။
“မင်းဒီလိုရောက်မလာခဲ့ရင် ငါ့သားရဲကိုစီးပြီး မင်းဆီကိုလာမလို့ပါပဲ”
“ဪ အဲလိုလား”
တိမ်ခိုးများ ချက်ချင်းကင်းစင်သွားသည်။ ရန်လိုသည့်မျက်လုံးများ နူးညံ့လာသည်။ ကြည်လင်သည့်လရောင်ဆမ်းထားသလို ရွှမ်းလဲ့တောက်ပလာသည်။
“ကဲ၊ မင်းငါ့ကို ခွင့်လွှတ်တယ်မဟုတ်လား”
အခွင့်အရေးကို လက်လွတ်မခံဘဲ မိန်းကလေး၏လက်ကောက်ဝတ်ကို သူဆွဲကိုင်လိုက်သည်။
“အင်း”
ခဏတုံ့ဆိုင်းနေပြီးနောက် မိန်းကလေး ခေါင်းငြိမ့်သည်။
“ဒါဆို ငါ့ကိုစိတ်မဆိုးတော့ဘူးပေါ့”
“စိတ်မဆိုးတော့ဘူး”
မိန်းကလေး အမြန်ခေါင်းခါပြသည်။
“ဒါဆို ငါ့အိမ်ကိုသွားရအောင်”
“ကောင်းပြီလေ”
သူချက်ချင်း လက်ခံသည်။
ယောက်ျားတစ်ယောက်အိမ်သို့ ညာဉ့်နက်သန်းခေါင် လိုက်သွားရသည်ကို မှားသည်ဟုသူမတွေး။ ထိုအယူအဆမျိုး လုံးဝမရှိ။ သူသည် လူသားကမ္ဘာမှမဟုတ်။
“သွားစို့”
ဖုန်ချင်အန်း ဝမ်းသာအားရ လက်ကိုဆွဲ၍ အိမ်ဆီလျှောက်သွားသည်။
ထိုအချိန်တွင် လမ်းဘေးချုံ့ပုတ်လေးအေက်မှ ပါးရေတွန့်လိပ်နေသည့် မျက်နှာတစ်ခု ထိုးထွက်လာသည်။လာသည်။ စုံတွဲနှစ်ယောက်ကိုကြည့်၍ စိတ်ပျက်သည့်အသွင်ပေါ်လာသည်။
“ဟင်း..”
အမှန်ဆိုလျှင် သူလူလုံး(နတ်လုံး)ထွက်ပြသင့်သည်။ လူသားမဟုတ်သည့်မိန်းကလေးကို ရွာထဲမဝင်ရန် တားသင့်သည်။
သို့သော် ညကင်းလှည့်နတ်ဘုရား ထွက်သွားရဆီသူလှမ်းကြည့်သည်။ ထို့နောက် အထာပေါက်ဟန်ဖြင့် မြေထဲသို့ ပြန်လည်စုံ့ဝင်ပျောက်ကွယ်သွားသည်။
“ငါ့နယ်ပြောင်းအမိန့် ဘယ်တော့မှများ ရောက်လာမှာလဲ”
သူ့သက်ပြင်းချသံက လေနှင့်အတူ လွင့်ပါးပျောက်ကွယ်သွားသည်။ မထင်မရှားနတ်စွမ်းအင်ရောင်လည်း ပျောက်ကွယ်သွားသည်။
ဖုန်မိသားစုအိမ်ရှေ့သို့ ရောက်ချိန်တွင် ပိတ်ထားသည့်အိမ်ခြံဝင်းကိုကြည့်၍ မိန်းကလေးမျက်လုံးများ အရောင်တောက်လာသည်။ ခမ်းနားထည်ဝါလှသည်။
“အရမ်းလှတာပဲ”
သူလည်း တော်ဝင်စွမ်းအင်ရောင်ကိုမြင်ပါသည်။ သို့သော် ဖုန်ချင်အန်းတွေးထားသလိုပင် သူဘာမှအရေးမစိုက်။ ရွှေရောင်အလင်းသည် လှပ၍ကြည့်ကောင်းသည်ဟုသာ ယူဆသည်။
“လှတယ်မဟုတ်လား”
ဖုန်ချင်အန်း စိတ်လက်ပေါ့ပါးသွားပြီး ပြုံးလိုက်သည်။
“ဒီအလင်းတွေက ငါ့အခဲထဲကနေ ထွက်နေတာ။ အထဲမှာ ပိုပြီးလှတယ်”
“ဟုတ်လား”
“ဟုတ်တာပေါ့။ ငါမင်းကို မလိမ်ပါဘူး။ လာပါ၊ အထဲကိုဝင်ရအောင်”
ထို့သိုပြောပြီးနောက် လူရိုးသားဖြစ်သည့် ဖုန်ချင်အန်းက အိမ်ထဲမည်သို့ဝင်ရမည်ကို သရုပ်ပြသည်။ သူ့ခန္ဓာကိုယ်က မျောက်တစ်ကောင်လို ပေါ့ပါးသည်။ ပြေးလွှားအားယူစရာမလိုပဲ ခြံစည်းရိုးနံရံကို အလွယ်တကူ ခုန်ကျော်သွားသည်။
ညာဉ့်နက်သန်းခေါင် ခြံဝင်းတံခါးဖွင့်၍ ထိုမိန်းကလေးကို ခေါ်သွား၍မဖြစ်။ တံခါးဖွင့်သံကြားမည်။ သူ့မိဘများ နိုးလာမည်။ မိန်းကလေးကိုမြင်လျှင် မေးကြမြန်းကြမည်။
“အဖေ၊ အမေ၊ အမေတို့ချွေးမလေးကို ခေါ်လာတယ်”ဟု သူပြောရမည်လား။
တွေးကြည့်ရုံဖြင့် သူခေါင်းကိုက်ရသည်။ ညာဉ့်နက်သန်းခေါင်းအချိန် ချွေးမခေါ်လာသူဟူ၍ ရှိမည်မဟုတ်။ တစ်ခြားအဓိပ္ပါယ်မျိုး တွေးကြမည်။
သို့သော် ရွာထဲတွင် အတူလျှောက်သွားနေ၍လည်းမဖြစ်။ သူ့အခန်းထဲခေါ်သွားခြင်းက အကောင်းဆုံးဖြစ်သည်။ ဤမိန်းကလေးသည် ထုံးတမ်းဓလေ့များကို အရေးမစိုက်။ လူသားလောကစည်းမျဉ်းစည်းကမ်းများကို ဘာမှမသိ။ ဖုန်ချင်အန်း ခုန်ဝင်သွားသည်နှင့် သူလည်းထိုအတိုင်း လိုက်လာသည်။ သူ့ခန္ဓကိုယ်က ငှက်တစ်ကောင်လို ပေါ့ပါးသည်။ ခြေတစ်လှမ်းကြွလိုက်ရုံဖြင့် အထဲသို့ရောက်လာသည်။
ခြံထဲရောက်ပြီးနောက် ဘေးပတ်ဝန်းကျင်ကို စိတ်ဝင်တစား အကဲခတ်ကြည့်နေသည်။ သူနှင့်စိမ်းနေသည့် ဤနေရာသည် အတော်စိတ်ဝင်စားစရာကောင်းသည်။ ဝိညာဉ်ရေစင်စမ်းချောင်းနံဘေးမှ တိတ်ဆိတ်နေသည့် ပတ်ဝန်းကျင်ထက် ပို၍စိတ်ဝင်စားစရာကောင်းသည်။
“ကတွတ် ကတွတ်”
ရောင်စုံကြက်ဖက အူတူတူပုံစံဖြင့် ခြံထဲတွင် လျှောက်သွားနေဆဲဖြစ်သည်။ ဖုန်ချင်အန်း ခြံစည်းရိုးခုန်ကျော်လာသည်ကိုမြင်သော်လည်း ဘာမှထူးခြားဟန်မပြ။
သို့သော် မိန်းကလေးဝင်လာချိန်တွင် သူ့အမွှေးများ ထောင်သွားသည်။ ထို့နောက် ဘာမှမဖြစ်သလို မြေပေါ်တွင် အစာကောက်နေသည့်အသွင်မျိုး ပြန်ပြောင်းသွားသည်။
သူနဲ့ဘာမှဆိုင်သည်မဟုတ်။
သူသည် ပိုးမွှားကောက်စားနေသည့် ကြက်တစ်ကောင်သာဖြစ်သည်။
သူဘာမှမမြင်။
သူဘာမှမသိ။
မိန်းကလေးအကြည့်က ကြက်ဖထံရောက်သွားသည်။ သို့သော် အူတူတူကြက်တစ်ကောင်ဟုသာ မြင်သည်။ သိပ်ကြာကြာမကြည့်။ ဖုန်ချင်အန်းက သူ့ကို အခန်းထဲ အမြန်ဆွဲခေါ်သွားသည်။
ထို့နောက် ရွှေရောင်အလင်းများထွက်နေသည့် စာအုပ်စင်ကိုမြင်ရသည်။ သာမန်လူမျက်လုံးတွင် အညံ့စားစာအုပ်များဖြစ်သော်လည်း သူ့အမြင်တွင် လုံးဝကွဲပြားနေသည်။
“ဒါကဘာလဲ”
စာအုပ်တစ်အုပ်ကောက်ကိုင်၍ သူဖွင့်ကြည့်သည်။ ထို့နောက် နားမလည်ဟန်ဖြင့် ဖုန်ချင်အန်းင်အန်းကိုကြည့်သည်။
“မင်းနားမလည်ဘူးလား။ မင်းစာမဖတ်တတ်ဘူးမဟုတ်လား”
ဖုန်ချင်အန်း ချက်ချင်း နားလည်လိုက်သည်။ သို့သော် သူ့မျက်နှာ အပျော်ရိပ်သန်းလာသည်။ မျက်လုံးတွင် စိတ်အားထက်သန်သည့်အရိပ်များ ပေါ်လာသည်။
“မင်းကိုငါသင်ပေးလို့ရတယ်”
“စာဖတ်တယ်ဆိုတာဘာလဲ”
မိန်းကလေး နားမလည်သေး။ စာရွက်ပေါ်မှ အလင်းရောင်ထွက်နေသည့် ခြစ်ကြောင်းများကို သူနားမလည်။ မြေအောက်ဘုံတွင် တစ်ခါမှမတွေ့ဖူး။
“အခု မင်းကြည့်နေတဲ့ဟာပဲလေ”
ဖုန်ချင်အန်း ပြုံး၍ပြောလိုက်သည်။ အခန်းထဲတွင် ဆူဆူညံညံမဖြစ်ချင်။
အစက ထိုမိန်းကလေးနှင့် ရင်းနှီးအောင်လုပ်ဖို့ နည်းလမ်းစဉ်းစားနေခဲ့သည်။ ယခု လမ်းစတစ်ခု တွေ့ပြီဖြစ်သည်။
“စာဖတ်တာ”
မိန်းကလေးက သွယ်လျသည့်လက်ချောင်းများဖြင့် စာရွက်ပေါ်ကို ပွတ်ကြည့်သည်။
“ငါ့ကိုသင်ပေးမလား”
“ရတာပေါ့”
ဖုန်ချင်အန်း ခေါင်းငြိမ့်လိုက်သည်။ ထို့နောက် ရုတ်တရက် အကြောင်းတစ်ခုကို သတိရလာသည်။
“ငါတို့ချင်း ဒီလောက်ရင်းနှီးနေကြတာတောင် မင်းနာမည် ငါ့ကိုမပြောရသေးဘူးနော်”
“နာမည်လား”
“ငါ့နာမည်က ဖုန်ချင်အန်းလေ။ မင်းလည်း မင်းနာမည်ကို ပြောသင့်တာပေါ့”
မိန်းကလေးကို သူစိုက်ကြည့်လိုက်သည်။
“ငါ့အမကတော့ ငါ့ကို နန်းကောလို့ခေါ်တယ်။ နင်လည်း အဲလိုခေါ်လို့ရပါတယ်”
“နန်းကောတဲ့လား။ တကယ်ချစ်စရာကောင်းတဲ့ နာမည်ပဲ”
ပြောသာပြောလိုက်ရသော်လည်း သူ့စိတ်ထဲ လေးလံလာသည်။
အမ။
ထိုမိန်းကလေး သူ့အမအကြောင်း ဒုတိယအကြိမ် ပြောခြင်းဖြစ်သည်။
ညီမဖြစ်သည့် နန်းကောပင် စွမ်းရည်ထိုမျှမြင့်နေလျှင် သူချစ်သည့် သူ့အမဆိုသည်မှာ ဘယ်လိုဖြစ်တည်မှုမျိုးဖြစ်မည်နည်း။
သူ့အမစွမ်းရည်က နန်းကောနှင့်တန်းတူဖြစ်မည်မဟုတ်။ ပိုသာပေလိမ့်မည်။
ထိုသို့ဆိုလျှင် မြွေစိမ်းတောင်တန်းနတ်ဘုရားနှင့် တန်းတူအနေအထားမျိုးဖြစ်နိုင်သည်။
ဖုန်ချင်အန်း ကျောရိုးထဲမှ စိမ့်တက်လာသည်။