ရှေးဟောင်းအပျက်အစီးများ
Vol. 5 Ch. 74
“အောက်အစ်အီးအောက်”
ကြက်ဖတွန်သံပေါ်လာသည်။
ဖုန်ချင်အန်း နန်းကောကို တစ်ညလုံး စာသင်ပေးနေသည်။ နေ့ခင်းဘက်ရောက်လျှင် ထိုမိန်းကလေးအား မည်သို့ထားရမည်ကို သူစိုးရိမ်နေသည်။ သို့သော် ‘နန်းကော’ဟူသည့်နာမည်ကို တစ်ညလုံးအရေးကျင့်နေသည့် မိန်းကလေးက ရုတ်တရက် ခေါင်းမော့လာပြီး သူ့ကိုပြောသည်။
“ဖုန်ချင်အန်း၊ ငါဆက်နေလို့မရတော့ဘူး။ ပြန်မှဖြစ်မယ်။ မနက်ဖြန်မှ ပြန်လာတွေ့မယ်”
ဖုန်ချင်အန်း ပြတင်းပေါက်အပြင်ဘက်မှ ခပ်မှိန်မှိန်အာရုဏ်ချိန်အလင်းကို တစ်ချက်ကြည့်ပြီးနောက် ခေါင်းငြိမ့်လိုက်သည်။
“ကောင်းပြီလေ”
တစ်ညလွန်သွားသော်လည်း စာချုပ်မချုပ်ရသေး။ သူနှင့်နန်းကော ပိုရင်းနှီးလာသည်မှာတော့ အမှန်ဖြစ်သည်။ စာချုပ်ချုပ်နိုင်ဖို့ သိပ်ကြာမည်မဟုတ်တော့။
စာချုပ်ချုပ်လျှင် တစ်ဘက်သားရဲဝိညာဉ်က ခံစားနိုင်သည်။ သဘောမတူဘဲ ငြင်းဆန်လျှင် အခက်တွေ့မည်။ တောင်နက်ကဲ့သို့ ပူးပေါင်းဆောင်ရွက်လိုစိတ်ရှိမှ အားလုံးအဆင်ပြေမည်။
နန်းကော သိပ်ထွက်သွားချင်ဟန်မရ။ သို့သော် အားကောင်းသည့်ယန်စွမ်းအင်များ ကမ္ဘာလောကကို လွှမ်းမိုးတော့မည်။ သူဆက်နေရန်မသင့်။
တစ်ချိန်က သူ့အမနှင့် လူသားကမ္ဘာသို့ လိုက်လာခဲ့ဖူးသည်။ သူ့အမနှင့်အတူရှိနေသော်လည်း အရာအားလုံးကို အဝေးမှသာကြည့်ခဲ့ရသည်။
နေထွက်လာလျှင် လူသားကမ္ဘာတွင် ဆက်မနေရန် သူ့အမက အကြံပေးခဲ့သည်။
နန်းကော ခြေတစ်ချက်ကြွ၍ လေထဲမြောက်တက်သွားသည်။ ထို့နောက် ပြတင်းပေါက်မှအပြင်သို့ ပျံထွက်သွားပြီး မလင်းတလင်းအမှောင်ရိပ်ထဲ တိုးဝင်ပျောက်ကွယ်သွားသည်။
သူထွက်သွားသည်ကိုကြည့်၍ ဖုန်ချင်အန်း သက်ပြင်းချလိုက်သည်။ တစ်ခုခုလစ်ဟာသွားသလို ခံစားရသည်။ ဆရာတစ်ယောက်အဖြစ် သင်ပေးရသည်မှာမလွယ်သော်လည်း နန်းကောက ဉာဏ်ကောင်းသည်။ အားလုံးကို ချက်ချင်းနီးပါး မှတ်မိသည်။
သိပ်မကြာမီ သူတတ်ထားသမျှ သင်စရာကုန်သွားမည်အချိန်ရောက်လာမည်။ အခက်တွေ့မည့်အချိန် ရောက်လာပေလိမ့်မည်။
သို့သော် ထိုပြဿနာက နောက်မှစိတ်ပူရမည်။ သူလည်း စာအမြဲသင်ပေးနေဖို့ အစီအစဉ်မရှိ။ နန်းကောနှင့် ရင်းနှီးချင်ရုံသာဖြစ်သည်။
“တစ်ရေးတစ်မော အိပ်ဦးမှပဲ”
တစ်ညလုံးအလုပ်များခဲ့သည်ဖြစ်၍ အိပ်ယာပေါ်တွင်လှဲလိုက်သည်။ ခဏမှေးနေပြီးနောက် ဆတ်ခနဲ ပြန်ထထိုင်လိုက်သည်။ ကိစ္စတစ်ခုကို သူမေ့နေခဲ့သည်။
“တောင်နက်”
မြေအောက်ဘုံအက်ကြောင်းက အချိန်တစ်ခုထိသာပွင့်သည်။ ထို့ကြောင့်လည်း နန်းကောအမြန် ပြန်သွားရခြင်းဖြစ်သည်။
တောင်နက်လည်း ထိုအချိန်အတွင်း ပြန်မလာနိုင်လျှင် မြေအောက်ဘုံတွင် တစ်ရက်စောင့်နေရမည်။
“မြေအောက်ဘုံအခြေအနေ ဘယ်လိုရှိမလဲ”
မနေ့ညကတည်းက သူစူးစမ်းခဲ့သင့်သည်။ သို့သော် သူ့အာရုံက နန်းကောဆီသာရောက်နေခဲ့သည်။ တောင်နက်ကို အရေးမစိုက်မိ။ တောင်နက်စွမ်းအား သိပ်မညံ့သဖြင့် မြေအောက်ဘုံတွင် ဒုက္ခမတွေ့နိုင်ဟု သူယူဆသည်။ သရဲဝိညာဉ်များကို စားသုံးနိုင်စွမ်းလည်း ရှိနေသောကြောင့်ဖြစ်သည်။
“တောင်နက်”
သိစိတ်အာရုံဆက်သွယ်မိသည်နှင့် နောင်တစိတ်နှင့်အံ့ဩစိတ်တို့ တစ်ပြိုင်တည်းဖြစ်ပေါ်လာသည်။
“မင်းဘယ်လိုဖြစ်တာလဲ”
“ဝုတ်”
တောင်နက်က ဝမ်းနည်းပက်လက်အော်ဟစ်နေသည်။ သူချက်ချင်းနားလည်လိုက်သည်။
ဆာလောင်နေသည်။
တောင်နက် မြေအောက်ဘုံသို့ဝင်၍ တစ်ညလုံးရှာခဲ့သည်။ သို့သော် သရဲဝိညာဉ်တစ်ခုတစ်လေပင် မတွေ့။ ကြုံရသည့် သူ့သွေးဆက်အသိနှင့် လုံးဝကွဲပြားနေသည်။ လှည့်စားခံရသည်ဟု ထင်နေသည်။
ထို့ထက်ပိုအရေးကြီးသည်မှာ ဖုန်ချင်အန်း။ ဖုန်ချင်အန်း၏ သိစိတ်ဝိညာဉ်က သူနှင့်အတူအမြဲဖြစ်သည်။ သို့သော်ယနေ့ ထိုသို့မဟုတ်။ ကျယ်ပြန့်သည့်မြေအောက်ဘုံတွင် သူတစ်ယောက်တည်းလှည့်ပတ်သါားရသည်။ စိတ်ရောကိုယ်ပါပင်ပန်းသည်။ ဝမ်းနည်းစိတ်များပြည့်နေသည်။
“ဘာလို့ သရဲဝိညာဉ်တွေမရှိတာလဲ”
ဖုန်ချင်အန်းလည်း အတော်တွေးရခက်နေသည်။ တောင်နက်အာရုံမှ အားလုံးကိုမြင်နေရသည်။ ပတ်ဝန်းကျင်တစ်ခုလုံး ခြောက်ကပ်တိတ်ဆိတ်နေသည်။ ကျောက်စရစ်ခဲများ ကျောက်ဆောင်များ နေရာတိုင်းရှိသည်။ စိမ်းလန်းသည့်သစ်ပင်များမရှိ။ ထူးဆန်းသည့် ကျောက်ဆောင်ကြီးများသာရှိသည်။ ယင်ဓာတ်လေပြင်းက ပြင်းထန်စွာတိုက်ခတ်နေသည်။ အဝေးသို့လှမ်းကြည့်လျှင် တောင်တန်းများက အဆုံးအစမရှိ။ အသက်မဲ့လျက် ခြောက်ကပ်တိတ်ဆိတ်နေသည်။
“မင်းဘယ်နေရာကို ရောက်သွားတာလဲ”
တောင်နက်မြင်ကွင်းက မနေ့ညက သူမြင်ခဲ့သည်နှင့် တစ်ခြားစီဖြစ်နေသည်။ ကောင်းကင်မှောင်မည်းနေသော်လည်း သက်ဝင်လှုပ်ရှားနေသည့် မြေပြင်ကိုတွေ့ခဲ့သည်။ ယခုလို ခြောက်ကပ်နေခြင်းမရှိ။
“ဝုတ်”
တောင်နက် တစ်ချက်ဟောင်သည်။ ဤနေရာသည် မြေအောက်ဘုံဖြစ်မှန်း သူသေချာသိသည်။ သို့သော် သွေးဆက်အမွေမှ သိထားသည့်အချက်အလက်နှင့် တစ်ခြားစီဖြစ်သည်။ သရဲများ လေလွင့်ဝိညာဉ်များ ယင်သားရဲများမရှိ။
“ဒါမြေအောက်ဘုံဆိုရင် မနေ့ညကငါမြင်ခဲ့တဲ့တောအုပ်က ဘယ်ရောက်သွားတာလဲ”
ဖုန်ချင်အန်း အံ့ဩမိသည်။ သူ့ရှေ့တွင် ခြောက်ကပ်သည့်လွင်ပြင်များ တောင်တန်းများသာရှိနေသည်။ သရဲဝိညာဉ်အရိပ် လုံးဝမတွေ့။ သူမြင်ခဲ့သည် သစ်တောကြီးလည်းမရှိ။ မြက်တစ်ပင်တစ်လေပင် မမြင်ရ။
“ဝုတ်”
တောင်နက်လည်း ဖုန်ချင်အန်းစကားကို နားမလည်အောင်ဖြစ်နေသည်။ သူဝင်လာကတည်းက ဘာတောအုပ်မှ မတွေ့ခဲ့။ စမ်းချောင်းတစ်ခုတော့တွေ့သည်။ ထိုစမ်းချောင်းထဲတွင် အန္တရာယ်တစ်ခုခုရှိသည်ဟု ခံစားမိသဖြင့် ရေကိုလုံးဝမထိဘဲ ကွေ့ပတ်၍သွားခဲ့သည်။
“ဝိညာဉ်ရေစင်စမ်းချောင်း”
ဖုန်ချင်အန်း ချက်ချင်းသဘောပေါက်လိုက်သည်။ သို့သော် တွေးရခက်နေဆဲဖြစ်သည် စမ်းချောင်းရှိနေပြီး သူအချိန်ကြာမြင့်စွာဖြတ်သန်းခဲ့ရသည့် တောအုပ်က ဘယ်ရောက်သွားသည်မသိ။ အာရုံမှားခဲ့ခြင်းလားဟု ထင်မိသည်။
သို့သော် ထိုကိစ္စများက ယခုသိပ်အရေးမကြီး။ နန်းကောရှိတကယ်ရှိနေသဖြင့် လုံလောက်သည်။ တောင်နက်သာ ထူးထူးဆန်းဆန်းကြုံတွေ့နေရသည်။
“တောင်နက်၊ မင်းဘာမှရှာမတွေ့ရင်လည်း...”
အိမ်ပြန်လာဖို့ပြောရန် ပြင်လိုက်သည်။ သို့သော် တောင်နက်မြင်ကွင်းမှတစ်ဆင်း အဝေးတွင်ရှိနေသည့် တောင်တန်းများအသွင်က တစ်ခုခုမူမမှန်သည်ကို သတိထားမိလိုက်သည်။
“အဲဒါဘာလဲ”
သူတုံ့ဆိုင်းမနေတော့။ တောင်နက်ကို ထိုနေရာသို့ ပြေးခိုင်းလိုက်သည်။
တောင်တန်းများ၏အသွင်က ပိုထင်ရှားလာသည်။ မူမမှန်သည့်မြင်ကွင်းက ပိုထင်ရှားလားသည်။
မတ်စောက်သည့်တောင်တန်းထိပ်တွင် ခံ့ညားသည့်အဆောက်အဦးတစ်ခု။
သို့သော် ယိုယွင်းပျက်စီးနေပြီဖြစ်သည်။
“တောင်နက်၊ နည်းနည်းမြန်မြန်ပြေးပါ”
အဆောက်အဦးပျက်ကို သူစိတ်ဝင်စားလာသည်။ တောင်နက်ကို ပြန်လာခိုင်းဖို့ စိတ်ကူးမရှိတော့။ သရဲဝိညာဉ်တစ်ကောင်မှမမြင်ရသဖြင့် စိုးရိမ်စရာဘာမှမရှိ။
အနီးသို့ ရောက်လာသည်နှင့် ခြောက်ကပ်တိတ်ဆိတ်သည့် တောင်တန်းများပေါ်တွင် အဆောက်အဦးပျက်များ လူနေထိုင်ခဲ့သည့် အမှတ်အသားများ နေရာတိုင်းရှိနေသည်။
မြင့်မားသည့်တောင်တန်း၊ မတ်စောက်သည့်ကျောက်ကမ်းပါးများထက်တွင် တည်ဆောက်ထားသည်။ အန္တရာယ်များသည့် မြေမျက်နှာသွင်ပြင်အရ ထိုအဆောက်အဦးများကို ထိပ်တန်းစွမ်းအားရှိသည့် အဖွဲ့အစည်းတစ်ခုက တည်ဆောက်ခဲ့မှန်း သိသာနေသည်။ သို့သော် ထိုအဖွဲ့အစည်းကို ပို၍အားကြီးသည့် အင်အားတစ်ခုက ဖျက်ဆီးခဲ့ခြင်းဖြစ်မည်။