ကြီးမားသည့်အရိုးစု
Vol. 5 Ch. 75
“ဒီနေရာကဘာလဲ။ ဘယ်သူတွေတည်ဆောက်ခဲ့တာလဲ။ ဘာက သူတို့ကိုဖျက်ဆီးခဲ့တာလဲ”
တိတ်ဆိတ်သည့် တောင်တန်းများပေါ် တောင်နက်လျှောက်နေသည်။ သူ့မျက်လုံးမှတစ်ဆင့် အံ့ဩဖွယ်မြင်ကွင်းကို ဖုန်ချင်အန်း မြင်နေရသည်။ ပျက်စီးနေသည့်အနေအထားမှာပင် ကြက်သီးထစရာကောင်းလွန်းနေသည်။
အဝေးမှကြည့်လျှင် သာမန်သာဖြစ်သည်။ သို့သော် အနီးရောက်လာသည်နှင့် ပုံမပျက်သေးသည့်အရာတစ်ချို့ တွေ့လာသည်။ တောင်ထိပ်များပေါ်တွင် အဆောက်အဦးပျက်များစွာ ရှိသည်။ လူသားအသိဖြင့် ဉာဏ်မမီသည့် စွမ်းအားတစ်ခုကြောင့် အကြီးအကျယ်ပျက်စီးခဲ့ခြင်းဖြစ်သည်။
ခိုင်မာသည့် တောင်တန်းများသာ အခြေမပျက်ကျန်ခဲ့သည်။ တောင်ဖြတ်ဆင်ခြေလျှောများက အရောင်မှိန်မှိန်ကောင်းကင်အောက်တွင် ကြည်လင်ရှင်းလင်းနေသည်။ တစ်ချို့တောင်တန်းများပေါ်တွင် လက်သည်းရာချိုင့်ခွက်ကြီးများ ရှိသည်။ အလွန်တရာကြီးမားသည့် သတ္တဝါတစ်ကောင်လက်ချက်ဖြစ်မည်။
အပျက်အစီးများအားလုံးကို နှင်းနှင့်မီးတောက်များ ဖုံးလွှမ်းနေသည်။ တစ်ချို့နေရာတွင် တောင်တန်းမြေသားမရှိတော့ အလွန်နက်ရှိုင်းသည့် ချိုင့်ခွက်များသာ ကျန်ရစ်သည်။
ထိုမျှကြောက်စရာကောင်းသည့်မြေပြင်မျိုး တစ်ခါမှမမြင်ခဲ့ဖူး။
“အဲလောက်စိုးရိမ်မနေပါနဲ့။ ဒီနေရာက ရှေးခေတ်စစ်မြေပြင်ပါ။ စစ်ပွဲဖြစ်တာလည်း ကြာခဲ့ပြီ။ မင်းကြည့်လိုက်ပါ၊ အားလုံးက ဆွေးမြေ့ပျက်စီးနေပြီ”
တောင်နက်စိုးရိမ်စိတ်ကို သတိပြုမိသဖြင့် သူနှစ်သိမ့်လိုက်သည်။
“အဆောက်အဦးတစ်ခုလောက် ဝင်ကြည့်ရအောင်။ ပြီးရင် ပြန်ကြမယ်”
တစ်ခုခုစိတ်လှုပ်ရှားစရာတွေ့ဖို့ မျှော်လင့်နေသော်လည်း အန္တရာယ်ကင်းဖို့ အဓိကဦးစားပေးဖြစ်သည်။ သူနှင့်တောင်နက် အတော်ကြာအောင်လက်တွဲခဲ့ပြီးဖြစ်၍ ပေါ့ပေါ့ဆဆမလုပ်နိုင်။
တောင်နက် အန္တရာယ်မရှိလောက်သည့် အဆောက်အဦးတစ်ခုဆီ လျှောက်သွားသည်။ ပြုပြင်မှုကင်းမဲ့နေသည့် စွန့်ပစ်အဆောက်အဦးဟောင်းတစ်ခုဖြစ်သည်။
အပြာဖျော့ဖျော့ မီးတောက်တစ်ခု ရှိနေသည်။ အတွင်းပိုင်းကို ခပ်မှိန်မှိန်အလင်းပေးထားသည်။ ထူးဆန်းသည့်ပစ္စည်းမျိုးမတွေ့။ ဆွေးမြေ့နေသည့် သစ်သားများ ကျိုးပဲ့နေသည့် ကျောက်သားများသာ တွေ့ရသည်။ အချိန်ကြာမြင့်ခဲ့သည်မှာ ထင်ရှားသည်။
“ဝင်ကြစို့”
သိပ်လည်းမမျှော်လင့်ထားသဖြင့် ဖုန်ချင်အန်း သိပ်စိတ်မပျက်မိ။
တောင်နက် အထဲဝင်လာသည်။ မှော်စက်ဝန်း ဝင်္ကပါအတားအဆီးမျိုးမတွေ့။ တန်ဖိုးကြီးသည့်အရာများ ရှိသည့်ပုံမပေါ်။
“ဂါး”
ပျက်စီးနေသည့် အဆောက်အဦးထဲမှာပင် တောင်နက် နည်းနည်းစိတ်မသက်မသာခံစားရသဖြင့် တစ်ချက်ဟိန်းဟောက်ပြီး အပြင်သို့လှမ်းထွက်လိုက်သည်။ သို့သော် သူ့အမွှေးများ ချက်ချင်းထောင်ထလာသည်။
နတ်ဆိုးကို မြင်၍တော့မဟုတ်။ ပျက်စီးနေသည့် သံချပ်ကာဝတ်အရိုးစုတစ်ခု တောင်တန်းမြေသားတွင် ထိုင်လျက်အနေအထားဖြင့် ကိုယ်တစ်ဝက်မြုပ်လျက် ရှိနေသည်။
စွမ်းအင်ရောင်မရှိ။ ကြောက်စရာစွမ်းအင်လှိုင်းမျိုးမရှိ။ အရိုးများကလည်း ဆွေးမြေ့သည့်အရောင်မျိုး ရှိနေသည်။ နှစ်ပေါင်းကြာမြင့်စွာ ဖြတ်သန်းခဲ့ရဟန်ရှိသည်။
သို့သော် တောင်နက် ထိတ်လန့်သွားသည်က အရိုးစု၏ အရွယ်အစားဖြစ်သည်။ ထိုင်လျက်အနေအထားမှာပင် အရိုးဦးခေါင်းခွံက တောင်တန်းထက် ပိုမြင့်နေသည်။
တောင်နက်ကြောက်ရသည့် ဝံပုလွေဖြူသခင်သည် တောင်ကုန်းငယ်အရွယ်အစားသားဖြစ်သည်။ ထိုအရိုးစုနှင့်ယှဉ်လျှင် အလွန်တရာ သေးငယ်လှသည်။
အဝေးမှကြည့်ရသည်ပင် အရွယ်အစားကွာခြားမှုကြီးမားလွန်းသဖြင့် တောင်နက်မှင်သက်မိသွားသည်။ ဖုန်ချင်အန်းလည်း ထိုနည်းတူပင်ဖြစ်သည်။
“အကဲဖြတ်မယ်”
စနစ်ကို သူအမိန့်ပေးလိုက်သည်။
တုံ့ပြန်မှုမရှိ။
ထင်သည့်အတိုင်းပင်။ စနစ်သည် အသက်ရှိနေသည့် ဝိညာဉ်များကိုသာ အကဲဖြတ်နိုင်သည်။ ဤအရိုးစု အသက်ဓာတ်ကင်းမဲ့ခဲ့သည်မှာ နှစ်ချီကြာခဲ့ပြီဖြစ်သည်။ အရိုးစုက ကျောက်ဖြစ်ရုပ်ကြွင်းအဆင့် ပြောင်းနေသည်။
“ဒီလောကဟာ အတော်အဆင့်မြင့်တာပဲ”
ဖုန်ချင်အန်း လေးစားမိသည်။ မိုနာ့အဆင့်ထက်မြင့်မားသည့် ဖြစ်တည်မှုတစ်ခု အတိတ်တစ်ချိန်ကစစ်ပွဲတွင် သေဆုံးခဲ့သည်။
စစ်ပွဲအပျက်အစီးနှင့် အရိုးစုကိုကြည့်ရုံဖြင့် သူအကဲခတ်မိသည်။ တစ်ချိန်က စစ်ပွဲကြီးတွင် ထိုအရိုးစုသည် စွမ်းအားအမြင့်ဆုံးဖြစ်တည်မှု မဟုတ်နိုင်။
“တောင်နက်၊ ဆက်ကြည့်စရာမလိုတော့ဘူး။ ပြန်ကြစို့”
တောင်နက် တောင်တန်းများကိုဖြတ်၍ ပြန်ပြေးလာသည်။ သို့သော် မြေအောက်ဘုံသို့ဝင်ခဲ့သည့်နေရာက အတော်ဝေးသေးသည်။ လာလမ်းအတိုင်း အရှိန်ကုန်းပြေးလာပြီး အက်ကြောင်းနားရောက်လာနီးတွင် သူရုတ်တရက် ခြေလှမ်းရပ်သွားသည်။ နားမလည်နိုင်အောင်ဖြစ်နေသည်။
အရောင်သွေးစိုပြေသည့် အပြာရောင်တောနက်ကြီးက သူ့အပြန်လမ်းပေါ်တွင် ရှိနေသည်။ လမ်းကြောကို ဖုံးကွယ်၍ တားဆီးထားသယောင်ရှိနေသည်။
ရင်းနှီးနေသည့်တောအုပ်ကို ဖုန်ချင်အန်းင်အန်း စိုက်ကြည့်သည်။ သူခန့်မှန်းမိသည်။ နန်းကော မြေအောက်ဘုံသို့ ပြန်ရောက်နေခြင်းဖြစ်မည်။
မနေ့ညက နန်းကောသူ့ဆီရောက်လာပြီးနောက် တောင်နက် မြေအောက်ဘုံသို့ ဝင်သွားသည်။ သို့သော် ဘာမှမရှိသည့် ကျစ်တီးကုန်းမြေကိုသာ တွေ့ရသည်။ ထို့ကြောင့် ဤတောအုပ်သည် နန်းကောကြောင့်ပေါ်လာခြင်းဖြစ်မည်။ တကယ်အစစ်အမှန်ဖြစ်မည်။
“တောင်နက်၊ မကြောက်နဲ့။ ဝင်သွားပါ။ နန်းကော အထဲမှာရှိတယ်။ ငါတို့အကြောင်း သူသိတယ်။ အခုအချိန်မှာ ပြန်လာလို့မရဘူး။ သူ့ကို သွားရှာပါ”
နန်းကော။
လှပသည့် ‘လူသား’ ကို မနေ့ညက သူတွေ့ခဲ့သည်။ ထိုလူသား၏ နာမည်ဖြစ်မည်။ ဘာကြောင့်မှန်းတော့မသိ။ တောင်နက်စိတ်ထဲ နာကျည်းစိတ်တစ်ခု ပေါ်လာသည်။ နန်းကောသည် သူပိုင်ဆိုင်သည့်အရာတစ်ခုကို သူ့သခင်ဆီမှ ဆွဲယူသွားသည်မှာ သေချာသည်။
ကြည်လင်သာယာသည့် သီးချင်းသံက တောအုပ်ထဲမှ လွင့်ပျံလာသည်။လာသည်။ သီချင်းကိုမခံစားတတ်သည့် တောင်နက်ပင် အဆိုရှင် ပျော်ရွှင်နေကြောင်း ရိပ်စားမိသည်။
“တောင်နက်၊ နန်းကောကို သွားရှာပါ။ ဘာလို့ ဒီနယ်မြေမှာ သရဲဝိညာဉ်တွေမရှိတာလဲဆိုတာ သူ့ဆီက စုံစမ်းပါ။ အချိန်ကို ဒီလိုအလဟဿအကုန်ခံတော့မှာလား”
ဖုန်ချင်အန်း တိုက်တွန်းလိုက်သည်။
တောင်နက် မကျေမနပ်ဖြစ်နေသည်ကို သူနားလည်ပါသည်။ သို့သော် ထိုကိစ္စများက တောင်နက်ဆုံးဖြတ်ရမည့်ကိစ္စမဟုတ်။ တောင်နက်အပေါ် တစ်ချိန်လုံး သူအာရုံစိုက်မနေနိုင်။ လိုက်လျောညီထွေဖြစ်အောင် တောင်နက် သင်ယူရမည်။ နန်းကောမှအစပြု၍ နောက်ထပ်နောက်ထပ် ဝိညာဉ်စာချုပ်များ ချုပ်ဆိုရဦးမည်။ သားရဲများစွာ ထပ်မွေးရဦးမည်။ သူ့သဘောသူ့ဆန္ဒကို ဘယ်သူမှ မလွှမ်းမိုးနိုင်ပေ။
********************************************