တတိယဝိညာဉ်စာချုပ်
Vol. 6 Ch. 76
“အာဝူး....”
နောက်ဆုံးတွင် ဖုန်ချင်အန်းညွှန်ကြားချက်အတိုင်း တောင်နက် တောအုပ်ထဲသို့ဝင်ခဲ့သည်။
တောအုပ်ထဲတွင် သာယာစွာလွင့်ပျံလာသည်။နေသည့် သီချခင်းသံမှတစ်ပါး ဘာသံမှမကြားရ။ နတ်ဆိုးသားရဲအရိပ်အယောင်ပင် မမြင်ရ။ သာမန်ပိုးမွှားများလည်း မရှိ။ လူသားကမ္ဘာမှ တောင်တန်းများနှင့် ကွဲပြားနေသည်။
ခရမ်းပြာရောင်ကြီးစိုးထားသည့် အပင်များကလည်း မြွေစိမ်းတောင်နဲ့မတူ။ တောင်နက် နည်းနည်းစိတ်မသက်မသာဖြစ်နေသည်။ ထို့ကြောင့် သူပို၍သတိထားနေသည်။ သို့သော် စိတ်ခံစားချက်ကိုထိန်းချုပ်၍ ရင်းနှီးနေသည့်စွမ်းအင်ရောင်ကို သူစရှာသည်။
ဖုန်ချင်အန်း၏စွမ်းအင်ရောင်ဖြစ်သည်။ ဘာကြောင့်မှန်းတော့မသိ။ တောအုပ်တစ်ခုလုံး ပျံ့နှံ့နေသည်။ စွမ်းအင်ရောင်က အားနည်းနေသော်လည်း အာရုံခံ၍ရသည်။
တောအတွင်းပိုင်းတွင် စွမ်းအင်ရောင်များစုစည်းနေသည့် နေရာရှိသည်။ အတားအဆီးများစွာ ဖြတ်ကျော်ပြီးနောက် စွမ်းအင်ရင်းမြစ်ကိုတွေ့သည်။ စမ်းချောင်းကန်ရေပြင်ထဲ ခြေထောက်နှစ်၍ မိန်းကလေးတစ်ယောက် သီချင်းဆိုနေသည်။
မနေ့ညကတွေ့ခဲ့သည့် မိန်းကလေးဖြစ်သည်။ ရုပ်ရည်သွင်ပြင်တင့်တယ်မှုကို သူပင်အံ့ဩမိသည်။
“ဂါး”
ထိုမိန်းကလေး သူ့သခင်နှင့်ရင်းနီးနေမှန်းသိသော်လည်း ဟိန်းသံတစ်ချက် အလိုလိုပေးမိသည်။
“တောင်နက်”
ဖုန်ချင်အန်း စကားသံ သူ့အာရုံတွင်ပေါ်လာသည်။
“မရိုင်းနဲ့လေ”
“အူး...”
ဟိန်းသံမှ အူသံအဖြစ် ချက်ချင်းပြောင်းသွားသည်။ နန်းကော တောင်နက်စိတ်ခံစားချက်ပြောင်းလဲသွားသည်ကို သိသည်။ သို့သော် ဘာမှမခံစားရ။ မျက်လုံးများ လခြမ်းသဏ္ဌာန်ပြောင်းသွားပြီး ရယ်မောနေသည်။
“ဖုန်ချင်အန်း ပြောပါတယ်။ နင့်နာမည်က တောင်နက်မဟုတ်လား။ ငါရော အဲလိုခေါ်လို့ရလား”
ထိုမိန်းကလေးကိုတွေ့တိုင်း ဘာကြောင့်သူရန်လိုမိသည်ကို တောင်နက်နားမလည်နိုင်အောင်ဖြစ်ရသည်။ မိန်းကလေးက သံလွင့်ခက်တစ်ခု ဆန့်ထုတ်၍ ရေကန်ဘေး မြက်ခင်းဆီညွှန်ပြသည်။
တောင်နက်နည်းနည်း တုံ့ဆိုင်းနေသော်လည်း ခေါင်းငြိမ့်ပြလိုက်သ်ည။
“တောင်နက်၊ နင်ပြန်သွားချင်လို့လား။ ငါလာတုန်းကတွေ့ခဲ့တယ်။ အက်ကြောင်းက ပိတ်သွားပြီ။ နင်နည်းနည်းစောင့်ရလိမ့်မယ်။ စိတ်မပူပါနဲ့။ အချိန်ကျလာရင် ငါလည်းနင်နဲ့အတူလိုက်ပြီး ဖုန်ချင်အန်းနဲ့သွားတွေ့မှာပါ”
“အူး...”
မိန်းကလေး၏ ရင်းနှီးသည့်အပြုအမူကို သူအသိအမှတ်ပြုလိုက်သည်။ မြက်ခင်းဆီ လျှောက်သွားပြီး ဝပ်လိုက်သည်။ သို့သော် ဝိညာဉ်ရေကန်နားသို့ လုံးဝမကပ်။
မိန်းကလေးရှိနေသော်လည်း ထိုရေကန်ကို သူကြောက်သည်။ ရေထဲတွင် အန္တရာယ်တစ်ခုခုရှိနေသည်ဟု ခံစားရသည်။
“တောင်နက်၊ မင်းအခု သူ့ကိုမေးကြည့်လို့ရတယ်”
“အူးး...”
တောင်နက် တစ်ချက်ငြီး၍ ခရမ်းရောင်သန်းနေသည့်မြက်ခင်းပေါ် ခေါင်းတင်လိုက်သည်။
“ကောင်းပြီလေ၊ မင်းမမေးချင်ရင်လည်း နေပါ။ နောက်ရက်မှ ငါမေးပေးမယ်။ အဲဒီမှာ ခဏနားလိုက်ဦး”
ဖုန်ချင်အန်း စိတ်ပျက်မိသည်။ တောင်နက်ကို ဘယ်လိုမှဖျောင်းဖျမရ။ မိန်းကလေးကို ဆက်သွယ်မေးမြန်းလိုပုံမရ။
တောင်နက်နှင့်နန်းကောတို့ ဘေးကင်းသွားပြီဖြစ်၍ သိစိတ်အာရုံကို သူပြန်ရုတ်သိမ်းလိုက်သည်။ ထိုနှစ်ယောက် ပြဿနာရှိလိမ့်မည်ဟု သူမထင်။ တောင်နက်က နန်းကောနှင့် မဆက်သွယ်ချင်သည်သာရှိသည်။
အကဲဖြတ်မှတ်တမ်းအရ တောင်နက်သည် နန်းကောထက် အဆင့်တစ်ဆင့်နီးပါးပိုမြင့်သည်။ သို့သော် ထိုနှစ်ယောက် ရန်ဖြစ်ကြလျှင် တောင်နက်အသက်ကိုသာ စိုးရိမ်စရာရှိသည်။
နန်းကော၏စွမ်းရည်က မိုနာ့အဆင့်ဖြစ်သည်။ အဖြေအားလုံး ရှင်းနေသည်။ တိုက်ခိုက်စွမ်းအားက အပေါ်ယံသာဖြစ်သည်။ တကယ်နိုးထလာလျှင် မည်သို့ဖြစ်လာမည်မသိ။
“အိပ်ယာထပြီး ကျောင်းသွားချိန်ရောက်ပြီပဲ”
ဖုန်ချင်အန်း အိပ်ခန်းမှထွက်၍ အဝတ်လဲသည်။ ထို့နောက် ထုံးစံအတိုင်း ကျောင်းသွားသည်။
ကျောင်းပြီးသည်နှင့် နှင်းကြားထဲမှ သူအမြန်ပြန်လာသည်။ တံခါးဝရောက်သည်နှင့် အိမ်ထဲအိမ်ပြင်လှမ်းကြည့်သည်။ သူ့မိဘများ မရျိ။
မိသားစုက ချမ်းသာလာသည်။ သူ့မိဘများ နေ့ခင်းဘက်တွင် အိမ်တွင်နေလေ့မရှိ။ ဘာလုပ်နေကြမှန်း သူသိသည်။
အစက လယ်ထဲတွင် အလုပ်များခဲ့သည်။ လယ်ဧကများ လုံလောက်အောင်စိုက်ပျိုးပြီးသည်နှင့် ကောင်တီမြို့ကို မျက်စိကျလာကြသည်။
ထိုကိစ္စများကို ဖုန်ချင်အန်း သိပ်အရေးမစိုက်။ နောက်ထပ်ကလေးတစ်ယောက် မမွေးလျှင် အဆင်ပြေသည်။ သူအရွယ်ရောက်လာလျှင် လောကကိုခြေဆန့်ရန် ကြံရွယ်ထားသည်။
တစ်ခါက အရာရှိငယ်ဖြစ်ချင်သည်ဟု စနောက်၍ သူပြောခဲ့သည်။ ကျေးလက်တွင် မြေပိုင်ရှင်ဖြစ်လာမည်ဟု မတွေးခဲ့။ စိတ်ဝင်စားရာလည်းမရှိ။
“ညစာအတွက် ကြက်သားစတူးချက်မယ်”
တံခါးဝတွင်ခဏရပ်နေပြီးနောက် ခြံထဲဆင်းသည်။ ဓားတစ်ချောင်းသွေးသည်။ ကြက်ခြံဆီသွားသည်။ သူဘယ်လောက်စားစား ကြက်ဘဲအရေအတွက်က တိုးလာသည်သာရှိသည်။ လျော့မသွား။
သို့သော် ခြံမွေးကြက်ဘဲများနှင့် သူအားမရတော့။ ကြက်တစ်ကောင် ဘဲတစ်ကောင်လောက်ဖြင့် သူဗိုက်မပြည့်။
တောင်နက်ကြုံရသည့် အခက်အခဲမျိုး သူကြုံနေရသည်။ အစာစားနှုန်းက ဘီလူးသရဲပမာဖြစ်လာသည်။ ခန္ဓာဖွံ့ဖြိုးချိန်ဖြစ်၍ စားနှုန်းမြင့်သည်ဟု သူပြော၍မရ။
တစ်နပ်နှင့်တစ်နပ်ကြား အပိုစာများ စားချင်နေသည်။ သို့သော် လက်ရှိသူ့အခြေအနေက ရိုးရှင်းသည်။ သူလိုချင်လျှင် တောင်တန်းပေါ်တွင် သားကောင်များစွာရှိသည်။ ဗိုက်ပြည့်အောင် အလွယ်တကူ ဖြည့်နိုင်သည်။
“နန်းကော ဒီညလာဦးမှာလား”
စားသောက်ဖို့ပြင်ရင်း ညရောက်ဖို့ မျှော်နေသည်။
ဝိညာဉ်တစ်သောင်းခန္ဓာလွှမ်းမိုးမှုလားတော့မသိ။ မိန်းကလေးက သူနှင့် ခန္ဓာကိုယ်ချင်းထိတွေ့ရသည်ကို လုံးဝမငြင်း။ တစ်ခါတစ်ရံ မတော်တဆ တစ်ခါတစ်ရံ တမင်တကာ နန်းကောက သူ့ကိုယ်ပေါ်သို့ တွဲခိုနေတတ်သည်။ တစ်ခါတစ်ရံ တစ်ချို့နေရာများကို ကိုက်တတ်သေးသည်။
နာတော့မနာပါ။ သို့သော် တစ်မျိုးတစ်မည်ဖြစ်သည်။ ကိုက်ပြီးသွားချိန် သူအမြန်တွန်းမဖယ်မိလျှင် သူ့အရေပြားကို လျှာဖြင့်လျက်သည်။ ယားကျိကျိခံစားချက်ကြောင့် သူ့ကိုယ်သူ အတင်းထိန်းချုပ်ရသည်။
သို့သော် အချိန်မကျသေး။ ထိန်းချုပ်ရမည်။
စားသောက်ပြီး ညနေမိုးချုပ်ချိန်တွင် ထုံးစံအတိုင်း သူစွမ်းအားကျင့်သည်။ ဝိညာဉ်စွမ်းအင် တိုးတက်လာသည်နှင့် လှုပ်ရှားနေသည်စိတ်များ တဖြေးဖြေးတည်ငြိမ်လာသည်။
ထို့နောက် စုစည်းထားသည့် ဝိညာဉ်စွမ်းအင်များကြောင့် ဘေးပတ်လည်မှ ဝိညာဉ်ချီများ လှုပ်ရှားလာသည်။ သူ့ခန္ဓာကိုယ်ကို စက်ဝိုင်းသဏ္ဌာန်လှည့်ပတ်သည်။ အပြာရောင်အလင်းစက်ဝန်းတစ်ခု ဖြစ်လာသည်။
တတိယဝိညာဉ်စာချုပ်။
သူ့မျက်လုံးများ ပွင့်လာသည်။ အပြာရောင်အလင်းများ တောက်ပနေသည်။ သူ့မျက်နှာတွင် အပျော်ရိပ်သန်းနေသည်။