မြေနတ်ဘုရား
Vol. 6 Ch. 79
(ဂုဏ်ယူပါတယ် သားရဲထိန်းသခင်။ မြေသားရဲဂျင်နရယ်အဆင့်ကို ရောက်သွားပါပြီ။ မစ်ရှင်ပြီးမြောက်ပါပြီ”
(ဆုလာဒ် - ဝိညာဉ်ဆင်းသက်ကျင့်စဉ်။ လက်ခံလိုပါသလား)
ဖုန်ချင်အန်း ခန္ဓာကိုယ်အပြောင်းအလဲများကို ထိန်းညှိနေစဉ် စနစ်အသိပေးချက်တက်လာသည်။
“လက်ခံမယ်”
ကျင့်စဉ်သစ်များ လက်ခံ၍ ပြဿနာမရှိနိုင်မှန်းသူသိသည်။ တုံ့ဆိုင်းမနေတော့။ အချက်အလက်များ သူ့မှတ်ဉာဏ်ထဲသို့ ဝင်လာသည်။ မမေ့မပျောက်နိုင်သည့် မှတ်ဉာဏ်ဖြစ်သည်။
(သားရဲထိန်းသခင် - ဖုန်ချင်အန်းင်အန်း)
(အဆင့် - မြေသားရဲဂျင်နရယ်)
(ခန္ဓာ - ဝိညာည်တစ်သောင်းခန္ဓာ)(ကြည့်ရန်)
(ပထမဝိညာဉ်စာချုပ် - တောင်နက်) (ကြည့်ရန်)
(ဒုတိယဝိညာဉ်စာချုပ် - နန်းကော) (ကြည့်ရန်)
သူငြိမ်သက်စွာစောင့်နေသည်။ ယခုမှအစဖြစ်မှန်း သူသိသည်။
(အောင်မြင်မှု _အသန်မာဆုံးမြေသားရဲဂျင်နရယ်)
(စနစ်စစ်ဆေးချက်အရ သင်ဟာ လက်ရှိကမ္ဘာမှာ အသန်မာဆုံးမြေသားရဲဂျင်နရယ်ဖြစ်လာပါပြီ)
(ဆုလာဒ် - မြေနတ်ဘုရားခန္ဓာ)
(ခန္ဓာပြောင်းလဲမှု လုပ်ဆောင်လိုပါသလား)
“ထင်တဲ့အတိုင်းပဲ။ နောက်ထပ် ရုပ်ခန္ဓာဆုလာဒ်ပါလား။ ဒါပေမယ့် မြေနတ်ဘုရားခန္ဓာတဲ့။ မြေကြီးနဲ့ ပတ်သက်နေတာလား”
ကောင်းကင်သည် ‘ချန်’၊ မြေကြီးသည့် ‘ခွန်’။
ထိုအချက်ကို သူသိသည်။ အလျင်စလို ခန္ဓာပြောင်းလဲမှု စမလုပ်သေး။ ဘေးတွင် မှင်သက်မိနေသည့် နန်းကောကို လှည့်ကြည့်သည်။
“ဘာဖြစ်တာလဲ နန်းကော”
နန်းကော၏ ပျော့ပျောင်းသည့်ပုခုံးများကို လှုပ်ခါ၍ စိုးရိမ်တကြီးမေးလိုက်သည်။
“တစ်ခုခု အဆင်မပြေတာရှိလို့လား”
စာချုပ်ကြောင့် နန်းကော၏စိတ်ခံစားချက်ကို ဝိုးတဝါး သူအာရုံခံမိသည်။ တောင်နက်အတွေးများလို တစ်ချက်ကြည့်ရုံဖြင့် သူနားမလည်။ နန်းကော၏ခံစားချက်များက သပွတ်အူလိုရှုပ်ထွေးနေသည်။ ခွဲခြားရခက်သည်။
“ငါ ငါအဆင်ပြေပါတယ်”
နန်းကော အသိပြန်ဝင်လာသည်။ သူ့ရင်ဘတ်ပေါ် လက်တင်ထားသည့် ဖုန်ချင်အန်းကိုကြည့်၍ ကျေနပ်သည့်အပြုံးမျိုး ပေါ်လာသည်။
“နင်နဲ့ဝိညာဉ်စာချုပ်ချုပ်ပြီးတော့ တစ်ခုခု ပြည့်ဝလာသလိုခံစားရတယ်။ အရင်ထက်ပို ပြည့်စုံလာတယ်”
“ဒါဆို မသက်မသာခံစားရတာမျိုး မဖြစ်ဘူးပေါ့”
ဖုန်ချင်အန်းင်အန်း တကယ်အလေးအနက် ဂရုစိုက်သည်။ စာချုပ်ချုပ်သည့်အချိန်တွင် နှစ်ဦးနှစ်ဘက် အပြန်အလှန်တုံ့ပြန်မှုရကြသည်။ စာချုပ်၏ နောက်ဆက်တွဲ အကျိုးဆက်ဖြစ်သည်။
“မဖြစ်ပါဘူး။ တကယ်အဆင်ပြေပါတယ်။ တစ်ခါမှမကြုံဖူးတဲ့ ကျေနပ်မှုမျိုးရတယ်”
“ကောင်းတာပေါ့”
ဖုန်ချင်အန်း သူနှင့်မျက်နှာချင်းဆိုင် ထိုင်လိုက်သည်။ အလေးအနက်မျက်နှာဖြင့်
“ငါနင့်ကို တစ်ခု အကူအညီတောင်းချင်တယ်”
“ပြောလေ”
နန်းကောမျက်လုံးများ အရောင်တောက်လာသည်။ သူ့ဘဝတွင် သူ့အမက တစ်ချိန်လုံး ဂရုစိုက်ပေးခဲ့သည်။ တစ်ခြားလူတစ်ယောက်က အကူအညီတောင်းလာသည်ကို ပထမဆုံးကြုံဖူးခြင်းဖြစ်သည်။
“ငါအခု အပြောင်းအလဲတစ်ခု ကြုံရတော့မယ်။ အဲလိုပြောင်းလဲနေတဲ့အချိန်အတွင်း အရမ်းနာကျင်နေလိမ့်မယ်။ ဒါပေမယ့် မစိုးရိမ်နဲ့။ ပြောင်းလဲပြီးရင် ငါပိုပြီးသန်မာလာမှာ။ ဒီလိုနာကျင်မှုကို မဖြစ်မနေသည်းခံရတယ်။ အဲလိုဖြစ်နေချိန်မှာ ငါအားနည်းနေလိမ့်မယ်။ မင်းငါ့ကို ကာကွယ်ပေးဖို့လိုတယ်”
ပြီးခဲ့သည့်တစ်ကြိမ် ခန္ဓာပြောင်းစဉ်က သူ့ဘေးတွင် တောင်နက်ရှိခဲ့သည်။ ယခုတစ်ကြိမ်တွင် ယင်ဝိညာဉ်မိန်းကလေး ရှိနေသည်။
(ဒုတိယစာချုပ် - နန်းကော)
(မျိုးနွယ် - မွေးရာပါယင်ဝိညာဉ်)
(ဗီဇ - ယင်၊ ကောင်းကင်၊ ဝိညာဉ်)
(စွမ်းရည် - မိုနာ့၊ အလတ်တန်း)
(တိုက်ခိုက်စွမ်းအား - ဝိညာဉ်နိုးထခြင်း၊ ထိပ်တန်း)
တိုက်ခိုက်စွမ်းအားက တောင်နက်လောက် မမြင့်သေး။ သို့သော် မျိုးနွယ်၊ ဗီဇနှင့် စွမ်းရည်က မြင့်မားသည်။ အထင်သေးမိလျှင် ဒုက္ခရောက်သွားမည်။ ဖုန်ချင်အန်း ထိုအချက်ကို ကြိုမြင်သည်။ မိန်းကလေးအပေါ် ယုံကြည်မှုအပြည့်ထားသည်။ ရှောင်တခင်ဆုံးဖြတ်ခြင်းမဟုတ်။ ယုံကြည်မှုကို ပုံအပ်ထားခြင်းဖြစ်သည်။
သို့သော် သုံးကြိမ်ဆုံတွေ့ရုံဖြင့် သူ့အပေါ် ထိုမျှစိတ်နှင့်ခန္ဓာဖွင့်၍ ဆက်ဆံသည့် ထိုမိန်းကလေးကို စိုးရိမ်နေစရာမရျိပါ။
နန်းကောက သူ့ကိုယုံသည်။ ထို့ကြောင့် သူလည်း နန်းကောကို ယုံကြည်ရမည်။
နန်းကောသူ့ကို အပြည့်အဝယုံကြည်ခဲ့သည်။ လုံးဝဆန့်ကျင်ခုခံခြင်းမရှိဘဲ ဝိညာဉ်စာချုပ်ချုပ်ခဲ့သည်။ သူလည်း ထိုယုံကြည်မှုမျိုး ပြန်ပေးရမည်။
“ကောင်းပြီလေ။ နင်ပြောင်းလဲတာ ပြီးသွားတဲ့အထိ ဘယ်သူမှနင့်ကို ဒုက္ခမပေးစေရဘူး။ ငါကာကွယ်ပေးမယ်”
နန်းကော အလေးအနက်ပြန်ပြောသည်။ ဖုန်ချင်အန်းက သူ့ကိုအပြည့်အဝ ယုံကြည်အားကိုးမည်မထင်ခဲ့။ နည်းနည်းစိုးရိမ်ပူပန်နေသလို စိတ်ကျေနပ်မှုလည်း ခံစားရသည်။
(မြေနတ်ဘုရားခန္ဓာ၊ အသွင်ပြောင်းဖို့ ပြင်ဆင်နေပါပြီ)
(သည်းခံဖို့ ပြင်ဆင်ထားပါ၊ သားရဲထိန်းသခင်)
“စလိုက်တော့”
တစ်ခါကြုံဖူးပြီးဖြစ်၍ စနစ်သတိပေးချက်ကို သူအရေးမစိုက်တော့။ ခဏကြာပြီးနောက် ပြင်းထန်သည့်အားလှိုင်းတစ်ခု သူ့ရင်ဘတ်ထဲတွင် ပေါက်ကွဲထွက်လာသည်။ တောင်တန်းသောင်းချီ သူ့အပေါ် ပြိုကျလာသလိုခံစားရသည်။
သူ့အာရုံတွင် အဆုံးစမဲ့ အဝါရောင်မြေပြင်ကို မြင်ရသည်။ တောင်တန်းတောင်ကုန်းများ၊ လွင်ပြင်များ၊ ချိုင့်ဝှမ်းများ၊ ကန္တာရများ၊ တောရိုင်းမြေများ မျိုးစုံမြင်ရသည်။
သို့သော် ထိုမြင်ကွင်းက ခဏသာဖြစ်သည်။ ထို့နောက်တွင် မြေကြီးထဲမှ ကြောက်စရာသဏ္ဌာန်တစ်ခု ထိုးထွက်လာသည်။ ပေပေါင်းသောင်းချီမြင့်မားသည်။ ခေါင်းမော့လိုက်ချိန်တွင် ထိုသဏ္ဌာန်၏ အဝါရောင်မျက်လုံးထဲ၍ သူ့ကိုယ်သူ ပြန်မြင်နေရသည်။
ထို့နောက် ထိုသဏ္ဌာန် ချက်ချင်းပျောက်သွားပြီး တောင်တန်းတစ်ခု ကျောကုန်းထက်တွင် ထမ်းသယ်လာသည့် လိပ်ကြီးတစ်ကောင် အော်ဟစ်ကြုံးဝါးနေသည်ကို သူမြင်ရသည်။ ထိုမြင်ကွင်းလည်း ခဏသာကြာသည်။ ထို့နောက် အလွန်တရာကြီးမားရှည်လျားသည့် နဂါးတစ်ကောင် မြင်ရပြန်သည်။
ကြောက်စရာပုံရိပ်များ ချက်ချင်းပေါ်ပြီး ချက်ချင်းပျောက်သွားသည်။ သူထို ပုံရိပ်များကို အာရုံစိုက်နိုင်စွမ်းမရှိတော့။ ပြောင်းလဲမှုဖြစ်စဉ် ပြင်းထန်သည့်ဝေဒနာကိုခံစားကြောင့် နန်းကော၏ နူးညံ့သည့်ရင်ခွင်ထဲသို့ လဲကျသွားသည်။
တစ်ခုတော့ သေချာသိသည်။ ပြောင်းလဲမှုဖြစ်နေချိန်သည် သူအားအနည်းဆုံးအချိန်ဖြစ်သည်။ အသိစိတ်ကလည်း နာကျင်မှုကိုခံစားရုံလောက်သာ ထိန်းထားနိုင်သည်။ ခန္ဓာကိုယ်ကို လုံးဝထိန်းချုပ်မရ။ အရိုး၊ အသား၊ အရေပြား အားလုံး ပြင်းထန်သည့်ပြန်လည်တည်ဆောက်မှုဖြစ်စဉ်ကို ကြုံရသည်။
“ဖုန်ချင်အန်း”
တစ်ကိုယ်လုံး ချွေးများစိုရွှဲနေသည့် ဖုန်ချင်အန်းကို နန်းကောက စိုးရိမ်နေသည့်မျက်နှာဖြင့် ပွေ့ဖက်ထားသည်။
ဖုန်ချင်အန်းင်အန်းက ပုံမှန်အနေအထားမှ ဝေဒနာကြောင့် လဲကျသွားသည့်အဖြစ်ကို သူကြည့်နေခဲ့သည်။ သူအမြန်ဖမ်းပွေ့နိုင်ခဲ့သည်။
ဖုန်ချင်အန်းခန္ဓာကိုယ် တုန်ရင်နေသည်။ ဝိညာဉ်စာချုပ်မှတစ်ဆင့် ဝေဒနာမည်မျှပြင်းထန်သည်ကို နန်းကောကောင်းစွာခံစားမိသည်။
“နင်ပြောင်းလဲတာ ဘယ်လောက်ကြာဦးမှာလဲ”
ဖုန်ချင်အန်း မူလစွမ်းအင်များ နူးညံ့သည့်ပြောင်းလဲမှုမျိုး တကယ်ဖြစ်နေသည်ကို သူခံစားမိသည်။ ပိုသိပ်သည်းလာသည်။ သို့သော် မြင်နေရသည့်အဖြစ်က မသက်သာလှ။
သူစိတ်မကောင်းဖြစ်မိသည်။ ထို့ကြောင့် ခဏတုံ့ဆိုင်းနေပြီးနောက် လှပခံ့ညားသည့် သူ့နန်းတွင်းဝတ်စုံကို ချွတ်လိုက်သည်။