← Chapters

နတ်ဆိုးများရောနတ်ဘုရားများပါ ကြောက်ရမည်

Vol. 6 Ch. 80

နတ်ဆိုးများရောနတ်ဘုရားများပါ ကြောက်ရမည်

Vol. 6 Ch. 80

ပူခြစ်နေသည့် ခန္ဓာကိုယ်ကို ခပ်မှိန်မှိန်အပြာရောင်အလင်းများတောက်ပနေသည့် နန်းတွင်းဝတ်စုံဖြင့် ဖုံးအုပ်ပေးလိုက်သည်။ ဖုန်ချင်အန်းမြင်ဖူးသည့် ကျယ်ပြန့်သည့်တောအုပ်မြင်ကွင်း ထွက်ပေါ်လာသည်။ နူးညံ့သည့် အပြာရောင်နွယ်ပင်များက မြွေများပမာ ဆန့်ထွက်လာပြီး ခန္ဓာကိုယ်ကို ဖုံးအုပ်သွားသည်။

အလင်းများတောက်ပလာသည်။ ဝတ်ရုံမှ ထူးဆန်းသည့်ဝိညာဉ်ချီက ဖုန်ချင်အန်း အသားထဲသို့ စိမ့်ဝင်သွားသည်။ ဝေဒနာကြောင့် ရှုံ့တွနေသည့် ဖုန်ချင်အန်းနဖူးပြင် နည်းနည်းပြေလျော့သွားသည်။ သက်သာသွားဟန်ရှိသည်။

“နင်အဆင်ပြေသွားမှာပါ ဖုန်ချင်အန်း”

နန်းကောက သူ့ကိုရင်ခွင်ထဲတွင် တင်းကြပ်စွာဖက်၍ ခဏတာ ဝေဒနာသက်သာအောင်ကြိုးစားသည်။

‌ဘေးပတ်လည်တွင် ဖြစ်ပျက်နေသည်များ၊ နူးညံ့သည့်ခန္ဓာကိုယ်အထိအတွေ့များကို ဖုန်ချင်အန်း အာရုံမစိုက်နိုင်သေး။ အာရုံစိုက်ရန် အင်အားလည်းမရှိသေး။

“ငါနင့်ကို ကာကွယ်ပေးမှာပါ”

ဖုန်ချင်အန်း အားနည်းနေမှန်းသိသဖြင့် ဘေးပတ်လည်သို့တစ်ချက်ကြည့်သည်။ ဝတ်ရုံဖုံးပေးရုံဖြင့် မလုံလောက်မှန်းသူနားလည်သည်။

နန်းကော သူ့အစွမ်းသူသိသည်။ သို့သော် ကမ္ဘာမြေသို့ ခြေချရဲခြင်းမှာ သူ့ကိုယ်ပိုင်စွမ်းအားကြော်င့မဟုတ်။ သူအမရှာပေးထားသည့် ခရမ်းရောင်ရွှမ်ရှန်းဝတ်စုံကြောင့်ဖြစ်သည်။

စိတ်အတွေးဖြင့် သူအမိန့်ပေးလိုက်သည်။ ဝတ်ရုံမှ အဆုံးစမဲ့အပြာရောင်အလင်းများထွက်လာသည်။ အိမ်ခေါင်မိုးကို စိမ့်ဝင်ထိုးဖောက်၍ ခြံဝန်းတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။

ထိုမျှနှင့် ရပ်မသွား။ ခရမ်း‌ရောင်အလင်းက အိမ်တော်ပတ်လည်မှ လေးဘက်လေးတန်ဖြန့်ထွက်သွားသည်။ ရှီလီရွာတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ ထို့နောက် ညကောင်းကင်အောက်တွင် ဆက်လက်ဖြန်ကျက်သွားသည်။

ထို့နောက်တွင် ကောင်းကင်ပြင်တွင် ခမ်းနားသည့်တောအုပ်ပုံရိပ်တစ်ခု တဖြေးဖြေးပြန့်ကားထွက်လာသည်။

ထိုပုံရိပ်ကိုမြင်နိုင်သည့် ဝိညာဉ်များ နတ်ဆိုးများစွာ မှင်သက်မိနေကြသည်။

ခရမ်းအလင်းအောက်တွင် လနှင့်ကြယ်ရောင်များ မှေးမှိန်သွားသည်။ ယုန်နင်ကောင်တီပတ်လည်တွင် ကင်းလှည့်နေသည့်ဝိညာဉ်များ ထိတ်လန့်တုန်လှုပ်သွားသည်။

“အဲဒါဘာလဲ”

“မုန်မိသားစုတောင်ကုန်းကပဲ”

“ကပ်ဆိုးလာပြီဟေ့”

“မြို့‌တော်နတ်ဘု၇ားကို အမြန်သတင်းပို့ကြ”

“မြို့တော်နတ်ဘုရား ဆုံးဖြတ်ပါစေ”

ကင်းလှည့်ဝိညာဉ်နတ်ဆိုးများ တစ်ခြားဘာမှမတွေးအားတော့ဘဲ ကောင်တီမြို့တော်နတ်ဘုရားဘုံကျောင်းထံ အပြေးအလွှားသတင်းပို့ကြသည်။

ထိုအဖြစ်မျိုး ပေါ်လာပြီဖြစ်၍ ကင်းလှည့်နေစရာမလိုတော့။ ညအမှောင်ကို အခွင့်အ‌ရေးယူရန် ကြံနေသည့် နတ်ဆိုးများ ဝိညာဉ်များ ချက်ချင်းရပ်တန့်၍ အဖြစ်အပျက်ကို စိတ်ရှည်ရှည်စောင့်ကြည့်နေသည်။

သတင်းပို့နတ်မင်းများ ယုန်နင်ဘုံကျောင်းသို့ရောက်ချိန်တွင် အမြဲလိုလို ပလ္လင်ပေါ်ထိုင်နေတတ်သည့် မြို့တော်နတ်ဘုရားက ဘုံကျောင်းရှေ့တွင် အခြံအရံအပြည့်ဖြင့် ရပ်နေသည်ကို တွေ့ကြရသည်။

ထိုမျှထူးဆန်းသည့်ထိုအဖြစ်ကို နတ်ဘုရား သတိမပြုမိစရာအကြောင်းမရှိ။ မြို့တော်နတ်မင်းခြေရင်း၌ လက်မှတ်ထိုးရာတွင်သုံးသည့် စုတ်တံက အစိတ်စိတ်ကျိုးကြေနေသည်။ အံ့ဩမှု၏ သက်သေဖြစ်သည်။

“မြို့တော်နတ်ဘုရား၊ ဒီဖြစ်ရပ်ဟာ နိမိတ်မကောင်းပါဘူး။ ကပ်ဆိုးတစ်ခု ကျ‌ရောက်လာမှာ စိုးရိမ်မိပါတယ်။ ကျုပ်ကို သွားစုံစမ်းခွင့်ပြုပါ”

ဝိညာဉ်နတ်များကြားမှ ရွှေသံချပ်ကာဝတ်လူတစ်ယောက် ထိုမြင်ကွင်းကို ကြောက်ရွံ့ခြင်းမရှိဘဲ စုံစမ်းစစ်ဆေးရန် မြို့တော်နတ်ဘုရားထံ တောင်းဆိုသည်။

“သခင်ရှု(စစ်ပွဲနတ်မင်း)၊ အဲဒါဘယ်နေရာကလဲဆိုတာသိလား”

မြို့တော်နတ်ဘုရား၏မျက်နှာက တည်ကြည်သည်။ ထည်ဝါသည့်အလင်းရောင်များ လွှမ်းခြုံနေသည်။

“ရှီလီရွာ ဖုန်မိသားစုတောင်ကုန်းကပါ”

စစ်ပွဲနတ်မင်း ချက်ချင်းဖြေသည်။ ထိုရွာသို့ သူမကြာခဏရောက်ဖူးသဖြင့် ရင်းနှီးနေသည်။

ထိုဖြစ်စဉ်၏ရင်းမြစ်သည် ထိပ်တန်းစာပေပညာရှင်အိမ်မှ ဖြစ်ဟန်ရှိသည်။ သို့သော် တော်ဝင်ချီဖိအား‌အောက်တွင် ထိုအရာမျိုး အဘယ်ကြောင့်ပေါ်လာသည်ကို သူစဉ်းစားမရ။

“သိရင် ဘာလို့ဒုက္ခရှာချင်နေတာလဲ”

မြို့တော်နတ်ဘုရားက ခပ်‌အေးအေးလေသံဖြင့်ပြောသည်။

“ဒီစွမ်းအင်ဟာ ကြီးမားတယ်။ ကြယ်လအလင်းကိုတောင် ဖုံးလွှမ်းနိုင်တယ်။ ဒါပေမယ့် ဒုက္ခပေးလိုတဲ့ အရိပ်အယောင်မရှိဘူး။ အလွန်ကျယ်ပြန့်ပြီး တည်ငြိမ်တယ်။ လမ်းမှန်လျှောက်တဲ့ စွမ်းအားမျိုးပဲ”

“ဒါပေမယ့် ဒါကကျုပ်တာဝန်ပါ”

စစ်ပွဲနတ်မင်း အလျှော့မပေး။

“နတ်ဆိုးတစ်ကောင်ဟာ ဒုက္ခမပေးရင်တောင် ဒီဖြစ်ရပ်ကြောင့် လူသားလောကအပေါ် သက်ရောက်မှုရှိပါတယ်”

“သခင်ရှု၊ မင်း...”

စစ်ပွဲနတ်မင်းကို ဘယ်တုန်းကမှ သဘောမကျခဲ့သည့် စာပေနတ်မင်း ပါးစပ်အဟောင်းသားဖြစ်သွားသည်။ ဘာပြောရမှန်းမသိတော့။ သူ့ကိုယ်မှ နတ်အလင်းရောင်က စစ်ပွဲနတ်မင်းအလင်း‌ရောင်ထက် မှေးမှိန်နေသည်ကိုသာ ခံစားမိသည်။

“သခင်စစ်ပွဲနတ်မင်း၊ အလျင်စလို သွားစစ်ဆေးမယ်ဆိုရင် အသက်အန္တရာယ်ရှိပါတယ်”

စစ်ပွဲနတ်မင်း နောက်မှ နတ်မင်းတစ်ယောက်က သတိပေးသည်။

“အသက်သေတာပဲ။ ဘာကြောက်စရာရှိလို့လဲ”

စစ်ပွဲနတ်မင်းက နောက်ဘက်မှနတ်မင်းများကို တစ်ချက်ဝေ့ကြည့်၍ တည်ငြိမ်စွာဖြေလိုက်သည်။

“ခွင့်ပြုချက်တောင်းခံပါတယ် မြို့တော်နတ်ဘုရား”

“ခွင့်မပြုဘူး”

ယုန်မင်နတ်ဘုရားက ကောင်းကင်တွင် တလက်လက်တောက်ပနေသည့် အပြာရောင်အလင်းများကိုကြည့်၍ ချက်ချင်းငြင်းပယ်သည်။

ထိုအလင်းသည် ရန်ပြုလိုသည့်အရိပ်အယောင်မရှိ။ သူရှိနေကြောင်း ပတ်ဝန်းကျင်ကို သတိပေးခြင်းသာဖြစ်သည်။ သေမျိုးများက ကိစ္စမရှိ။ ဝိညာဉ်များသာ ထိုအလင်းနယ်မြေသို့ ခြေချလျှင် သေသွားနိုင်သည်။

“မြို့တော်နတ်ဘုရား”

ရှုဝူပန် တအံ့တဩ ခေါင်းမော့ကြည့်သည်။

“မြင်တာကြားတာပြောတာလုပ်တာ အားလုံးသတိထားပါ”

မြို့တော်နတ်ဘုရား ပြန်ပြောသည်။ ထို့နောက် လက်တစ်ဘက်ဆန့်ထုတ်လိုက်သည်။ နတ်အလင်းတစ်ခု ထွက်ပေါ်လာသည်။ ထိုအလင်းက စစ်ပွဲနတ်မင်း၊ စာပေနတ်မင်း၊ ဘုံကျောင်းအရာရှိနတ်မင်းနှင့် အခြွေအရံနတ်မင်းအားလုံးကို ဘုံကျောင်းထဲ ဆွဲခေါ်သွားသည်။

ယုန်မင် မြို့တော်နတ်ဘုရား ခရမ်းအလင်းရောင်ကို နောက်ဆုံးတစ်ကြိမ်လှမ်းကြည့်သည်။ ထို့နောက် လှည့်ထွက်၍ ဘုံကျောင်းထဲပြန်ဝင်သွားသည်။ အပြင်လောကနှင့် မှော်စက်ဝန်းတစ်ခု ကာဆီးလိုက်သည်။

ထိုအချိန်တွင် နှင်းမြူဖုန်းလွှမ်းနေသည့် တောင်တန်းများပေါ်တွင် တုန်ခါမှုတစ်ခုဖြစ်လာသည်။ တော်ဝင်တောင်တန်းစိမ်းနှင့် တစ်သားတည်းဖြစ်၍ နှစ်ပေါင်းများစွာ ရစ်ခွေနေခဲ့သည့် တောင်တန်းနတ်ဘုရားမြွေနဂါး နိုးထလာသည်။

နှလုံးခုန်သံက စစ်ပွဲစည်သံပမာ ပဲ့တင်ထပ်နေသည်။ တောင်တန်းနှင့်မြစ်ပြင်များ တုန်ခါသွားသည်။ ပထမတစ်ကြိမ်နိုးထစဉ်ကနှင့်မတူ။ အန္တရာယ်အငွေ့အသက်ကို သူရသည်။ ဖြစ်လာနိုင်သည့်အခြေအနေကို ကာကွယ်ရန် သူအပြည့်အဝနိုးထဖို့လိုသည်။

တောင်တန်းအပြင်ဘက်မှ အပြောင်းအလဲကြောင့် ဝိညာဉ်သားရဲများ ဂဏာမငြိမ်ဖြစ်နေသည်။ မြွေစိမ်းတောင်မှ ဝိညာဉ်သားရဲအားလုံး နတ်ဘုရားတောင်တန်းဆီ အပြေးအလွှာခိုဝင်လာသည်။

ထိတ်လန့်ခြောက်ခြားနေသဖြင့် အမှီအခိုရှာကြခြင်းဖြစ်သည်။

“သခင်နတ်ဘုရား။ အပြင်မှာ ဘာတွေဖြစ်နေတာလဲ”

သားရဲဝိညာဉ်အဖွဲ့ကို ဦးဆောင်လာသည့် ဝံပုလွေဖြူဘုရင်က တိမ်ပျံစီး၍ရောက်လာပြီး တောင်တန်းစိမ်းထိပ်မှ လူရည်သန့်ကို မေးသည်။

All Chapters