ပဥ္စလက်ဝိညာဉ်များ
Vol. 6 Ch. 83
“အရမ်းမွှေးတာပဲ”
ဖုန်ချင်အန်းတစ်ကိုယ်လုံး ခြစ်ခြစ်တောက် ပူနေသည်။ လေထဲတွင် အပူလှိုင်းများပြည့်နေသည်။ နန်းကော၏ နူးညံ့သည့်နှာသီးဝများ တရှုံ့ရှုံ့တွန့်လိမ်နေသည်။ နှုတ်ခမ်းများလှုပ်လာသည်။ တံတွေးမျိုချနေသဖြင့် ငွေငန်းလည်တိုင်လည်း အလိုလိုလှုပ်ရှားနေသည်။
ဖုန်ချင်အန်းထံမှ ထွက်လာသည့် မွှေးရနံ့သည် အလွန်စွဲမက်ဖွယ်ကောင်းသည်။ ကိုက်ချင်စိတ်ကို မနည်းထိန်းထားရသည်။
ခန္ဓာကိုယ်ချင်း နီးကပ်သွားတိုင်း ထိုအတွေးမျိုး ပေါ်ပေါ်လာတတ်သည်။ သို့သော် ယခုတစ်ကြိမ်တွင် စိတ်ဆန္ဒက အရင်အကြိမ်များဖြင့် ပိုပြင်းသည်။
ဖုန်ချင်အန်း မျက်လုံးပိတ်နေသည်ကိုကြည့်၍ သူခဏစဉ်းစားချင့်ချိန်နေသည်။ ထို့နောက် ခေါင်းငုံ့၍ လည်တိုင်ကို တစ်ချက်ငုံ့နမ်းလိုက်သည်။ ထို့နောက် လျှာဖြင့်လျက်သည်။
သို့သော် သူချက်ချင်း မျက်မှောင်ကျုံ့သွားသည်။ သူအားမရ။ ဘေးဘီသို့ မလုံမလဲတစ်ချက် ဝေ့ကြည့်သည်။ ထို့နောက် ဆုံးဖြတ်ချက်ချလိုက်ပြီး ဖုန်ချင်အန်းနှုတ်ခမ်းကို နမ်းလိုက်သည်။
“အင်း...”
ဖုန်ချင်အန်းထံမှ ငြီးသံထွက်လာသည်။ နန်းကော တအံ့တဩ ခေါင်းမော့သည်။ သတိမေ့နေသည့် ဖုန်ချင်အန်းကို ငြိမ်၍စိုက်ကြည့်နေသည်။ ထို့နောက် တုံ့ဆိုင်းမနေတော့ဘဲ နောက်တစ်ကြိမ်ထပ်နမ်းသည်။
ဤတစ်ကြိမ်တွင် သူမလွှတ်တော့။ စိတ်ကျေနပ်သည့်အရိပ်များ သူ့မျက်နှာတွင် ပေါ်လာသည်။ တစ်ညလုံး ထိုအတိုင်းနေသည်။ မနက်လင်းကြက်တွန်သံ ပေါ်လာချိန်အထိပင် ဖြစ်သည်။
“ဟင်”
သူချက်ချင်း ခေါင်းမော့သည်။ ပြတင်းပေါက်မှ အပြင်ဘက်သို့ လှမ်းကြည့်သည်။ ခရမ်းအလင်းက ဖြာထွက်နေဆဲဖြစ်သည်။ သို့သော် အာရုဏ်ချိန်နီးလာသည့် အရှေ့အရပ်မှအလင်းရောင်ကို မဖုံးလွှမ်းနိုင်။
သူပြန်ချိန်တန်ပြီဖြစ်သည်။
သို့သော် ဖုန်ချင်အန်း အိပ်ပျော်နေဆဲဖြစ်၍ သူတုံ့ဆိုင်းဆိုင်းဖြစ်နေသည်။ ထိုစဉ် ဖုန်ချင်အန်းမျက်ခွံများ လှုပ်ရှားလာသည်။ သွေးစွမ်းအင်များ တဖြေးဖြေးလှုပ်ရှားလာသည်။ သူနိုးလာတော့မည့်ဟန်ရှိသည်။
“ဖုန်ချင်အန်း”
နန်းကောခေါ်သံကြောင့် ဖုန်ချင်အန်းမျက်လုံးများ ဖြေးညှင်းစွာပွင့်လာသည်။ နန်းကောမျက်နှာက သူ့မျက်လုံးထဲတွင် အရိပ်ထင်နေသည်။ အလင်းရောင်ပေါ်လာသည့် အပြင်ဘက်ကောင်းကင်ကို သူလှမ်းကြည့်သည်။
“အလင်းရောင်လာနေပြီပဲ”
“အဲ...အင်း”
“မင်းပြန်သင့်ပြီ”
“ကောင်းပြီလေ”
မခွဲခွာချင်ဟန်ဖြင့် ဖုန်ချင်အန်း၏ အရောင်စိုနေသည့်နှုတ်ခမ်းများကို သူနောက်ဆုံးတစ်ကြိမ်ကြည့်သည်။
သူ့အကြည့်က တစ်ခုခုမူမမှန်မှန်း ဖုန်ချင်အန်း ရိပ်မိသည်။ သူ့နှုတ်ခမ်းသူ လက်ဖြင့်အလိုလိုစမ်းမိသည်။
“ငါမနက်ဖြန်ညမှ နင့်ကိုလာတွေ့မယ်။ အုခသွားမှဖြစ်တော့မယ်”
ဖုန်ချင်အန်း အပြုအမူကိုကြည့်၍ နန်းကောချက်ချင်းထရပ်ပြီး အမြန်ထွက်ပြေးသွားသည်။ ရှီလီရွာကိုဖုန်းလွှမ်းနေသည့် ခရမ်းပြာအလင်းလည်း တဖြေးဖြေးပျောက်ကွယ်သွားသည်။
ထွက်သွားသည့် သူ့ပုံစံက အပြစ်လုပ်ထးသည့်လူတစ်ယောက် ထွက်ပြေးသွားပုံမျိုးဖြစ်သည်။ ဖုန်ချင်အန်း သူ့နှုတ်ခမ်းသူ ထပ်စမ်းကြည့်သည်။ နူးညံ့သည့်အမွှေးနံ့တစ်မျိုး ကျန်နေသည်။ သူ့နှုတ်ခမ်းလည်း နည်းနည်းဖူးရောင်၍ ခြောက်ကပ်နေသလို ခံစားမိသည်။
“ဒါက...”
သူ့နှာခေါင်းဖြင့် အသက်ရှူကြည့်သည်။ ထို့နောက် တစ်စုံတစ်ခုကို သဘောပေါက်သွားသည်။ အတွေးများစွာ ရှုပ်ယှက်ခတ်သွားသည်။ မယုံနိုင်အောင် ဖြစ်နေသည်။ ထိုမိန်းကလေးသည် အတောရဲတင်းလှသည်။
(မစ်ရှစ် ၃၊ ရွှမ်သားရဲဂိုဏ်းအဖြစ် တက်လှမ်းခြင်း)
(လိုအပ်ချက် - ဝိညာဉ်စာချုပ် လေးခုမှ ခြောက်ခုအထိ တည်တောက်ပါ။ ကွန်မန်ဒါအဆင့် စွမ်းရည် သို့မဟုတ် တိုက်ခိုက်စွမ်းအားရှိသည့် သားရဲဝိညာဉ်နှင့် စာချုပ်ချုပ်ဆိုပါ)
(ဆုလာဒ် - နတ်ဘုရားထိန်းချုပ်စွမ်းရည်)
မစ်ရှင်အသစ်ရောက်လာသည်။ နောက်တစ်ဆင့်မှာ ကွန်မန်ဒါအဆင့်သားရဲများနှင့် စာချုပ်ချုပ်ရမည့် ရွှမ်သားရဲဂိုဏ်းအဆင့်ဖြစ်ကြောင်း နားလည်လိုက်သည်။ ယခုလက်ရှိ ဝိညာဉ်စာချုပ်သုံးခုဖန်တီးပြီးနောက် လေးခုမြောက်ဝိညာဉ်စာချုပ်ကို ဖန်တီးရမည်။
သူမသေချာတော့မသိ။ အချိန်တိုအတွင်း ဖြစ်နိုင်သည့်အရာမဟုတ်။ သူစိတ်ပူနေသည်က တစ်ခြားကိစ္စတစ်ခုဖြစ်သည်။
“ဝိညာဉ်တစ်သောင်းခန္ဓာ၊ စစ်ဆေးမယ်”
(ဝိညာဉ်တစ်သောင်းခန္ဓာ)
(ပြောင်းလဲမှု - ၀.၀၀၁ရာနှုန်း)
(ခန္ဓာဗီဇ ၁ - မသေမျိုးဝိညာဉ်ရင်းမြစ်) (မပြည့်စုံ)
(ခန္ဓာဗီဇ ၂ - ယွမ်ဝိညာဉ်)
(ခန္ဓာဗီဇ ၃ - ခွန်(မြေ)ဝိညာဉ်)
“အဲလိုလား”
သူနားလည်သွားသည်။ ပြောင်းလဲနှုန်းက အလွန်နိမ့်နေသေးသော်လည်း အရင်ထက်စာလျှင် ဆယ်ဆမက တိုးတက်လာပြီဖြစ်သည်။
နန်းကောက သူ့ကိုထွေးပွေ့ထားချင်စိတ် ဖြစ်ပေါ်ခဲ့သဖြင့် အချိန်တိုအတွင်း ဆယ်ဆမက တိုးတက်လာခြင်းဖြစ်သည်။ ထိုသို့ဖြစ်သည်မှာလည်း မဆန်းလှ။
“တကယ်အဆင့်မြင့်တဲ့ခန္ဓာမျိုးပဲ”
နှုတ်မ်းများ ခြောက်သွေးနေသော်လည်း သူကျေနပ်မိသည်။
ဝိညာဉ်တစ်သောင်းခန္ဓာမရှိလျှင် နန်းကောလည်း သူနှင့် အလွယ်တကူစာချုပ်ချုပ်မည်မဟုတ်။ အင်အားများစွာ စိုက်ထုတ်ခဲ့ရမည်ဖြစ်သည်။
နန်းကောသည် သာမန်လေလွင့်ဝိညာဉ်မဟုတ်။ မွေးရာပါယင်ဝိညာဉ်ဖြစ်သည်။ ထူးခြားသည့်ဖြစ်တည်မှုဖြစ်သည်။ ဝတ်ထားသည့် ဝတ်ရုံကပင် သက်သေခံနေသည်။
ထိုဝိညာဉ်မျိုး တွေ့ခဲ့ရသည်ကပင် အခွင့်ထူးဖြစ်သည်။ ယခု သူ့လိုသာမန်ခန္ဓာပိုင်ရှင်နှင့် လိုလိုချင်ချင်စာချုပ်ချုပ်သည်။ အိပ်မက်ဟုပင် ထင်နေမိသည်။
ယခု နန်းကောနှင့် ဝိညာဉ်စာချုပ်အောင်မြင်ခဲ့ပြီဖြစ်၍ သူအတော်ကျေနပ်သည်။ နန်းကောထံမှ သူလိုချင်သည့်အရာရှိသည်။ နန်းကောလည်း သူ့အပေါ်မှီခိုအားထားရသည်။
အပြန်အလှန် အကျိုးရှိသည့် ဆက်ဆံရေးမျိုးဖြစ်သည်။ ထို့အပြင် ဝိညာဉ်စာချုပ်ကြောင့် အချင်းချင်း စိတ်ရင်းဖြင့် ဂရုစိုက်ပေးပြီး အနာဂတ်တွင် သေအတူရှင်မကွာ ဖြစ်လာနိုင်မည်။
ရေဆာသဖြင့် အခန်းထဲမှထွက်၍ ရေသောက်သည်။ ထို့နောက် အခန်းထဲပြန်ဝင်လာပြီး တစ်ညလုံးအသွင်ပြောင်းလဲမှုမှ ရတာသည့်အရာများကို သူတွေးဆနေသည်။
ဝိညာဉ်တစ်သောင်းခန္ဓာအကြောင်း သိပ်စူးစမ်းစရာမလို။ အကြမ်းဖျင်းနားလည်ပြီဖြစ်သည်။
ခွန်ဝိညာဉ်သည် ဝိညာဉ်တစ်သောင်းခန္ဓာ၏ ဗီဇစွမ်းရည်တစ်ခုဖြစ်လာသည်။ သို့သော် မည်သို့အသုံးပြုနိုင်မှန်း သူတွေးမရသေး။ မြေပေါ်သို့ရပ်နေစဉ်က ခံစားခဲ့ရသည့် အဆုံးစမဲ့စွမ်းအားဖြင့်ပင် သူကျေနပ်မိသည်။
သို့သော် ထိုအရာကို သူသဘောအကျဆုံးမဟုတ်။ နတ်ဘုရားပို့ဆောင်ခြင်းစွမ်းရည်ကို သဘောအကျဆံးဖြစ်သည်။ သားရဲသခင်အတွက် အခြေခံကျသည့် အမွေအနှစ်ဖြစ်သည်။
အရင်က သူသိပ်အထင်မကြီးခဲ့။ ကိုယ်တွေ့ကြုံရပြီးနောက်မှ သိမ်မွေ့နက်နဲမှုကို နားလည်လာသည်။
ယခု မြေသားရဲဂျင်နရယ်အဆင့်တွင် မည်သည့်လျှို့ဝှက်စွမ်းရည်များ ရနိုင်သေးသည်ကို သူသိချင်သည်။
ထိုသို့တွေးနေစဉ်မှာပင် စနစ်အသံက ပေါ်လာသည်။
(မြေသားရဲဂျင်နရယ် - မစ်ရှင်ခွဲ - အခြေခံများကိုကျွမ်းကျင်ခြင်း)
(လိုအပ်ချက် - နတ်ဘုရားပို့လွှတ်ခြင်းစွမ်းရည်ကို တစ်ကြိမ်အသုံးပြုပါ)
(ဆုလာဒ် - ဝိညာဉ်စားဝိညာဉ်သန့်စင်စွမ်းရည်)
တစ်ချက်ကြည့်ပြီးနောက် စိတ်ကိုတည်ငြိမ်အောင်ထိန်း၍ မှတ်ဉာဏ်ထဲမှ လျှို့ဝှက်ချက်များကို ဖတ်ကြည့်သည်။ သုံးစွဲပုံကိုနားလည်သွားပြီးနောက် သူ့မျက်လုံးတွင် အံ့ဩစိတ်လှုပ်ရှားသည့်အရိပ်များ ပေါ်လာသည်။
“အဲလိုလား၊ ကောင်းတာပေါ့။ တကယ်ကောင်းတဲ့စွမ်းရည်ပဲ”
ကုတင်ပေါ်မထရပ်၍ အခန်းထဲတွင် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေမိသည်။
နတ်ဘုရားပို့လွှတ်ခြင်းစွမ်းရည်သည် ဝိညာဉ်စာချုပ်နှင့် ဆက်စပ်နေဆဲဖြစ်သည်။ ထိုစွမ်းရည်ကို အောင်မြင်စွာ အသုံးချနိုင်ရန် သားရဲသခင်နှင့် သားရဲဝိညာဉ်တို့ အတူတကွလုပ်ဆောင်ရန်လိုအပ်သည်။ သို့သော် နတ်ဘုရားထိန်းချုပ်ခြင်းစွမ်းရည်နှင့် မတူပ။ ထိုစွမ်းရည်က အတွေးချင်းသာ ဆက်သွယ်နိုင်သည်။
အတိအကျဆိုရလျှင် နတ်ဘုရားပို့လွှတ်ခြင်းစွမ်းရည်သည် နတ်ဘုရားထိန်းချုပ်ခြင်းစွမ်းရည်၏ ထပ်တိုးစွမ်းရည်မျိုးဖြစ်သည်။
သားရဲသခင်သည် သူ့သားရဲနှင့် သိစိတ်အာရုံဖလှယ်နိုင်ရုံသာမက စွမ်းအင်နှင့် ရုပ်လက္ခဏာများလည်း မျှဝေသုံးစွဲနိုင်သည်။
တစ်နည်းအားဖြင့် တောင်နက်သည် ယခုအချိန်မှစ၍ သူ့ရုပ်ခန္ဓာအကျိုးကျေးဇူးကိုလည်း မျှဝေခံစားနိုင်တော့မည်ဖြစ်သည်။
အတော်ကောင်းမွန်သည်။ သို့သော် ထိုစွမ်းရည်က ထိုမျှမကသေး။ သားရဲသခင် လိုအပ်လျှင် သားရဲ၏ တိုက်ခိုက်စွမ်းအားကိုပင် ဆွဲယူသုံးစွဲနိုင်သည်။
သို့သော် ထိုသို့လုပ်နိုင်ရန် သားရဲက အဆင်ပြေပြေပူးပေါင်းပါဝင်ရန် လိုအပ်သည်။ ဆွဲယူနိုင်သည့် စွမ်းအားပမာဏသည် သာရဲ၏မျှဝေလိုသည့် စိတ်အားထက်သန်မှုအပေါ် မူတည်သည်။
သို့သော် ထိုမျှရှိလျှင် လုံလောက်ပါသည်။