← Chapters

အထင်မသေးရ

Vol. 6 Ch. 84

အထင်မသေးရ

Vol. 6 Ch. 84

“တောင်နက်”

သားရဲနှင့် အပြည့်အဝပူးပေါင်းဆောင်ရွက်ရန်လိုသည့် လျှို့ဝှက်စွမ်းရည်ဖြစ်၍ တောင်နက်ကို သူချက်ချင်းစဉ်းစားမိသည်။ နန်းကောသည် ယခုမှ ဝိညာဉ်စာချုပ်ချုပ်ပြီးစဖြစ်၍ အဆင်မပြေနိုင်သေး။

“နတ်ဘုရားပိုလွှတ်ခြင်းစွမ်းရည်”

အတွေးကိုစုစည်းဖြင့် တောင်နက်အာရုံသို့ ဝင်လိုက်သသည်။ တောင်နက် စိတ်ဓာတ်ကျနေဟန်ရှိသည်။ နေထွက်ချိန်ကို မျက်နှာမူနေသည့် တောင်ကြားထဲတွင် ပျင်းရိပျင်းရော် လဲလျောင်းနေသည်။

“ဟိုဝံပုလွေဖြူကို မင်းသွားမရှာတော့ဘူးလား”

ဖုန်ချင်အန်း နည်းနည်းအံ့အားသင့်သွားသည်။ တောင်နက်သည် ထိုဝံပလွေမလေးကို အတော်စွဲလန်းနေသည်။ နေ့စဉ်လိုလို ထိုဝံပုလွေဖြူ လစွမ်းအင်များစုပ်ယူကျင့်ကြံသည့်နေရာသို့ သွားကြည့်လိုသူဖြစ်သည်။

မနေ့ညက ထိုဝံပုလွေဖြူကို သွားရှာရန် အသေးစိတ်ညွှန်ကြားချက်ပေးခဲ့သည်။ တောင်နက် ကျေနပ်သင့်သည်။

“အူးးး”

တောင်နက် မကျေမချမ်းဖြစ်နေဟန်ဖြင့် တစ်ချက်ဟိန်းလိုက်သည်။ မနေ့ညက ကြုံရသည့်အဖြစ်များကို ပြန်ပြောပြသည်။

“တောင်တန်းနတ်ဘုရားက မင်းကိုစကားပြောဖို့ ခေါ်သွားတယ်ပေါ့။ ဟိုဝတ်ရုံကြောင့်လား”

ဖုန်ချင်အန်း အတော်အံ့အားသင့်သွားသည်။ နန်းကော၏သရုပ်မှန်ကို သူလျှော့တွက်မိခဲ့သည်။ ခံ့ညားသည့် ဝတ်ရုံနက်သည် သာမန်ဝိညာဉ်ရတနာအကာအကွယ်မျိုး မဟုတ်။

“အူးးးး”

တောင်နက် တစ်ချက်ညည်းသည်။ တောင်တန်းနတ်ဘုရား စစ်ဆေးမေးမြန်းခဲ့သည်ကို သူအရေးမစိုက်ပါ။ နတ်ဘုရားက သူ့ကိုဘာမှလည်းမလုပ်ခဲ့။ မေးခွန်းနည်းနည်းမေးရုံသာဖြစ်သည်။ သူတိကျသည့်အဖြေမျိုးမပေးခဲ့သော်လည်း နတ်ဘုရားက ပြဿနာမရှာခဲ့။

သူယခု ဝမ်းနည်းနေသည်မှာ ဝံပုလွေဖြူသခင်က သူ့ကို မနှစ်မြို့သောကြောင့်ဖြစ်သည်။ အဆင့်မြင့်ဝံပုလွေဖြူသခင်က သူ့သမီးနားသို့ တောင်နက်ချဉ်းကပ်နေသည်ကို အလိုမကျ။ တောင်တန်းနတ်ဘုရားဆီမှပြန်ခါနီးတွင် သူ့သမီးနှင့် ဝေးဝေးနေရန် ခပ်တင်းတင်းသတိပေးခဲ့သည်။

ထို့ကြောင့်ယခု သူစိတ်ဓာတ်ကျနေသည်။ ကြံရာမရ ဖြစ်နေသည်။

“အဲဒီ့ကိစ္စလား”

ဖုန်ချင်အန်း အံ့အားသင့်သွားသည်။ ယောက်ျားတို့မာန ခဝါချရသည်မှာ စိတ်ပျက်စရာကောင်းမှန်း သူသိသည်။

“သူကမကပ်နဲ့လို့ ပြောရုံနဲ့ မင်းက ရှောင်နေတာလား။ မင်းဘဝ မင်းကံကြမ္မာအတွက် မင်းဘာသာပဲ ဆုံးဖြတ်ရမှာလေ။ ဒီကိစ္စနဲ့ပတ်သက်ရင် ငါတစ်ခါမှ ဝင်မစွက်ခဲ့ဖူးဘူး။ အမြဲတမ်း အားပေးခဲ့တာပါ။ မင်းကိုယ်တိုင် ဝီရိယထားပြီး ဇွဲရှိမှဖြစ်မှာပေါ့”

“အူးးး”

တောင်နက် ခေါင်းထောင်လာသည်။ ဖုန်ချင်အန်းထံ ဘာဆက်လုပ်ရမည်ကို အကြံတောင်းနေဟန်ရှိသည်။ ဝံပုလွေဖြူသခင်က တားမြစ်ထားသည်။ သူလည်း ဆန့်ကျင်နိုင်သည့် အစွမ်းအစမရှိ။ အဆင့်မြင့်နတ်ဆိုးမျိုးနှင့် သူ့လိုသာမန်နတ်ဆိုးဝံပုလွေကြား ကွာဟချက်က ကြီးမားသည်။

“ဒါကြောင့် မင်းကိုငါ ဇွဲကောင်းကောင်းနဲ့ ကျင့်ကြံဖို့ ပြောခဲ့တာပေါ့။ မင်းသာ သူနဲ့စွမ်းရည်တူအဆင့်မျိုးရှိရင် သူ့စကားတွေကို မင်းအရေးစိုက်စရာ မလိုတော့ဘူးလေ။ သူ့ရှေ့မှာတင် ဝံပုလွေမလေးကို မင်းပိုးပန်းရင်တောင် သူဘာတတ်နိုင်မှာလဲ။ မင်းသာစွမ်းအားမြင့်လာပြီး သူ့ကိုအနိုင်ယူနိုင်ရင် သူ့သမီးကို မင်းပိုးပန်းတာ သူထိုင်ကြည့်နေရမှာပါ။ အဲဒါက အခုလိုအရှုံးသမားပုံစံနဲ့ မှိုင်နေရတာထက် ပိုမကောင်းဘူးလား”

ဖုန်ချင်အန်း စိတ်ပျက်မိသည်။ တောင်တန်းနတ်ဆိုးက သူ့ခွေးကို ပြစ်တင်ဝေဖန်သည်။ ထိုသို့ ဆက်ဖြစ်နေ၍မရ။ သူတိုက်တွန်းအားပေးရမည်။

“ငါပြောမယ်၊ မင်းစွမ်းရည်က ဝံပုလွေဖြူသခင်ထက်သာပါတယ်. မင်းဝီရိယစိုက်ပြင်း ကျင့်ကြံမယ်ဆိုရင် တစ်နေ့နေ့မှာ သူ့ထက်ပိုပြီးသန်မာလာမှာပါ။ မှတ်ထားပါတောင်နက်။ မြစ်ရေဟာ အရှေ့အရပ်ကို သုံးနှစ်စီးဆင်းပြီးရင် အနောက်အရပ်ကို သုံးနှစ်စီးဆင်းတယ်။ ဘယ်သူ့ကိုမှ အထင်သေးလို့မရပါဘူး”

“အူး...”

တောင်နက် ချက်ချင်းစိတ်အားတက်ကြွလာသည်။ သူ့စွမ်းရည်က ဝံပုလွေဖြူသခင်ထက်သာသည်ဟု သိလိုက်ရသောကြောင့်လည်းဖြစ်သည်။

ဖုန်ချင်အန်းစကားကို သူလုံးဝသံသယမဝင်ဖူး။ ထိုစကားက သူ့နားထဲတွင် ပဲ့တင်ထပ်နေသည်။ အမှန်ဟု လုံးဝယုံကြည်သည်။ တကယ်လည်း အမှန်ဖြစ်သည်။

“သေချာလေ့ကျင့်ပါ။ နောက်သုံးနှစ်အတွင်း အဲဒီဝံပုလွေအဘိုးကြီးရှေ့မှာ ဝံပုလွေဖြူလေးကို မင်းလက်ထပ်နိုင်ပါလိမ့်မယ်”

ဖုန်ချင်အန်း အားပေးသည်။ တောင်နက်သည် ထိုသို့ဖြစ်လာနိုင်သည့်အလားအလာရှိသည်။ သူ့အကူအညီလည်း ရှိသည်။ သိပ်မကြာမီအချိန်အတွင်း အလင်းရလာမည်မှာသေချာသည်။

“အူး...”

တောင်တန်းများပေါ် မြင့်တက်လာသည့် နေမင်းကို မျက်နှာမူ၍ တောင်နက်အော်ဟစ်လိုက်သည်။ တောင်ကြားဝံပုလွေများကလည်း ထိုနည်းအတိုင်း တုံ့ပြန်ကြသည်။

“ဒါနဲ့ ငါပြောဖို့မေ့သွားတယ်။ ဝံပုလွေမလေးနဲ့ မင်းဆက်သွယ်ပြီးပြီလား။ သူ့သဘောထားက ဘယ်လိုလဲ”

တောင်နက်က အလားအလာကောင်းကြောင်း ပြောသည်။ ဝံပုလွေမသည့် သူ့ထက်အဆင့်မြင့်သော်လည်း သူ့ကိုဆန့်ကျင်သည့်အရိပ်လက္ခဏာမရှိ။

“ဒါဆိုရင် ကောင်းတာပေါ့”

ဖုန်ချင်အန်း ကျေနပ်စွာခေါင်းငြိမ့်လိုက်သည်။ တင်းကြပ်သည့်ဝံပုလွေဖခင်နှင့် အရေးမစိုက်သသူ့သမီးသည် သဟဇာတဖြစ်ဟန်မရှိ။ တောင်နက်ကို အတင်းနှိပ်ကွက်၍ သူ့သမီးကို ထိန်းချုပ်နေခြင်းသာဖြစ်မည်။

နတ်ဆိုးများကြားတွင် စံနှုန်းကျင့်ဝတ်ဟူ၍ မရှိ။ အားကြီးသူသာ ဘုရင်ဖြစ်သည်။ မိတ်ရှာခွင့်အားလုံးကို ပိုင်ဆိုင်သည်။

သို့သော် ယခုကြုံနေရသည်က သူ့ခွေးဖြစ်သည်။ နည်းနည်းအသိအမြင်ကျယ်စေချင်သည်။ ငယ်ရွယ်သူချင်း သဘောမျှနေပါလျှက် သက်ကြီးပိုင်းများက ဝင်စွက်လာလျှင် ကြမ်းတမ်းသည့်အချစ်ခရီးလမ်းကို ခေါင်းမာမာဖြင့် လျှောက်လှမ်းရမည်။

“ဂါး”

တောင်နက် အော်ဟစ်ကြွေးကြောလိုက်သည်။ စိတ်ဓာတ်ခွန်အားများ ချက်ချင်းနိုးကြွလာသည်။ ထို့နောက် နေစွမ်းအင်သန္ဓေကိုစုပ်ယူ၍ ကျင့်ကြံမှုစတော့မည်ဟု ဖုန်ချင်အန်းကို ပြောသည်။

“စိတ်မ‌လောပါနဲ့။ ကျင့်ကြံတယ်ဆိုတာ အလျင်စလိုလုပ်လို့မရဘူး။ ငါနဲ့အတူ ပူးတွဲလေ့ကျင့်ပါ။ မင်းအတွက် အများကြီးအကျိုးထူးပါလိမ့်မယ်”

ဖုန်ချင်အန်း အမြန်တားလိုက်ရသည်။ တောင်နက်အတွက် အကြောင်းပြချက်ရှာရင်း နတ်ဘုရားပို့ဆောင်ခြင်းစွမ်းရည်ကို စမ်းသပ်ရန်ကြံသည်။

“အူး...”

တောင်နက်မငြင်းပါ။ အပြည့်အဝပူးပေါင်းဆောင်ရွက်ရန်ပြင်သည်။

သို့သော် ယခုတစ်ကြိမ် နတ်ဘုရားပို့လွှတ်ခြင်းစွမ်းရည်သည် အာရုံဆက်သွယ်ရသည့် ပုံမှန်စွမ်းရည်ထက် ပိုခက်ခဲသည်။ လေးငါးကြိမ်ခန့်ကြိုးစားသော်လည်း မအောင်မြင်သေး။

ခန္ဓာဗီဇစွမ်းရည်များကို ‌တောင်နက်ကိုယ်ထဲသို့ လွှဲပြောင်းပေးချင်သည်။ (ခွန်)မြေနတ်ဘုရားစွမ်းရည်က အဆင်မပြေလျှင်ပင် ယွမ်ဝိညာဉ်စွမ်းရည်က တောင်နက်ကျင့်ကြံမှုနှုန်းကို များစွာတိုးတက်စေလိမ့်မည်။ နေလသန္ဓေစွမ်းအင်များကို ပို၍ကောင်းအောင် သန့်စင်နိုင်သည်။

မအောင်မြင်လေ သူစိတ်ပိုတည်ငြိမ်လေဖြစ်သည်။ ‌နောက်ဆုံးတွင် အချီးအနီးကြိုးစားမှုများကို ရပ်တန့်၍ တောင်နက်ကို သူ့ဘာသာ ကျင့်ကြံခိုင်းလိုက်သည်။ သူကိုယ်တိုင်က ကုတင်ပေါ်တင်ပျဉ်ခွေထိုင်၍ နတ်ဘုရားပို့လွှတ်ခြင်းစွမ်းရည်ကို သေချာလေ့လာသည်။

ငါးကြိမ်ခန့် သေချာလေ့လာပြီးချိန်တွင် ယုံကြည်မှုနည်းနည်းရှိလာသည်။ တောင်နက်အာရုံနှင့် ပြန်ချိတ်ဆက်သည်။ သူ့ခန္ဓာဗီဇအားလုံးကို လွှဲပြောင်းရန် မကြိုးစားတော့။ သူနှင့်ရင်းနှီးသည့် ယွမ်ဝိညာဉ်ဗီဇကိုသာ လွှဲပြောင်းရန်ကြိုးစားသည်။ ဤတစ်ကြိမ်လွှဲပြောင်းမှုက ထူးခြားလာသည်။ ဝိညာဉ်စာချုပ်မှတစ်ဆင့် မိုးမြေဝိညာဉ်ချီများနှင့် သဟဇာတဖြစ်သည့် ယွမ်ဝိညာဉ်ဗီဇကို သူလွှဲပြောင်းပေးသည်။

စွမ်းအင်သန့်စင်နေသည့်တောင်နက် တစ်စုံတစ်ခုကို အာရုံခံစားမိဟန်ဖြင့် တုံ့ခနဲရပ်သွားသည်။ ထို့နောက် ဖုန်ချင်အန်း လမ်းညွှန်မှုဖြင့် မြင့်တက်လာသည့်နေလုံးမှ သန္ဓေစွမ်းအင်များကို စတင်ရှူရှိုက်၍ ပြန်လေ့ကျင့်သည်။

အရင်ကလေ့ကျင့်မှုများနှင့် ကွဲပြားသွားသည်။ မီးနီရောင်စွမ်းအင်များ လေထဲတွင်စုဝေးလာသည်။ တောင်နက်၏ ပါးစပ်နှင့်နှာခေါင်းများထဲသို့ တဖြေးဖြေးဝင်ရောက်လာသည်။

ထိုခဏမှာပင် တောင်နက် ချက်ချင်းလေ့ကျင့်မှုရပ်၍ အသက်ကိုပင်ပန်းကြီးစွာရှူနေရသည်။ ပုံမှန်ထက် ဆယ်ဆမကများပြားသည့် နေစွမ်းအင်ကို သန့်စင်လိုက်ရသောကြောင့်ဖြစ်သည်။ မြင့်တက်လာသည့်ပမာဏနှင့် သူအသားမကျသေးခြင်းဖြစ်သည်။

“ငါတို့လုပ်နိုင်ပြီ”

တောင်နက် နည်းနည်းမောပန်းနေသော်လည်း သူနှင့်ဖုန်ချင်အန်းတို့နှစ်ယောက်လုံး အတော်ပျော်ရွှင်နေသည်။

All Chapters