ကျင့်ကြံမှုတွင် ယောက်ျားမိန်းမမရှိ
Vol. 6 Ch. 85
“နေသန္ဓေက ပြင်းထန်လွန်းတယ်။ ဆောင်းရာသီမှာတောင် တစ်ခါတည်း သန့်စင်ဖို့ မလွယ်ဘူး။ ဒီနေ့ည လရောင်ပေါ်လာတဲ့အထိစောင့်ပါ။ မင်းအကျိုးထူးပါလိမ့်မယ်”
ဖုန်ချင်အန်း ညွှန်ကြားလိုက်သည်။
နတ်ဆိုးများအကြောင်း သူနားလည်လာပြီဖြစ်သည်။ သာမန်နတ်ဆိုးများသည် တောရိုင်းကောင်များထက် နည်းနည်းပိုထူးခြားသည်။ များစွာကွဲပြားခြင်းတော့မရှိ။
နတ်ဆိုးများသည် ရာစုနှစ်တစ်ခုကျော် ရှင်သန်ခဲ့ကြသည်ဖြစ်၍ အခြေခံစွမ်းအားတစ်ချို့ ရှိသည်။ အချိန်ဖြတ်ကျော်လာသည်နှင့် ကြယ်လသန္ဓေစွမ်းအင်များကို စုပ်ယူနိုင်လာသ်ည။
တောင်နက်သည် ယခု ထိုအဆင့်ဖြစ်သည်။ သို့သော် သူ့သွေးဆက်က ပိုထူးခြားသည်။ ဆောင်းရာသီတွင် နေသန္ဓေစွမ်းအင်ကို စုပ်ယူနိုင်သည်။ သို့သော် ပမာဏများများ တစ်ခါတည်းစုပ်ယူနိုင်စွမ်းမရှိသေး။
နေစွမ်းအင်နှင့်စာလျှင် လစွမ်းအင်က ပိုနူးညံ့သည်။ ပမာဏများစွာ စုပ်ယူသန့်စင်နိုင်သည်။
“ကောင်းပြီ။ အခု မင်းအားနေတာဆိုတော့ ငါနဲ့အတူ လေ့ကျင့်ကြည့်ရအောင်”
တောင်နက် နားမလည်။ မနက်ပိုင်းက ဖုန်ချင်အန်း လျှို့ဝှက်ကျင့်စဉ်ကို တစ်ကြိမ်စမ်းသပ်ခဲ့သည်။ သို့သော် ထိုကိစ္စက ပြီးမသွားသေ။
“တောင်နက်၊ ငါအခု မင်းကိုယ်ထဲက နတ်ဆိုးစွမ်းအားကို လွှဲပြောင်းယူနိုင်ပြီ။ မခုခံနဲ့။ အတတ်နိုင်ဆုံး ငါနဲ့အတူပူးပေါင်းပါ”
ဖုန်ချင်အန်း အကြံပေးသည်။
တောင်နက်စွမ်းအားကို သူရလာလျှင် မည်သို့ဖြစ်လာမည် မပြောတတ်။ သို့သော် သူ့မှတ်ဉာဏ်အရ မြေသားရဲဂျင်နရယ်တိုင်းသည် သားရဲစွမ်းအားကို ရယူနိုင်သည့် နတ်ဘုရားပို့လွှတ်ခြင်းစွမ်းရည်ကို ပိုင်ဆိုင်သည်။ သားရဲများပေါ်မူတည်၍ အသုံးချနိုင်သည့်အတိုင်းအတာနှင့် စွမ်းရည်သာ ကွဲပြားသည်။
“အူ...”
တောင်နက် ချက်ချင်းခေါင်းထောင်လာသည်။ စိတ်ဝင်စားသွားဟန်ရှိသည်။ သူ့သခင်နှင့် ပူးပေါင်းဆောင်ရွက်ရန် ကတိပေးသည်။ တစ်ဘက်တွင်လည်း သူ့နတ်ဆိုးစွမ်းအားကို သူ့သခင် မည်သို့ထိန်းချုပ်မည်ကို သိလိုသည်။
ဖုန်ချင်အန်းလည်း နည်းနည်းစိုးရိမ်နေသည်။ တောင်နက်၏စွမ်းအားကို သုံးနိုင်မည်ဟု တစ်ခါမှမတွေးခဲ့ဖူးပေ။
တောင်နက်၏စွမ်းအားများ သူ့ကိုယ်ထဲတွင်လာလျှင် ထူးခြားသည့်အပြောင်းအလဲကြံရမည်လား မပြောတတ်။ လူတစ်ပိုင်းနတ်ဆိုးတစ်ပိုင်းဖြစ်လာနိုင်သည်။
သူမသိ။ ကိုယ်တိုင်စူးစမ်းစစ်ဆေးကြည့်ဖို့သာ ရှိသည်။ စိတ်လျှော့လိုက်ဖို့ တစ်ခါမှမတွေးဖူး။
“နတ်ဆိုးစွမ်းအား”
သူအလေးအနက်စဉ်းစားသည်။ နတ်ဘုရားပို့လွှတ်ခြင်းစွမ်းရည်ကို အကြိမ်ကြိမ်လေ့လာသုံးသပ်သည်။ နတ်ဆိုးစွမ်းအားကို လိုချင်လျှင် ထိုစွမ်းအားအကြောင်း နားလည်ဖို့လိုသည်။ နားမလည်လျှင် ထိန်းချုပ်နိုင်မည်မဟုတ်။
“နတ်ဘုရားပို့လွှတ်ခြင်းစွမ်းရည်”
အတော်ကြာမေ့ထားခဲ့ပြီးမှ သူအထင်မကြီးခဲ့သည့် ထိုလျှို့ဝှက်နည်းလမ်းကို သူပြန်တွေ့ကြုံရသည်။
သားရဲသခင်များ သာရဲနှင့်ချိတ်ဆက်သည့် နည်းလမ်းဖြစ်သည်။ တိုက်ပွဲတွင် အဝေးမှလှမ်းထိန်းချုပ်နိုင်သည်။ သားရဲများ၏စွမ်းအားကိုလည်း အပြည့်အဝနားလည်နိုင်သည်။
“အဲလိုလား”
သေချာလေ့လာပြီးနောက် အလျင်စလိုမလုပ်သေး။ တောင်နက်၏နတ်ဆိုးစွမ်းအားကို အနည်းဆုံးသုံးရက်ခန့်လေ့လာရန် ဆုံးဖြတ်သည်။ နားလည်ပြီးမှ စမ်းကြည့်ရမည်။
သူအိပ်ယာထသည်။ အတန်းသွားသည်။
အတန်းထဲမှာပင် ဆရာကျန်းပို့ချချက်များကို နားထောင်ရင်း သူ့စွမ်းအားအများစုကို တောင်နက်အပေါ် အာရုံစိုက်ထားသည်။
တောင်နက်မှလွဲလျှင် တစ်ခြားအရာများကို သူအရေးမစိုက်။ တောင်နက်၏ခန္ဓာကိုယ်တွင်း လှုပ်ရှားမှုများကို အာရုံစိုက်သည်။ ပြေးသည့်အချိန်၊ အမဲလိုက်သည့်အချိန်၊ စားသည့်အချိန် နတ်ဆိုးစွမ်းအင်အပြောင်းအလဲများ လည်ပတ်နည်းများကို အာရုံစိုက်သည်။
တောင်နက်အတွက် ထိုအလုပ်များက ပုံမှန်သဘာဝဖြစ်သည်။ သို့သော် ဖုန်ချင်အန်းအတွက် အစိမ်းသက်သက်ဖြစ်နေသည်။
လောကအသစ်အတွက် တံခါးအသစ်ဖွင့်ရသလိုရှိသည်။ စိတ်ဝင်တစားကြည့်၍ အသစ်အဆန်းအားလုံးကို လေ့လာသည်။
လှုပ်ရှားပုံများ နတ်ဆိုးစွမ်းအင်အပြောင်းအလဲများကို တဖြေးဖြေးသူသဘောပေါက်နားလည်လာသည်။
သို့သော် မလုံလောက်သေး။ တောင်နက်ကို သရဲဝံပုလွေသွေးဆက်မှရသည့် အသက်ရှူကျင့်စဉ်များအကြောင်း မေးသည်။ နတ်ဆိုးစွမ်းအင် အသေးစိတ်ထိန်းချုပ်ပုံ ပြောင်းလဲပုံများကို မေးသည်။
အချိန်သုံးရက် ချက်ချင်းကုန်သွားသည်။ ညတိုင်း မြေအောက်အက်ကြောင်းပွင့်၍ နန်းကောရောက်လာသည်။ သူ့အခန်းထဲတွင် အနှောက်အယှက်ပေးသည်။
သို့သော် သူလေ့လာမှုမပျက်။ နန်းကောက သူ့ခန္ဓာကိုယ်ကိုသာ မက်မောနေခြင်းဖြစ်သည်။ သူ့စိတ်ကို နန်းကောထံမှ ခွာထားနိုင်လျှင် လေ့လာမှုကို အာရုံစိုက်နိုင်သည်။
စိတ်အားတက်ကြွ၍ စွဲမက်ဖွယ်ကောင်းသည့် နန်းကောနှင့်စာလျှင် တောင်နက်၏ နတ်ဆိုးစွမ်းအားကို သူပိုစိတ်ဝင်စားသည်။ နတ်ဆိုးစွမ်းအားကိုထိန်းချုပ်ကြည့်ချင်သည်။
နတ်ဆိုးစွမ်းအား လွှဲပြောင်းယူလိုက်လျှင် သူ့ပုံပန်းသွင်ပြင်သာမက အတွင်းအပြင်အရည်အသွေးအားလုံး အကြီးအကျယ်ပြောင်းလဲသွားမည်ကို သူသေချာသိသည်။
အစားကြီးသည့် ဆယ်ကျော်သက်တစ်ယောက်အဖြစ်သာ ဆက်ရှိမည်မဟုတ်တော့။ တောင်တန်းပေါ်တက်လျှင်ပင် ကျားလိုဝံပုလွေလို ကြောက်စရာသားရဲများက သူ့စွမ်းအင်ရောင်ကို ထိတ်လန့်ကြပေလိမ့်မည်။
ငါးရက်နေ့မြောက် ညာဉ့်သန်းခေါင်းအချိန်တွင် ကုတင်ပေါ် သူထိုင်နေသည်။ တောင်နက်၏နတ်ဆိုးစွမ်းအင်မှ အပြောင်းအလဲအားလုံးကို သူကျွမ်းကျင်ပြီဟု ခံစားရသည်။ ခံစားနေရုံဖြင့် မပြီး။ လက်တွေ့ စစ်ဆေးကြည့်ရမည်။
ထို့ကြောင့် သူ့ရင်ခွင်ထဲ ခိုနေသည့် ကောင်မလေးကိုငုံ့ကြည့်လိုက်သည်။ ငြင်သာစွာတွန်းဖယ်၍ ပုခုံးတစ်ချက်လှုပ်သည်။ နားမလည်ဟန်ဖြစ်နေသည့် နန်းကောကိုကြည့်၍ ရှင်းပြသည်။
“လျှို့ဝှက်နည်းလမ်းတစ်ခု ငါစစ်ဆေးကြည့်ချင်တယ်။ ငါ့ခန္ဓာကိုယ် နည်းနည်းပြောင်းလဲသွားနိုင်တယ်”
“ဘာနည်းလမ်းလဲ”
နန်းကော စိတ်ဝင်စားဟန်ဖြင့် မေးသည်။
“မင်းမြင်ရမှာပါ”
နန်းကောကို တွန်းဖယ်၍ သူထရပ်သည်။ တောင်နက်ကို အသင့်ပြင်ရန် လှမ်းပြောသည်။ နတ်ဘုရားပို့လွှတ်ခြင်းစွမ်းရည်ကို အသက်သွင်းလိုက်သည်။ ဝိညာဉ်စာချုပ်မှတစ်ဆင့် သရဲဝံပုလွေနတ်ဆိုးစွမ်းအင်တစ်ချို့ စီးဝင်လာသည်။
“မလုံလောက်သေးဘူး”
နတ်ဆိုးစွမ်းအင်နှင့် ခန္ဓာကိုယ်တုံ့ပြန်မှုကို ခံစားမိသည်။ သို့သော် စွမ်းအင်က နည်းလွန်းသဖြင့် သိသာသည့် ခန္ဓာကိုယ်အပြောင်းအလဲ ဖြစ်မလာသေး။
လက်ရှိဝိညာဉ်စွမ်းအင်ဖြင့် နတ်ဆိုးစွမ်းအင်ကို ထိန်းချုပ်နိုင်မည်ဟု သူယူဆသည်။ စွမ်းအင်လွှဲပြောင်းမှု မြှင့်တင်လိုက်သည်။ တောင်နက်က အပြည့်အဝပူးပေါင်း၍ စွမ်းအင်လွှဲပေးသည်။
သူ့ကိုယ်ထဲမှ နတ်ဆိုးစွမ်းအင်များ မြင့်တက်လာသည်။ တောင်နက်၏စွမ်းအင်ရောင်မျိုး ပေါ်လာသည်။
နန်းကောက ထိုမြင်ကွင်းကို တအံ့တဩ ကြည့်နေသည်။ နတ်ဆိုးစွမ်းအင်ကြောင့် ဆယ်ကျော်သက်အရွယ်ကောင်လေး၏အရပ်က ချက်ချင်းရှည်ထွက်လာသောကြောင့်ဖြစ်သည်။