ကြက်ဖလျှို့ဝှက်ချက်
Vol. 6 Ch. 86
နန်းကောအမူအရာအပြောင်းအလဲကို သူအရေးမစိုက်နိုင်သေး။ သူ့ခန္ဓာကိုယ်ထဲသို့ နတ်ဆိုးစွမ်းအင်များ စီးဝင်၍ ပြင်းထန်သည့်အပြောင်းအလဲ ကြုံနေသည်။
ခန္ဓာကိုယ် ရှည်ထွက်လာသည်။ ထွားကြိုင်းလာသည်။ နန်းကောကို ငုံ့ကြည့်ရသည့် အနေအထားဖြစ်လာသည်။ တိုနံ့နံ့ဆံပင်လည်း ချက်ချင်းရှည်လာသည်
ဆယ်ကျော်သက်ပုံစံမှ ထွားကြိုင်းသည့် လူငယ်တစ်ယောက်အသွင် ဖြစ်လာသည်။ မျက်လုံးများ အပြာရောင်တောက်နေသည်။ ဆံပင်နက်များ ခါးအထိဝဲကျနေသည်။
ခပ်ပွပွရှိခဲ့သည့် အဝတ်အစားလည်း တင်းကြပ်လာသည်။ အရည်အသွေးကောင်းသည့် ဝတ်စုံသာမဟုတ်လျှင် ပေါက်ထွက်သွားနိုင်သည်။
"အသွင်ပြောင်းစွမ်းအားပဲ"
သူ့ဝိညာဉ်စွမ်းအင် ထိန်းချုပ်မှုအောက်တွင် ယဉ်ပါးနေသည့် နတ်ဆိုးစွမ်းအင်ကို ခံစားမိသည်။ ရိုင်းစိုင်းကြမ်းတမ်းသည့် နတ်ဆိုးသဘာဝကို ခံစားနေရသည်။
ကျယ်ပြန့်သည့် လက်ဖဝါးနှင့် ရှည်လျားသန်မာသည့် လက်ချောင်းများကို သူကြည့်နေသည်။ ချွန်ထက်ပြောင်လက်နေသည့် လက်သည်းများက ထူးခြားလှသည်။
သရဲဝံပုလွေနတ်ဆိုးချီသာမက နတ်ဆိုးသွေးဆက်ကိုပါ ရလာသည်။ သားရဲသခင်၏လျှို့ဝှက်စွမ်းရည်သည် သူထင်ထားသည်ထက် ပိုအံ့သြစရာကောင်းသည်။
စွမ်းအင် ထိန်းညှိပြီးနောက် အံ့အားသင့်နေသည့် နန်းကောကို မော့ကြည့်သည်။ အနံ့ခံကြည့်သည်။ အခန်းထဲမှ အရာအားလုံး၏အနံ့ကို သူခွဲခြားနိုင်သည်။
သရဲဝံပုလွေ၏ အနံ့ခံအာရုံက သူထင်ထားသည်ထက် ပိုထက်မြက်သည်။
မထင်မရှားဟု ယူဆရသည့်အနံ့က ယခု ထင်ရှားနေသည်။ အရင်က သတိမထားမိလောက်သည့် အနံ့အသက်များကိုပါ အာရုံခံနိုင်သည်။
နန်းကောတွင် လတ်ဆတ်မွှေးကြိုင်သည့် အနံ့မျိုးရှိသည်။ ရှူရှိုက်ရကောင်းသည်။ စွဲမက်စရာကောင်းသည်။
ဤအခန်းထဲတွင် မရှိသည့် အနံ့တစ်မျိုးကိုလည်း သူရနေသည်။
ကြက်ဖအနံ့။
အရင်ကတွေးခဲ့သည့် သူ့သံသယ အဖြေပေါ်လာသည်။
သူ့အကူအညီမပါဘဲ ဤကြက်ဖ၏စွမ်းရည်သည် သိသိသာသာ တိုးလာသည်။
ယခု အဖြေကရှင်းနေသည်။ ကြက်ဖသည် သူမရှိသည့်အချိန်တွင် အခန်းထဲခိုးဝင်၍ သူနှင့်ပတ်သက်သည့် တစ်ခုခုကို ရယူခဲ့ခြင်းဖြစ်မည်။ အဓိကရင်းမြစ်က သူသာဖြစ်သည်
"ဒီကောင့်ကို လက်ပူးလက်ကြပ်မိပြီပဲ"
သူပြုံးလိုက်သည်။ ဤကြက်ကို သူသိပ်စိတ်မပူပါ။
ထူးခြားသည်မှန်သော်လည်း နေ့စဉ် သူအရေးစိုက်ရမည့်ကိစ္စများစွာ ရှိနေသည်။ ယခု သူဘာမှမလုပ်ရပဲ အလိုလိုအဖြေသိရသည်။
"ဖုန်ချင်အန်း၊ ဘာလို့နင့်ဆီက တောင်နက်အနံ့မျိုး ရနေတာလဲ။ ပြီးတော့ နတ်ဆိုးစွမ်းအင်တောင် ရှိနေတယ်။
ဖုန်ချင်အန်း၏ အတွင်းအပြင် အပြောင်းအလဲက အံ့ဩစရာကောင်းလွန်းနေသဖြင့် နန်းကော မေးလိုက်သည်။
ထိုအဖြစ်မျိုး မမြင်မကြားဖူး။ နတ်ဆိုးတစ်ပိုင်းဖြစ်တည်မှုများရှိသည်ကို သူသိသည်။ လူသားနှင့်နတ်ဆိုးချီ ရောယှက်နေခြင်းဖြစ်သည်။ လူသားများလည်း အကြောင်းတစ်ချို့ကြောင့် နတ်ဆိုးလမ်းစဉ်လိုက်ကြသူများရှိသည်။
ဖုန်ချင်အန်းက ထိုအဖြစ်မျိုးမဟုတ်။ ဖုန်ချင်အန်းသည် သန့်စင်သည့်လူသွေးပိုင်ရှင်ဖြစ်သည်။ နတ်ဆိုးသွေးမရှိ။ နတ်ဆိုးကျင့်စဉ်ကျင့်သည်ကိုလည်း မမြင်ဖူး။
နတ်ဆိုးစွမ်းအင်များ ရုတ်တရက် ရလာခြင်းဖြစ်သည်။ သို့သော် ထိုစွမ်းအင် ဘယ်ကလာမှန်းတော့ သူသိသည်။
"ငါမင်းကိုပြောဖူးတဲ့ လျှို့ဝှက်နည်းလမ်းဆိုတာပါ"
"ဒါလည်း ဝိညာဉ်စာချုပ်နဲ့ လုပ်ရတာမျိုးလား"
နန်းကော ဆက်စပ်တွေးကြည့်သည်။
"ဟုတ်တယ်၊ တောင်နက်နဲ့ပူးပေါင်းလုပ်ဆောင်မှ ဒီစွမ်းအားမျိုးရနိုင်တာ"
"ဒါဆို ငါ့စွမ်းအင်ကိုရော လွှဲယူလို့ရလား"
သူ့ပါးနှစ်ဘက် ပန်းကလေးများကဲ့သို့ နီရဲနေသည်။ အပြစ်ကင်းသည့် ချစ်ခြင်းမေတ္တာဖြစ်သည်။
"မင်းဆန္ဒရှိဖို့ ပူးပေါင်းဆောင်ရွက်ဖို့ လိုမှာပေါ့။ မင်းဆန္ဒမပါရင် ငါဘာမှသိပ်လုပ်နိုင်မယ်မထင်ဘူး"
အမှန်တော့ သားရဲသခင်နှင့် သားရဲ၏စွမ်းအား ကွာဟချက်သိပ်မကြီးလျှင် သားရဲက ကူညီပေးနိုင်သည်။
ကွာဟချက်ကြီးမား၍ သားရဲသခင်က စွမ်းအားသာလွန်နေလျှင် သားရဲဆန္ဒကို အရေးမစိုက်ဘဲ အတင်းလွှဲပြောင်းယူနိုင်သည်။ သို့သော် ထိုမျှကွာဟနေလျှင်လည်း ထုတ်သုံးနိုင်သည့်စွမ်းအားသည် အညံ့စားသာဖြစ်မည်။
"င့ါကိုအစကတည်းက ဘာလို့မပြောတာလဲ။ ငါလည်းနင်နဲ့ ပူးပေါင်းပေးမှာပေါ့"
နန်းကော မကျေမနပ်ပြောသည်။
ငါက တောင်နက်နဲ့အတူနေလာတာ တစ်နှစ်နီးပါးရှိပြီ။ သူက ငါ့ဘေးမှာကြီးလာတာ။ သူ့အကြောင်း ငါပိုနားလည်တယ်။ မင်းနဲ့ငါကျတော့ သိကြတာသိပ်မကြာသေးဘူး။ စွမ်းအင်ငှားသုံးမယ်ဆိုရင် အဲဒီ့စွမ်းအင်နဲ့ ရင်းနှီးထားဖို့လိုတယ်။ မင်းစွမ်းအင်ကို ငါတစ်ခါမှ မလေ့လာဖူးသေးဘူး"
ဖုန်ချင်အန်း စိတ်ရှည်လက်ရှည် ရှင်းပြသည်။
"ငါ့စွမ်းအားကိုလည်း လေ့လာလို့ရပါတယ်။ ငါနင့်ကိုမတားပါဘူး"
"အချိန်တန်ရင် ဖြစ်လာမှာပါ"
ဖုန်ချင်အန်း အတတ်နိုင်ဆုံး ဖျောင်းဖြသည်။
"ဟွန်း"
နန်းကော နှုတ်ခမ်းစူသည်။ တောင်နက်နှင့်ဖုန်ချင်အန်း ပူးပေါင်းခြင်းသည် မှန်ကန်သည့်ရွေးချယ်မှုဟု သူယူဆသည်။ သို့သော် သူအလိုမကျ။ ဖုန်ချင်အန်းသည် သူနှင့်လည်း စွမ်းအားမျှဝေနိုင်အောင် အချိန်ပေးသင့်သည်။ ယခု သူတို့နှစ်ယောက် အတော်ရင်းနှီးနေပြီးဖြစ်သည်။
"ဒီလျှို့ဝှက်နည်းကို ငါလည်းအခုမှ ပထမဆုံးအကြိမ် စမ်းကြည့်တာပါ။ ဘယ်လောက်အဆင်ပြေမလဲဆိုတာ မသိသေးဘူး။ ဒီတော့ လူသူကင်းဝေးတဲ့ ဆိတ်ငြိမ်တဲ့နေရာတစ်ခုရှာပြီး ဒီနည်းလမ်းနဲ့ ရင်းနှီးအောင်ကြိုးစားချင်တယ်။
"ဘယ်နေရာမှာ စမ်းသပ်ချင်လဲ"
နန်းကော ခေါင်းမော့၍ မေးသည်။
"တောင်တန်းပေါ်မှာပေါ့"
ဖုန်ချင်အန်း ချက်ချင်းဖြေလိုက်သည်။
သူယူထားသည့် တောင်နက်စွမ်းအားသည် ခြံဝင်းထဲတွင် စမ်းသပ်၍ အဆင်မပြေနိုင်။ စွမ်းအင်ထုတ်လိုက်သည်နှင့် တစ်အိမ်လုံး ပြိုကျပျက်စီးသွားနိုင်သည်။
"တောင်ပေါ်မှာလား။ နင့်မှာ တောင်နက်ရဲ့စွမ်းအားရထားတယ်ဆိုရင် မြေအောက်ဘုံမှာလည်း စမ်းကြည့်သင့်တာပေါ့။ ငါနဲ့အတူ လိုက်ခဲ့လေ။ ဟိုမှာဘာမှ မရှိဘူး။ တစ်ခုခုပျက်စီးမှာကို စိုးရိမ်စရာမလိုဘဲ စိတ်လွတ်ကိုယ်လွတ် စမ်းသပ်နိုင်တာပေါ့"
နန်းကော ဖုန်ချင်အန်းကို ဖိတ်ခေါ်သည်။ သရဲဝံပုလွေစွမ်းအားသည် အတွင်းရောအပြင်ပါ အပြောင်းအလဲကြီးမားသည်။ ခဏတွေးနေပြီးနောက် ဖုန်ချင်အန်း ခေါင်းငြိမ့်လိုက်သည်။
တောင်တန်းနတ်ဘုရားက သူ့အပေါ်ကောင်းကောင်းဆက်ဆံခဲ့သည်။ မြေအောက်ဘုံ သရဲနယ်မြေတွင် စမ်းသပ်ခြင်းသာ အကောင်းဆုံးဖြစ်ပေလိမ့်မည်။