သရဲဝံပုလွေဂျင်နရယ်
Vol. 6 Ch. 87
"ငါ့ကို သယ်သွားပေး"
ဖုန်ချင်အန်း ကုတင်ပေါ်မှဆင်းသည်နှင့် နန်းကောက သူ့ကျောပေါ်တက်သည်။ လက်နှစ်ဘက်ကို လည်ပင်းတွင် သိုင်းဖက်သည်။ သူ့စကားသံက ကြည်လင်ချိုသာသည်။ ဝင်သက်ထွက်သက်က သစ်ခွနံ့သင်းနေသည်။
ဖုန်ချင်အန်းနှင့် ရင်းနှီးရသည့်အခွင့်အရေးကို သူလက်လွတ်မခံနိုင်ပေ။ အသွင်အပြင်နှင့် စွမ်းအင်ရောင်ပြောင်းသွားသော်လည်း သူ့အတွက်အဆွဲဆောင်နိုင်ဆုံးဖြစ်သည့် ဗီဇတစ်ခုက မပြောင်းမလဲရှိနေဆဲဖြစ်သည်။
"ကောင်းပြီလေ"
ဖုန်ချင်အန်း ဆိုးနွဲ့နေသည့် ယင်ဝိညာဉ်၏စကားကို မငြင်းတော့။ ခြေနှစ်ဘက်ကို အသာမ,၍ ကျောကုန်းပေါ်တင်လိုက်သည်။
မည်သို့ပင်ဆိုစေ တောင်နက်၏နတ်ဆိုးစွမ်းအင်အပြင် နန်းကော၏စွမ်းအားကိုလည်း သူတိုးမြှင့်ပေးနိုင်သည်။ သို့သော် နန်းကော၏ ပူးပေါင်းမှုလိုအပ်သည်။ စွမ်းရည်အလားလအလာက ပြောစရာမလို။
သူဖိနပ်စီးရန် အလိုလိုပြင်မိသည်။ ထို့နောက်မှ ကြီးမားလာသည့်သူ့ခြေထောက်နှင့် သင့်တော်မည့် ဖိနပ်မရှိမှန်း သတိပြုမိသည်။
သူဂရုမစိုက်တော့။ ခြေဗလာလည်း အဆင်ပြေပါသည်။
"ဂျွတ်"
ခြေတစ်လှမ်းလှမ်းလိုက်ချိန်တွင် အက်ကွဲသံတစ်ခု ပေါ်လာသည်။ ခြေထောက်ကိုပြန်မ,လိုက်သည်။ အခန်းကြမ်းပြင်ပေါ်ခင်းထားသည့် အစိမ်းရောင်အုတ်ပြားပေါ်တွင် သူ့ခြေရာထင်ကျန်ခဲ့သည်။
"ဟီးဟီး"
သူ့အဖြစ်ကိုကြည့်၍ နန်းကော ရယ်သည်။
"တောင်နက်"
တောင်နက်ကို သူလှမ်းခေါ်သည်။ ကိုယ်ထဲမှ နတ်ဆိုးချီကို ပြန်ပေးရန်ပြင်သည်။ နတ်ဆိုးစွမ်းအင်ကို ထိန်းချုပ်နိုင်သော်လည်း ခန္ဓာကိုယ်စွမ်းအားကို ထိန်းချုပ်အသုံးမပြုနိုင်သေး။ သူ့အခန်းမှ အိမ်တံခါးအထိ ခြေရာများထင်ကျန်မည်ကို သူစိုးရိမ်သည်။
"အဲလောက်ဒုက္ခခံစရာမလိုပါဘူး"
နန်းကောက ရယ်ချင်စိတ်ကိုထိန်း၍ အမြန်တားသည်။ ထို့နောက် ခြေထောက်အောက်မှ ပိုလျှံကျနေသည့် ဝတ်ရုံဖြင့် လေထဲတွင် နွယ်ပင်လမ်းကြောင်း ခင်းပေးလိုက်သည်။ ထူထဲကျယ်ပြန့်သည့် အပြာရောင်သစ်ရွက်များ ဆန့်ထွက်သွားသည်။
"သွားစို့ ဖုန်ချင်အန်း။ အခု နင့်အိမ်ထဲမှာ ခြေရာမထင်တော့ပါဘူး"
ဖုန်ချင်အန်း သူ့ကိုလှည့်ကြည့်သည်။ နွယ်ပင်လမ်းပေါ်တွင် ဂရုတစိုက် ခြေနင်းလိုက်သည်။ ခြေဖဝါးမှ နူးညံ့သည့် အထိအတွေ့ကို သူရလာသည်။
ရှည်လျားသည့် နွယ်ပင်လမ်းကြောင်းအတိုင်း စိတ်ချလက်ချ နင်းလျှောက်သွားသည်။
လေးငါးလှမ်း လျှောက်ပြီးနောက် ပြတင်းပေါက်မှ ခြံထဲသို့ရောက်လာသည်။ ထို့နောက် ခြံပြင်သို့ရောက်လာချိန်တွင် ဖြေးဖြေးစပြေးသည်။ ထို့နောက် အရှိန်ကုန်တင်၍ ပြေးသည်။
သူ့ပြေးနှုန်းပြောင်းလဲသော်လည်း နွယ်ပင်များက အဆက်မပြတ်ဆန့်ထွက်၍ လမ်းကြောင်းခင်းပေးသည်။ ပို၍မြန်ဆန်လာသည်။
မကြာမီ မြေအောက်ဘုံအက်ကြောင်းသို့ ရောက်လာသည်။ လမ်းကြောင်းကို သူ့မျက်လုံးဖြင့် ပထမဆုံးမြင်ဖူးခြင်းဖြစ်သည်။
အက်ကြောင်းဝင်ပေါက်သို့ ရောက်လာချိန်တွင် သူခြေလှမ်းရပ်လိုက်သည်။ တောင်တန်းများဆီ ငြိမ်သက်စွာ ကြည့်နေသည်။
"တောင်နက်ကို စောင့်နေတာလား"
နန်းကော သူ့အတွေးကို ရိပ်မိသည်။
"ဟုတ်တယ်။ ငါ့ကိုယ်ထဲက နတ်ဆိုးစွမ်းအင်က သူ့ဟာပဲလေ။ တောင်နက်နဲ့ခွဲနေရင် ဒီစွမ်းအား ပျောက်သွားနိုင်တယ်"
သူ့သုံးသပ်ချက်က ကျိုးကြောင်းဆီလျော်သည်။ နန်းကော ခေါင်းငြိမ့်သည်။ ဖုန်ချင်အန်း ထိုသို့လုပ်ဖူးသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။
သိပ်မကြာမီ ဝံပုလွေအော်သံတစ်ခု တောအုပ်ထဲတွင် ပဲ့တင်ထပ်သွားသည်။ ညအမှောင်နှင့် ခွဲမရသည့် သဏ္ဌာန်တစ်ခု တောင်တန်းများဆီမှ ထွက်လာသည်။ နတ်ဆိုးလေပြင်းများ ဝန်းရံနေသည်။ တောင်နက်ပင် ဖြစ်သည်။
"တောင်နက်"
ဖုန်ချင်အန်း စိတ်အားတက်ကြွနေသည်။ သို့သော် တစ်လမ်းလုံးပြေးလာခဲ့ရသည့်တောင်နက်က သူ့ကျောပေါ်မှနန်းကောကိုကြည့်၍ မှင်သက်မိနေသည်။
ဖုန်ချင်အန်းအပြောင်းအလဲနှင့် သူ့ကိုယ်ပိုင်စွမ်းအင်ရောင်ကိုကြည့်၍လည်း အံ့အားသင့်မိသည်။ ရက်အနည်းငယ်အတွင်း သူ့သခင်နှင့်အတော်ရင်းနှီးသွားသည့် မိန်းကလေးကြောင့်လည်း အံ့ဩမိသည်။
သူ့စိတ်ခံစားချက်များ ရှုပ်ထွေးနေသည်။ ဖုန်ချင်အန်းပင် ခွဲခြားနားမလည်တော့။
"မင်းဘာတွေ ငေးနေတာလဲ တောင်နက်။ ငါနဲ့အတူ မြေအောက်ဘုံကို လိုက်ခဲ့"
စိတ်များရှုပ်ထွေးနေသော်လည်း တောင်နက် အမိန့်နာခံ၍ သူ့နောက်မှ လိုက်လာသည်။
သေးငယ်သည့် အက်ကြောင်းက အားလှိုင်းတစ်ခုကြောင့် ကျယ်ပြန့်စွာပွင့်လာသည်။ ဖုန်ချင်အန်းနှင့်တောင်နက် အံ့အားသင့်သွားသည်။ သုံးယောက်စာ ဝင်နိုင်လောက်အောင် ကျယ်သည်။
ဖုန်ချင်အန်း နှုတ်ခမ်းကို လျှာဖြင့်တစ်ချက်သပ်လိုက်သည်။ ဘာမှမပြော။ ပျော်ရွှင်နေသည့် နန်းကောကိုသယ်၍ အက်ကြောင်းထဲသို့ဝင်သည်။ တောင်နက်လည်း ကပ်လိုက်လာသည်။
မြေအောက်ဘုံသို့ ရောက်ပြီးနောက် လမ်းခင်းပေးထားသည့်နွယ်ပင်များ အပြာရောင်ရေစက်များအဖြစ် ချက်ချင်းပြောင်း၍ ပျောက်ကွယ်သွားသည်။ အက်ကြောင်းလည်း ဖြေးညှင်းစွာ ပြန်ပိတ်သွားသည်။
အက်ကြောင်းအပြင်ဘက် မလှမ်းမကမ်းတွင် မြေဝါရောင်အလင်းတစ်ခု မြေကြီးထဲသို့ တိတ်ဆိတ်စွာ ဝင်ရောက်ပျောက်ကွယ်သွားသည်။ သက်ပြင်းချသံသဲ့သဲ့သာ ကျန်ရစ်ခဲ့သည်။
ခြောက်ကပ်တိတ်ဆိတ်၍ အပျက်အစီးများပြည့်နေသည့် ကန္တာရကို ဖုန်ချင်အန်း ကြည့်လိုက်သည်။ မှိန်ပြပြကောင်းကင်သို့ သူမော့ကြည့်သည်။ ယင်လေပြင်းများကို သူကြုံရသည်။
သူနည်းနည်း စိတ်မသက်မသာခံစားရသည်။ သို့သော် ခန္ဓာကိုယ်ထဲမှ နတ်ဆိုးစွမ်းအင်များ ထိုးထွက်လာပြီး သူ့ကိုကာကွယ်ပေးထားသည်။ ယင်လေပြင်း၏ အေးစိမ့်မှုကို သူမခံစားရတော့။
"ဒါက မြေအောက်ဘုံလား။ ခြောက်ကပ်နေတာပဲ"
သူသက်ပြင်းချလိုက်သည်။ သို့သော် ယခုသူမြင်နေရသည်မှာ မြေအောက်ဘုံ၏ သဘာဝနယ်မြေမဟုတ်မှန်းလည်း သူသိသည်။
ကောင်းကင်နှင့်မြေပြင်တွင် လေလွင့်ဝိညာဉ်များမရှိ။ မြင်နေရသည့်ပတ်ဝန်းကျင်က ဆိုးဝါးသည်။ ပထမတစ်ကြိမ်ရောက်ခဲ့စဉ်က သူမြင်ခဲ့သည့်တောအုပ်သည် နန်းကော၏ဝတ်ရုံဖြင့် ဖန်တီးထားခြင်းဖြစ်လိမ့်မည်။
"စိတ်ပျက်သွားပြီလား"
"မပျက်ပါဘူး။ လောလောဆယ် ငါ့အတွက် အသင့်တော်ဆုံးနေရာပဲ"
ဖုန်ချင်အန်း ပြန်ဖြေသည်။ ဝိညာဉ်သရဲများပင်မရှိသည့် ကန္တာရဖြစ်သည်။ ထိခိုက်ပျက်စီးမည်ကို မစိုးရိမ်ရဘဲ နတ်ဆိုးစွမ်းအင်ကို လွတ်လပ်စွာ အသုံးချနိုင်သည်။
နန်းကောကို အောက်သို့ချရန်ပြင်သည်။ နန်းကောက ကျေနပ်ပုံမပေါ်။ သို့သော် ကျောပေါ်မှ ဆင်းသွားသည်။
"ငါ့ရဲ့လက်ရှိစွမ်းအားက ဘယ်လိုလဲ"
သူခေါင်းငုံ့၍ လက်မအရွယ်ကျောက်တုံးတစ်ခုကို ကောက်ယူလိုက်သည်။ ထို့နောက် လက်ချောင်းများဖြင့် ကြိတ်ချေလိုက်သည်။ အမှုန့်ဖြစ်၍ အောက်သို့လျှောကျသွားသည်။
"ဝိုး၊ အတော်အံ့ဩစရာကောင်းတာပဲ"
ကျောက်သားမှုန့်များက လေနှင့်အတူ လွင့်ပါသွားသည်။ နတ်ဆိုးချီစွမ်းအင်ကို သူအမျိုးမျိုးစမ်းသပ်သည်။ ကျယ်ပြန့်သည့်မြေပြင်ပေါ်တွင် သူပြေးသည်။ လက်သည်းများဖြင့် မြေပြင်ကို ထိုးစိုက်သည်။ မာကျောသည့်ကျောက်သားများထဲသို့ ထိုးခွဲသည်။ အားအနည်းငယ်စိုက်၍ ဆွဲမလိုက်ရုံဖြင့် ကျောက်သားများကွဲကြေသွားသည်။
လက်ဗလာဖြင့် ကျောက်သားကို ချေမွနိုင်သည်။
နတ်ဆိုးသားရဲ၏ စွမ်းအားအစစ်ကို သူခံစားရသည်။ သာမန်သေမျိုးတစ်ယောက် လိုချင်တပ်မက်သည့် စွမ်းအားဖြစ်သည်။ ယခု သူသည် သံချပ်ကာဝတ်ထားသည့် စစ်သည်တော်တစ်ယောက်ကိုပင် လက်ဗလာဖြင့် ခေါင်းဖြတ်နိုင်ပြီဖြစ်သည်။