လန့်ဖြတ်သွားသည့် ကလေးများ
Vol. 6 Ch. 89
"အာနွီ"
"ဗျာ"
ဝက်သားနှပ်ကို မြိန်ရေယှက်ရေစားနေသည့် ဖုန်ချင်အန်း ခေါင်းထောင်၍ကြည့်သည်။ ယင်ရှီ တုံ့ဆိုင်းဆိုင်းဖြစ်နေသည်။
"ဘာလဲ အမေ"
"နင်"
ယင်ရှီ ဝေခွဲမရဟန်ဖြင့် သူ့သားကိုကြည့်နေသည်။
"ငါပြောလိုက်မယ်"
စားပွဲတွင် စားသောက်နေသည့် ဖုန်ရှို့လင်က စိတ်မရှည်တော့ဟန်ဖြင့် ဝင်ပြောသည်။ ရိုးရိုးအေးအေးနေတတ်သည့် သူ့ပုံစံသည် ပြီးခဲ့သည့်နှစ်အတွင်း အတော်ပြောင်းလဲသွားသည်။ အဖိုးတန်ပိုးချည်အဝတ်များကို ဝတ်ချင်လာသည်။
"နှစ်ကုန်ပိုင်းရောက်တော့မယ်။ မင်းအမေနဲ့ငါ လုပ်စရာအလုပ်တွေ အများကြီးရှိတယ်။ ညဘက်တွေ အိမ်ပြန်မလာနိုင်လောက်ဘူး။ အိမ်မှာ တစ်ယောက်တည်းနေရတာကြောက်ရင် မင်းအဘိုးအိမ်ကို သွားနေလိုက်ပါ"
ဖုန်ရှို့လင် တန်းပြောချလိုက်သည်။ သူ့စကားကြားပြီးနောက် ဖုန်ချင်အန်း မရယ်မိအောင် ထိန်းထားရသည်။ ကောင်တီမြို့တွင် သူ့မိဘများ၏ စီးပွားရေးလုပ်ငန်းများစွာရှိကြောင်း သူသိသည်။ နှစ်သစ်ကူးတော့မည်ဖြစ်၍ အလုပ်ကိုဖိလုပ်လိုဟန်ရှိသည်။
"မလိုပါဘူး။ အဘိုးအိမ် ဘာလို့သွားရမှာလဲ။ ကိုယ့်အိမ်ကိုယ်နေရတာ ပိုလွတ်လပ်တယ်။ လုပ်စရာရှိတာ သွားလုပ်ကြပါ။ ကျွန်တော့်အတွက် စိတ်မပူပါနဲ့"
သူ့လေသံက အလိုက်သိလိမ္မာသည့် သားတစ်ယောက်လိုဖြစ်နေသည်။ ညတိုင်းအပြင်ထွက်ရသ်ောလည်း အိမ်တွင်တစ်ယောက်တည်းနေရသည်က ပိုလွတ်လပ်သည်။ အနှောက်အယှက်ကင်းကင်းဖြင့် လုပ်ချင်ရာလုပ်နိုင်သည်။
"နင်အိမ်မှာတစ်ယောက်တည်းနေရင် ငါစိတ်မချဘူး"
ယင်ရှီ စိုးရိမ်သည်။ သူ့ကလေးများသည် သိတတ်လိမ္မာသော်လည်း အရွယ်မရောက်သေး။
"ကျွန်တော်တစ်ယောက်တည်းလို့ ဘယ်သူပြောလဲ။ တောင်နက်လည်း အဖေါ်ရှိတာပဲ"
ဖုန်ချင်အန်း ပေါ့ပေါ့ပါးပါးပြန်ဖြေသည်။ သူ့နတ်ဆိုးစွမ်းအင်ကို ထုတ်မသုံးလျှင်ပင် ရွာထဲတွင် သူ့ကြောက်ရမည့်လူ ရှိမည်မထင်။
"မင်းမွေးထားတဲ့ တောင်နက်ကိုပြောတာလား"
ဖုန်ရှို့လင်ကမေးသည်။ ထိုခွေး အိမ်မှပျောက်သွားသည်မှာ နည်းနည်းကြာပြီဖြစ်သည်။ လွန်ခဲ့သည့်ရက်ပိုင်းက ထွားကျိုင်းသန်မာသည့် ခွေးနက်တစ်ကောင်ကို ဖုန်ချင်အန်းက အိမ်သို့ခေါ်လာပြီး ထိုခွေးသည် တောင်နက်ဖြစ်ကြောင်းပြောသည်။ သို့သော် အမွှေးအရောင်က ပို၍နက်မှောင်နေသည်။
"တစ်ခြားခွေးရှိသေးလို့လား"
ဖုန်ချင်အန်း တံခါးဝဆီ လှည့်ကြည့်၍ အော်လိုက်သည်။
"တောင်နက်"
အနက်ရောင်သဏ္ဌာန်တစ်ခု လေအလျင်လို ချက်ချင်းပေါ်လာသည်။ ဖုန်ချင်အန်းရှေ့တွင် ဆောင့်ကြောင့်ထိုင်၍ အမြီးနံ့ပြနေသည်။
"ဘာလို့ထိုင်နေတာလဲ၊ ထစမ်း"
တောင်နက် ချက်ချင်းထရပ်သည်။
"ပြန်ထိုင်"
တောင်နက် အမိန့်နာခံသည်။
"လက်ဆွဲနှုတ်ဆက်မယ်"
ဖုန်ချင်အန်း လက်တစ်ဘက်ဆန့်ထုတ်သည်။ တောင်နက်က လက်ကိုဆန့်ထုတ်၍ သူ့လက်ပေါ်တင်သည်။
"ဝပ်နေ"
"ပါးစပ်ဟ"
"ဦးညွှတ်"
အမိန့်မျိုးစုံပေးပြီးနောက် သူရပ်လိုက်သည်။ တောင်နက်က လူတစ်ယောက်လို ဦးညွှတ်အရိုအသေပေးနေသည်။ ဖုန်ရှို့လင်နှင့်ယင်ရှီတို့ ပါးစပ်အဟောင်းသားဖြစ်နေသည်။
"တစ်ခြားခွေးတွေ ဒီလိုလုပ်တတ်လို့လား"
ဖုန်ချင်အန်း မေးလိုက်သည်။
"ဒါက..."
လင်မယားနှစ်ယောက် ပါးစပ်အဟောင်းသားဖြစ်နေသည်။ တောင်နက်သည် ရွာထဲမှခွေးများထက် အသိဉာဏ်ပိုမြင့်မားနေသည်ကို မြင်ရသည်။
"အပြင်ကိုထွက်သွားပြီးပြန်လာတော့ သူ့ပုံစံက အများကြီးပြောင်းသွားတာပဲ"
ယင်ရှီ သူ့ဘာသာရေရွတ်နေသည်။သို့သ်ော တစ်ခြားဘာမှထပ်မပြော။ တောင်နက်သည် အတော်အမိန့်နာခံတတ်သည်။ ထိုအဖြစ်မျိုး ရှားလှသည်။ ထိုခွေးသည် အရင်ကတောင်နက်မဟုတ်လျှင်လည်း ကိစ္စမရှိတော့။
"မိန်းကလေးတစ်ယောက်ဟာ ဆယ့်ရှစ်နှစ်အရွယ်ရောက်ရင် အများကြီးပြောင်းလဲသွားတယ်လို့ ပြောကြတယ်။ လူတွေဟာ အရွယ်ရောက်လာရင် ပြောင်းလဲကြတာပဲ။ ခွေတွေက လူတွေထက် ကြီးထွားမှုမြန်တယ်။ တောင်နက်ထွက်သွားတုန်းက သေးသေးလေးပဲ။ အခုဆို လပေါင်းမနည်းတော့ဘူးလေ။ အမွှေးတွေ အနက်ရောင်ပြောင်းသွားတာ မဆန်းပါဘူး။ အမိန့်လည်း နာခံတာပဲ။ အိမ်စောင့်ဖေါ််လည်းရတယ်။ သူရှိနေရင် အားနွီလည်း အဖေါ်ရတာပေါ့။
ဖုန်ရှို့လင်က အကျိုးအကြောင်း ဆက်စပ်၍ ပြောသည်။ အမွှေးအရောင်ပြောင်းသွားသည်မှလွဲ၍ အရင်ကမွေးထားသည့် တောင်နက်ဟုသာ သူခံစားရသည်။ ထိုကိစ္စကို အဆန်းတကြယ်လုပ်နေစရာမလို။
"စားဖို့သောက်ဖို့ကိစ္စကို ဘယ်လိုလုပ်မလဲ"
"မင်းဘာတွေ စိုးရိမ်နေတာလဲ။ ခြံထဲမှာ ကြက်တွေဘဲတွေ အဆင့်သင့်ရှိတယ်မဟုတ်လား။ ဗိုက်ဆာရင် သူ့ဘာသာ သတ်စားလိမ့်မပေါ့"
ဖုန်ရှို့လင် အရေးမစိုက်။ အစက သူလည်း စိတ်ပူခဲ့သည်။ သို့သော်ယခု သူအသားကျလာသည်။ အချီးအနှီးဖြစ်သည်မဟုတ်။ သတ်သမျှကြက်ဘဲအားလုံး ဗိုက်ထဲရောက်မည်သာဖြစ်သည်။
သို့တိုင်အောင် ညစာစားပြီးနောက် ယင်ရှီက ဖုန်ချင်အန်းကို ဘေးသို့ဆွဲခေါ်၍ တတွတ်တွတ်မှာကြားနေသေးသည်။ ပြောပြီးသည့်တိုင် မကျေနပ်နိုင်သေးဘဲ တောင်နက်ကို ဆွဲခေါ်၍ ဖုန်ချင်အန်းကိုကာကွယ်စောင့်ရှောက်ရန် ပြောနေသည်။
ဖုန်ချင်အန်း တောင်နက်ကို ကရုဏာသက်စွာ ကြည့်မိသည်။ တောင်နက်ပုံစံက လုံးဝအံ့အားသင့်နေပုံမျိုးဖြစ်သည်။ ထို့နောက် အလစ်ချောင်း၍ ထွက်ပြေးသွားသည်။ မပြေးဘဲ မနေနိုင်တော့။
နောက်တစ်နေ့မနက် လင်မယားနှစ်ယောက် ထွက်သွားပြီးနောက် ကောင်းကင်မှ နှင်းမှုန်များကျလာသည်။ တစ်လောကလုံး ငြိမ်းချမ်းသည့် နှင်းမြူများဖုံးနေသည်။ ဖုန်ချင်အန်း အပေါ်ပိုင်းဗလာ ခြေဗလာဖြင့် နှင်းများထူထဲစွာကျနေသည့် ခြံဝန်းထဲသို့ လျှောက်သွားသည်။
အပူအအေးကို သူခံနိုင်ရည်ရှိနေပြီဖြစ်သည်။ အဝတ်အစားနှင့်ဖိနပ်ဆိုသည်မှာ သူ့အတွက် အဓိပ္ပါယ်မရှိလှ၊ လက်ရှိအခြေအနေအရ သာမန်အဝတ်အစားများ အလွယ်တကူ ပေါက်ကွဲစုတ်ပြတ်သွားနိုင်သည်။ သူ့အင်အားကို ခံနိုင်မည်မဟုတ်။
"အောက်အစ်အီးအောက်"
နှင်းများကျနေသည့် ကြက်ခြံထဲတွင် ကြက်ဖကြီးက အူကြောင်ကြောင်ပုံစံဖြင့် လျှောက်သွားနေသည်။ သူဟန်လုပ်နေပုံက သိသာလွန်းသည်။ ဖုန်ချင်အန်း ရိပ်မိသည်။
ခြေတစ်လှမ်းတိုးလိုက်သည်။ ချက်ချင်း ပေသုံးဆယ်အကွာသို့ ရောက်သွားသည်။ ကြက်ဖကြီးကို ချက်ချင်းဖမ်းချုပ်လိုက်သည်။ ကြက်ဖကြီး ထိတ်လန့်သါားပြီး တောင်ပံတဖျတ်ဖျတ်ခတ်နေသည်။
"အကဲဖြတ်မယ်"
(မျိုးစိတ် - ဘရိုကိတ်ကြက်)
(ဗီဇ - အိမ်မွေးကြက်)
(စွမ်းရည် - ဝိညာဉ်နိုးထခြင်း၊ ထိပ်တန်းအဆင့်)
(တိုက်ခိုက်စွမ်းအား - မရှိ)
ဖုန်ချင်အန်းဂရုစိုက်မှုမပါဘဲ ဤကြက်ဖ စွမ်းရည်တိုးလာပြန်သည်။ သို့သော် အကြောင်းအရင်းကို သူသိခဲ့ပြီးဖြစ်သည်။
"ငါ့ဆံပင်တွေ အရသာအတော်ကောင်းရဲ့လား"
ဖုန်ချင်အန်းစကားကြောင့် ကြက်ဖကြီး ရုန်းကန်နေရာမှ ရပ်သွားသည်။ မျက်လုံးများပြူးကျယ်လာပြီး ခံစားချက်အရိပ်များ ယှက်သန်းလာသည်။
ကြောက်ရွံ့ခြင်း။ ထိတ်လန့်ခြင်း။
ထိုကြက်ဖ၏စိတ်ကို မသိသော်လည်း လူစကားနားလည်ကြောင်း ဖုန်ချင်အန်း ရိပ်မိသည်။ တိုက်ခိုက်စွမ်းအားသာ မရှိခြင်းဖြစ်သည်။
နတ်ဆိုးစွမ်းအားမရှိသည်မှလွဲလျှင် နတ်ဆိုးတစ်ယောက်လက္ခဏာများ ပြည့်စုံနေသည်။
အဘယ်ကြောင့် ထိုသိုဖြစ်ရသည်ကို သူသိသည်။ ထိုကြက်ဖသည် ခြံထဲမှ လုံးဝမထွက်ဖူး။ တော်ဝင်စွမ်းအင်ရောင်အောက်တွင် မဟာနတ်ဆိုးများပင် ဒူးထောက်ရသည်။ နတ်ဆိုးဖြစ်ရန်ကြံနေသည့်ကြက်တစ်ကောင်ဆိုသည်မှာ ဘာမှမပြောပလောက်။
"ကြည့်ရသာ မင်းအတော်အကြိုက်တွေ့ခဲ့ပုံပဲ"
ဖုန်ချင်အန်း လက်ဝါးကိုဖြန့်လိုက်သည်။ ကြက်ဖက မြေပြင်ပေါ် ကျသွားသည်။ အစောပိုင်းကလို ကြောင်တက်တက်ပုံစံမျိုး မရှိတော့။ နေရာတင် ကျောက်ရုပ်လို မှင်သက်မိနေသည်။ ဘာလုပ်ရမှန်းမသိဖြစ်နေသည်။
"ကဲ ဘယ်လိုလဲ။ငါနဲ့အတူ တောင်တန်းပေါ်ကို လိုက်ချင်လား"
ကြက်ဖကြီး ခေါင်းထောင်ကြည့်လာသည်။ ထို့နောက် ခြေတစ်လှမ်းဆုတ်သွားသည်။ ငြင်းဆန်သည့်သဘောပြခြင်းဖြစ်သည်။