လက်ဆောင်
Vol. 7 Ch. 91
ဆယ့်နှစ်လမြောက် ဆောင်းရာသီ နှုင်းမှုန်ကြားတွင် လူငယ်တစ်ယောက် အနက်ရောင်ဝံပုလွေကိုစီး၍ တောင်တန်းများဆီမှ ထွက်ပေါ်လာသည်။ ခြောက်ခြားစရာမြင်ကွင်းကြောင့် သူရဲကောင်းစစ်သည်အားလုံး သတိအနေအထားဖြစ်သွားသည်။
“ဂါး”
အနက်ရောင်ဝံပုလွေထံမှ ရန်လိုသည့်ဟိန်းဟောက်သံ ထွက်ပေါ်လာသည်။ အေးစိမ့်သည့် အပြာရောင်မီးတောက်များ သူ့လက်ဖဝါးမှ မြင့်တက်လာသည်။ ပြင်းထန်သည့်အအေးဓာတ်နှင့် ကြမ်းတမ်းသည့်အပူလှိုင်း ရောထွေးနေသည်။
“မဟောင်နဲ့ကွ။ သေချာကြည့်ပါ။ သူတို့က ငါတို့လူတွေပါ။ အဲဒါ ငါ့အကိုကြီးပဲ”
လွန်ကျူးသည့်အပြုအမူကြောင့် တောင်နက်ခေါင်းကို ဖုန်ချင်အန်း ပုတ်လိုက်သည်။ စစ်သည်များဝန်းရံလိုက်ပါလာသည့် ထိုရထားကို သူချက်ချင်းမှတ်မိသည်။ လွန်ခဲ့သည့်နှစ်ဝက်ခန့်က သူ့အိမ်တံခါးရှေ့တွင် ရပ်ခဲ့ဖူးသည်။
“အကိုကြီး”
ဖုန်ချင်အန်း ကလေးဆန်သည့်အသံက နှင်းမှုန်ကြားမှ တိုးထွက်သွားသည်။ တိုက်ခိုက်ရန်ပြင်နေသည့် စစ်သည်များ ချက်ချင်းရပ်သွားသည်။ မြင်းရထားလုံးခန်းဆီး ပွင့်သွားသည်။
ရထားထဲတွင် သူနှင့်ရင်းနှီးသလို မရင်းနှီးသလိုဖြစ်နေသည့် လူတစ်ယောက်ရှိသည်။ ဓားရိုးပေါ်လက်ထားသည်။ သူ့ကို လှမ်းကြည့်လာသည်။
သူ့အကို ဖုန်ချင်ပင်းပင်ဖြစ်သည်။
နှစ်ဝက်အတွင်း သူ့အကို အရပ်ပိုရှည်လာသည်။ မြင့်မားသည့်တောင်တစ်လုံးကဲ့သို့ ခမ်းနားထည်ဝါသည့်အသွင်အပြင်ရှိသည်။ လူအားလုံး ငယ်ရွယ်နုပျိုသည့် သူ့မျက်နှာကို အလိုလိုလှမ်းကြည့်မိကြမည်ဖြစ်သည်။
“အကိုအန်း”
တအံ့တဩ ရေရွတ်သံပေါ်လာသည်။ ကြိုတင်တိုင်ပင်ထားကြသကဲ့သို့ စစ်သည်များအားလုံး ဓားများကို တစ်ပြိုင်တည်း ပြန်လည်ရုတ်သိမ်းလိုက်ကြသည်။
တောင်နက်ကိုစီးရင်း ဖုန်ချင်အန်း အနီးသို့ကပ်သွားသည်။ ရထားထဲမှလူနှင့် ဖုန်ချင်အန်း ရုပ်ချင်းအတော်တူကြောင်း သူတို့ရိပ်စားမိကြသည်။ ဆက်စပ်မှုက ပြောနေစရာမလိုတော့။
“အကို၊ အစောင့်အရှောက်တွေ များလှချည်လား”
လေးစားမှုတစ်ဝက် အံ့ဩစိတ်တစ်ဝက်ဖြင့် ပြောလိုက်သည်။ စစ်သည်အရေအတွက် အနည်းဆုံးငါးဆယ်ခန့် လိုက်ပါလာသည်။ သံချပ်ကာပေါ်တွင် နှင်းမှုန်များကပ်ငြိနေသည်။
ထိုသို့တခမ်းတနားပြန်လာသည်က ကောင်းပါသည်။ သို့သော် စစ်သည်တပ်ဖွဲ့ ကိုယ်ပိုင်တည်ဆောက်ခြင်းသည် တစ်မိသားစုလုံး ကွပ်မျက်ခံရနိုင်ကြောင်း ဖုန်ချင်အန်း သဘောပေါက်သည်။
သူ့အကိုဘေးတွင် ဝန်းရံနေသည့် စစ်သည်အားလုံး လက်နက်ကိုင်ထားသည်။ စီးလာသည့်မြင်းများက သာမန်မြင်းထက် ခေါင်းတစ်လုံးပိုမြင့်သည်။
တောင်နက်ကို မြင်သော်လည်း ထိုမြင်းများက ထိတ်လန့်ခြောက်ခြားသည့် အမူအရာမရှိ။ စစ်သည်များလိုပင် တည်တည်ငြိမ်ငြိမ် ရှိနေသည်။
“မင်းလည်း အတော်ပြောင်းလဲသွားပါတယ်”
ဖူန်ချင်ပင်းက သူ့ကိုလှမ်းကြည့်၍ ပြောသည်။ အဖြူရောင်ဝတ်ရုံရှင် ဖုန်ချင်အန်းက အေးစိမ့်နေသည့် နှင်းများကြား ခြေဗလာဖြင့် ရှိနေသေကြောင့်ဖြစ်သည်။
ညီအကိုနှစ်ယောက် ခဏကြာအောင် အသံတိတ်နေသည်။ ထိုသို့ဆုံတွေ့မည်ဟု ထင်မထားကြ။
“တက်ပါ”
ဖုန်ချင်ပင်းက ရထားထဲဝင်ရန် ခေါ်သည်။
“ကောင်းပြီလေ”
စစ်သည်များ စူးစမ်းသလိုကြည့်နေသည့်ကြားမှ ရထားနားသို့ သူကပ်သွားသည်။ တောင်နက်ကျောကုန်းပေါ်မှတစ်ဆင့် ရထားခြေနင်းခုံပေါ်တက်၍ အထဲသို့ဝင်လိုက်သည်။ ထို့နောက် တောင်နက်ကိုလည်း တက်လာသည်။
“ဒါ မင်းမွေးထားတဲ့ခွေးလား”
သူတို့နှစ်ယောက် မျက်နှာချင်းဆိုင် ထိုင်ကြသည်။ တောင်နက်က သူတို့ကြားတွင်ဝပ်လျက် အမြီးနံ့ပြနေသည်။ သူ့သခင်၏အကိုရှေ့တွင် မည်သို့နေထိုင်ရမည်ကို သူကောင်းကောင်းသိသည်။ ထိုအသိသည် သူနေထိုင်ခဲ့သည့် ပတ်ဝန်းကျင်မှ ရလာသည့်အသိဖြစ်သည်။
“ဟုတ်တယ်”
ဖုန်ချင်အန်း ခေါင်းငြိမ့်သည်။ အမှတ်မထင် ဆုံရသဖြင့် သမှင်သက်မိနေဆဲဖြစ်သည်။ ဘာဆက်ပြောရမည်မသိ။
“မင်းကောင်းကောင်းမွေးထားတာပဲ။ တစ်နှစ်အတွင်း ဒီလောက်တောင်ကြီးလာတယ်။ မင်းတောင်စီးလို့ရနေပြီပဲ”
ဖုန်ချင်အန်း တောင်နက်ကို ငုံ့ကြည့်သည်။ ယခု အိမ်မွေးခွေးတစ်ကောင်လို ပုံစံပေါက်နေသည်မှာ ရယ်စရာကောင်းလှသည်။
“အားလုံးက အကို့ကျေးဇူးကြောင့်ပါ။ အကို့ကြောင့်သာမဟုတ်ရင် တောင်နက် ဒီလောက်ကြီးလာမှာမဟုတ်ဘူး”
ဖုန်ချင်အန်း တည်ငြိမ်စွာပြောလိုက်သည်။ သူ့ဘေးပတ်လည်မှ မွန်းကြပ်သည့်စွမ်းအင်ရောင်များ တဖြေးဖြေးပျောက်ကွယ်သွားသည်။
“ဒီကိစ္စက ငါနဲ့ဘာဆိုင်လို့လဲ”
ဖုန်ချင်ပင်း မျက်ခုံးတစ်ဘက် မြင့်တက်သွားသည်။
“တောင်နက်က မရီးပို့လိုက်တဲ့ ရတနာဆေးကိုစားပြီး ဒီလောက်အထိ ကြီးလာတာလေ”
ဖုန်ချင်အန်း ရှင်းပြသည်။
“မရီး..”
ဖုန်ချင်ပင်း သူ့ညီကို စိုက်ကြည့်နေသည်။ အရာအားလုံးကို ထွင်းဖေါက်မြင်နိုင်သယောင်ရှိသည်။
“မင်းသိတယ်ပေါ့”
“သိသင့်တာမှန်သမျှသိပါတယ် အကိုသမက်တော်”
သူ့အကိုဆီမှ ထွက်ပေါ်နေသည့် စွမ်းအင်ရောင်ကို သူမကြောက်ပါ။
“ငါတို့မိဘတွေရောသိလား”
“ကျုပ်ထုတ်မပြောပါဘူး။ အကိုမှမပြောရင် ကျုပ်က ဘာလို့ပြောရမှာလဲ”
အကျိုးမရှိသည့်အလုပ်ကို သူမလုပ်။ သူ့အကို မပြောပြခြင်းသည် အကြောင်းတစ်ခု ရှိရမည်သာဖြစ်သည်။
“ငါမင်းတို့ကို ဖုန်းကွယ်ချင်လို့မဟုတ်ပါဘူး။ ဒါပေမယ့် ကိစ္စတွေက အရမ်းရှုပ်ထွေးတယ်။ ငါ့စိတ်ထဲ မဆုံးဖြတ်နိုင်သေးဘူး”
ဖုန်ချင်ပန်း သူ့ညီကိုကြည့်၍ ရှင်းပြသည်။
“ဒါပေမယ့် အကိုက တော်ဝင်အမိန့်နဲ့ လက်ထပ်ရတော့မှာမဟုတ်လား”
ဖုန်ချင်အန်း ကောင်းကောင်းမှတ်မိသည်။
“ဒီအမိန့်ကို လက်ခံသင့်မခံသင့် ငါမဆုံးဖြတ်ရသေးဘူး”
“အင်ပါယာက အမိန့်ထုတ်ပြီးပြီလေ”
“အဲတော့ဘာအရေးလဲ”
ဖုန်ချင်ပင်းမျက်လုံးများက ကြည်လင်တောက်ပနေသည်။ သိပ်အရေးစိုက်ဟန်မရှိ။
ဖုန်ချင်အန်း ပါးစပ်အဟောင်းသားဖြစ်သွားသည်။ သူ့အကို၏ သစ္စာစောင့်သိစိတ် လျော့ပါးလာဟန်ရှိသည်။
“မင်းသမီးချုန်ယန်က အတော်ရုပ်ဆိုးလို့လား”
ပြောစရာစကားကုန်သွားသဖြင့် စကားလမ်းကြောင်းပြောင်းလိုက်သည်။ သူ့အကို လက်မခံသေးသဖြင့် မရီးဟူသည့်စကားကို မသုံးတော့။
“ပြိင်ဘက်ကင်းလောက်အောင်လှပါတယ်။ ဒီလောကမှာ သူ့လိုမိန်းကလေး ရှာဖို့ခက်တယ်”
ဖုန်ချင်ပင်း ချက်ချင်းပြန်ဖြေသည်။
“ဒီမင်းသမီးမှာ လူမသိသူမသိရောဂါမျိုး ရှိနေလို့လား”
“မင်းသမီးချုန်ယန်ရဲ့အဖေက မင်းသားဝူတင်းပါ။ တာ့ကျင်းမှာ ပါရမီအထူးဆုံး နာမည်အကျော်ဆုံး သိုင်းပညာရှင်ပေါ့။ ချုန်ယန်ရဲ့သိုင်းပညာစွမ်းရည်ကလည်း သူ့အဖေထက် မလျော့ဘူး”
“ဒါဆို သူ့အဖေက စွမ်းအားအကြီးဆုံး တော်ဝင်မင်းသားပေါ့။ အင်ပါယာက သူ့ကိုသတိထားနေတာ မဆန်းတော့ပါဘူး”
ဖုန်ချင်အန်း နားလည်စပြုလာသည်။
“လက်ရှိအင်ပါယာနဲ့ မင်းသားဝူတင်းက ညီအကိုအရင်းတွေပါ။ မင်းနဲ့ငါ့လိုပဲ။ မင်းသားဝူတင်းက အနောက်မြောက်နယ်စပ်က စစ်ရေးကိစ္စတွေ ဦးစီးရတယ်။ စစ်သည်တစ်သန်းတပ်ကို အုပ်ချုပ်တယ်”
“ဒါဆိုအကို ဘာကိုတုံ့ဆိုင်းနေတာလဲ”
ဖုန်ချင်အန်း နားမလည်တော့။
“တုံ့ဆိုင်းနေတာမဟုတ်ဘူး။ ဒါက နည်းနည်....”
ဖုန်ချင်ပင်းစကားရပ်သွားသည်။ ဖုန်ချင်အန်းကို ခြေဆုံးခေါင်းဆုံးတစ်ချက်ကြည့်သည်။ သူ့မျက်နှာတွင် အပြုံးရိပ်ပေါ်လာသည်။
“ထားလိုက်ပါတော့။ မင်းငယ်သေးတယ်။ ငါပြောပြလည်း မင်းနားလည်မှာမဟုတ်ပါဘူး”