← Chapters

နတ်ဘုရားနှင့်နဂါးကိုသတ်သည့်ဓား

Vol. 7 Ch. 92

နတ်ဘုရားနှင့်နဂါးကိုသတ်သည့်ဓား

Vol. 7 Ch. 92

“ပြောပြပါ အကို။ အကိုဘာမှမပြောတော့ ကျုပ်ဘယ်လိုသိမှာလဲ”

ဖုန်ချင်အန်း စိတ်ပူလာသည်။ ဘာကြောင့် မပြောသည်မသိ။ ရှင်းပြနေရင်း ရုတ်တရက် စကားရပ်သွားသည်။ ဝတ္ထုတစ်ပုဒ် ဖတ်ကောင်းနေတုန်း စာရေးဆရာက ရုတ်တရက် ရပ်လိုက်သည်နှင့်တူသည်။ အတော် ခံစားရခက်သည်။

“မင်းတကယ်နားလည်မှာမဟုတ်ပါဘူးကွာ”

ဖုန်ချင်ပင်းက သူ့စိတ်ကို အတပ်သိနေဟန်ဖြင့် ယတိပြတ်ပြောသည်။

“အကို..”

“ထပ်မမေးနဲ့တော့။ ငါမပြောချင်ရင် ငါ့ဆီက စကားနှိုက်လို့ရမယ်ထင်လို့လား”

ဖုန်ချင်အန်း ပြောစရာမရှိတော့။

“မင်းဒီဝတ်စုံဘယ်ကရတာလဲ။ အတော်ကောင်းတာပဲ”

ဖုန်ချင်ပင်း စကားလမ်းကြောင်းပြောင်းလိုက်သည်။ သူ့ညီဝတ်စုံကို စိတ်ဝင်စားမိသည်။ အရည်အသွေးက သူ့ဝတ်စုံထက် ပိုကောင်းကြောင်း ရိပ်မိသည်။

“မြွေစိမ်းတောင်တန်းက လူတစ်ယောက်ပေးတာပါ”

ယခု သူသဘောပေါက်လာသည်။ တောင်တန်းနတ်ဘုရားက ထိုဝတ်စုံကို အကြောင်းမဲ့ပေးခြင်းမဟုတ်နိုင်။ တောင်နက်ကို ကျင့်စဉ်နည်းသင်ပေးစဉ်ကလည်း ထိုအကြောင်း ဘာမှမပြောခဲ့။

“သဘောပေါက်ပြီ”

ဖုန်ချင်ပင်း ခေါင်းငြိမ့်သည်။ ဘာမှထပ်မပြော။

“ဒီဝတ်စုံ မူမမှန်တာမျိုး မရှိဘူးမဟုတ်လား”

“ကျွန်တော်နဲ့ ကွက်တိပါပဲ။ ဘာပြဿနာမှမရှိပါဘူး”

စိတ်ထဲ မကျေမနပ်ဖြစ်နေသေးသော်လည်း ဖုန်ချင်အန်း ချက်ချင်းပြန်ဖြေသည်။

“ဒါဆို ကောင်းတာပေါ့”

ဖုန်ချင်အန်း စိတ်အေးသွားသည်။ သူ့အကို အာမခံသည်ဆိုလျှင် ပြဿနာမရှိနိုင်။

ထိုသို့ပြောပြီးနောက် နှစ်ယောက်သား အတော်ကြာအောင် အသံတိတ်သွားသည်။ နှင်းသားလမ်းပေါ် ရထားလှည်းဘီးကြိတ်သံနှင့် မြင်းများ၏သံချပ်ကာမှ ပွတ်တိုက်အသံများသာ ထွက်ပေါ်နေသည်။

“အကို၊ အကိုဓားက အတော်လှတာပဲ”

ဖုန်ချင်အန်း တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။ သူ့မျက်လုံးက သူ့အကိုလက်ထဲမှဓားရှည်ပေါ် အကြည့်‌ရောက်သွားသည်။

သာမန်ဓားရှည်၊ သာမန်ပုံစံဖြစ်သည်။ ထူးထူးခြားခြား တန်ဆာဆင်ထားခြင်းမရှိ။ ဓားအိမ်က နီညိုရောင်ဖြစ်၍ နည်းနည်းကြောင်တက်တက်နိုင်သည်။ ရှားပါးသစ်တစ်မျိုးဖြင့် လုပ်ထားသယောင်ရှိသည်။ ထူးခြားသည့် ရနံ့တစ်မျိုး ထွက်ပေါ်နေသည်။

“ကျုပ်ကိုင်ကြည့်လို့ရမလား”

ဖုန်ချင်အန်းမျက်လုံးတွင် သဘောကျသည့်အရိပ်များ ပေါ်လွင်နေသည်။ ဓားနှင့်သံချပ်ကာကိုစိတ်မဝင်စားသည့် ယောက်ျားသားဟူ၍ မရှိသလောက်ရှားသည်။ သူလည်း ထိုနည်းတူပင်ဖြစ်သည်။ အသက်အရွယ်နှင့်မဆိုင်။

“ရတာပေါ့”

ဖုန်ချင်ပင်း ဓားကိုလှမ်းပေးသည်။ သာမန်ဓားဟောင်းတစ်လက်လိုသာ သဘောထားဟန်ရှိသည်။

သူ့အကိုအမူအရာက ပုံမှန်ဖြစ်နေသဖြင့် ဖုန်ချင်အန်းလည်း သိပ်အလေးမထားမိ။ လက်လှမ်းယူလိုက်သည်။ သို့သော် ဓားအိမ်ဆွဲကိုင်လိုက်သည်နှင့် အတော်လေးလံကြောင်း ခံစားမိသည်။ သူ့လက်မောင်း အောက်သို့ နည်းနည်းနိမ့်ဆင်းသွားသည်။

လွတ်မကျအောင် လက်နှစ်ဘက်ဖြင့် အမြန်ဆုပ်ကိုင်လိုက်ရသည်။

“ဒီဓားက..”

ထူးခြားမှုကို သူသတိပြုမိသည်။ လက်ရှိသူ့အင်အားသည် တော်ဝင်ကျောက်စိမ်းလက်နက်မျိုးကိုပင် လက်တစ်ဘက်တည်းဖြင့် အလွယ်တကူမနိုင်သည်. သို့သော် ထိုဓားကို လက်နှစ်ဘက်လုံးအားစိုက်၍ ကိုင်ရသည်။

ဓားရိုး‌ပေါ်လက်တင်လိုက်သည်နှင့် ထူးဆန်းသည့်ပုံရိပ်တစ်ခု သူ့အာရုံတွင် ဖြတ်ခနဲပေါ်လာသည်။

ကျွန်တစ်ကျွန်းစာမျှကြီးမားသည့် လိပ်တစ်ကောင်က ရေကန်ထက်တွင် မချိမဆန့်အော်ဟစ်နေသည်။ ကြီမားသည့် သူ့ဦးခေါင်း နှစ်ခြမ်းကွဲထွက်၍ ရေကန်ထဲသို့ ကျသွားသည်။ လှိုင်းလုံးများ ကြွတက်လာသည်။ အပြာရောင်ပင်လယ်ပြင် သွေးနီရောင်လွှမ်းသွားသည်။

တောင်ကုန်းတစ်ခုစာမျှ မြင့်မားသည့် ဝက်ဝံကြီးတစ်ကောင် တောင်တန်းများကြားတွင်ထိုင်၍ မာန်သွင်းအော်ဟစ်နေသည်။ သို့သော် သူ့ခန္ဓာကိုယ် ရုတ်တရက် နှစ်ခြမ်းကွဲသွားသည်။ အလောင်းတစ်လောင်း ဖြစ်လာသည်။

သံမဏိရောင် အတောင်ပံများရှိသည့် တာပန်ငှက်ကြီးတစ်ကောင် ကောင်းကင်အထက်တွင် ပျံသန်းသွားသည်။ ဝင့်ကြွားထည်ဝါသည့် သူ့အော်သံများ ပဲ့တင်ထပ်နေသည်။ သို့သော် ကောင်းကင်ပြာတွင် လွင့်မျောနေသည့် တိမ်တိုက်များနှင့်အတူ သူ့ခန္ဓာကိုယ် နှစ်ခြမ်းကွဲသွားသည်။

ထိုမျှသာမကသေး။ မိုင်သုံးရာမြင့်သည့် တောင်တန်းတစ်ခုတွင်နေထိုင်သည့် သတ္တဝါတစ်ကောင် နတ်ဆိုးအဖြစ် မွေးဖွားလာသည်။ ကံဆိုးစွာဖြင့် ထို‌တောင်တန်း သွေးစွန်းသွားသည်။ အရိုးများ ပြန့်ကျဲနေသည်။ တောင်တန်းတစ်ခုလုံး ပြိုကျသွားသည်။

နောက်ဆုံးတွင် မြွေနဂါးတစ်ကောင် သူမြင်ရသည်။ ကြေးခွံများက မီးတောက်လိုနီရဲနေသည်။ ဦးချိုများက ကြမ်းတမ်းသည်။ တကယ့်နဂါးအစစ်နှင့်တူသည်။ ကျယ်ပြန့်သည့်မြစ်ပြင်ကျယ်ထက်တွင် ပျံသန်းသွားသည်။၍ လောကကြီးကို ငုံ့ကြည့်နေသည်။

သို့သော် ခံ့ညားထည်ဝါသည့် ထိုနဂါးက နောက်ဆုံးတွင် သူ့စွမ်းအားအပြည့်အဝထုတ်သုံးနိုင်သည့် မြစ်ပြင်ကျယ်၏ ကမ်းစပ်သို့ ကျလာသည်။

နောက်ဆုံးပုံရိပ်တွင် ထိုနဂါးကို ကြည်လင်တောက်ပသည့် ဓားရောင်တစ်လက်နှင့် ရင်ဆိုင်တွေသည်။ ဓားအလင်းက မာကျောသည့်ကြေးခွံများကို ချက်ချင်းထိုးဖေါက်၍ သူ့အသက်ကို တစ်ချက်တည်းနှုတ်ယူသွားသည်။

“ဒီဓားကို သဘောကျလား”

နူးညံ့သည့်စကားသံကြောင့် ဖုန်ချင်အန်း ပုံရိပ်ယောင်အာရုံမှ နိုးထလာသည်။

မြင်ခဲ့သည့်အဖြစ်များကြောင့် သူအံ့ဩမှင်သက်မိနေသည်။ အတော်ကြာမှ အသိပြန်ဝင်လာသည်။ ခုနကမြင်လိုက်ရသည့် ပုံရိပ်ထဲမှဖြစ်တည်မှုများသည် တောင်တန်းနတ်ဘုရားနှင့် တန်းတူအဆင့်ရှိမည်ဟု သူထင်သည်။ နောက်ဆုံးမြင်ခဲ့ရသည့် နဂါးနီသည် တောင်တန်းနတ်ဘုရားထက်ပင် စွမ်းအားကြီးလောက်သည်။

သို့သော် အားလုံးကျဆုံးသွားသည်။ ဓားတစ်လက်က အသက်နှုတ်သွားသည်။

“အဲလောက်သဘောကျနေရင်လည်း ငါမင်းကိုပေးလိုက်ပါ့မယ်”

“ကောင်းတာပေါ့”

ဖုန်ချင်အန်း အလိုလိုခေါင်းငြိမ့်မိသည်။ သို့သော် သူချက်ချင်း ပြန်အသိဝင်လာသည်။ သူ့အကိုကို တအံ့တဩကြည့်၍ ပြန်မေးသည်။

“ဒီဓားကို ကျုပ်ကိုပေးတာလား”

“မင်းမကြိုက်ဘူးလား။ ကြိုက်ရင် ယူလိုက်ပါ”

ဖုန်ချင်ပင်းက ပုံမှန်လေသံဖြင့် ပြောသည်။ ထိုဓားသည် သူ့အတွက် အထူးအဆန်းမဟုတ်။ ပန်းပဲဖိုတစ်ခုမှ ငွေပြားနှစ်ပြားဖြင့် ဝယ်ခဲ့သည့် သာမန်သံဓားသာဖြစ်သည်။

မြို့တော်မှ လူအတော်များများ ထိုဓားကို တောင်းဆိုကြသည်။ နှစ်ထောင်ချီနာမည်ကျော်ခဲ့သည် ရတနာဓားတစ်လက်ဖြင့်ပင် လဲလှယ်ရန် ဆန္ဒရှိကြသည်။ သို့သော် သူလက်မခံခဲ့။ အကြောင်းရင်းက ရိုးရှင်းသည်။ ထိုလူများကို သူမကြိုက်သောကြောင့်ဖြစ်သည်။ ထိုလူများသည် သူကိုင်သည့်ဓားကို အသုံးပြုဖို့ မထိုက်တန်ပေ။

“ဒါကိုဘယ်လိုလက်ခံနိုင်မှာလဲ”

ဖုန်ချင်အန်း မျက်နှာတွင် အပြုံးတစ်ခုပေါ်လာသည်။ ဓားအလေးချိန်နှင့် သူမြင်ခဲ့သည့် ပုံရိပ်များက သက်သေခံနေသည်။ ထိုဓားသည် သာမန်မဟုတ်။

“မင်းစိတ်ထဲ မသက်မသာဖြစ်နေရင်လည်း ငါ့ကိုပြန်ပေးပါ”

“ပညာတတ်စကားဆိုတာ မြင်းတစ်အုပ်နဲ့ဆွဲရင်တောင် နောက်ပြတ်ဆုတ်လို့မရဘူးတဲ့။ ပေးပြီးသားပစ္စည်းကို အကိုဘာလို့ပြန်ယူချင်တာလဲ”

ဖုန်ချင်အန်း ဓားကိုရင်ခွဲထဲပိုက်ထားသည်။ ယခု ဤဓားသည် သူ့အပိုင်ဖြစ်သည်။ သူ့အကိုက ပေးထားပြီးဖြစ်၍ ဘယ်သူမှ ယူသွားခွင့်မပေးနိုင်ပေ။

“ဒီဓားကို အိမ်ရောက်ရင် သေချာသိမ်းထားပါ။ မလိုအပ်ဘဲ ဓားအိမ်ထဲကမထုတ်နဲ့။ ငါတို့မိဘတွေ စိတ်ပူနေလိမ့်မယ်”

“သိပါတယ်”

ဖုန်ချင်အန်း ဓားရိုးပေါ်လက်တင်လိုက်သည်။ ဤတစ်ကြိမ်တွင် ပုံရိပ်များမမြင်ရတော့။ ဓားကိုဆွဲထုတ်ကြည့်သည်။ သို့သော် အားအတော်စိုက်၍ ကြိုးစားသော်လည်း ဓားကထွက်မလာပေ။ တစ်ခုခု မူမမှန်တော့။

“ဒီဓားကို ကျုပ်ဘာလို့ ဆွဲမထုတ်နိုင်တာလဲ”

“ဒီဓားက မြင့်မြတ်တဲ့လက်နက်ပါ။ တရားမျှတမှုနဲ့ ဖြောင့်မတ်မှန်ကန်မှုကိုပဲ အရေးစိုက်တယ်။ အဲလိုစိတ်နှလုံးမျိုး မရှိရင် ဆွဲထုတ်လို့ရမှာမဟုတ်ဘူး။ ပြီးတော့ မကောင်းမှုတွေ မတရားမှုတွေမရှိရင် ဓားဆွဲထုတ်နေစရာ မလိုပါဘူး”

ဓားကိုအတင်းဆွဲထုတ်ရန်ကြိုးစားနေသည့် ညီငယ်ကိုကြည့်၍ ဖုန်ချင်ပင်း ခပ်အေးအေးပြန်ပြောလိုက်သည်။

All Chapters