← Chapters

တောင်တန်းနတ်ဘုရား၏ ကြောင့်ကြမှု

Vol. 7 Ch. 93

တောင်တန်းနတ်ဘုရား၏ ကြောင့်ကြမှု

Vol. 7 Ch. 93

ဖုန်ချင်ပင်း၏ ဩဝါဒဆန်သည့်စကားကိုကြားပြိးနောက် ဖုန်ချင်အန်း နည်းနည်းနားရှုပ်သွားသည်။ ထိုစကားကို စိတ်ထဲဆွဲထင်အောင်မှတ်သားလိုက်သည်။ ဓားထုတ်ရန် မကြိုးစားတော့။ သူ့ပတ်ဝန်းကျင်တွင် မကောင်းမှုများ မတရားမှုများ မည်သို့ရှိနိုင်မည်နည်း။ အချိန်တစ်ခုအထိ ဤဓားကို ဆွဲထုတ်စရာလိုဦးမည်မဟုတ်။

“အကိုစကားကို မှတ်ထားပါ့မယ်”

ဖုန်ချင်အန်းပုံစံကိုကြည့်၍ ဖုန်ချင်ပင်းတစ်ခုခုပြောရန်ပြင်သည်။ ထိုစဉ်

“သခင်ဖုန်၊ သခင့်အိမ်တော်ကို ရောက်ပါပြီ”

မြင်းရထားမောင်းသူ၏ စကားသံ ပေါ်လာသည်။

“အိမ်ရောက်ပြီ။ ဆင်းကြစို့”

ရထားလုံးခန်းဆီးကို တွန်းဖယ်၍ ဖုန်ချင်ပင်း အရင်ဆင်းသွားသည်။ ဖုန်ချင်အန်းလည်း ဓားကိုပိုက်၍ နောက်မှလိုက်သည်။

ဓားပိုက်၍ဆင်းလာသည့်သူ့ထံသို့ မျက်လုံးပေါင်းများ စုပြုံရောက်လာသည်။ လက်ထဲမှဓားကို အဓိကကြည့်နေကြခြင်းဖြစ်သည်။

“ဂါး”

နောက်မှလိုက်လာသည့်တောင်နက် စူးရဲသည့်ထိုအကြည့်များကို သတိထားမိသဖြင့် တစ်ချက်ဟိန်းဟောက်လိုက်သည်။ နတ်ဆိုးစွမ်းအင်များ ထိုးထွက်လာသည်။လာသည်။

“တော်တော့ တောင်နက်။ အိမ်တံခါးဝမှာ ဆူဆူညံညံဖြစ်အောင်မလုပ်နဲ့”

သူ့အကို တခမ်းတနားပြန်လာသည်ကို ရွာသူရွာသားများ စိတ်ဝင်စားနေကြသည်ဟု ဖုန်ချင်အန်း ထင်မိသည်။ နှင်းမုန်တိုင်းကြား ညနေမိုးချုပ်အချိန်မှာပင် လူပေါင်းများစွာ တံခါးဖွင့်၍ ခေါင်းပြူကြည့်နေကြသည်။

သူ့စကားကြောင့် တောင်နက်ငြိမ်သွားသည်။ သာမန်အိမ်မွေးခွေးအသွင်ဖြင့် ဂိတ်တံခါးကိုဖြတ်၍ သူ့နောက်မှလိုက်လာသည်။ စစ်သည်များက ခြံဝန်းအပြင်ဘက်တွင် ကျောက်ရုပ်ပမာ ရပ်စောင့်လျက် ကျန်ခဲ့သည်။ ရထားမောင်းသူသာ ရိုရိုကျိုးကျိုးအမူအရာဖြင့် အိမ်ထဲသို့ အတူလိုက်လာသည်။

“အဲဒီဓားက..”

“ပါးစပ်ပိတ်ထား”

ခြံအပြင်ဘက်မှ စစ်သည်တစ်ယောက်က စကားစမည်ကြံသည် တင်းမာသည့်အော်ငေါက်သံပေါ်လာပြီး ချက်ချင်းအသံတိတ်သွားသည်။

“ကိုယ်တာဝန်ကိုယ်လုပ်ပါ”

အပေါ်ယံကြည့်လျှင် သူတို့သည် ကြင်ယာတော်မင်းသားကို စောင့်ရှောက်နေကြသလိုရှိသည်။ သို့သော် အမှန်တော့ အားလုံးက လမ်းတစ်လျှောက်တွင် တွေ့ကြုံနိုင်သည် ဝိညာဉ်များ နတ်မင်းများ အသက်အန္တရာယ်ကို စိုးရိမ်သဖြင့် ကာကွယ်ရန်လိုက်လာကြခြင်းဖြစ်သည်။

ဘယ်သူမှသေ၍မဖြစ်။

ပုံမှန်းစည်းမျဉ်းစဉ်းကမ်းမှ သွေဖယ်သည့် ဝိညာဉ်များကိုသတ်သည်က တရားမျှတသည်ဟု ဆိုနိုင်သည်။ သို့သော် တောင်တန်းနတ်ဘုရားများ မြစ်စောင့်နတ်ဘုရားများ တရားဝင်ခန့်အပ်ထားသည့် နတ်မင်းများ တာဝန်ပျက်ကွက်ကြောင်းတွေ့ရလျှင် အနည်းဆုံးတော့ သူတို့ရာထူးဆုံးရှုံးမည်။

သို့သော် သူတို့ပေါ့ဆမှု အစီအမံညံ့ဖျင်းမှုကြောင့် သာမန်လူများကို ထိခိုက်စေခဲ့လျှင်မူ အငဲ့အညှာမရှိ ဓားတစ်ချက်ဖြင့် အသက်နှုတ်ခံရမည်။ မည်သည့်နောက်ခံ မည်သည့်အဆက်အသွယ်ရှိသည်ဖြစ်စေ ဘာမှအကျိးထူးမည်မဟုတ်.

ဆက်တိုက်အောင်မြင်မှုရထားသည့် စာပေပညာရှင်တစ်ယောက်ဖြစ်၍ ယခင်က ဖုန်ချင်ပင်းအိမ်ပြန်လာတိုင်း ဝိညာဉ်မျိုးစုံ နတ်မင်းမျိုးစုံ သူတို့ဘုံကျောင်းသို့ အမြဲလိုလိုဖိတ်ကြားလေ့ရှိကြသည်။

သို့သော် ယခုနှစ်သည် မတူတော့။ ဖုန်ချင်ပင်းသည် ထိုဝိညာည်များကို အပြစ်ပေးခွင့် ထုတ်ပယ်ခွင့်အာဏာကို ပိုင်ဆိုင်ထားသည်။ တာဝန်ပျက်ကွက်သည့်နတ်မင်းများကို သူ့ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် ရှင်းပစ်နိုင်သည်။

အရင်လှုပ်ရှား၍ နောက်မှသတင်းပို့နိုင်သည်။ ထိုအခွင့်အာဏာမျိုးကို အင်ပါယာက ချီးမြှင့်ထားသည်။

သို့သော် ဝိညာဉ်များကို တကယ်အပြစ်ပေးသည့်စွမ်းအားက သူ့လက်ထဲမှဓားဖြစ်သည်။ ခွင့်ပြုချက်ဆိုသည်မှာ တာ့ကျင်းတော်ဝင်မိသားစုက မျက်နှာပန်းလှအောင် သုံးသည့်စကားဖြစ်သည်။ သူတို့ခွင့်ပြုချက်မပေးလျှင်လည်း သူ့ဓားကို ဝင့်နိုင်သည်။

ထို့ကြောင့် သခင်ဖုန်သွားသည့်နေရာတိုင်း ဝိညာဉ်နတ်ဆိုးမ်ငးများ ထိတ်လန့်ကြောက်ရွံ့ကြသည်။ သူတို့နယ်မြေများ ကောင်းချီးရနိုင်ဖို့ကိစ္စ စိုးရိမ်ပူပန်ကြသည်။

ထို့ကြောင့်လည်း ဤလူစုရှိနေခြင်းဖြစ်သည်။ ဖုန်ချင်ပင်း၏ ကိုယ်ရံတော်များကဲ့သို့ ပြုမူနေသော်လည်း အမှန်တော့ ဝိညာဉ်များ တတ်နိုင်သမျှ ကွပ်မျက်မခံရအောင် စောင့်ရှောက်ရန် လိုက်လာခြင်းဖြစ်သည်။

လူတိုင်း ဝိညာဉ်နတ်မင်း ဖြစ်နိုင်နိုင်သည်မဟုတ်။ နေရာတစ်ခုလစ်လပ်သွားလျှင် အစားထိုးရန် အလွန်ခက်ခဲသည်။ ထိုရာထူးနေရာမျိုး ရသွားလျှင်လည်း အနည်းဆုံး နှစ်တစ်ရာလောက် မပြောင်းမလဲ တည်ရှိနေသည်။

နှင်းမုန်တိုင်းကြားမှ လက်နက်အပြည့်ဖြင့်ရောက်လာသည့် စစ်သည်များနှင့် ဖုန်အိမ်တော်ရှေ့မှ ထူးခြားမှုကို ရွာသားများ သတိထားမိကြသည်။ တိတ်ဆိတ်နေခဲ့သည့် ရှီလီရွားလေး ချက်ချင်းသက်ဝင်လှုပ်ရှားလာသည်။ ရွာအကြီးအကဲများ နှင်းထုကိုဖြတ်သန်း၍ ရောက်လာကြသည်။

ခမ်းနားထည်ဝါသည့်မြင်ကွင်းသည် ဖုန်မိသားစု၏သားကြီးဖြစ်သူ ရောက်လာကြောင်း သက်သေခံနေသည်။ ရွာထဲတွင် ထိုခမ်းနားမှုမျိုး ပိုင်ဆိုင်သူမရှိ။ နယ်ခံလူချမ်းသာများပင် စိတ်ကူးမယဉ်နိုင်သည့် အနေအထားဖြစ်သည်။

ထို့ကြောင့် ဖုန်ချင်အန်း သူ့အကိုနှင့် စကားသိပ်မပြောရသေးမီ ရွာခေါင်းဆောင်နှင့် အကြီးအကဲများ အလည်လာသည့်သတင်းကို ကြားလိုက်ရသည်။

ဖုန်ချင်ပင်း သူတို့ကို မတွေ့၍မဖြစ်။ တိတ်ဆိတ်ငြိမ်းချမ်းနေခဲ့သည့် ခြံဝင်းတစ်ခုလုံး ဆူညံလှုပ်ရှားလာသည်။

“တောင်နက်။ ငါတို့အခန်းထဲကို ပြန်ကြစို့”

ဧည့်ခံသည့်ကိစ္စများကို ဖုန်ချင်အန်း ဝင်မပါလို။ ထိုကိစ္စကို စီမံမည့် တစ်ခြားလူများ ရှိနေသည်။

“ငါ့အကို ပြန်ရောက်လာပြီ။ ဒီည သူနဲ့ အေးအေးဆေးဆေးအတူအိပ်ချင်တယ်။ မင်းမလာခဲ့နဲ့ဦး”

ညရောက်ခါနီးတွင် နန်းကောကို သတိရလာသဖြင့် သိစိတ်အာရုံမှ ချက်ချင်းဆက်သွယ်လိုက်သည်။

ဝိညာဉ်ရေစင်ထဲတွင် ဆော့ကစားနေသည့်နန်းကော သိစိတ်အာရုံမှစကားသံကြောင့် ခဏရပ်တန့်သွားသည်။

ဖုန်ချင်အန်းအကိုအကြောင်း သူနည်းနည်းသိထားသည်။ ထိုအသိလေးသည်ပင် ထိုစာပေပညာရှင်ကို သူလေးစားရန် လုံလောက်သည်။

“အင်းး...ကောင်းပြီလေ”

ဖုန်ချင်အန်း သက်ပြင်းချလိုက်သည်။ နန်းကောလာလျှင် သူ့အကိုသတိထားမိမည်မှာ သေချာသည်။ ထိုသို့ဖြစ်လာလျှင် သူမည်သို့ရှင်းပြရမည်မသိ။

“ငါ့အကို မြို့တော်ကို မပြန်မချင်း မင်းလာလို့မဖြစ်လောက်ဘူးထင်တယ်”

သာမန်လူများ နန်းကောကို မမြင်နိုင်ကြ။ သို့သော် အိမ်တော်အပြင်ဘက်မှ စစ်သည်များက မမြင်ဘဲနေမည်မဟုတ်။ တောင်နက် ရုပ်ခန္ဓာအသွင်ပြောင်းသည်ကိုပင် သူတို့က အံ့ဩထိတ်လန့်ဟန်မရှိ။

“နင့်စကားနားထောင်ပါ့မယ်”

နန်းကောအသံက တိုးညှင်းသည်။ ဝမ်းနည်းရိပ်သန်းသည်။

“ဒါပေမယ့် နင့်အကိုပြန်ဖို့က ဘယ်လောက်ကြာဦးမှာလဲ”

“ပထမလရဲ့ လဝက်လောက်အထိဖြစ်လောက်မယ်”

“အကြာကြီးပဲ”

“ငါလည်း ဘာမှမတတ်နိုင်ဘူး။ အခုအချိန်မှာ ငါ့အကိုရှေ့ကို မင်းပေါ်လာဖို့ မသင့်တော်သေးဘူး”

ဖုန်ချင်အန်းတွင် အစီအစဉ်တစ်ခုရှိသည်။

နောက်တစ်နေ့တွင် ဖုန်အိမ်တော်တစ်ခုလုံး သက်ဝင်လှုပ်ရှားမှုများပြည့်နေသည်။ အကြောင်းတစ်ခုပြ၍ တောင်နက်နှင့်အတူ အပြင်ထွက်ခဲ့သည်။ နှင်းကြားထဲမှ လာလည်ကြသည့် ဧည့်သည်များစွာကို ချန်ရစ်ခဲ့သည်။

“တောင်ပေါ်ကိုသွားကြစို့”

ဆူညံနေသည့် ခြံဝန်းကို လည့်ပြန်တစ်ချက်ကြည့်ပြီးနောက် တုံ့ဆိုင်းမနေတော့ဘဲ ဓားကိုဘေးတွင်ထား၍ တောင်နက်ကျော်ပေါ်တက်စီးကာ တောင်တန်းဆီ ဦးတည်လိုက်သည်။

သို့သော် တောင်တန်းထဲဝင်လိုက်သည်နှင့် နှင်းများ ရုတ်တရက် ရပ်သွားသည်။ ဝတ်ရုံစိမ်းလူတစ်ယောက် ပေါ်လာသည်။ ပုံမှန်တည်ငြိမ်နေသည့်မျက်နှာတွင် နားမလည်သည့်အရိပ်များ ထင်ဟပ်နေသည်။

“သခင်လေးဖုန်၊ မင်းဓားနဲ့ တောင်တန်းထဲဝင်ပြီး ဘာလုပ်ဖို့ကြံနေတာလဲ”

တောင်တန်းနတ်ဘုရား စိတ်ချလက်ချမအိပ်နိုင်ပေ။ ဖုန်ချင်အန်းလက်ထဲမှ ဓားစွမ်းအားကို သူမြင်နိုင်သည်။

ဝိညာဉ်ပေါင်းများစွာ ထိုဓားအောက်တွင် ကျဆုံးခဲ့သည်။ ရေနဂါးတစ်ကောင်နီးပါးအစွမ်းရှိသည့် မြစ်စောင့်နတ်ဘုရားလည်း ထိုဓားချက်အောက်တွင် သေခဲ့သည်။ သေဆုံးဝိညာည်များ၏ နာကျည်းဒေါသများ စိတ်ပျက်အားငယ်မှုများကို သူမြင်နိုင်သည်။

ထိုဓားသည် တစ်ချိန်က နတ်ဘုရားအားလုံးကို နှိပ်ကွပ်၍ ရေနဂါးတစ်ကောင်ကို သတ်ခဲ့သည်။

အစက ဤဓားသည် သာမန်ဓားတစ်လက်ဖြစ်သည်။ သို‌သော် ဝိညာဉ်နတ်ဘုရားများစွာကို သတ်ဖြတ်၍ အဟာရပြုပြီးနောက် သာမန်မဟုတ်တော့။

နတ်မင်းတို့၏ သွေးစွမ်းအင်နှင့် ဝိညာဉ်စွမ်းအင်များကို စုပ်ယူသည်။ ထူးခြားသည် ဝိညာဉ်ဓားတစ်လက်ဖြစ်လာသည်။ ဓားဝိညာဉ်က လောကမှ မကောင်းမှုအားလုံးကို သန့်စင်လိုသည့်ဆန္ဒရှိသည်။ အရှုံးမပေးသည့် လူသတ်ရိပ်မျိုးရှိသည်။

ယခု ဓားကိုင်ထားသူက ကောင်လေးတစ်ယောက်သာဖြစ်သော်လည်း ဤဓားကိုဆွဲထုတ်လိုက်လျှင် တောင်တန်းနတ်ဘုရားအတွက်ပင် စိုးရိမ်စရာဖြစ်လာမည်။ ဤဓားသည် စွမ်းအားကြီးလွန်းသည်။

All Chapters