ဝံပုလွေတစ်သောင်း၊ စတုတ္ထဝိညာဉ်စာချုပ်
Vol. 7 Ch. 95
ကျယ်လောင်သည့်မိုးခြုန်းသံနှင့်အတူ သက်ရှိအားလုံး နိုးထလာသည်။ ဆောင်းရာသီ၏ ခြောက်ကပ်နေသည့် တောင်တန်း အသက်ဝင်လာသည်။ မြွေများ၊ ပိုးကောင်များ၊ ငှက်များ သားရဲများနှင့် တစ်ခြားဝိညာဉ်များ နှင်းထူသည့်ရာသီကိုဖြတ်ကျော်၍ ဆောင်းခိုရာမှ ထွက်လာကြသည်။ အညောင်းအညာဖြေကြသည်။ ဆာလောင်မှုဖြေဖျောက်ရန် အစာရှာကြသည်။ သူတို့ကိုယ်တိုင် အစာဖြစ်သွားသည်လည်းရှိသည်။
“ပိုးကောင်တွေ နိုးထလာပြီပေါ”
ဖုန်ချင်အန်း ကောင်းကင်ကိုမော့ကြည့်သည်။ နွေဦးမိုးဖွဲများကျနေသည်။ မိုးခြုန်းသံများ တောင်တန်းပေါ်တွင် ပဲ့တင်ထပ်နေသည်။ သက်ရှိအားလုံးကို အဟာရပေးနေသည်။
“တောင်နက်”
သူ့အသံကြားသည်နှင့် မျက်လုံးတွင် အပြာရောင်မီးတောက်များ တောက်ပနေသည့် ဝံပုလွေကြီးတစ်ကောင် သူ့ဘေးနားသို့ ရောက်လာပြီး မြေပေါ်တွင် ဝပ်လိုက်သည်။ ဦးခေါင်းကို မြေပြင်နှင့်ကပ်ထားသည်။
“တောင်တန်းပေါ်သွားပြီး မင်းရဲ့ဝံပုလွေအုပ်ကို စုစည်းပါ”
ဖုန်ချင်အန်း တောင်နက်ကို စိုက်ကြည့်သည်။ ထို့နောက် တောင်ကြားထဲမှ ဝံပုလွေဝိညာဉ်နတ်ဆိုးများကို တစ်ကောင်ချင်းကြည့်သည်။ အားလုံး ခန္ဓာကိုယ်အရွယ်အစားကြီးမားသည်။ အားလုံးအတွက် အစီအစဉ်ချလိုက်သည်။
“မင်းတို့အားလုံးလည်း အဲလိုပဲ။ တောင်ကြားကထွက်တာနဲ့ မင်းတို့အုပ်စုဝင်မဟုတ်တဲ့ ဝံပုလွေအုပ်တွေကို သိမ်းသွင်းပါ။ ကိုယ်ပိုင်ဝံပုလွေအုပ်စု တည်ထောင်ပါ”
ထိုဝံပုလွေများသည် ဆောင်းရာသီအတွင်း သူဂရုတစိုက်လေ့ကျင့်ပေးမှုကြောင့် နတ်ဆိုးသားရဲဖြစ်လာကြပြီဖြစ်သည်။ သူ့စကားကို နားလည်နိုင်လောက်အောင် ဉာဏ်ရည်မြင့်ကြသည်။
အစက တောင်နက်အတွက် နတ်ဆိုးသားရဲများ သီးသန့်ဖွဲ့စည်းထားသည့် ဝံပုလွေအုပ်တစ်ခု ဖန်တီးပေးချင်ခဲ့သည်။
သို့သော် လက်ရှိဝံပုလွေအုပ်ကို အသွင်ပြောင်းပေးပြီးနောက် ထိုစိတ်ကူးသည် သဘာဝမကျကြောင်း နားလည်လာသည်။ အကြောင်းထူးတော့မရှိ ဤဝံပုလွေအုပ်အတွက် တောင်ကြားထဲတွင် စားစရာသားကောင် မလုံလောက်သောကြောင့်ဖြစ်သည်။
မသေမျိုးများသာ နေလစွမ်းအင်ရောင်ကိုစားသုံး၍ အသက်ရှင်နိုင်သည်။ နေလသန္ဓေကို စုပ်ယူနိုင်သည့် တောင်နက်ပင် စားသောက်သည့် အသားပမာဏလိုအပ်ချက် လျော့ကျလာသော်လည်း မစားဘဲ မနေနိုင်သေး။
တောင်နက်ပင် ထိုအခြေအနေဖြစ်လျှင် သာမန်ဝံပုလွေနတ်ဆိုးများအတွက် ပြောစရာပင်မလိုတော့။ ထို့အပြင် သေမျိုးခန္ဓာကိုယ်ကို ကျော်လွှားခဲ့ကြသဖြင့် အရွယ်အစား များစွာကြီးထွားလာသည်။ အသားစိမ်းလိုအပ်ချက် ပိုများလာသည်။
ဝံပုလွေနတ်ဆိုးများ အထိန်းအချုပ်မရှိဘဲ တစ်နေရာတည်းစုနေလျှင် မိုင်ရာချီပတ်လည်အတွင်းမှ သားကောင်မျိုးစိပ်အားလုံး မျိုးတုံးသွားပေလိမ့်မည်။
တောင်တန်းပေါ်တွင် အဖျက်ကပ်ဆိုက်သလိုဖြစ်လာမည်။ တောင်တန်းနတ်ဘုရားက သူ့ကို ခေါ်ယူဆွေးနွေးခဲ့သည်။ ထို့ကြောင့် နတ်ဆိုးဝံပုလွေများကို တစ်ခြားတောင်တန်းများတွင် နေရာခွဲ၍ ဖြန်ကျက်ထားရန် သူဆုံးဖြတ်ခြင်းဖြစ်သည်။
ကိုယ်ပိုင်ချိန်တွင် ထိုဝံပုလွေနတ်ဆိုးများ ကိုယ်ပိုင်ဝံပုလွေအုပ်ကို ဦးဆောင်၍ သက်ဆိုင်ရာပိုင်နက်တွင် နေနိုင်သည်။ အခြေအနေအရ လိုအပ်လာလျှင် ဝံပုလွေဘုရင်ဖြစ်သည့် တောင်နက်က ထိုဝံပုလွေအုပ်အားလုံးကို အမိန့်ပေးစုစည်းနိုင်ရမည်။
ပြန်လည်စုစည်းနိုင်ရန်အတွက် တောင်တန်းနတ်ဘုရား၏ အကူအညီလည်း ရှိနေသည်။ ထိုသို့မရှိလျှင် ကြိုးကြိုးစားစား လေ့ကျင့်ပျိုးထောင်ထားသည့် ဝံပုလွေသားရဲများကို သူအလွယ်တကူ နေရာဖြန့်ထားမဟုတ်။ နေရာခွဲ၍လွှတ်လိုက်သည့် ဝံပုလွေများကို ပြန်ရှာရန် လုံးဝမလွယ်ပေ။
“အာဝူး...”
ဖုန်ချင်အန်းအမိန့်ကို နားထောင်ပြီးနောက် နတ်ဆိုးဝံပုလွေအားလုံး ချေလေးချောင်းညွှတ်၍ ဦးခေါင်းကို မြေပြင်နှင့်ကပ်ကာ လူသားများလို အရိုအသေပေးကြသည်။ သူတို့ရလာသည့်စွမ်းအားသည် ဘယ်သူ့ကျေးဇူးမှန်း နားလည်နိုင်လောက်အောင် အသိဉာဏ်ရှိလာကြပြီဖြစ်သည်။
“သွားကြတော့။ လပြည့်ညရောက်တိုင်း ဒီတောင်ကြားကိုလာပြီး စုဝေကြဖို့ မမေ့နဲ့”
စည်းကမ်းသတ်မှတ်ပေးလိုက်သည်။ တောင်တန်းနေရာအနှံ့ ခွဲဖြန့်ထားသော်လည်း တစ်လတစ်ကြိမ်တော့ အတူစုစည်းရမည်။ လွှတ်ထားလွန်းလျှင် အသားကျသွားနိုင်သည်။ ပြန်လာချင်တော့မည်မဟုတ်။
“အာဝူး...”
ဝံပုလွေအုပ် တစ်ကောင်ပြီးတစ်ကောင် အော်ဟစ်ကြွေးကြော်ကြသည်။ နွေဦးမိုးစက်က တောင်တန်းတောအုပ်များကို အဟာရပေးနေသည်။ ဝံပုလွေအားလုံး ဖုန်ချင်အန်းသတ်မှတ်ထားသည့် ဦးတည်ရာအတိုင်း ထွက်သွားကြသည်။ ဆယ်ကောင့်ခန့်သာ တောင်ကြားတွင် ဆက်နေ၍ တောင်နက်၏အမိန့်ညွှန်ကြားချက်များကို လုပ်ဆောင်ရန် နေခဲ့ကြသည်။
“သွားစို့တောင်နက်”
ကြီးမားသည့် အရိပ်တစ်ခု တောင်ကြားအမှောင်တစ်နေရာမှ ဖုန်ချင်အန်းဘေးသို့ ရောက်လာသည်။ ကျောကုန်းပေါ်သို့ သူတက်နိုင်ရန် မြေပေါ်တွင် ဒူးထောက်ပေးသည်။
တောင်နက်ကိုစီး၍ တောင်တန်းမှထွက်သည်။ အေးချမ်းတိတ်ဆိတ်သည့် ရွာကလေးဆီ ပြန်လာသည်။ အိမ်ပြန်ရောက်ချိန်ထိ အားလုံးက တိတ်ဆိတ်နေဆဲဖြစ်သည်။ ခြံထဲမှ ကြက်သံဘဲသံများသာ ကြားရသည်။
အော်စမန်သစ်ပင်က အတော်ကြီးလာသည်။ ငါးရောင်ခြယ်ဘရိုကိတ်ကြက်က သစ်ပင်အောက်မှ အပြာရောင်အုပ်ကြမ်းခင်းပေါ်တွင်ရပ်လျက် မိုးစက်များကျနေသည့် ကောင်းကင်ကို မော့ကြည့်နေသည်။ ကျောက်ရုပ်လို ငြိမ်နေသည်။ ဘာကိုကြည့်နေမှန်းတော့မသိ။
သူ့ကိုမြင်သော်လည်း ဖုန်ချင်အန်း အရေးမစိုက်တော့။ ထိုကြက်သည် တစ်ခြားကြက်များ၏ အပြုအမူမျိုးနှင့် ကွဲပြားနေသည်။ သို့သော် ဖုန်ချင်အန်း ရှိနေချိန်မှသာဖြစ်သည်။ မိဘများ အိမ်ပြန်လာချိန်တွင် ထုံထုံအအပုံစံမျိုး ပြန်ပြောင်းသွားသည်။
အခန်းထဲသို့ရောက်ပြီးနောက် ဝတ်ရုံဖြူးကိုချွတ်၍ ခေါက်သိမ်းလိုက်သည်။ နဂါးဝတ်ရုံက သန့်စင်တောက်ပြောင်နေသည်။ ဖုန်များ အမှိုက်သရိုက်များ မကပ်ငြိ။ လျှော်ဖွတ်ရသက်သာသည်။
ကုတင်ပေါ်တွင်တင်ပျဉ်ခွေထိုင်၍ သူကျင့်ကြံမှုစသည်။ တောင်တန်းပေါ်တွင် ဗိုက်ဖြည့်ခဲ့ပြီးဖြစ်၍ ခြံထဲမှ ကြက်ဘဲများ သတ်စရာမလိုတော့။
စိတ်တည်ငြိမ်သည့်အဆင့်သို့ ရောက်လာသည်။ တောင်နက်က ပုံမှန်အိမ်စောင့်ခွေးလို တံခါးဝတွင်ဝပ်လျက် အိပ်ချင်ယောင်ဆောင်နေသည်။ ကြည်လင်တောက်ပသည့် သူ့မျက်လုံးများက ဝိညာဉ်ချီကို မြင်နိုင်သည်။ ရွာထဲတွင် ချီစွမ်းအင်အတော်ပါးသော်လည်း ယခု အလုံးအရင်းဖြင့် အိမ်ဆီသို့ လွင့်ပျံလာသည်။
အံ့ဩစရာမြင်ကွင်းဖြစ်သည်။ တောင်တန်းပေါ်တွင် နေလသန္ဓေကို သူစုပ်ယူခဲ့သော်လည်း ထိုသို့ပမာဏများများမစုစည်းနိုင်ခဲ့။ သို့သော် ယခု သူ့သခင်က အလွယ်တကူ လုပ်နိုင်သည်။
လဝန်း မွန်းတည့်ချိန်ရောက်သည်နှင့် ဝိညာဉ်ချီအမြောက်အမြား ဝင်လာပြီး ဖုန်ချင်အန်းဘေးတွင် စုစည်းလာသည်။ ထို့နောက် အဝါဖျော့အလင်းစက်ဝန်းအဖြစ် ပြောင်းလဲသွားသည်။
စတုတ္ထ ဝိညာဉ်စာချုပ်။
ဖုန်ချင်အန်းမျက်လုံးများ ဖြေးညှင်းစွာပွင့်လာသည်။ မျက်လုံးအိမ်များ အဝါရောင်သန်း၍ ပယင်းကျောက်ကဲ့သို့ ကြည်လင်နေသည်။
“သိပ်ကောင်းတာပေါ့”
တိုးတက်မှုက သိသာသည်။ သူကျေနပ်စွာ ပြုံးလိုက်သည်။ ကျင့်စဉ်သုံးမျိုးကို တစ်ပြိုင်တည်း မကျင့်နိုင်သေးသော်လည်း တစ်ခုနှင့်တစ်ခု ပြောင်းလဲလေကျင့်လျှင် ကျင့်စဉ်အာနိသင် တိုးပွားလာကြောင်း သူနားလည်သွားသည်။
ယခု လေးခုမြောက်ဝိညာဉ်စာချုပ်က သက်သေခံနေသည်။ ယခင်ဝိညာဉ်စာချုပ်များထက် တည်ဆောက်ရခက်ခဲသော်လည်း ဤဝိညာဉ်စာချုပ်စွမ်းအားက ပိုသိပ်သည်းသည်။ ပိုခိုင်မာသည်။ အစောပိုင်းဝိညာဉ်စာချုပ်သုံးခုပေါင်းစွမ်းအားထက် ပိုမြင့်မားသည်။
သားရဲထိန်းကျင့်စဉ်သည် လွယ်ရာမှ ခက်လာခြင်းဖြစ်သည်။ အစလွယ်သည်။ တစ်ဆင့်ပြီးတစ်ဆင့် ပိုခက်ခဲလာသည်။ ကျင့်ကြံပြီးသားနည်းလမ်းများကို နောက်တစ်ကြိမ်ထပ်ကျင့်ကြံရသည်။
ဒုက္ခများသည်ဟု သူမတွေးပါ။ သူ့တိုးတက်မှုကို သူခံစားမိသည်။ ယခု ကွန်မန်ဒါအဆင့်သားရဲများနှင့် စာချုပ်ချုပ်နိုင်ပြီဖြစ်သည်။
သို့သော် ထိုကိစ္စကို သူမစိုးရိမ်တော့။ သူ့အမြင်သည် အရင်ကနှင့်မတူတော့။ ကွန်မန်ဒါအဆင့်လောက်ကို သိပ်မမက်မောတော့။ မည်သို့ပင်ဆိုစေ အခြေခံမှစကျင့်ရလျှင်ပင် အချိန်အတော်ကြာဦးသည်။
“ဖုန်ချင်အန်း”
ချိုလွင်သည့်စကားသံ ပေါ်လာသည်။ နူးညံ့သည့်ခန္ဓာကိုယ်က သူ့ရင်ခွင်ထဲသို့ဝင်လာသည်။ သွယ်လျသည့်လက်နှစ်ဘက်က သူ့လည်ပင်းကို သိုင်းဖက်လာသည်။ သူ့မျက်နှာ အပြောင်းအလဲမရှိ။ ဇန်ကိုယ်တော်တစ်ပါး တရားကျင့်နေသလိုသာရှိသည်။