ယုဟွမ်သရဲနိုင်ငံသခင် ပြန်လာခြင်း
Vol. 7 Ch. 96
(ဒုတိယဝိညဉ်စာချုပ် - နန်းကော)
(အမျိုးအစား - မွေးရာပါ ယင်ဝိညာဉ်)
(ဗီဇ - ယင်၊ ကောင်းကင်၊ ဝိညာဉ်)
(စွမ်းရည် - မိုနာ့အဆင့်၊ ထိပ်တန်း)
(တိုက်ခိုက်စွမ်းအား - ဝိညာဉ်နိုးထခြင်း၊ ထိပ်တန်း)
နန်းကောကို သူတစ်ချက်ကြည့်သည်။ ဆောင်းရာသီကတည်းက ဘာအပြောင်းအလဲမှမရှိ။ စွမ်းရည်တော့ နည်းနည်းတိုးလာသည်။ နန်းကောပင် ထိုအဖြစ်ကို သတိပြုမိမည်မဟုတ်။ သူသာ သေချာမြင်ရသည်။
ဆောင်းရာသီတလျှောက် တောင်နက်မရနိုင်သည့် အရည်အသွေးမျိုးဖြစ်သည်။ တောင်နက်စွမ်းရည်သည် သခင်အဆင့်မှ မိုနာ့အဆင့်သို့ ရောက်မလာသေး။ နန်းကောနှင့်တောင်နက်အပေါ် သူဖြည့်ဆည်းခဲ့ပုံချင်းလည်း ထပ်တူမကျနိုင်။
သူ့အမြင်သူ ပြန်သုံးသပ်ကြည့်သည်။ သူ့သားရဲအဖေါ်မွန်များ၏ စွမ်းရည်နှင့်ပတ်သက်၍ သူအရမ်းစိတ်ပူစရာမလိုမှန်း သိလိုက်သည်။ အချိန်ယူ၍ တန်ဖိုးတစ်ခုပေးဆပ်လျှင် တိုးမြှင့်ပေးနိုင်သည်။ တစ်ခြားကိစ္စများကိုသာ သူအာရုံစိုက်ရမည်။
“ဖုန်ချင်အန်း၊ ငါအမထွက်သွားတာ အတော်ကြာပြီ”
ပုံမှန်အတိုင်း ဖက်လှဲတကင်း နေကြပြီးနောက် နန်းကောက သူ့ရင်ခွင်ထဲမှ ခေါင်းမော့ကြည့်သည်။ ချစ်စဖွယ်မျက်နှာက အလိုမကျဟန်ဖြင့် သူ့ကိုဂျီကျနေသည်။
“မင်းအမလား”
ရုတ်တရက်ကြောင်သွားပြီးနောက် သူရယ်မော၍ နှစ်သိမ့်လိုက်သည်။
“သိပ်မကြာတော့လောက်ပါဘူး။ သူပြန်လာရင် မင်းတို့ညီအမတွေ ပြန်ဆုံရမှာပါ”
“ဒါပေမယ့် သူပြန်လာရင်တောင် ငါနဲ့အကြာကြီးမနေဘူး။ သူဆီကို လာမလည်ရဘူးလို့လည်း ငါ့ကိုပြောထားတယ်။ ဖုန်ချင်အန်း၊ နင်ပဲ ငါ့အပေါ်အကောင်းဆုံးပါ”
ထိုသို့ပြောရင်း ကြောင်ပေါက်လေးတစ်ကောင်လို ရင်ခွင်ထဲ ခေါင်းဝင်တိုး၍ ပွတ်တိုက်နေသည်။ ထိုအပြုအမူမျိုးကို ဖုန်ချင်အန်း အသားကျနေပြီဖြစ်သည်။ သိပ်အရေးမစိုက်တော့။ သူစိတ်ထဲ နန်းကော၏အမအကြောင်း တွေးနေသည်။
“သူကဘာလို့ မင်းကို သူ့ဆီလာလည်ခွင့်မပေးတာလဲ”
သိချင်စိတ်ကြောင့် စိတ်ဝင်တစား သူမေးလိုက်သည်။ နန်းကောအမအကြောင်း သူသိပ်မသိ။ နန်းကောပြောသမျှ တစ်ပိုင်းတစ်စသာသိသည်။
“အန္တရာယ် အရမ်းများလို့ပါ”
“ဘာအန္တရာယ်လဲ။ မင်းအမက ဝိညာဉ်ရေစင်စမ်းချောင်းဘေးက သရဲဝိညာဉ်အားလုံးကိုတောင် ရှင်းပစ်နိုင်တာပဲ။ မင်းကိုလည်း ကာကွယ်နိုင်မှာပါ”
“ငါ့အမက အတော်စွမ်းအားကြီးပါတယ်။ ဒါပေမယ့် သူ့မှာလည်း ရန်သူတွေရှိတယ်။ ငါသူ့ဆီသွားရင် သူ့ကိုဒုက္ခပေးသလိုဖြစ်မှာ။ ငါက သူ့အားနည်းချက်ဖြစ်လာမှာ”
နန်းကော သူ့အစွမ်းသူ ကောင်းကောင်းနားလည်သည်။
“မင်းမှာ ခရမ်းဝတ်ရုံရှိတာပဲ မဟုတ်လား”
နန်းကောဝတ်ရုံကို လက်ဖြင့်ကိုင်ကြည့်လိုက်သည်။ ထိုဝတ်ရုံ၏ ကြောက်စရာအစွမ်းကို သူနားလည်သည်။ တောင်တန်းများကိုပင် ဖျက်ဆီးနိုင်သည့်ပစ္စည်းဖြစ်သည်။
“အဲလောက်နဲ့မရဘူး။ ငါ့အမရန်သူတွေက စွမ်းအားကြီးတယ်။ အင်အားလည်းများတယ်”
နန်းကော ခေါင်းခါသည်။
“မင်းအမက ဘာလုပ်တာလဲ။ ဘာလို့ဒီလောက်ရန်သူတွေအများကြီး ရှိနေတာလဲ”
“ငါ့အမက ယုဟွမ်သရဲနိုင်ငံရဲ့ အုပ်ချုပ်သူပါ”
ထိုနာမည်ကို ဖုန်ချင်အန်း တစ်ခါမှမကြားဖူး။ သို့သော် ‘အုပ်ချုပ်’သူဟု ပြောသဖြင့် နန်းကောအမ မည်မျှအဆင့်အတန်းမြင့်ကြောင်း သိသာသည်။
“ဒါဆို၊ မင်းအမရန်သူတွေကလည်း မြေအောက်ဘုံက တစ်ခြားသရဲနိုင်ငံတွေရဲ့ အုပ်ချုပ်သူတွေလား”
“အင်း”
သဘာဝကျပါသည်။ အုပ်ချုပ်သူတစ်ယောက်တွင် အားချိန်သိပ်မရှိနိုင်။
သို့သော် ထိုနိုင်ငံသခင်က သူ့ညီမကို ချစ်မြတ်နိုးပြီး အလိုလိုက်ထားသည်မှာ သိသာနေသည်။
“နန်းကော”
“အင်း”
နန်းကော ရင်ခွင်ထဲမှ ခေါင်းမော့ကြည့်သည်။
“မင်းအမပြန်လာလို့ ငါတို့နှစ်ယောက် အတူရှိနေတာတွေ့ရင် ငါ့ကို တိုက်ခိုက်လောက်သလား”
ထိုကိစ္စ သူစဉ်းစားဖို့လိုသည်။
အကယ်၍ သူအလွန်ချစ်သည့် ညီမတစ်ယောက်ကို ရုတ်တရက်ပေါ်လာသည့် သူစိမ်းကောင်လေးတစ်ယောက်က ခေါ်သွားပြီး ညတိုင်းဖက်လှဲတကင်း ပလူးပလဲနေကြာင်းသိရလျှင် သူ့ဓားကိုဆွဲထုတ်၍ တိုက်ခိုက်သာဖြစ်သည်။
“နင့်ကိုတွေ့တာနဲ့ ငါ့အမက ဘယ်တော့မှ ဒုက္ခပေးတော့မှာမဟုတ်ဘူး”
စကားသံက ယုံကြည်မှုအပြည့်ပါသည်။
“ဘာလို့လဲ”
ဖုန်ချင်အန်း နားမလည်။ သူ့ကိုယ်သူ ယုံကြည်မှုသိပ်မရှိ။ အပြည့်အဝ ပြောင်းလဲရသေးသည်မဟုတ်။ အပြည့်အဝ ပြောင်းလဲပြီးလျှင်တော့ သူ့ကိုယ်သူ ယုံကြည်မှုအပြည့်ရှိသည်။
“ငါသဘောကျတဲ့လူမှန်သမျှကို သူလည်း သေချာပေါက်သဘောကျမှာပါ”
နန်းကောက သူ့လည်ပင်းကို တင်းကြပ်စွာဖက်ထားသည်။ တစ်စုံတစ်ယောက်လုယူသွားမည်ကို စိုးရိမ်နေသယောင်ရှိသည်။
“အဲလိုလား”
ဖုန်ချင်အန်း အသံတိတ်သွားသည်။ သူ့ထံမှ နန်းကောလိုအပ်တာမှန်သမျှ ယူခွင့်ပြုထားသဖြင့် စိတ်အေးသွားသည်။ သူ့လက်ရှိအခြေခံစွမ်းအားနှင့် နန်းကောစွမ်းရည်ကို မည်မျှအတိုင်းအတာထိ မြှင့်တင်ပေးနိုင်မည်ကို သိချင်သည်။ မိုနာ့အဆင့်ပြီးလျှင် တစ်ခြားဘာရှိသေးသည်မသိ။
........................
နွေရာသီအပူချိန်က ပြင်းထန်သည်။ နွေလလယ်သို့ ရောက်လာသည်။
သူ့ဘေးပတ်လည်မှ အဝါရောင်အလင်း တဖြေးဖြေးပျောက်ကွယ်သွားသည်။ ပယင်ယောင်မျက်လုံးများကို ဖွင့်လိုက်သည်။ ခဏကြာပြီးနောက် အဝါရောင်အလင်းကို လုံးဝမတွေ့ရတော့။
ပဥ္စမဝိညာဉ်စာချုပ်။
ကျင့်စဉ်စွမ်းအားစုစည်းမှုက ဖြေးဖြေးမှန်မှန် သွားနေသည်။ အတွေးလွန်ခြင်း စိတ်မရှည်ခြင်းမျိုး မရှိတော့။ ယခုချိန်ထိ တတိယစာချုပ်ကိုပင် ချုပ်ဆိုနိုင်ခြင်းမရှိသေး။ အလျင်မလိုသေး၍လည်းဖြစ်သည်။ စာချုပ်ချုပ်ရမည့် သင့်တော်သည့်သားရဲအဖေါ် မတွေ့သေးသောကြေင့်လည်း ပါသည်။
အဓိကမစ်ရှင် ခြောက်ခုမြောက် ဝိညာဉ်စာချုပ် တည်ဆောက်ပြီးချိန်ထိ စောင့်ရမည်။ ကွန်မန်ဒါအဆင့်နှင့်အထက် တိုက်ခိုက်စွမ်းအားရှိသည့် သားရဲတစ်ကောင်နှင့် စာချုပ်ချုပ်ရမည်။ သို့မှာသာ ပြန်မွေးဖွား(ပြောင်းလဲ)ချိန် ရောက်လာမည်။
ယခု ဆဋ္ဌမစာချုပ်ပင် မတည်ဆောက်ရသေးသဖြင့် အလျင်လိုစရာလည်း အကြော်ငးမရှိ။
မြွေစိမ်းတောင်တန်းပေါ်မှ သတ္တဝါများကို တစ်ကောင်မကျန် သူကြည့်ပြီဖးြစ်သည်။ အတော်များများနှင့် ရင်းနှီးနေသည်။ သူနှင့်နည်းနည်းစိမ်းသည်မှာ ဝံပုလွေဖြူသခင်သာရှိသည်။
သို့သော်လည်း ပထမဆုံးဆုံတွေ့ချိန်၌သာဖြစ်သည်။ နောက်ရက်တွင် ဓားကိုင်၍ သူအလည်သွားသည်။ ဝံပုလွေဖြူက ချက်ချင်းရင်းနှီးမှုပြလာသည်။ ဝံပုလွေသခင်၏ ဇနီးက ပို၍ပင် စိတ်အားတက်ကြွသေးသည်။ သူဒုတိယအကြိမ် အလည်လာသည်ကို ဝမ်းပမ်းတသာ ကြိုဆိုကြသည်။
ထိုနေ့က သူမပြန်မီ ဝံပုလွေဖြူသခင်၏ဇနီးက နှစ်ငါးရာသက်တမ်းရှိသည့် ဝိညာဉ်သစ်သီးတစ်လုံး လက်ဆောင်ပေးသည်။ သူလက်ခံလိုက်သည်။ ထို့နောက် ထိုသစ်သီးကို ဝံပုလွေဖြူမလေးဆီ ပြန်ယူသွားရန် တောင်နက်ကိုပြောသည်။
ထိုအချိန်မှစ၍ တောင်နက်နှင့်ဝံပုလွဖြူမလေးတို့ လွတ်လပ်စွာတွေ့ခွင့်ရခဲ့သည်။ ဝံပုလွေဖြူသခင်ကလည်း မတားတော့။ အဖြူအနက် ဆန့်ကျင်ဘက်အရောင်ရှိသည့် ဝံပုလွေနှစ်ကောင် ရင်းနှီးလာသည်။ သူတို့၏ ကလူကျီစယ်သံများကြောင့် မြွေစိမ်းတောင်တန်း အသက်ဝင်လာသည်။
....................................
ဆောင်းဦးအစ။
ဖုန်ချင်အန်း ဇွဲကောင်းကောင်း ကျင့်ကဲံနေဆဲဖြစ်သည်။ သို့သော် သူ့အိမ်က ပို၍ခြောက်ကပ်လာသည်။ အချိန်အတော်များများ တစ်ယောက်တည်းနေရသည်။ သူ့ခန္ဓာကိုယ် ပိုသန်မာလာသည်ကို မြင်သဖြင့် သူ့မိဘများလည်း တစ်ကိုယ်တည်းနေသည်ကို စိတ်မပူကြတော့။
“ဆဋ္ဌမဝိညာဉ်စာချုပ် ပြည့်စုံခါနီးဖြစ်နေပြီ”
ကျင့်ကြံချိန်ပြီးသွားပြီးနောက် သူအတွေးနက်သွားသည်။ တတိယစာချုပ်ချုပ်နိုင်အောင် သူကြိုးစားရမည်။ သို့သော် ယခုထိ သင့်တော်သည့်သားရဲကို မရွေးချယ်ရသည်။
“ဖုန်ချင်အန်း”
ညာဉ့်နက်ပိုင်း လရောက်အောက်မှ နန်းကောက ခြေဗလာဖြင့် ရောက်လာသည်။ ထုံးစံအတိုင်း ပွေ့ကြဖက်ကြသည်။ ထိုသို့ မခွဲမခွာနိုင်ဖြစ်နေချိန်တွင် မြေအောက်ဘုံအက်ကြောင်းတစ်ဘက်၌ လေပြင်းတစ်ခု တိုက်ခတ်လာသည်ကို သူတို့မသိကြ။
ကောင်းကင်ဖုံးမတတ် ရှိနေသည့် တောက်ပသည့်အနက်ရောင်တောင်ပံတစ်စုံကြောင့် လေပြင်းများ ရုန်းကြွလှုပ်ရှားလာသည်။ ရှည်လျားသည့် အမွှေးအတောင်များ လေထဲတွင် တဖျတ်ဖျတ်ခါနေသည်။ သူဖြတ်သွားရာ ကောင်းကင်လျှောက် ယင်စွမ်းအင်များ ပြည့်နေသည်။
ဖီးနစ်ငှက်လိုထည်ဝါခံ့ညားသည့် ထိုသတ္တဝါ၏ ကျောကုန်းပေါ်တွင် အရပ်မြင့်မြင့်ခန္ဓာကိုယ်သွယ်လျသည့် လူတစ်ယောက် ရှိနေသည်။ တောင်ပံအောက်မှ တိတ်ဆတ်နေသည့် တောင်တန်းများ လွင်ပြင်များကို ငုံ့ကြည့်နေသည်။ အေးစက်စက်သူ့မျက်လုံးတွင် မျှော်လင့်ချက်အရိပ်သန်းနေသည်။
‘ငါပြန်မလာဖြစ်တာကြာပြီ။ ငါ့ညီမလေး အဆင်ရောပြောရဲ့လား’