မဟာအခွင့်အရေး
Vol. 7 Ch. 97
“နွေဦးသစ်တောများ စွဲမက်ဖွယ်ပန်းတွေ ပြည့်နေတာ။ နွေဦးငှက်များ ဝမ်းနည်းသံစဉ် သယ်ယူလာ။ နွေဦးလေပြေက အဖေါ်မွန်ပါ လွင့်မျောနေတဲ့ ငါ့ဝတ်ရုံကို ပွတ်တိုက်ကျီစယ်ကာ....”
အာရုဏ်ချိန်နီးလာသည်။ မိန်းကလေးငယ်တစ်ယောက် ဤသီချင်းကို ဆိုနေသည်။ နောက်ဆုံးလရောင်အလင်းအောက်တွင် လူသားကမ္ဘာမှခွာ၍ အက်ကြောင်းကိုဖြတ်ကာ မြေအောက်ဘုံသို့ ပြန်သွားသည်။ တိတ်ဆိတ်သည့်နယ်မြေသို့ ပြန်ရောက်သည်နှင့် သာယာသည့်သီချင်းသံကို ကြားလိုက်ရသဖြင့် သူခြေလှမ်းရပ်သွားသည်။
“မမ”
ဝိညာဉ်ရေစင်စမ်းချောင်းဘေးတွင် အရပ်မြင့်မြင့်မိန်းကလေးတစ်ယောက် ရှိနေသည်။ သံချပ်ကာဝတ်ထားသည့် သူ့ပုခုံးပေါ်တွင် လှပသည့် အနက်ရောင်ဖီးနစ်ငှက်တစ်ကောင် အတောင်ဖြတ့်ခါလျက် ရှိနေသည်။ ထိုမိန်းကလေးခန္ဓာကိုယ် ရပ်တန့်သွားသည်။ ဖယောင်းရုပ်လေးတစ်ခုနှင့် တူသည်
“ပြန်လာပြီပေါ့။ လူသားကမ္ဘာမှာ ပျော်ခဲ့ရဲ့လား”
သံချပ်ကာဝတ်မိန်းကလေး လှည့်ကြည့်လာသည်။ စူးရှသည့်မျက်လုံးများ နီရဲသည့်နှုတ်ခမ်းများက ဖြောင့်စင်းပေါ်လွင့်သည့် နှာတံအလှနှင့် ပနာရနေသည်။ အသွင်အပြင်က ဓားတစ်စင်းပမာ ထက်မြက်သည်။ မိန်းမဆန်သည့် နူးညံ့ခြင်းမျိုး မရှိ။ သူရဲကောင်းဟန်ပန်လွှမ်းခြုံနေသည်။
ငွေရောင်သံချပ်ကာက တလက်လက်တောက်ပနေသည်။ ကြီးမားသည့် ဝတ်ရုံက အပြင်ဘက်တွင် အနက်ရောင်ဖြစ်၍ အတွင်းဘက်တွင်အနီရောင်ဖြစ်သည်။ ယင်လေပြင်းများ တိုက်ခတ်နေသည်။ သွေးနီရောင်လှိုင်းများ ပေါ်လာသည်။ လူသတ်ရိပ်များ ကောင်းကင်သို့ ထိုးထွက်လာသည်။ ကွင်းပြင်ထဲတွင် ပျံ့နှံ့သွားသည်။ ထက်မြက်သည့် သူ့ဟန်ပန် ပေါ်လာသည်။
မျက်လုံးများက ပင်ကိုယ်ဩဇာရိပ်လွှမ်းသည်။ အကြည့်စူးရှသည်။ ပြတ်သားသည့်သွင်ပြင်ရျိသည်။ သာမန်သရဲဝိညာဉ်သတ္တဝါများ သူ့အကြည့်အောက်တွင် ချက်ချင်းအငွေ့ပျံပျောက်ကွယ်သွားနိုင်သည်။
သို့သော် နန်းကောကိုမြင်သည်နှင့် ထိုအကြည့်များက ပျော့ပျောင်းသွားသည်။ လူသတ်စွမ်းအင်ရောင်က နန်းကောအတွက် လေပြေလေညှင်းနှင့်မခြားတော့။
လူသားကမ္ဘာနှင့် ကူးချည်သန်းချည်သွားနေသည့်အဖြစ်ကို သူ့အမက ရိပ်မိသွားသဖြင့် သူနည်းနည်းစိတ်မသက်မသာဖြစ်နေသည်။
“ပျော်ခဲ့ပါတယ်”
နန်းကောအသံက ခြင်ညည်းသံလောက်သာ ထွက်လာသည်။ ခုနက ဖုန်ချင်အန်းကို ကတိများပေးခဲ့သော်လည်း
ယခု သူ့အမရှေ့ရောက်နေချိန်တွင် သူ့စိတ်ထဲ မသေချာမှုများ နောင်တများ ပြည့်နေသည်။
“ပျော်ခဲ့တယ်ဆိုရင် ပြီးတာပဲ။ လာပါဦး၊ မင်းကိုယ်ပေါ်က လူသားနံ့ ဘယ်ကရလာတာလဲဆိုတာ ပြောပြပါဦး”
နန်းကော ရင်ထိတ်သွားသည်သွားသည်။ အချိန်ကို တတ်နိုင်သမျှဆွဲဆန့်ရန် ခြေလှမ်းစိပ်စိပ် တစ်လှမ်းချင်း ဖြေးဖြေးလှမ်းသည်။
သူ့အမက အလျင်လိုဟန်မရျိ။ ငြိမ်သက်စွာ စိုက်ကြည့်နေသည်။
ခြေလှမ်းမည်မျှနှေးသော်လည်း ကြားအကွာအဝေးက တိုတောင်းသည်။ ကြာချိန်က အကန့်အသတ်ရှိသည်။ ဝိညာဉ်ရေစင်စမ်းချောင်းဘေးသို့ ရောက်လာသည်။ သူ့အမနှင့် မျက်နှာချင်းဆိုင်ရသည်။
“မင်းအရွယ်ရောက်လာပြီပဲ နန်းကော”
ပါးနှစ်ဘက်နီရဲနေသည့် နန်းကောကို ငြိမ်သက်စွာ စိုက်ကြည့်ရင်းမှ အေးစက်စက်စကားသံ ပျံ့လွင်လ့ာသည်။ ထိုစကားလုံးများ၏ အတိမ်အနက်ကို နန်းကော မခန့်မှန်းနိုင်။
‘အမ”
သူ့ခေါင်းမော့ကြည့်၍ မရဲတရဲခေါ်လိုက်သည်။ မျက်လုံးများက ယုန်သူငယ်လို အပြစ်ကင်း၍ ကြည်လင်နေသည်။
“ဘာမှ စိုးရိမ်နေစရာမလိုပါဘူး။ ငါမင်းကို အပြစ်မတင်ဘူး။ နင်က ငါ့ရဲ့တစ်ဦးတည်းသော ညီမပဲ။ နင်လုပ်သမျှအားလုံးကို ငါခွင့်လွှတ်တယ်။ အကျိုးဆက်အားလုံးကိုလည်း တာဝန်ယူတယ်”
အသံက အေးစက်နေဆဲ။ သို့သော် နန်းကော ချက်ချင်းစိတ်သက်သာရာရသွားသည်။ သူ့အမရင်ခွင်ထဲသို့ ပျော်ရွှင်စွာ ပြေးဝင်လိုက်သည်။ အေးစက်သည့်ငွေသံချပ်ကာ စည်းခြားထားသော်လည်း သူ့အမထံမှ နွေးထွေးမှုကို ခံစားရသည်။
“အမ”
“နန်ကော”
နန်းကောကို ပွေ့ဖက်ထားရင်းမှ ထိုမိန်းကလေးမျက်လုံးများ ပို၍ပင်အေးစက်လာသည်။ သူ့ညီမထံတွင် စွဲထင်နေသည့် လူသားနံ့က ပြင်းထန်လွန်းသည်။
တစ်ကိုယ်လုံး ပျံ့နှံ့နေသည်။ တော်ရုံနှင့် လွင့်ပြယ်မည့်ဟန်မရှိ။ နန်းကော၏ ကိုယ်ပိုင်ရနံ့နှင့် ပေါင်းစပ်နေသယောင်ရှိသည်။
ခဏကြာပြီးနောက် နန်းကော၏ဝတ်ရုံ အရောင်မှိန်သွားပြီး အဆုံးစမဲ့ကျယ်ပြန်သည့် ခရမ်းအလင်းတောအုပ်အဖြစ် အသွင်ပြောင်းသွားသည်။ သူ့အမလည်း သံချပ်ကာချွတ်လိုက်သည်။ သံချပ်ကာချွတ်သည်နှင့် ငွေရောင်အလင်းများစွာ ပေါင်းစပ်သွားပြီး ငွေရောင်ငှက်အသွင်သို့ ပြောင်းသွားသည်။ အတောင်ကိုခတ်လျက် ကောင်းကင်အမြင့်သို့ ပျံတက်၍ မြေအောက်ဖီးနစ်ငှက်နှင့် တွန်းထိုးကျီစယ် ဆော့ကစားနေသည်။
သို့သော် ထိုမြင်ကွင်းမျိုး သူ့အမက နေသားကျနေဟန်ရှိသည်။ လုံးဝအရေးမစိုက်။ အတူရှိနေသည့်အခိုက် အဝတ်ပါးကိုယ်စီဖြင့် ဝိညာဉ်သန့်စင်ရေကန်ထဲသို့ ခြေချလိုက်ကြသည်။
“နန်းကော၊ မင်းလည်း မင်းကိုယ်ပိုင်ရွေးချယ်မှုတွေရှိတယ်။ ငါဝင်မစွက်ဘူး။ ဒါပေမယ့် အမတစ်ယောက်အနေနဲ့ လူသားကမ္ဘာက မင်းရည်းစားရဲ့အဆင့်အတန်းကိုတော့ ငါသိသင့်တယ်မဟုတ်လား”
“အမ”
နန်းကော နူးညံ့သည့် သက်ပြင်းသဲ့သဲ့ချသည်။ သက်ပြင်းချသံသည် မည်သူ့အရိုးကိုမဆို အရည်ပျော်ကျစေနိုသည်။ သို့သော် ကျောက်စိမ်းလိုကြည်လင်သည့် အသားအရေပိုင်ရှင် အရပ်မြင့်မြင့်မိန်းမလှက တုန်လှုပ်သွားသည်။ခြင်းမရှိ။
“ဘာလဲ၊ ငါ့ခန့်မှန်းချက်မှားသွားလို့လား။ နင်သူ့ကို ဒီအထိတောင်ခေါ်လာပြီး ဝိညာဉ်စမ်းချောင်းထဲမှာတောင် ရေဆင်းချိုးခိုင်းတယ်လေ။ သူက နင့်ရည်းစားမဟုတ်ဘူးလား”
“ပထမဆုံးတစ်ကြိမ်က သူ့ဘာသာ ကျူးကျော်တင်လာတာပါ။ ငါက မေးခွန်းတစ်ခုပဲ မေးလိုက်တာ။ ငါ့စကားအတိုင်း သူကစမ်းချောင်းထဲကို ခြေထောက်နှစ်လိုက်တယ်”
“ဒါဆိုသူက အတော်ဆင်ခြင်ဉာဏ်နည်းတဲ့ပုံပဲ”
မိန်းမလှမျက်လုံးမှ ခံစားချက်အရိပ်များ ပိုနက်ရှိုင်းလာသည်။
“ဒါပေမယ့် သူကအတော်စိတ်ဝင်စားစရာကောင်းတယ်။ ပြီးတော့..”
နန်းကော စကားကို ခဏရပ်ထားသည်။
“ပြီတော့ ဘာလဲ”
မိန်းမလှက သူ့လက်ကိုတွယ်ဖက်ရန်း ပဟေဠိလုပ်နေသည့် သူ့ညီမကို ငုံ့ကြည့်လိုက်သည်။
“အမ၊ ကျွန်မပြောင်းလဲသွားတာကို သတိမထားမိဘူးလား”
“ပြောင်းလဲတယ်”
မိန်းမလှမျက်လုံးများ အရောင်တောက်လာသည်။ သူ့ညီမကို ခြေဆုံးခေါင်းဆုံး အကဲခတ်လိုက်သည်။ လူသားနံ့မွှန်ထူနေသည်မှလွဲ၍ ဘာပြောင်းလဲစရာရှိသည်မသိ။
“နင့်ရဲ့မူလရင်းမြစ်...”
မိန်းမလှ၏ ရေခဲမျက်နှာတွင် စိတ်လှုပ်ရှားသည့်အရိပ်များ ပေါ်လာသည်။ သူ့ကို သူရဲဘုရင်ကိုးယောက် ပိတ်ဆို့တိုက်ခိုက်ခဲ့စဉ်ကပင် ထိုမျှလောက်စိတ်မလှုပ်ရှားခဲ့။
ထိုဘုရင်များက မလောက်လေးမလောက်စားများဖြစ်သည်။ ကြောက်စရာမကြောင်းမရှိ။ ဓားဖြင့် တစ်ယောက်ချင်းသတ်ပစ်နိုင်သည်။
“တစ်ချို့တစ်ဝက် ပြန်အားဖြည့်နိုင်ပြီ”
နန်းကော ရှက်ပြုံးပြုံး၍ ပြောသည်။ သွယ်လျသည့်လက်ဖြင့် အနည်းငယ်မို့မောက်နေသည့် သူ့ရင်ဘတ်ကို ညင်သာစွာဖိလိုက်သည်။ ကိုယ်ထဲမှအပြောင်းအလဲကို သူခံစားနိုင်သည်။ သူ့ခန္ဓာကိုယ်ကို သူ့ထက်ဘယ်သူမှ ပိုနားမလည်နိုင်ပေ။
လူသားကမ္ဘာမှ နည်းလမ်းများအကြောင်းသူသိသည်။ မဟုတ်လျှင် မိန်းကလေးသိက္ခာအကျခံ၍ ဖုန်ချင်အန်းနှင့် တစ်ညလုံးကစားနေမည်မဟုတ်။ သို့သော် ထိုကိစ္စများအတွက်လည်း သူတစ်ခါမှ စိတ်မပူဖူးပါ။
“အဲဒါ လူသားကမ္ဘာမှာ မင်းသွားတွေ့နေတဲ့ရည်းစားလား”
“အင်း”
ယုဟွမ်နိုင်ငံသခင်မ နားလည်လာသည်။ သူ့ညီမကို သူအစိုးရိမ်လွန်သွားခဲ့သည်။ အရေးကြီးသည့်အချက်ကို သူသတိမထားမိ။ ထို့ကြောင့် လက်ကိုဆန့်ထုတ်လိုက်သည်။ ဘာကိုမှ မဖမ်းဆုပ်မိ။ မမြင်နိုင်သည့် စမ်းချောင်းဘေးတွင် ပြန့်ကျဲနေသည့် ဝိညာဉ်စွမ်းအင်တစ်ချို့ သူ့လက်ဝါးထဲသို့ စုဝေးလာသည်။
ဤနေရာတွင် ဖုန်ချင်အန်း ချန်ခဲ့သည့် သဲလွန်စအားလုံး သူ့ထိန်းချုပ်မှုအောက်သို့ ရောက်လာသည်။ နန်းကောခန္ဓာကိုယ်ပင် မလွတ်။ သူ့ကိုယ်ထဲမှ မမြင်နိုင်သည့်ကြိုးတစ်ချောင်းက သူ့အမလက်ဝါးထဲသို့ ရောက်သွားသည်။
“တပြိုင်ဘက်ကင်းပါရမီရှင်ပဲ”
မျက်လုံးကိုမှိတ်ထားရင်း ယုဟွမ်သခင်မ အာရုံအသစ်ကို ခံစားမိသည်။ ခဏကြာပြီးနောက် သူမျက်လုံးဖွင့်လိုက်သည်။ မျက်လုံးမှ ကြယ်အလင်းများ ထိုးထွက်လာသည်။လာသည်။ ပတ်ဝန်းကျင်တစ်ခုလုံး လင်းထိန်သွားသည်။ ထို့နောက် အားလုံး ပုံမှန်ပြန်ဖြစ်သွားသည်။
သူနားလည်လာသည်။ သေမျိုးကမ္ဘာမှ ဤနေရာထိ ကျူးကျော်လာနိုင်သူသည် သာမန်လူမဟုတ်နိုင်။ ကောင်းကင်တွန်းလှန်၍ ကံကြမ္မာကို ပြောင်းလဲနိုင်သည် ပြိုင်ဘက်ကင်း ပါရမီရှင်သာဖြစ်သည်။
သူမေ့လျော့နေပြီဖြစ်သည်။ ထိုလူမျိုးကို ဤမြေအောက်ဘုံတွင် ဘယ်လောက်ကြာအောင် သူရှာနေခဲ့သည်မသိ။ သူသတ်ခဲ့သည့် သရဲဘုရင်များပင် မနည်းတော့။ သို့သော် သူ့အတွက် လိုအပ်နေသည့် မူလစွမ်းအင်ရင်းမြစ်ကို တစ်ခါမှ အားပြန်မဖြည့်နိုင်ခဲ့။
ယခု သူ့ညီမက ထိုသို့လုပ်နိုင်ခဲ့သည်။