ချမ်းသာခြင်း ရက်ရောခြင်း
Vol. 7 Ch. 98
“အမ”
နန်းကော ညင်သာစွာ ခေါ်လိုက်သည်။ သူ့မျက်လုံးတွင် မျှော်လင့်ရိပ်တစ်ချို့ ပေါ်နေသည််။
“နန်းကော၊ ငါတို့က ညီအမတွေမဟုတ်လား”
ယုဟွမ်သခင်မက နန်းကောကို စိုက်ကြည့်သည်။
“အမဘာလို့ အဲလိုမေးတာလဲ။ ကျွန်မတို့က မွေးကတည်းက ညီအမတွေပဲလေ”
နန်းကော နားမလည်ဟန်ဖြင့် မျက်မှောင်ကျုံ့၍မေးသည်။
“ဟုတ်တယ်၊ ငါတို့က ကံကြမ္မာဆက်စပ်နေတဲ့ ညီအမတွေပဲ”
ယုဟွမ်သခင်မ ခေါင်းငြိမ့်သည်။ လက်ကိုမြှောက်၍ နန်းကော၏ဆံပင်နက်များကို ညင်သာစွာထိသည်။ မျက်လုံးတွင် တွေးဆချင့်ချိန်နေသည့် အရိပ်များပေါ်နေသည်။
သူနှင့်နန်းကောသည် မွေးရာပါရင်းမြစ်ချင်း တူညီသည်။ ဖြစ်တည်မှုတစ်ခုတည်းမှ ပေါက်ဖွားလာသည်။ သို့သော် ဤဖြစ်တည်မျိုး မဖြစ်ခဲ့သင့်။ သူ သို့မဟုတ် နန်းကောတစ်ယောက်တည်း မသေမျိုးအဖြစ် မွေးဖွားလာခဲ့မည်ဖြစ်သည်။ သူက အရင်မွေးဖွားလာသည်။ နန်းကောကို ဝါမျိုး၍ လစ်ဟာနေသည့် မွေးရာပါရင်းမြစ်ကို အားဖြည့်ရန် ရွေးချယ်နိုင်ခဲ့ပါသည်။
(**အတိတ်ဘတုန်းက သူတို့ဖခင် မသေမျိုးစွမ်းအားရှင်က ညီအမနှစ်ယောက်အတွက် အသက်ဓာတ်ထိန်းတဲ့ ရတနာတစ်မျိုးစီ ဖန်တီးပေးခဲ့ပါတယ်။ သူတို့နှစ်ယောက် မသေမျိုးဖြစ်ပြီးစမှာ ကပ်ဆိုးတစ်ခုကြောင့် သေခဲ့ကြတယ်။ နန်းကောရဲ့ အသက်ဓာတ်ထိန်းဝိညာဉ်ရတနာက ပျက်စီးသွားတယ်။ ဒါကြောင့်မို့ ဝိညာဉ်ရတနာတစ်ခုကို နှစ်ယောက်မျှသုံးထားရလို့ မူလရင်းမြစ်စွမ်းအင် လစ်ဟာနေတာပါ)
သို့သော် သူမလုပ်ခဲ့။ ခက်ခဲသည့်လမ်းကို ရွေးချယ်ခဲ့သည်။ ဤကမ္ဘာတွင် ရင်းမြစ်စွမ်းအင် အစားထိုးဖြည့်ဆည်းစရာတစ်ခုခု ရှာတွေ့မည်ဟု သူယုံကြည်ခဲ့သည်။ မမွေးဖွားသေးသည့် သူ့ညီမဝိညာဉ်ကို မစားရက်ခဲ့။
သူ့ဆုံးဖြတ်ချက်သည် မမှား။ ဤကမ္ဘာတွင် ထိုကဲ့သို့အရာများ တကယ်ရှိသည်။ သို့သော် သူရှာမတွေ့ခဲ့။ အရိပ်အယောင်ပင်မတွေ့။
ယခု မမျှော်လင့်ပဲ သူ့ထက်မွေးရာပါရင်းမြစ်စွမ်းအင်အားနည်းသည့် နန်းကောက သူဖန်တီးထားသည့် အထီးကျန်နေရာတစ်ခုတွင် ထိုင်နေရင်းမှ သူလက်လှမ်းမမီတော့ဟု တွေးထားသည့်အရာကို ရှာတွေ့ခဲ့သည်။
တစ်ခြားလူများ ပင်ပင်ပန်းပန်းရှာဖွေရသည့်အရာကို အားအင်မစိုက်ထုတ်ရဘဲ ရလာခြင်းဖြစ်သည်။
သူက အရင်မွေးဖွားလာပြီး နောက်မှမွေးဖွားသည့် သူ့ညီမက ပိုကံကောင်းသည်။
ယခု ယုဟွမ်သခင်မအဖြစ် ရှိနေသော်လည်း သူ့စိတ်များ ယိမ်းယိုင်လာမိသည်။ လက်ရှိသူ့စွမ်းအားကို ရထားသည်မှာ အတော်ကြာခဲ့ပြီဖြစ်သော်လည်း ယနေ့အထိ စွမ်းအားထပ်တိုးမလာသေး။
အချိန်အတောကြာအောင် အဆင့်မတက်နိုင်ခဲ့။
သာမန်သရဲဝိညာဉ်များကျင့်ကြံသည့်လမ်းကြောင်းက သူနှင့်မကိုက်ညီ။ ကြမ်းတမ်းသည့် ကောင်းကင်ဆင်းရဲများ သူဖြတ်ကျော်ခဲ့သည်။ သို့သော် တစ်ခြားနိုင်ငံမှ သရဲဘုရင်များလို သရဲမသေမျိုးအဖြစ် မတက်လှမ်းနိုင်သေး။
အကြီးမားဆုံးပြဿနာက မွေးရာပါရင်းမြစ်စွမ်းအင် ချိုယွင်းနေခြင်းဖြစ်သည်။ မွေးရာပါစွမ်းအင်သန္ဓေစစ်ကို အလွယ်တကူ ပြန်အားဖြည့်နိုင်သည်မဟုတ်။ ရင်းမြစ်တစ်ခုကသာ ရင်းမြစ်တစ်ခုကို အားဖြည့်ပေးနိုင်သည်။ တူရာတူရာသာ ပံ့ပိုးနိုင်ကြသည်။
သူ့ညီမကိုစိုက်ကြည့်ရင်း တစ်ချိန်က နူးညံ့သည့်မိန်းမငယ်လေး၏ပုံရိပ်ကို ပြန်မြင်ရောင်မိသည်။
ထိုစဉ် ရုတ်တရက် တစ်စုံတစ်ခုကို အာရုံခံမိဟန်ဖြင့် နန်းကော၏မေးစေ့ကို သူ့လက်ဖြင့်ကိုင်လိုက်သည်။ သွယ်လာသည့် သူ့လက်ချောင်းက နန်းကော၏ နီရဲသည့်နှုတ်ခမ်းနှစ်လွှာကို ထိလိုက်သည်။
နန်းကော မျက်လုံးပြူးသွားသည်။ ကြောက်ပေါက်တစ်ကောင်ပမာ လန့်ဖြတ်သွားသည်။ ယုဟွမ်သခင်မ၏ အေးစက်စက်မျက်နှာက သူ့မျက်လုံးတွင် ပုံရိပ်ထင်နေသည်။ သူ့အမလက်ချောင်းက တစ်စုံတစ်ခုကို အာရုံခံမိဟန်ဖြင့် ငြင်သာစွာ လှုပ်ရှားနေသည်။
တွေးဆနေသည့် သူ့အမမျက်နှာကိုကြည့်၍ နန်းကော ဂဏာမငြိမ်ဖြစ်လာသည်။ တစ်စုံတစ်ခု ရိပ်မိသွားမည်ကို စိုးရိမ်သည်။ ခံစားချက်များ ရှုပ်ယှက်ခတ်နေသည်။
“နန်းကော”
နန်းကော နည်းနည်းအမူအရာပျက်သွားသည်။
“သေမျိုးဘုံမှာ မင်းဘာကိုအရသခံခဲ့တာလဲ”
နန်းကောမျက်နှာ နီရဲသွားသည်။ ရှင်းပြရန် စကားလုံးရှာမရ။
သို့သော် တိတ်ဆိတ်ခြင်းကပင် အဖြေဖြစ်သည်။ ယုဟွမ်သခင်မ သဘောပေါက်လိုက်သည်။
“ဟား”
ရုတ်တရက် အေးစက်စက်မျက်နှာအောက်မှ ပျော်ရွှင်စိတ်လှုပ်ရှားမှုအရိပ် ပေါ်လာသည်။
ရင်းမြစ်စွမ်းအင်တစ်ခုရှိကြောင်း သူခံစားမိခဲ့သည်။ ယခု ရှာတွေ့ပြီဖြစ်သည်။ နန်းကောလက်ခံရခြင်းဖြစ်သော်လည်း သူတို့နှစ်ယောက် ဖြစ်တည်မှုက ခြားနားလိမ့်မည်မဟတု်။
“နန်းကော”
“ဘာလဲအမ”
နန်းကော အလိုလို နောက်ဆုတ်သွားသည်။ ပို၍ဂဏာမငြိမ်ဖြစ်လာသည်။ ဖုန်ချင်အန်း၏ဖြစ်တည်မှုကို သူ့အမမသိအောင် ဖုံးကွယ်ထားနိုင်မည်မထင်။
မနက်ဖြန် နေဝင်ပြီးရင် မင်းရည်းစားဆီ ငါတစ်ယောက်တည်း သွားလည်မယ်။ မင်းဒီမှာနေခဲ့ပါ”
“အမ၊ ကျွန်မ ဘာလို့လိုက်လို့မရတာလဲ”
မကောင်းသည့်နိမိတ်ကို သူကြိုတင်ခံစားနေရသည်။
“မင်းအကြောင်းကို ငါသူနဲ့ နှစ်ယောက်တည်း ပြောချင်တယ်။ မင်းရှိနေရင် တစ်ချို့အရာတွေက ပြောလို့အဆင်မပြေဘူး”
နန်းကော မငြင်းနိုင်သည့်အကြောင်းပြချက်ကို သူပေးသည်။
သူ့အမနှင့် ဖုန်ချင်အန်း တွေ့ကြမည့်အဖြစ်ကို နန်းကော လုံးဝအလိုမကျ။ သို့သော် တားမရနိုင်မှန်းလည်းသိသည်။ သူအတူလိုက်သွားချင်မိသည်။
ရှုပ်ထွေးနေသည့် နန်းကောခံစားချက်များက ဝိညာဉ်စာချုပ်မှတ်တစ်ဆင့် ဖုန်ချင်အန်းအန်းဆီ ရောက်သွားသည်။ သူသိပ်အထင်မကြီးခဲ့သည့် နတ်ဘုရားပို့လွှတ်ခြင်းစွမ်းအင်နှင့် အတော်အသားကျနေပြီဖြစ်သည်။
အံ့ဖွယ်မြင်ကွင်းကြောင့် ဖုန်ချင်အန်း အံ့အားသင့်သွားသည်။ ထိုနေရာသည် လူသားကမ္ဘာမဟုတ်။
“စိတ်ဝင်စားစရာပဲ”
ထိုခဏမှာပင် မခိုးမခန့် အေးစက်စက်စကားသံကို သူကြားလိုက်ရသည်။ သူ့အာရုံတွင် တင်းမာသည့်မျက်နှာထားနှင့် မိန်းကလေးတစ်ယောက်ကို မြင်ရသည်။ စူးရှသည့် သူ့မျက်လုံးများကို နန်းကောအာရုံမှတစ်ဆင့် သူမြင်နေရသည်။
“ဖုန်ချင်အန်း၊ အာရုံထဲမလာနဲ့။ အဲဒါငါ့အမပဲ”
နန်းကော အရေးတကြီးသတိပေးသည့် စကားသံ သူ့အာရုံတွင်ပေါ်လာသည်။
“ဟာ ပြဿနာပဲ”
ဖုန်ချင်အန်း အန္တရာယ်ကို သိလိုက်ချိန်တွင် ယုဟွမ်သခင်မက လက်ကိုဆန့်ထုတ်၍ လက်ညှိုးဖြင့်ချိန်ရွယ်လိုက်သည်။
“ဝုန်း”
ကြည်လင်ပြတ်သားသည့် နတ်ဘုရားပို့လွှတ်ခြင်းစွမ်းရည် ချက်ချင်းနှောက်ယှက်ခံလိုက်ရသည်။ နန်းကောအာရုံကို သူမမြင်ရတော့။ သူ့မျက်နှာ လေးနက်တည်ကြည်သွားသည်။ အန္တရာယ်ကို နားလည်လိုက်သည်။
တစ်ချိန်က တောင်နန်းနတ်ဘုရားသည် ဝိညာဉ်စာချုပ်မှတစ်ဆင့် နတ်ဘုရားပို့လွှတ်ခြင်းစွမ်းရည်ကို အသုံးပြုနေကြောင်း အာရုံခံနိုင်သည်။ ခုနက သူမြင်လိုက်သည့် မိန်းမလှလည်း ထိုသို့ပင်ဖြစ်သည်။
တောင်တန်းနတ်ဘုရားနှင့် တန်းတူအဆင့်တော့ အနည်းဆုံးရှိမ်ည။
တောင်တန်းပေါ်သွားမည့် သူ့အစီအစဉ်ကို ချက်ချင်းဖျက်သိမ်းလိုက်သည်။ သူ့အကိုပေးခဲ့သည့်ဓားရှည်ကို လက်ထဲတွင် ခပ်တင်းတင်းဆုပ်ကိုင်ထားသည်။
ထိုဓားကို တောင်တန်းနတ်ဘုရား သတိထားမှန်း သူသိသည်။ ထို့ကြောင့် ဓားကိုဆွဲမထုတ်နိုင်သော်လည်း ထိုဓားရှိနေလျှင် နည်းနည်းအားတက်သည်။
အခန်းထဲ မျက်လုံးဝေ့ကြည့်လိုက်သည်။ ရွှေရောင်အလင်းများက နေရာအနှံ့ဖုံးလွှမ်းနေသည်။
လုံခြုံသလို သူခံစားရသည်။
ဤနေရာသည် သူ့အတွက် အလုံခြုံဆုံးဖြစ်သည်။
အပြင်ထွက်ဖို့ စိတ်မကူးတော့။
................
ဝိညာဉ်ရေစင်စမ်းချောင်းဘေးတွင်ဖြစ်သည်။
“နင်သူနဲ့ အတော်ရင်းနှီးနေပြီလား”
နန်းကောနဖူးပြင်မှ လက်ချောင်းကို ပြန်ရုတ်သိမ်း၍ ယုဟွမ်သခင်မက လေသံပျော့ဖြင့်မေးသည်။
“အမစိတ်မဆိုးဘူးပေါ့”
သူ့အမအမူအရာကို နန်းကောသေချာအကဲခတ်သည်။ သူ့အမသည် တစ်ချို့ကိစ္စများတွင် စိတ်ခံစားလွယ်ကြောင်း ပြန်သတိရလာသည်။
ယခုထက် ပိုသဘောထားနူးညံ့သေးသည့် တစ်ချိန်က အဆင့်မြင့်သရဲဘုရင်တစ်ယောက် သူ့အမကို ပိုးပန်းဖူးသည်။ ထိုသရဲဘုရင် နေရာတင် အသေရိုက်သတ်ခံရသည်။
“ဘာလို့ငါက စိတ်ဆိုးရမှာလဲ”
ယုဟွမ်သခင်မနှုတ်ခမ်းထောင့်တွင် အပြုံးတစ်ပွင့်ပေါ်လာသည်။ သို့သော် စိတ်ထဲတွင် ဖုန်ချင်အန်းအပေါ် တန်ဖိုးတစ်ခုထပ်တိုး၍ အကဲဖြတ်မိလာသည်။ ထိုလူနှင့်ပင် သူမတွေ့ရသေး။ စိတ်ဝင်စားစရာကောင်းသည်။ သာမန်မဟုတ်။ သာမန်မဟုတ်သည့် နောက်ခံရှိသူဖြစ်မည်။
သို့သော် ထိုသို့ဖြစ်နေသည်မှာ ဆန်းတော့မဆန်းလှ။
**********************************************