မိုးမြေသန္ဓေ
Vol. 7 Ch. 100
ဘရိုကိတ်ကြက်ဖ အဘယ်ကြောင့် ယနေ့ ဟန်ဆောင်ပန်ဆောင်လုပ်မနေဘဲ နံရံအက်ကြောင်းကြားထဲသို့ ခေါင်းဝှက်ထားသည်ကို ဖုန်ချင်အန်း သိပါသည်။ ဖြစ်နိုင်လျှင် သူလည်း ထိုသို့နေလိုက်ချင်သည်။
တောင်တန်းနတ်ဘုရားနှင့် တန်းတူစွမ်းအားရှိသည့် မိုနာ့အဆင့်နှစ်ယောက် ရောက်လာခြင်းကြောင့်ဖြစ်သည်။
သို့သော် တောင်တန်းနတ်ဘုရားလို မြွေစိမ်းတောင်တန်းပေါ် သီးခြားနေသည်မဟုတ်။ မြေအောက်လောကမှ သေမျိုးကမ္ဘာသို့ ရောက်လာခြင်းဖြစ်သည်။
သူတို့စွမ်းအားကို ထည့်မတွက်လျှင်ပင် တောင်တန်းနတ်ဘုရားထက် ပို၍လွတ်လပ်သည့်အသွင်မျိုးရှိသည်။
စနစ်အကဲဖြတ်ရလာဒ်သည် ညွှန်းကိန်းတစ်ခုဟုသာ သူယူဆသည်။
ဖီးနစ်ငှက်နှင့်မိန်းကလေးသည် တန်းတူစွမ်းအားမျိုးရှိသော်လည်း ဘယ်သူကသခင် ဘယ်သူက လက်အောက်ခံဆိုသည်က ထင်ရှားနေသည်။ သူတို့နှစ်ယောက် ထုတ်ပြနေသည့် စွမ်းအားများက မှားနိုင်စရာမရှိ။
ဝိညာဉ်တို့မည်သည် ထူးခြားသည့်အကြောင်းရင်းမျိုးမရှိဘဲ စွမ်းအားနိမ့်သူကို အညံ့ခံမည်မဟုတ်။
နန်းကော၏အမသည် ဖီးနစ်ငှက်ထက် စွမ်းအားပိုကြီးသည်မှာ သေချာသည်။ အဆင့်တူဟုထင်ရသော်လည်း တုန်ဟွမ်းက ထိုအဆင့်၏စွမ်းအားအပြည့်ဝဆုံးအနေအထားဖြစ်မည်။ ဖီးနစ်က အဆင့်တက်စအခြေအနေ ဖြစ်နိုင်သည်။
“သူရဲဘောကြောင်တဲ့ငကြောက်”
အခန်းတံခါးဝတွင်ရပ်လျက် သုံးစားမရ ကြက်ဖငကြောက်ကို ဖုန်ချင်အန်း တစ်ချက်လှမ်းကြည့်သည်။ ထို့နောက် ပင့်သက်တစ်ချက်ရှုက်၍ ခါးမှဓားရှည်ကို တင်းတင်းကိုင်ကာ အခန်းထဲသို့ဝင်လိုက်သည်။
တုန်ဟွမ်းက သူ့စာအုပ်စင်မှ စာအုပ်တစ်အုပ်ကိုကိုင်၍ စိတ်ဝင်တစားဖတ်နေသည်။ စာအုပ်မှထွက်နေသည့် တော်ဝင်စွမ်းအင်ရောင်က သူ့အပေါ် သက်ရောက်မှုမရှိ။
ထိုမြင်ကွင်းကိုကြည့်၍ ဖုန်ချင်အန်း စိုးရိမ်စိတ်မပျောက်သေးသော်လည်း အတော်စိတ်သက်သာရာရသွားသည်။
တော်ဝင်စွမ်းအင်က အန္တရာယ်မပေးခြင်းလျှင် တုန်ဟွမ်းသည် ယုတ်ညံ့သူမဟုတ်သည်သဘောဖြစ်သည်။ အန္တရာယ်ပေးမည့်သူဆိုလျှင် တော်ဝင်စွမ်းအင်ရောင်က တည်ငြိမ်နေမည်မဟုတ်။
သို့သော်လည်း ထိုအချက်က သူ့ရှေ့မှမိန်းကလေး၏ နောက်ခံကို မပြောင်းလဲနိုင်ပါ။ ထိုမိန်းကလေးသည် မကြာသေးခင်ကမှ အမှတ်မထင် သူမြင်ခဲ့ရသည့် နန်းကော၏အမဖြစ်သည်။
“မင်းနာမည် ဖုန်ချင်အန်းနော်”
စာအုပ်ကိုင်ထားရင်းမှ တုန်ဟွမ်းလှည့်ကြည့်သည်။ ထူးခြားသည်မှာ တုန်ဟွမ်းသည် သူ့ကို မေးခွန်းထုတ်ခြင်း ဝေဖန်ပြစ်တင်ခြင်းမရှိ။ ထင်ထားသည်နှင့် တစ်ခြားစီဖြစ်နေသည်။ ခင်မင်ဖေါ်ရွေသည့်ပုံစံမျိုးပင် ရှိနေသည်။
“ဟုတ်ပါတယ်”
ဖုန်ချင်အန်း ခေါင်းငြိမ့်သည်။ လက်ကတော့ ဓားပေါ်တင်ထားဆဲဖြစ်သည်
“ထိုင်ပါဦး၊ စကားပြောရအောင်။ မင်းခါးက ဓားဟာ အတော်ထူးခြားပါတယ်။ ဒါပေမယ့် ငါကိုဆန့်ကျင်ဖို့တော့ အသုံးမဝင်ဘူး။ သူတောစင်တွေရဲ့ ရတနာလက်နကအစစ်တွေကို ငါမြင်ဖူးပါတယ်”
တုန်ဟွမ်း ကုတင်ဆီသို့ ပေါ့ပါးစွာ လျှောက်သွားပြီး ထိုင်လိုက်သည်။ ပြောပုံဆိုပုံက အေးအေးဆေးဆေးရှိသည်။ ဖုန်ချင်အန်း၏ဓားကို အရေးမစိုက်သည့်ပုံစံမျိုးဖြစ်သည်။
သို့သော် တောင်တန်းပေါ်မှ နတ်ဆိုးသားရဲအားလုံးကို ခြောက်ခြားစေနိုင်သည့် ထိုဓားသည့် သရဲနိုင်ငံသခင်မအတွက် သက်ရောက်မှုမရှိဟူသည်မှာ မဖြစ်နိုင်ပေ။ ခံစားမှုအာရုံနှင့်သတ္တိက တောင်တန်းနတ်ဘုရားထက် သာလွန်နေခြင်းသာဖြစ်သည်။
ဖုန်ချင်အန်း ဘာမှမပြော။ ထိုင်ခုံတွင်ထိုင်၍ ဓားကိုစားပွဲပေါ်တင်ထားလိုက်သည်။
တုန်ဟွမ်းသည် သူ့ကို ဒုက္ခပေးလိုပုံတော့မရှိ။ သို့သော် ထိုမိန်းကလး၏ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်း မသိရသေး။
“မင်းနဲ့နန်းကော ဘယ်လိုဆုံခဲ့တာလဲဆိုတာ ပြောပြနိုင်မလား”
စားပွဲပေါ်ဓားကို သူတစ်ချက်ကြည့်သည်။ နီညိုရောင်ဓားအိမ်က သူ့အတွက် မျက်စိပသာဓဖြစ်နေသည်။ သာမန်ဓားအိမ်တို့၏ အရောင်မျိုးမဟုတ်။ သွေးနီရောင်လွှမ်းနေသည်။
ထိုဓားဖြင့် သူ့ကိုတိုက်ခိုက်လာလျှင် သူတကယ်အခက်တွေ့ရမည်မှာ သေချာသည်။ သို့သော် သူ့ကိုတိုက်ခိုက်ရန် ထိုဓားသည် ဓားအိမ်ထဲမှ ထွက်လာမည်မဟုတ်ဟု သူယုံကြည်သည်။ သူ့အတိတ်လုပ်ရပ်များကို သူ့ဘာသာသိသည်။
သူတော်စင်တို့၏လက်နက်များသည် တစ်ခါမှသူ့ကို အန္တရာယ်မပေးဖူး။ ထိုဓားလည်း ထိုနည်းတူပင်ဖြစ်မည်။
“အိပ်မက်ထဲမှာပါ”
ဖုန်ချင်အန်း အမှန်အတိုင်းပြန်ဖြေသည်။
အကိုကြီးအဖရာ၊ အမကြီးအမိရာဟူသည့် စကားရှိသည်။
တုန်ဟွမ်းနှင့်နန်းကောသည် ညီအမအရင်းဖြစ်နေသော်လည်း စွမ်းအားကွာဟချက်က ကြိုးမားသည်။ တုန်ဟွမ်းက မွေးရာပါယင်ဝိညာဉ်နှစ်ယောက်စာတာဝန်ကို မိခင်နေရာမှ ထမ်းပိုးထားဟန်ရှိသည်။
“ပထမတစ်ကြိမ်က မြေအောက်ဘုံမှာ နန်းကောကို မင်းကလာရှာခဲ့တာလို့ ပြောတယ်”
“ဟုတ်ပါတယ်’
သူဝန်ခံလိုက်သည်။ တကယ်လည်း ရှာခဲ့သည်။ တွေ့ရမည်ဟုတော့ ထင်မထား။
“ကောင်းပြီလေ”
တုန်ဟွမ်း ခေါင်းငြိမ့်သည်။ ထိုလူငယ်က သူ့ညီမနှင့် လိုလိုလားလား ရင်းနှီးစွာပေါင်းသင်းနေသည်ဆိုလျှင် ပြဿနာမရှိ။
“ငါ့ညီမကို မင်းဘယ်လိုထင်လဲ”
“ဒါက...”
ဖုန်ချင်အန်း ခဏအကြပ်ရိုက်သွားသည်။ မည်သို့ အကဲဖြတ်ရမည်မသိ။
ကောင်းတော့ကောင်းသည်။ နန်းကောကို နေ့တိုင်းမြင်ရပြီး နေ့တိုင်းသူ့ရင်ခွင်ထဲ ပစ်ဝင်လာသည့်ကိစ္စက မကောင်းမရှိ။
သွယ်လျသည့်ကိုယ်ဟန်၊ ကောက်ကြောင်းခန္ဓာ၊ ချစ်စရာကောင်းသည့်အမူအရာ၊ နှင်းလိုဖြူဖွေးသည့် အသားအရေ၊ မွေးပျံ့သည့်ကိုယ်သင်းနံ့။
ထိုအရာများကို အမတစ်ယောက်ရှေ့တွင် ထုတ်ပြောလျှင်...
“ဘာလဲ၊ မင်းသူနဲ့ရင်းနှီးနေတာ အတော်ကြာပြီ။ ငါ့ညီမအပေါ် ဘယ်လိုအမြင်မှမရှိဘူးလား”
“နန်းကောက စကားနဲ့တောင်ဖေါ်ပြမရတဲ့ ချီးကျူးစရာအရည်အသွေးတွေ အများကြီးပါ”
“ဪ၊ ဒါဆို တစ်ခုနှစ်ခုလောက်ပဲ ပြောပြပါ။ ငါ့ညီမကို မင်းဘယ်လိုမြင်သလဲဆိုတာ ငါသိချင်လို့ပါ”
“အပြစ်ကင်းပြီး ကဗျာဆန်တယ်။ လိမ္မာပြီး ဉာဏ်ထက်တယ်။ လှပပြီး အဆင့်အတန်းမြင့်တယ်....”
ခဏစဉ်းစားပြီး သူစပြောသည်။ ခေါင်းထဲတွင် စဉ်းစားမိသဖြင့် ချီးကျူးထိုက်သည့်အရည်အချင်းများကို တရစပ်ပြောသည်။
ချီးကျူးခြင်းသည် မကောင်းမရှိ။ အမဖြစ်သူနှင့် ပထမဆုံးတွေ့ဆုံချိန်တွင် မကောင်းကြောင်းပြော၍မဖြစ်။ ထို့အပြင် နန်းကောကလည်း နည်းနည်းဂျီကျသည်မှလွဲ၍ အပြစ်ပြောစရာမရှိ။
“လုံလောက်ပါပြီ”
စပြောရုံရှိသေးသည်။ တုန်ဟွမ်းက စကားဖြတ်လိုက်သည်။ ညီမတစ်ယောက်မှလွဲ၍ အားလုံးကို ခပ်တင်းတင်းဆက်ဆံတတ်သည့် ယုဟွမ်သခင်မမျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။
“ငါ့ညီမက မင်းပြောသလောက်လည်း မကောင်းပါဘူး။ မင်းက တမင်ချဲ့ကားပြောနေတာပဲ”
“ကျုပ် စိတ်ရင်းအမှန်နဲ့ပြောတာပါ”
ဖုန်ချင်အန်း အလျှော့ပေး၍မဖြစ်။
“အင်း...”
သူ့စကားကို ယုံသည်မယုံသည်တော့မသိ။ တုန်ဟွမ်း ခေါင်းငြိမ့်သည်။
“မင်းကောင်းကောင်းဆက်ဆံခဲ့တာပဲ”
ဖုန်ချင်အန်း အပျော်လုံးဆို့သွားသည်။
“ငါပထမဆုံးအကြိမ်လာလည်တာဆိုတာ့ လက်ဆောင်တစ်ခုခုယူလာခဲ့သင့်တယ်။ ဒါပေမယ့် အလျင်စလိုလာရတာဆိုတော့ ဘာမှမပြင်ဆင်ခဲ့ရဘူး။ မင်းဘာလိုအပ်မှန်းလည်း ငါမသိဘူးလေ။ ဒါပေမယ့် ဒီနေ့ ငါတို့ဆုံကြပြီဆိုတော့ မင်းဘာအလိုအပ်ဆုံးလဲဆိုတာ ငါသိပါပြီ။ ခဏပဲ စောင့်ပါ။ ငါသိပ်မကြာခင် နောက်တစ်ခေါက်ပြန်လာခဲ့မယ်။ မင်းအတွက် တန်ဖိုးကြီးလက်ဆောင်တစ်ခု ယူလာမှာပါ”
ဖုန်ချင်အန်း နားမလည်နိုင်အောင်ဖြစ်သွားသည်။ သူအလိုအပ်ဆုံးအရာဟုပြောသည်။။ ဘာလိုအပ်သည်ကို သူကိုယ်တိုင်ပင် မသိ။
ထို့ကြောင့် သူမရဲတရဲ ကောက်ချက်ချမိသည်။ ထိုသခင်မသည် နန်းကောနှင့်ပတ်သက်သည့် သူ့အမြင်ကိုသာ လာစုံစမ်းဟန်ရျိသည်။ သာမန်မေးခွန်းများသာမေးပြီး သူ့အဖြေကိုနားထောင်သည်။ ယခု ထွက်သွားရန် ပြင်နေပြီဖြစ်သည်။
နေ့ခင်းပိုင်းက သူအမှတ်မထင်မြင်ခဲ့သည့် မြင်ကွင်းအကြောင်း တုန်ဟွမ်းဘာမှမပြော။ သူလည်း စမမေး။
“ဒီနေ့တော့ ဒီလောက်ပါပဲ။ မင်းအနားယူတာကို မနှောက်ယှက်တော့ပါဘူး။ လူသားတစ်ယောက်ဖြစ်လို့ ယင်ယန်သဘာဝဖြစ်စဉ်အတိုင်း မင်းလိုက်နာသင့်တယ်။ နေဝင်ရင်အနားယူပြီး နေထွက်ရင် အိပ်ယာထရမှာပေါ့။ ကောင်းကောင်းအိပ်လိုက်ပါ”
ထိုသို့ပြောပြီးနောက် စာအုပ်ကိုကိုင်၍ သူထွက်သွားသည်။ ဖုန်ချင်အန်း လိုက်ပို့ရန် ထရပ်လိုက်သည်။ စာအုပ်ယူသွားသည်ကို သူအရေးမစိုက်။
ဖုန်အိမ်တော်အပြင်ဘက်သို့ရောက်၍ ခြံဝန်းတံခါးပိတ်သွားပြီးနောက် တုန်ဟွမ်း တစ်ခုခုကို တွေးဆနေဟန်ရှိသည်။
“ရေနတ်ဆိုးဘုရင်မှာ မိုးမြေသန္ဓေရှိတယ်လို့ ကြားဖူးတယ်။ ကံကြမ္မာကို ပြောင်းလဲပြီး စွမ်းအင်ရောင်မပေါ်အောင် ဖုံးကွယ်နိုင်တယ်တဲ့။ မသေမျိုးတွေတောင် မရိပ်မိနိုင်ဘူးလို့ပြောကြတယ်”
တုန်ဟွမ်းက ပုခုံးပေါ်ှဖီးနှစ်ကို လှည့်ကြည့်လိုက်သည်။
“ငါရေနတ်ဆိုးဘုရင်ကို သွားတောင်းရင် အဲဒီ့သန္ဓေကို ပေးမယ်လို့ထင်လား”
“မိုးမြေသန္ဓေဆိုတာ ရေနတ်ဆိုးဘုရင်ရဲ့ အခြေခံအုတ်မြစ်ပဲ။ ဒါကိုပေးမယ်ဆိုရင် မင်းဆီကလည်း တန်ဖိုးကြီးတာတစ်ခု ပြန်တောင်းမှာပဲ”
ဖီနစ်ငှက်၏ အသံစာစာက ကြည်လင်သည်။ တေးသီငှက်တစ်ကောင်၏ အသံမျိုးဖြစ်သည်။
“ဒါဆိုလည်း သူ့ကိုသတ်ကြတာပေါ့။ အဲဒီ့သန္ဓေကို ရအောင်ယူဖို့ ငါဆုံးဖြတ်ပြီးပြီ”
တုန်ဟွမ်း ခပ်အေးအေးပြောလိုက်သည်။