← Chapters

လောဘကြီးသူ

Vol. 7 Ch. 103

လောဘကြီးသူ

Vol. 7 Ch. 103

မြင့်မားသည့် သရဲဘုရင်၏ခန္ဓာကိုယ်နှင့်စာလျှင် စာအုပ်ပါးလေးမှ ထွက်လာသည့် ရွှေရောင်အလင်းတန်းမှာ ဘာမှမပြောပလောက်။ သို့သော် ခန္ဓာကိုယ်ပျောက်ကွယ်စပြုနေသည့် သရဲဘုရင် ခဏတာ မလှုပ်မယှက်ဖြစ်သွားသည်။

“တော်ဝင်ချီ”

စိတ်ထဲမှ ဒေါသတကြီး သူအော်လိုက်သည်။ အံ့ဩသည်။ ဒေါသထွက်သည်။ သရဲနိုင်ငံ မိုနာ့တစ်ယောက်က ထိုအရာမျိုးကို မည်သို့ပိုင်ဆိုင်သည်မသိ။ သူ့ကိုပင် တိုက်ခိုက်ရန် သုံးနေသည်။

ယုဟွမ်သခင်မသည်။ လူသားဝိညာဉ်များကို စားသုံးဖူးသလားသူမသိ။ သရဲဘုရင်အတွက် ထိုအရသာမျိုးကို အလွန်တပ်မက်မိသည်။ သရဲဘုရင်ဖြစ်လာချိန်ထိ နှစ်ပေါင်းများစွာအတွင်း လူသားဝိညာဉ်ဘယ်လောက်စားသုံးခဲ့သည်ကိုပင် သူမမှတ်မိတော့။

သူအံ့ဩသည်ဖြစ်စေ ဒေါသထွက်သည်ဖြစ်စေ တော်ဝင်ချီက သူ့ကိုမလှုပ်နိုင်အောင် နှိပ်ကွပ်ထားသည်မှာ အမှန်တရားဖြစ်သည်။ သို့သော် သူအရင်ကမြင်ဖူးသည့် တော်ဝင်ချီနှင့်ယှဉ်လျှင် အားနည်းလွန်းသည်။

ထိုခဏတာအချိန်သည် လုံလောက်သည်။ သူချိုးဖျက်နိုင်သည်။ စာာအုပ်ကို ဖျက်ဆီးနိုင်သည်။ မိုးမြေကြားတွင် ကိုယ်ရောင်ဖျောက်နိုင်သည်။ ယုဟွမ်သခင်မ စန်းလောဓားသေတ္တာကိုဖွင့်လျှင်ပင် သူ့ကိုဒုက္ခပေးနိုင်မည်မဟုတ်။

သူ့ကိုရှာမတွေ့လျှင် စန်းလော်ဓားသေတ္တာသည် ဘာမှအသုံးမဝင်။ သူ့သရဲနိုင်ငံတစ်ခုလုံးကို ဖျက်ဆီးကြမည်လား။ ထိုအချိန်ကျလျှင် သူမည်သည့်နေရာသို့ ရောက်နေမည်မှန်းပင် မသိတော့။

သရဲနိုင်ငံအဆုံးရှုံးခံ၍ မိုးမြေကြားတွင် သရဲဘုရင်တစ်ယောက် ခြေရာဖျောက်နိုင်ခဲ့လျှင် နောင်တစ်ချိန် သူ့ဒေါသကို ဘယ်သူခံနိုင်မည်နည်း။

ထို့ကြောင့်လည်း အနီးအနားနိုင်ငံမှ သရဲဘုရင်များ သူ့ကို တော်ရုံတန်ရုံ လာမတိုက်ခိုက်ကြခြင်းဖြစ်သည်။ အတားအဆီးအကာအကွယ်မရှိသည်ထက်စာလျှင် သူ့သရဲနိုင်ငံနှင့်အတူ ရှိနေရသည်က ပိုကောင်းသည်။

“ဒီရန်ကြွေးကို လက်စားချေရမယ်။ မဟုတ်ရင် ငါဟာသရဲဘုရင်ဖြစ်ဖို့ မထိုက်တန်တော့ဘူး”

နားကျည်းမျုအပြည့်ဖြင့် သူကြုံးဝါးသည်။ သူလွတ်မြောက်သွားပြီး တစ်နေ့ကျလျှင် ယုဟွမ်သရဲနိုင်ငံ၏ သရဲမြို့များကို တစ်ခုပြီးတစ်ခု ဖျက်ဆီးမည်။

ထိုသရဲမြို့များအားလုံး သူ့အဟာရဖြစ်လာရမည်။ သူ့ယနေ့ခံစားရသည်ထက် ဆယ်ဆပြန်ခံစားစေရမည်။

ဘုရင်တစ်ယောက်၏ အမုန်းတရားဖြစ်သည်။

အေးစိမ့်သည့်အသံတစ်ခုက သူ့အတွေးစများကို ဖြတ်တောက်လိုက်သည်။ အဝါရောင်ဓားရိပ်တစ်ခု သူ့ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားသည်။

အစိတ်အပိုင်းတစ်ထောင် ခုတ်ဖြတ်ခံရသည့် နာကျင်မှု။

ထိုနာကျင်မှုမျိုး သူ့လက်အောက်ခံ သရဲဝိညာဉ်များလည်း ခံစားခဲ့ရသည်။ သူခံစားရသည့်က တစ်ချို့တစ်ဝက်သာဖြစ်သည်။ သို့သော် သူမချိမဆန့်အော်ဟစ်မိသည်။ သူအသားမခံနိုင်မီ အမှောင်ထုက သူ့အသိစိတ်ကို ဝါးမျိုသွားသည်။

ဘုရင်တစ်ယောက်၏အမုန်း။

ဓားတစ်လက်အတွက် နာမည်ပေးရန် ကွက်တိဖြစ်သည်။ သူတကယ် မုန်းတီးမိသည်။

ထိုအတွေးသည် သူ့နောက်ဆုံးအတွေးဖြစ်သည်။

“အညံ့ခံပါ၊ မဟုတ်ရင် ရှင်သေရမယ်”

ကြေမွပျကစီးနေသည့် သရဲဘုရင်ကိုယ်ထဲမှ သဏ္ဌာန်တစ်ခု ပေါ်လာသည်။ ယုဟွမ်သခင်မက ကျမ်းစာအုပ်ကိုယူ၍ ရင်ဘတ်ထဲ ထည့်လိုက်သည်။ ထို့နောက် တော်ဝင်အမိန့်တစ်ခု ထုတ်ပြန်သည်။

“အသိလွတ်နေတဲ့ ဝိညာဉ်တွေအားလုံးကို အငဲ့အညှာမရှိသတ်ပစ်”

အမှောင်ထဲမှ သရဲများအတွက် ယုဟွမ်သခင်မသည် အတော်သည်းခံစိတ်ကြီးသူဖြစ်သည်။ ရှုံးနိမ့်သွားသည့် စစ်သည်များ စစ်သူကြီးများကိုပင် သူ့တပ်ဖွဲ့ထဲဝင်ခွင့်ပြုသည်။ သို့သော် နားကျည်းဒေါသအမှောင်စွမ်းအင်ကြောင့် ရူးသွပ်သွားသူများကို လုံးဝငဲ့ညှာခြင်းမရှိ။

သရဲဘုရင်အများစုက ထိုဝိညာဉ်များကို အစာအဖြစ်အသုံးချသည်။ လက်နက်အဖြစ် အသုံးချသည်။ ထိုဖြစ်တည်မှုမျိုးကို တုန်ဟွမ်းလုံးဝလက်မခံ။

“အမိန့်ကိုနာခံပါ့မယ်”

စစ်သူကြီးများက သူ့ကိုလေးစားမှုအပြည့်ဖြင့် ကြည့်သည်။ အမိန့်အတိုင်း ကိုင်တွယ်ဖြေရှင်းသည်။ အသိလွတ်နေသည့် သရဲဝိညာဉ်တစ်ချို့က တိုက်ခိုက်နေကြဆဲဖြစ်သည်။ တစ်ခြားသရဲများက အခြေအနေမလှသည်ကိုသိ၍ ထွက်ပြေးကြသည်။

ထိုအဖြစ်များကို တုန်ဟွမ်းအရေးမစိုက်တော့။ သူလိုချင်သည့်အရာကိုတွေ့သွားသည်။ မြို့တော်တံခါးတစ်ချပ်စာခန့်ရှိသည့် ကျောက်သားတံဆိပ်တစ်ခု။ ပြင်းထန်သည့်ယင်စွမ်းအင်များ ဖြာထွက်၍ အမှောင်(မရဏ)စွမ်းအင်များစွာ ဖုံးလွှမ်းနေသည်။

မိုးမြေသန္ဓေ။

ယင်စွမ်းအင်များ မရဏစွမ်းအင်များသည် ထိုရတနာ၏ ဇာတ်ရုပ်အမှန်မဟုတ်။ သရဲဘုရင်အချိန်ကြာမြင့်စွာ ဝတ်ဆင်ခဲ့သောကြောင့်သာဖြစ်သည်။ ကျောက်သားတံဆိပ်ပေါ်မှ သေးငယ်သည့် စိမ်းပြာရောင်စာလုံးများကို တုန်ဟွမ်းမြင်နေရသည်။

အမှောင်လောကသို့ အမှတ်မထင်ရောက်လာသည့် မသေမျိုးရတနာတစ်ခုဖြစ်သည်။ အားနည်းနေသည့် သရဲဘုရင်က ရခဲ့သည်။ ထို့နောက် ထိုရတနာကိုအားကိုး၍ သန်းချီသည့် သရဲဝိညာဉ်များကြားတွင် သူထင်ရှားလာသည်။ နောက်ဆုံးတွင် သရဲဘုရင်ဖြစ်လာသည်။

သရဲဘုရင် ထိုအဖြစ်ကို သေချာမရိပ်မိ။ အတော်ရယ်စရာကောင်းသည်။ အကြီးမားဆုံးစွမ်းအင်အထောက်အပံ့သည် ထိုရတနာမှရနေမှန်း သူမသိ။

ကံကောင်းခဲ့သော်လည်း စွမ်းရည်အခြေခံညံ့သည်။ တစ်ခြားဘုရင်များနည်းတူ နိုင်ငံတစ်ခု ထူထောင်နိုင်ခဲ့သည်။ သူတစ်ကိုယ်တည်း လွင်ပြင်ကျယ်တွင် လျှောက်သွားနေခဲ့လျှင် တုန်ဟွမ်း ဘာမှတတ်နိုင်မည်မဟုတ်။ သတ်ချင်လျှင်ပင် သတ်နိုင်မည်မဟုတ်။

“ညစ်ညမ်းနေတဲ့ချီစွမ်းအားတွေပဲ”

မိုးမြေသန္ဓေ၏ လက်ရှိအခြေအနေကိုကြည့်၍ သူမျက်မှောင်ကျုံ့လိုက်သည်။ ထိုယင်စွမ်းအင်များကို ရှင်းထုတ်ရန် နည်းလမ်းရှာရမည်။ ထိုအတိုင်း ဖုန်ချင်အန်းကို ပေး၍မဖြစ်။

“ဂီး”

ဖီးနစ်က အရွယ်အစားကျုံ့လျက် သူ့ပုခုံးပေါ်ဆင်းလာသည်။ ညစ်ပေတော့သည့် သူ့နှုတ်သီးအတွက် မကျေမနပ်ဖြစ်နေဟန်ရှိသည်။ ထုံးစံအတိုင်း ညစ်ညမ်းချီသန့်စင်သည့်အလုပ်က သူ့ခေါင်းပေါ်ရောက်လာပြီဖြစ်သည်။

“မင်းအပေါ်ပဲ မူတည်တော့တယ်”

ထင်သည့်အတိုင်းပင် တည်ကြည်တင်းမာသည့် သခင်မမျက်နှာတွင် အပြုံးသဲ့သဲ့ပေါ်လာသည်။ သူစိတ်မပါသော်လည်း လုပ်ရတော့မည်။

သခင်မက သရဲနိုင်ငံကို သူ့စစ်သည်များနှင့် ရှင်းလင်း၍ အမွေအနှစ်များ သိမ်းဆည်းနေသည်။

ထိုအချိန်တွင် လူသားကမ္ဘာမှ ဖုန်ချင်အန်းက နန်းကောကို ရင်ခွင်ထဲပိုက်၍ စားပွဲပေါ်မှ စာအုပ်များကို ကူးရေးနေသည်။ သူကူးရေးသည့်စာအုပ်က သူ့အကိုတစ်ချိန်က ရေးခဲ့သည့် သူတော်စင်ကျမ်းဖြစ်သည်။

ပထမတစ်ကြိမ်နန်းကောအမနှင့်တွေ့စဉ်က ခံစားခဲ့ရသည့်ဖိအားကို သူမမေ့သေး။ ထွက်သွားပြီးနောက်မှာပင် သူ့ရင်ထဲ တင်းကြပ်၍ ကျန်နေခဲ့သည်။

သို့သော် တုန်ဟွမ်း အချိန်တိုအတွင်း ပြန်လာမည်မဟုတ်ကြောင်း နန်းကောက သူ့ကိုနှစ်သိမ့်သည်။

ထို့ကြောင့် နန်းကောကိုရင်ခွင်ထဲထည့်၍ စိတ်ပျော်သလို နေခွင့်ပြုထားခြင်းဖြစ်သည်။ မဟုတ်လျှင် ထိုသို့စွန့်စားမည်မဟုတ်။ သူ့အမပြန်လာချိန်နှင့်တိုးလျှင် ဖြေရှင်းရန်မလွယ်။

တုန်ဟွမ်းကလည်း သည်းခံမည်မထင်။

...................

ခြောက်ကပ်တိတ်ဆိတ်နေသည့် မြေအောက်ဘုံတွင် လေပြင်းတစ်ခု အနောက်မှ အရှေ့သို့ တိုက်ခတ်လာသည်။ မြေပြင်တစ်ခုလုံး ဖုန်နှင့်ကျောက်စရစ်များ လှုပ်ရှားသွားသည်။

သို့သော် ထိုလေပြင်းကိုသယ်ဆောင်သူ တုန်ဟွမ်း ကောင်းကင်မှဆင်းလာချိန်တွင် ဝိညာဉ်ရေစင်စမ်းချောင်းဘေးတွင် နန်းကောကိုမတွေ့။ ပြီးခဲ့သည့်တစ်ခေါက်ကလိုပင် ဖြစ်သည်။

“နန်းကော”

သူရေရွတ်လိုက်သည်။ အရင်သူပြန်လာစဉ်ကနဲ့မတူ။ သူ့ကိုစောင့်မနေ။ မရှိသင့်သည့် ဘုံကူးအက်ကြောင်းက ပွင့်နေသည်။ သူအလွယ်တကူဖြတ်သန်း၍ လူသားကမ္ဘာသို့ ဝင်သည်။ ဖီးနစ်လည်း သူ့ပုခုံးပေါ်တွင် ပါလာသည်။

ဖုန်အိမ်တော်သို့ ရောက်လာသည်။ တံခါးဝတွင် ငြိမ်သက်စွာရပ်နေသည်။ တံခါးမခေါက်။

တိတ်ဆိသည့်ညအမှောင်အောက်တွင် ခြံဝန်းထဲမှ အိမ်မက်ဆန်သည့် အသံများထွက်ပေါ်လာသည်ကို သူကြားနေရသည်။ သာမန်လူများ ထိုအသံကို မကြားနိုင်။

“နင်က အတော်လောဘကြီးတာပဲ”

တုန်ဟွမ်းမျက်လုံးများ မှေးစင်းသွားသည်။ တလက်လက်တောက်ပနေသည့် စိမ်းပြာရောင် မသေမျိုးအလင်း သူ့လက်ထဲတွင် ပေါ်လာသည်။ အစက ထိုပစ္စည်းကို နန်းကောမှတစ်ဆင့် ပေးခိုင်းရန် စဉ်းစားခဲ့သည်။ သို့သော် ယခု သူကိုယ်တိုင်ပေးမှဖြစ်တော့မည်။

အခန်းထဲတွင် မွှေးပျံ့သည့်ရနံ့နှင့် ချိုမြိန်သည့်စကားသံများ ပြည့်နေသည်။

နှစ်ကိုယ်ကြား တီးတိုးချစ်ခွန်းခြွေနေကြခင်းဖြစ်သည်။ အချစ်စိတ်ဖြင့် ယစ်မူးသာယာနေကြသည်။ ဘဝသည် စိတ်ကိုဖမ်းစားနိုင်သည့် အလှအပမျိုးစုံပြည့်နေသည်။ သူတို့ခံစားချက်များ နှလုံးသားတွင် ပျော်ဝင်စီးဆင်းနေသည်။

သို့သော် ဖုန်ချင်အန်း၏စိတ်များ တည်ငြိမ်နေသည်။ မလှုပ်မယှက်ထိုင်နေသည်။ စိတ်စွမ်းအားကျင့်ကြံရင် နန်းကောနှင့်ကစားနေသည်။ တစ်ပြိုင်တည်း အလုပ်နှစ်မျိုးလုပ်ရန် ကြိုးစားနေသည်။

သူထိုသို့လုပ်နိုင်လျှင် နောင်တစ်ချိန် သူလမ်းလျှောင်ရင်းဖြစ်စေ ထိုင်ရင်း လဲလျောင်းရင်းဖြစ်စေ အမြဲတမ်းကျင့်ကြံနိုင်လာမည်။ အာနိသင် မထက်မြက်သော်လည်း ပုံမျှတိုးတက်နေမည်။ နည်းနည်းချင်းစုစည်း၍ ပုံမှန်ကျင့်ကြံသည့် စွမ်းအားမျိုးရအောင် ဖန်တီးနိုင်မည်။

တစ်ပြိုင်တည်း အလုပ်လုပ်ခြင်းသည် ကျင့်ကြံမှုတွင်သာ အကျိုးရှိသည်မဟုတ်။ နောင်တစ်ချိန် နောက်ထပ်သားရဲများစွာ စာချုပ်ချုပ်ပြီးချိန်၌ ကျင့်ကြံရင်းဖြစ်စေ တိုက်ပွဲတွင် ဖြစ်စေ သားရဲနှစ်ကောင်မက တစ်ပြိုင်တည်း ကူညီပေးနိုင်မည်ဖြစ်သည်။

ထိုစွမ်းရည်မျိုးကို သားရဲသခင်တစ်ယောက် ပိုင်ဆိုင်ထားသင့်သည်။

ကျင့်ကြံမှုနှင့်အချစ်စိတ် အာရုံနှစ်မျိုးဖြင့် သူသာရာနေချိန်တွင် ပိတ်ထားသည့်အခန်းတံခါး ယင်လေပြင်းကြောင့် ဝုန်းခနဲပွင့်သွားသည်။ တုန်ဟွမ်းက ကုတင်ပေါ်တွင် ဖက်လှဲတကင်းဖြစ်နေသည့်စုံတွဲကို အေးစက်စက်စိုက်ကြည့်၍ လှမ်းဝင်လာသည်။

ထိုနှစ်ယောက်ကြားမှ ချစ်ခြင်းမေတ္တာ အစစ်အမှန်ဖြစ်နေသည်။

ဖုန်ချင်အန်း ဘာပြောရမှန်းမသိတော့။ သူ့ခန္ဓာကိုယ်အထက်ပိုင်းတွင် အင်္ကျီမရှိဘဲ ကုတင်ပေါ်တွင် ထိုင်နေသည်။ နန်းကောလည်း ထိုနည်းတူဖြစ်နေသည်။ သူ့ရင်ခွင်ထဲတွင် လဲလျောင်းနေသည်။ ဘာမှရှင်းပြစရာမလိုတော့။

ဘယ်လိုမှ ရှင်းပြနိုင်မည်မဟုတ်။

ဖုန်ချင်အန်းပုံစံနှင့်စာလျှင် နန်းကောက အခြေအနေပိုကောင်းသည်။ နန်းတွင်းဝတ်စုံက ဖရိုဖရဲဖြစ်နေသည်။ သူ့အမကို လှည့်ကြည့်သည်။

တုဟွမ်းရုတ်တရက် ပြန်ရောက်လာသဖြင့် သူလန့်သွားသည်။ ခန္ဓာကိုယ် တောင်တင်းသွားသည်။ ဘာလုပ်ရမှန်းမသိတော့။ သူအမသည် ထွက်သွားပြီးလျှင် ချက်ချင်းပြန်လာလေ့မရှိ။

“မလုံလောက်သေးဘူးလား နန်းကော”

တုန်ဟွမ်းက နန်းကော၏ အင်္ကျီကော်လာကို ဆုပ်ကိုင်၍ ကုတင်ပေါ်မှ ဆွဲထုတ်လိုက်သည်။ လက်ဖြင့် မြှောက်ကိုင်ထားသည်။

“အာ မမ”

နန်းကော လေထဲတွင် တွဲလောင်းကျလျက် မှင်သက်မိသွားသည်။ သူ့အမ ထိုသို့လုပ်မည်ဟု ထင်မထား။ သူ့မျက်နှာ စိုးရိမ်နေရာမှ နားမလည်သည့်အမူအရာသို့ ပြောင်းသွားသည်။

“နင်လုံလောက်ပြီလေ။ ဘယ်အချိန်ရပ်ရမယ်ဆိုတာ သိရမှာပေါ့”

တုန်ဟွမ်း သူ့ဘာသာ စိတ်ထဲရေရွတ်နေသည်။ သို့သော် အသံထွက်၍မပြော။ လက်ကိုဝှေ့ယမ်း၍ နန်းကောကို ပြတင်းပေါက်အပြင်သို့ လွှင့်ပစ်လိုက်သည်။ မြေပေါ်သို့ ကျမသွား။ ဖိနစ်ကျောကုန်းမှ နူးညံ့သည့်အမွှေးများအပေါ် ကျသွားသည်။

“သူ့ကို ဝိညာဉ်စမ်း‌‌ချောင်းဆီ ပြန်ခေါ်သွား”

ဖီးနစ်က တေင်ပံဖြန့်၍ မြေအောက်ဘုံအက်ကြောင်းဆီ ချက်ချင်းပျံသန်းသွားသည်။သွားသည်။ အလိုမကျ နားမလည်သည့်မျက်နှာဖြင့် နန်းကောပြန်သွားရသည်။

ဖုန်ချင်အန်းသာ မှင်သက်မိ၍ကျန်ခဲ့သည်။ တုန်ဟွမ်းမျက်နှာတွင် အပြုံးရိပ်တစ်ခုရှိနေသည်။ သူနားမလည်တော့။ အမှန်ဆိုလျှင် ပြတင်းပေါက်အပြင်သို့ ကိုင်လွှင့်ခံရသင့်သူက သူသာဖြစ်သည်။

အဘယ်ကြောင့် နန်းကောကို လုပ်ခဲ့သည်မသိ။

All Chapters