← Chapters

သရဲအင်ပါယာ၏လက်ဆောင်

Vol. 8 Ch. 107

သရဲအင်ပါယာ၏လက်ဆောင်

Vol. 8 Ch. 107

“ဒါက ကျုပ်အတွက်လား”

ဖုန်ချင်အန်း သူ့ရှေ့မှ နီရွှေရောင်ပန်းပွင့်ကိုကြည့်၍ မှင်သက်မိသွားသည်။ ကြာပန်းတစ်ပွင့်လို ပွင့်ချပ်များပါသည်။ ထိုပန်းမျိုး ရလာမည်ဟု တစ်ခါမှ မတွေးခဲ့ဖူး။

သူမှတ်မိသမျှ မှတ်ဉာဏ်များအရ ပန်းတစ်ပွင့်လက်ဆောင်ရသည်မှာ ယခုတစ်ကြိမ် ပထမဆုံးဖြစ်သည်။

“ဟုတ်တယ်၊ အဲဒါ နေမီးတောက်ပန်းပါ။ မင်းကိုယ်ထဲက ယင်ချီတွေကို ဖယ်ထုတ်နိုင်တယ်။ မြေအောက်ဘုံကိုမင်းသွားတဲ့အခါ အန္တရာယ်မရှိတော့ပါဘူးပေါ့”

(**Fire Sunflower မှ Sunfire Flower ဟု အရေးအသားပြောင်းသွားသဖြင့် မီးတောက်နေကြာပန်းမှ နေမီးတောက်ပန်းဟု ပြောင်းလဲပြန်ဆိုပါသည်)

တုန်ဟွမ်းက သာမန်ပစ္စည်းတစ်ခုကဲ့သို့ ခပ်အေးအေးပြောသည်။ ထိုပန်းသည် မြေအောက်ဘုံတွင် မည်မျှတန်ဖိုးကြီးမှန်း သူရှင်းမပြ။ သာမန်အာနိသင်လောက်ကိုသာ ရှင်းပြသည်။

“ကျေးဇူးတင်ပါတယ်”

ဖုန်ချင်အန်းလည်း မငြင်းဆန်နိုင်။ မြေအောက်ဘုံသို့ သူဝင်ခဲ့သည်။ နန်းကောထံမှ ယင်ဝိညာဉ်စွမ်းအားကို ကျွမ်းကျင်ရန် ကြိုးစားခဲ့သည်။ လက်ရှိတွင် ဆိုးဝါသည့်သက်ရောက်မှုမျိုးမရှိ။ သို့သော် ကာကွယ်နိုင်သည့်ပစ္စည်းတစ်ခု ရထားခြင်းသည် အကောင်းဆုံးဖြစ်သည်။

ပိုအဆင့်မြင့်သည့်ဘုံတွင် ရှိနေသူသည် အမြင်ပိုကျယ်ပြန့်သည်။ ပိုမြင်နိုင်သည်။

ပန်းပွင့်ကို လှမ်းယူ၍ သေချာကြည့်သည်။ တစ်ပေပတ်လည်အဝိုင်းအဝန်းရှိသည်။ မာကျောသည်။ တောက်ပြောင်သည်။ သတ္ထုတစ်မျိုး သေချာပုံသွင်းထားသလိုဖြစ်နေသည်။ နွေးထွေးသည်။ ကိုင်၍ကောင်းသည်။

ကိုင်ထားရုံဖြင့် စိတ်ကြည်လင်လန်းဆန်းမှုကို ခံစားရသည်။ သူ့သဘာဝနှင့်ကိုက်ညီသည့် အရာတစ်ခု ထုတ်လွှတ်ပေးနေသလိုရှိသည်။

“ဒီခရီးအတွက်တော့ ကျေးဇူးတင်စကားပြောနဲ့ မလုံလောက်ဘူး”

ဤတစ်ကြိမ်တွင် ယုဟွမ်သခင်မ ပို၍ရဲတင်းလာသည်။ ဒဲ့ဒိုးဆန်လာသည်။ ကုတင်နားသို့လျှောက်လာပြီး ဖုန်ချင်အန်းကို တွန်းလှဲလိုက်သည်။ ပြီးခဲ့သည့်တစ်ခေါက် အောင်မြင်ခါနီးမှ ရှုံးနိမ့်လုမတတ်ဖြစ်ခဲ့သဖြင့် ယခု နောက်တစ်ကြိမ် ခြေလှမ်းစခြင်းဖြစ်သည်။

သို့သော် သူမကျွမ်းကျင်။ ဖုန်ချင်အန်းက တန်ပြန်တိုက်စစ်ဆင်၍ အသာစီးယူသွားပြန်သည်။

သို့သော် တုန်ဟွမ်း တိုက်ပွဲကို ရပ်တန့်ခြင်းမရှိ။ ဆက်လက်တွယ်ကပ်နေသည်။ တိုက်ပွဲကွင်းကို ထိန်းချုပ်ရန် ကြိုးစားသည်။ လွှမ်းမိုးနိုင်ရန် ကြိုးစားသည်။

ခဏအကြာတွင် အပြင်ဘက်မှ ခွေးဟောင်သံပေါ်လာသည်။ စိတ်ကျေနပ်ဟန်ဖြင့် ယုဟွမ်သခင်မ ထရပ်လိုက်သည်။ ဖုန်ချင်အန်းလည်း ထရပ်လာသည်။ မျက်နှာက တည်ငြိမ်သည်။ ပထမတစ်ကြိမ် မြေစမ်းခရမ်းပျိုးသည်။ ဒုတိယတစ်ကြိမ် ရင်းနှီးလာသည်။ အတော်လိုက်လျောညီထွေ ပြုကျင့်နိုင်သူဖြစ်သည်။

“အပြင်ကဟောင်နေတာ ဟိုသရဲဝံပုလွေလား”

တုန်ဟွမ်းကိုယ်ထဲမှ အတားအဆီးများ လျော့ရဲရဲဖြစ်လာသည်။ မြင့်တက်လာသည့်စွမ်းအားကို ထိန်းချုပ်၍ မေးသည်။

သူ့ညီမ ဤနေရသို့ အဘယ်ကြောင့် ညတိုင်းလာခဲ့သည်ကို သူနားလည်လာသည်။ ဖုန်ချင်အန်း၏ဆွဲဆောင်မှုကြောင့် သူ့တာအိုနှလုံးပင် ယိုင်နဲ့နဲ့ဖြစ်သည်။ အတိတ်အကြောင်း ဘာမှမမှတ်မိသည့်နန်းကောဆိုလျှင် ပြောစရာပင်မလိုတော့။

“ဟုတ်တယ်၊ သူက ကာကွယ်ပေးဖို့လာတာပါ”

ဖုန်ချင်အန်း ပြုံး၍ပြန်ပြောလိုက်သည်။ သူလည်း အတော်ကျေနပ်နေသည်။ နန်းကောအပေါ် သစ္စာဖေါက်မိသလို ခံစားရသော်လည်း တုန်ဟွမ်းက ပို၍ဆွဲဆောင်မှုရှိသည်။ ခံစားမှုအာရုံများက လုံးဝကွဲပြာသည်။

တုန်ဟွမ်းသည် အထက်စီးဆန်သယောင်ရှိသည်။ သို့သော် မကျွမ်းကျင်။ ဖုန်ချင်အန်း အလွယ်တကူ ထိန်းချုပ်နိုင်သည်။ နန်းကောသည် မိန်းက‌လေးငယ်တစ်ယောက်အသွင်သာဖြစ်သော်လည်း အတော်ကျွမ်းကျင်သည်။ ဖုန်ချင်အန်း လက်ရည်တူအောင် အတော်ကြိုးစားရသည်။ သတိလက်လွန်ဖြစ်သွားသည်နှင့် နောက်ကျကျန်ခဲ့သည်။ ခုခံနိုင်စွမ်းမရှိတော့။

ထို့ကြောင့် တုန်ဟွမ်းအပေါ် အသာစီးရသည့်အဖြစ်ကို သူပိုကြည်နူးသည်။

“ကာကွယ်ဖို့တဲ့လား။ လူသတ်စွမ်းအင်ရောင်မရှိတဲ့ သရဲဝံပုလွေက ဘာများကာကွယ်နိုင်မှာလဲ။ သရဲဝိညာဉ်တစ်ကောင်တစ်လေတောင် သူမဝါးမျိုဖူးသေးပါဘူး”

တုန်ဟွမ်း ခပ်ညှင်းညှင်းရယ်မောနေသည်။ ဖုန်ချင်အန်း မျက်နှာတင်းတင်းမနေနိုင်။ တောင်နက်ကို သူကာကွယ်ရမည်။

“သူဝါးမျိုချင်တာပေါ့။ ဒါပေမယ့် လူသားကမ္ဘာမှာ ဝါးမျိုစရာသရဲဝိညာဉ်တွေကို သူလွယ်လွယ်ဘယ်လိုရှာတွေ့မှာလဲ။ မြေအောက်ဘုံသွားတော့လည်း ဝိညာဉ်စမ်းချောင်းဘေးကနေရာတွေအားလုံး ခင်ဗျားရှင်းလင်းထားတယ်မဟုတ်လား”

“မင်းပြောတာလည်း ဟုတ်သားပဲ”

တုန်ဟွမ်းခဏစဉ်းစားသည်။ ထို့နောက် ဖုန်ချင်အန်းကြည့်၍

“ငါမင်းကိုကူညီနိုင်ပါတယ်။ သူ့ကို အရည်အချင်းရှိတဲ့ သရဲဝံပုလွေဖြစ်လာအောင် လေ့ကျင့်ပေးလို့ရတယ်”

“ဘယ်လိုကူညီမှာလဲ”

ဖုန်ချင်အန်း အတော်စိတ်လှုပ်ရှားသွားသည်။ သို့သော် သူသတိထားရမည်။

“မင်းလက်ခံရင် သူ့ကို ငါ့ရဲ့သရဲနိုင်ငံဆီခေါ်သွားပြီး သင့်တော်တဲ့ပြိုင်ဘက်တွေ စီစဉ်ပေးနိုင်တယ်။ အသေအကြေတိုက်ပွဲတွေကိုဖြတ်ကျော်ပြီး သူ့အစွမ်းတိုးတက်လာအောင်လုပ်နိုင်တယ်”

“အသေအကြေတိုက်ပွဲ”

ဖုန်ချင်အန်း စဉ်းစားသည်။ ကောင်းတော့ကောင်းသည်။ သို့သော် သူစိတ်ပူသည်။ မည်သို့ဆိုစေ တောင်နက်သည် ပထမဆုံးဝိညာဉ်စာချုပ်ချုပ်ခဲ့သည့်သားရဲဖြစ်သည်။ တုန်ဟွမ်းနောက်သို့ ထည့်လိုက်လျှင် သူမျက်ခြေပြတ်သွားနိုင်သည်။ သူပေးနိုင်သည့် တစ်ခုတည်းသောအကူအညီမှာ ဝိညာဉ်ဆွဲဆောင်သွေးသန့်စင်စွမ်းရည်သာ ဖြစ်လိမ့်မည်။

“သူ့ကိုဒီလိုမွေးထားလို့ကတော့ ကြည့်ကောင်းရုံပဲရှိမှာ။ ဘာမှသုံးစားလို့ရမှာမဟုတ်ဘူး။ လူတွေကို ခြောက်လှန့််ချင်ခြောက်လှန့်နိုင်မှာပေါ့။ ဒါပေမယ့် တကယ်အန္တရာယ်ကြုံလာရင် သူကာကွယ်နိုင်မှာမဟုတ်ဘူး”

တုန်ဟွမ်းထပ်ပြောသည်။ သရဲဝံပုလွေကို သူမြင်ဖူးပြီးဖြစ်သည်။ ဟန်ပန်သွင်ပြင်က သာမန်အဆင့်သာရှိသည်။ တိုက်ပွဲစွမ်းအင်ရောင် သိပ်မရှိ။

အားမနာတမ်းပြောရလျှင် ထိုသရဲဝံပုလွေမျိုး သူတစ်ခါမှမမြင်ဖူး။ ဖုန်ချင်အန်းမျက်နှာကြောင့်သာမဟုတ်ရင် သူလုံးဝနှစ်ခါပြန်ကြည့်မည်မဟုတ်။

ဝံပုလွေကို သူစိတ်ဝင်စား၍တော့မဟုတ်။ ဖုန်ချင်အန်းကို ကာကွယ်နိုင်စေရန် အသုံးမကျသည့်ဝံပုလွေကို အပြင်းအထန်လေ့ကျင့်ပေးလိုသောကြောင့်သာ ဖြစ်သည်။

“တောင်နက်”

ဖုန်ချင်အန်း လှမ်းခေါ်လိုက်သည်။ တောင်နက် ချက်ချင်းရောက်လာသည်။ အမွှေးနက်ဖီးနစ်လေးလည်း အတူလိုက်လာသည်။ တောင်နက်ဦးခေါင်းပေါ်တွင် ရပ်နေသည်။ တောင်နက် ခေါင်းကိုအတင်းခါထုတ်နေသော်လည်း ဖီးနစ်က အရေးမစိုက်။

“ခွေးပေါက်လေး၊ မင်းတော့ သွားပြီ။ မဟောင်နဲ့လို့ ငါပြောသားပဲ။ မင်းကဟောင်တာကိုး။ အခုမင်းကြောင့် အနှောက်အယှက်ဖြစ်သွားပြီ”

ဖီးနစ်က ပွစိပွစိပြောနေသည်။ သို့သော် တုန်ဟွမ်းက သူ့ကိုတစ်ချက်စိုက်ကြည့်လိုက်သဖြင့် ချက်ချင်းပါးစပ်ပိတ်သွားသည်။ သာမန်ငှက်တစ်ကောင်လို ဦးခေါင်းပေါ်ငြိမ်၍ရပ်နေသည်။

“တောင်နက်၊ သူက နန်းကောရဲ့အမ မြေအောက်သရဲနိုင်ငံတစ်ခုရဲ့ အုပ်ချုပ်သူပဲ”

ဖုန်ချင်အန်း မိတ်ဆက်ပေးသည်။ တောင်နက် နှာတစ်ချက်မှုတ်၍ ခေါင်းငြိမ့်သည်။ ထိုစွမ်းအားမြင့်မိန်းကလေးထံမှ သူ့သခင်၏အနံ့အသက်ကို ရနေသည်။ နန်းကော၏အမ ပီသလွန်းသည်။

“သူ့သရဲနိုင်ငံမှာ သရဲဝိညာဉ်တွေ မရေမတွက်နိုင်အောင်ရှိတယ်။ သူမင်းကို ခေါ်သွားပေးနိုင်တယ်။ အဲဒီမှာ မင်းစွမ်းအားတိုးအောင် ကြိုးစားလို့ရတယ်။ အခု မင်းဆန္ဒကို ငါမေးချင်တယ်။ ငါ့ဘေးမှာပဲ နေချင်လား၊ ဒါမှမဟုတ် သရဲနိုင်ငံကိုသွားပြီး တိုက်ပွဲတွေကြားမှာ လေ့ကျင့်ချင်လား”

“အူး...”

တောင်နက် တစ်ချက်ညည်းသည်။ မျက်လုံးများက ဒွိဟဖြစ်နေသယောင်ရှိသည်။ ယခုရက်ပိုင်းအတွင်း သူသက်တောင့်သက်သာနေထိုင်ခဲ့သည်။ တောင်ပေါ်မှ ဝံပုလွေဖြူလေးဆီသွားသည်။ သူ့သခင်ကိုလွမ်းလျှင် ရွာသို့ပြန်လာသည်။

ထိုဘဝမှ အကြမ်းအတမ်းကြားသို့ သွားဖို့ဆိုသည်မှာ ဆုံးဖြတ်ရခက်သည်။

“မင်းမလိုက်ချင်လည်း ဘာမှမဖြစ်ပါဘူး။ ဒါပေမယ့် ဒီသရဲဝံပုလွေက အိမ်စောင့်ခွေးလောက်တောင် အဆင့်မရှိဘူး ဖုန်ချင်အန်း။ သရဲဝံပုလွေလိုချင်ရင် ငါ့နိုင်ငံကိုပြန်တဲ့အခါ တစ်ကောင်လောက်ဖမ်းလာခဲ့မယ်။ ဒီခွေးကို စွန့်ပစ်လိုက်ပါ။ ဒီခွေးက သွေးဆက်ရှိပေမှာ ဘာမှသုံးစားလို့မရဘူး”

တောင်နက်ကို တုန်ဟွမ်းအထင်မကြီး။ တကယ်လည်း ထိုမျှစွမ်းအားနိမ့်သည့် သရဲဝံပုလွေမျိုးကို မတွေ့ဖူးခဲ့။ မြေအောက်ကမ္ဘာသို့ ဝင်နိုင်ထွက်နိုင်ပြီး သရဲဝိညာဉ်စားသုံးနိုင်သည့် သတ္တဝါမျိုးက အဘယ်ကြောင့်ထိုမျှအဆင့်နိမ့်နေသည်မသိ။

“ဂါး”

တောင်နက် ဟိန်းဟောက်လိုက်သည်။ ဒွိဟမျက်လုံးများ အရောင်တလက်လက်တောက်လာသည်။ သူ့သခင် သူ့အပေါ် မည်မျှမျှော်လင့်ယုံကြည်ထားသည်ကို သူပြန်သတိရလာသည်။ ယခုအတိုင်းဆက်နေလျှင် အိမ်စောင့်ခွေးဖြစ်ဖို့ပင် ထိုက်တန်မည်မဟုတ်။

“သူက မင်းနဲ့လိုက်ချင်ပါတယ်”

ဖုန်ချင်အန်း ချက်ချင်းသဘောပေါက်လိုက်သည်။

“မျှော်လင့်ချက်မဲ့နေတာတော့ မဟုတ်သေးဘူးပဲ”

တုန်ဟွမ်း ခေါင်းငြိမ့်သည်။ ထို့နောက် ထပ်မေးသည်။

“ဟိုကြက်ကိုလေ့ကျင့်ဖို့ရော ငါကူညီပေးရမလား”

“အဲဒီ့ကြက်လည်း...”

ဖုန်ချင်အန်း အံ့ဩသွားသည်။ တောင်နက်လည်း မျက်လုံးပြူးသွားသည်။

“အဲဒီ့ကြက်က မြေအောက်ဘုံမှာ အသက်ရှင်နိုင်ပါ့မလား”

“ရှင်နိုင်တာပေါ့။ မင်းသူ့ကို လျှော့တွက်ထားတာပဲ”

ကိုယ်မွေးထားသည့်ကြက်အကြောင်းပင် ကောင်းကောင်းမသိသည့် ဖုန်ချင်အန်းကို တုန်ဟွမ်း အံ့ဩဟန်ဖြင့် စိုက်ကြည့်နေသည်။

“သူဆန္ဒရှိရင် ခေါ်သွားပါ”

“ခစ်ခစ်၊ သူသေချာပေါက် လိုက်ချင်မှာပါ”

ဖီးနစ်က တောင်ပံတဖျတ်ဖျတ်ခတ်၍ ကြက်ဖကိုယ်စာ အာမခံလိုက်သည်။ အထီးကျန်နေသည့် သူ့အတွက် ကစားဖေါ်ရလာသဖြင့် စိတ်လှုပ်ရှားနေဟန်ရှိသည်။

“မင်းမေးလိုက်ပါ”

တုန်ဟွမ်းက ဖီးနစ်ကို အမိန့်ပေးလိုက်သည်။ ထို့နောက် ဖုန်ချင်အန်းကို လှည့်ကြည့်သည်။

“ဘယ်အဆင့်လောက်ထိ သူတို့ကို လေ့ကျင့်ပေးစေချင်လဲ”

“အဆင့်မြင့်လေကောင်းလေပေါ့။ မသေရင်ပြီးတာပဲ။ အဆုံးထိသာ တွန်းတင်ပေးပါ”

ဖုန်ချင်အန်း ပြန်ဖြေလိုက်သည်။ သူတို့အနာခံမှ အသာစံရမည်။

“ကောင်းပြီလေ”

တုန်ဟွမ်းခေါင်းငြိမ့်သည်။ သူတုံ့ဆိုင်းနေစရာ မလိုတော့။

“ဒါဆို အခုပဲ ခေါ်သွားလိုက်မယ်”

တောင်နက်နှင့်ဘရိုကိတ်ကြက်တို့ တုန်ဟွမ်းနောက်မှ လိုက်သွားသည်။ ကြက်ဖလည်း ဖီးနစ်၏ တောင်ပံခတ်ပုံကြည့်၍ ဘာပြောလိုသည်ကို နားလည်ဟန်ရှိသည်။ မြေ‌အောက်ဘုံသို့လိုက်ရန် သဘောတူသည်။

ဖုန်ချင်အန်း ဘာမှသိပ်မပြောတော့။ မြေအောက်ဘုံတွင် သူ့အကူအညီမပါဘဲ ဂျင်နရယ်အဆင့်သားရဲ မည်သည့်အဆင့်မျိုးထိ မြှင့်တင်နိုင်မည်ကို သူလည်းသိလိုသည်။

“နေမီးတောက်ပန်း”

ခုနက ‘တိုက်ပွဲ’အတွင် ကုတင်ပေါ်ကျနေခဲ့သည့် ပန်းပွင့်ကို သူကောက်ယူလိုက်သည်။ အရောင်မှိန်မှိန် လင်းလက်နေဆဲဖြစ်သည်။ ပျက်စီးသည့်လက္ခဏာမရှိ။ ကျောက်မျက်စီချယ်ထားသည့် ရတနာတစ်ခုနှင့် တကယ်တူသည်။

ထိုပန်းပွင့်မှ အလင်းရောင်ကိုထိတွေ့သည်နှင့် တစ်ကိုယ်လုံးနွေးထွေးလာသလို ခံစားရသည်။ ရု့ပ်ခန္ဓာအနွေးဓာတ်သာမဟုတ်။ စိတ်ဝိညာဉ်လည်း ‌ပေါ့ပါးလန်းဆန်းလာသည်။

“အကဲဖြတ်မယ်”

“နေမီးတောက်ပန်း”

(သရဲမသေမျိုး၏စွမ်းအားအခြေခံ၊ သရဲဘုရင်၏သက်သေ)

(အချိန်ကာလာမရေမတွက်နိုင်သည့် ခေတ်ကာလတစ်ခုက အဓိပဓိတစ်ယောက် မြေအောက်ဘုံတွင် မွေးဖွားပြီး အဆင့်တက်ချိန်တွင် ကျဆုံးခဲ့ရာမှ ကျန်ရစ်ခဲ့ခြင်းဖြစ်သည်။ မြေအောက်ဘုံမှ တာအိုကိုရှာဖွေသူတို့အတွက် နောက်ဆုံးလက်ဆောင်၊ နောက်ဆုံးဆုလာဒ်ဖြစ်သည်)

ဖုန်ချင်အန်း မှင်သက်မိသွားသည်။ထိုပန်းမျိုးကို တုန်ဟွမ်းက သူ့ကိုပေးသည်။ ထိုပန်း၏နောက်ခံကို ရှင်းမပြ။ သာမန်မဟုတ်မှန်းတော့ ရိပ်မိခဲ့သည်။ သို့သော် ထိုမျှထူးခြားနေမည်ထင်မထား။

“သရဲမသေမျိုးရဲ့စွမ်းအားအခြေခံ။ သရဲဘုရင်၏သက်သေ”

သူ့ဘာသာရေရွတ်မိသည်။ ပန်းပွင့်ကို သေချာကြည့်သည်။ မြင့်မားသည့် သူ့ဝိညာဉ်အာရုံဖြင့် စစ်ဆေးကြည့်သည်။ ထူးခြားမှုတစ်ခု တွေ့ရသည်။

အသက်ဓာတ်ဖြစ်သည်။ ဝိညာဉ်သစ်ပင်လိုမဟုတ်။ သက်ရှိသတ္တဝါမျိုးနှင့် ပိုတူသည်။ သိုသော် ထိုသို့ပြောလည်း မတိကျသေး။ သစ်ပင်မဟုတ် သတ္တဝါမဟုတ် ကြားကျကျဖြစ်တည်မှုပုံစံဟု ဆိုရမည်။

ဝိညာဉ်ဆွဲဆောင်သွေးသန့်စင်နည်းကို လည်ပတ်ကြည့်သည်။ ဝိညာဉ်ချီများကို ဆွဲယူသည်။ နေမီး‌တောက်ပန်းထဲသို့ ပို့လွှတ်သည်။

ထူးဆန်းသည့်နည်းလမ်းသုံးခြင်းဖြစ်၍ ထူးဆန်းသည့်ရလာဒ်များပေါ်လာသည်။

ဝိညာဉ်ချီများသာမက ဖုန်ချင်အန်း၏ဝိညာဉ်စွမ်းအင်များကိုပါ စုပ်ယူနေသည်။

All Chapters