← Chapters

လှပသည့်ခြေတံများ

Vol. 8 Ch. 108

လှပသည့်ခြေတံများ

Vol. 8 Ch. 108

ထိုအခြေအနေမျိုး ပထမဆုံးကြုံဖူးခြင်းဖြစ်၍ ဝိညာဉ်ပေါင်းစပ်မှုကို သူချက်ချင်းရပ်တန့်လိုက်သည်။ ပန်းပွင့်ကို အချိန်အတော်ကြာ အနီးကပ် စိုက်ကြည့်နေသည်။ မူမမှန်သည့်လက္ခဏာမတွေ့ရ။ ထွက်လာသည့်အလင်းများက နွေးထွေးနူးညံ့သည်။ စိတ်ရောကိုယ်ပါ အလွန်တရာ သက်တောင့်သက်သာဖြစ်နေသည်။

“ငါ့ဝိညာဉ်စွမ်းအားကိုတောင် စုပ်ယူတယ်ပေါ့”

သူမျက်မှောင်ကျုံ့သွားသည်။ နေမီးတောက်ပန်းကိုစိုက်ကြည့်၍ စိတ်လေးနေသည်။ ဝိညာဉ်ဆွဲဆောင်သွေးသန့်စင်နည်းကို အကြိမ်ရှစ်ထောင်ထက်မနည်း သူအသုံးပြုခဲ့သည်။ ထိုအဖြစ်မျိုး တစ်ခါမှမကြုံဖူး။

ဝိညာဉ်ချီပေါင်းစပ်ရာတွင် သူ့ဝိညာဉ်စွမ်းအားကို လမ်းညွှန်ရုံလမ်းဖွင့်ရုံလောက်သာ အသုံးပြုခြင်းဖြစ်သည်။ ဝိညာဉ်ပေါင်းစပ်ခြင်းဖြစ်စဉ်ထဲသို့ တိုက်ရိုက်ထည့်သွင်းအသုံးပြုခြင်းမဟုတ်။

ယခု နေမီးတောက်ပန်းက သူ့စွမ်းအင်ကို တိုက်ရိုက်စုပ်ယူနေသည်။ ထိုပန်းပွင့်ကြောင့် သူ့ဝိညာဉ်စွမ်းအားများ ပျော့ကွက်ဟာကွက်များ ပြည့်နေသလို ခံစားရသည်။ စုပ်ယူခံရလေ အားနည်းလေဖြစ်သည်။

သို့သော် ကုန်ခမ်းသွားသည့်သူ့စွမ်းအားက များများစားစားမဟုတ်သေး။ ကျင့်ကြံမှုမှတစ်ဆင့် ပြန်ဖြည့်ဆည်းနိုင်သည်။ မကြုံဖူးသည့်အဖြစ်ကြောင့် သူအာရုံစိုက်မိနေခြင်းဖြစ်သည်။

ထိုပန်းပွင့်၏လျှို့ဝှက်ချက်များကို သူစိတ်ဝင်စားမိသည်။ အကဲဖြတ်စစ်ဆေးချက်အရ အလွန်တရာကြာညောင်းခဲ့သည့် ခေတ်ကာလတစ်ခုက မြေအောက်ဘုံရှိ စွမ်းအားရှင်တစ်ယောက် သေဆုံးရာမှ ကြွင်းကျန်ခဲ့သည့် ရတနာဖြစ်သည်။

ပန်းကိုယူလာပေးခဲ့သည့် တုန်ဟွမ်းပင် ထိုအချက်ကို သိမည်မထင်။

အခန်းထဲမှ တော်ဝင်ချီများကို သူကြည့်သည်။ ကုတင်ပေါ်မှဓားကိုကြည့်သည်။ သူခဏစဉ်းစားသည်။ ထို့နောက် ဓားကိုဆုပ်ကိုင်လျက် ပန်းပွင့်ကို နောက်ထပ်ဝိညာဉ်ပေါင်းစပ်ရန်ကြိုးစားသည်။

ပန်းပွင့်က ဆန့်ကျင်တွန်းလှန်ခြင်းမရှိ။ ပတ်ဝန်းကျင်ဝိညာဉ်ချီနျှင့် ဖုန်ချင်အန်းဝိညာဉ်စွမ်းအင်နှစ်ခုလုံးကို စုပ်ယူပြန်သည်။

ဆယ့်ငါးမိနစ်ကြာပြီးနောက် သူရပ်လိုက်သည်။ ပန်းပွင့်ကိုစိုက်ကြည့်၍ သေချာပြန်လေ့လာသည်။ သို့သော် ဘာထူးခြားချက်မှမတွေ့။ ထို့ကြောင့် သူဆက်လုပ်သည်။ စွမ်းအင်မည်မျှစုပ်ယူနိုင်သည်ကို သူကြည့်ချင်သည်။ အကန့်အသတ်တော့ရှိရမည်။

လက်ရှိသူ့ဝိညာဉ်စွမ်းအားပမာဏက တစ်ချို့တစ်ဝက်ကုန်ခမ်းသွားဖို့ပင် အတော်အချိန်ကြာလိမ့်မည်။

သူ့စွမ်းအင် တစ်ဝက်ကျော်မကုန်မီ ပန်းပွင့်တွင် အပြောင်းအလဲများပေါ်လာသည်။

ပွင့်ချပ်အပြင်ဘက်အစွန်းများ နွမ်းခြောက်လာသည်။ သို့သော် ထွက်ပေါ်နေသည့်အလင်းက လျော့ကျမသွားဘဲ ပို၍ပင် တောက်ပလာသည်။

ပန်းပွင့်တွင်ပါဝင်သည့် ထူးခြားသည့်ဝိညာဉ်စွမ်းအင်က ပို၍တိုးတက်ပွားလာကြောင်း သူအာရုံခံစားမိသည်။ သို့သော် ပွင့်ချပ်အပြင်ပိုင်းတွင် အားနည်းသွားသည်။ ဝိညာဉ်စွမ်းအင်ပျောက်ကွယ်သွားခြင်းမဟုတ်ဘဲ ပန်းပွင့်အလယ်ဗဟိုဆီသို့ ကူးပြောင်းသွားခြင်းဖြစ်သည်။

ထိုအဖြစ်ကြောင့် သူပို၍စိတ်ဝင်စားလာသည်။ သို့သော် ဝိညာဉ်စွမ်းအင်ပေါင်းစပ်မှုကို ဆက်မလုပ်တော့။ ကုန်ခမ်းသွားသည့်စွမ်းအင်များကို ပြန်ဖြည့်ဆည်းရန် ကျင့်ကြံမှုစတင်လိုက်သည်။

စွမ်းအားပြန်ပြည့်ပြီးသော်လည်း နေမီးတောက်ပန်းကို မထိတော့။ နတ်ဘုရားပို့လွှတ်ခြင်းစွမ်းရည်ဖြင့် သိစိတ်အာရုံကို တောင်နက်ဆီ ဆက်သွယ်လိုက်သည်။ တုန်ဟွမ်း၏ သရဲနိုင်ငံအခြေအနေကို ကြည့်ချင်သည်။

ထိုခဏမှာပင် သေမျိုးကမ္ဘာတွင် မတွေ့နိုင်သည့် မြင်ကွင်းမျိုးကို သူမြင်လိုက်ရသည်။

မီးခိုးရောင်ဝိညာဉ်ရိပ်များ တွန်းထိုးလှုပ်ရှားနေသည်။ အလွှာလိုက်အထပ်လိုက် အဆုံးစမရှိ။ စူးရှသည့်အော်ညည်းသံများ ပြုနေကြသည်။ အရိပ်တစ်ခုနှင့်တစ်ခု ထပ်နေသည်။ သာမန်လူများ ထိုအသံကြားရုံဖြင့် မေ့လဲကျသွားနိုင်သည်။

သို့သော် တောင်နက်အတွက်တော့ ကြောက်လန့်စရာအသံမဟုတ်။ သွားရည်ယိုစေသည့်အသံများဖြစ်သည်။

သူတောင့်တနေသည့် အစာများဖြစ်သည်။ သူ့ရှေ့မှ ဝိညာဉ်များအားလုံးသည် သူ့စားစရာများဖြစ်သည်။

ထိုအဖြစ်မျိုးကြုံရလျှင် မည်သူမှ စိတ်ထိန်းနိုင်မည်မဟုတ်။ ကြည့်လေရာရာ မျက်စိတစ်ဆုံး အစာများပြည့်နေသည်။

“ဒီလေလွင့်ဝိညာဉ်တွေကို ကြည့်မနေပါနဲ့။ ထူးခြားတဲ့ သရဲဝံပုလွေတွေဟာ ဒါမျိုးတွေမစားဘူး”

အေးစက်စက်စကားသံ ပေါ်လာသည်။ တောင်နက် အလိုလို ခန္ဓာကိုယ်ကျုံ့သွားသည်။ သူ့သခင်အနံ့ကို ရနေသော်လည်း ထိုမိန်းမထံမှစွမ်းအင်ဖိအားသည် တောင်တန်းနတ်ဘုရားထက်ပင် ကြောက်စရာကောင်းသည်။

“မကြောက်နဲ့တောင်နက်၊ မင်းအန္တရာယ်မရှိနိုင်ပါဘူး”

တောင်နက်စိတ်ထွေပြားနေသဖြင့် ဖုန်ချင်အန်း အားပေးလိုက်သည်။

“ဟင်း...ဖုန်ချင်အန်းလား”

ဖုန်ချင်အန်း စကားတစ်ခွန်းပြောလိုက်စဉ်မှာပင် တုန်ဟွမ်းအကြည့်က တောင်နက်ဆီရောက်လာသည်။

သူ့သိစိတ်အာရုံကို တုန်ဟွမ်းက အာရုံခံမိသွားပြန်သည်။ သိစိတ်အာရုံအဆင့် စွမ်းအင်လှုပ်ရှားမှုများကိုပင် ယုဟွမ်သခင်မက အာရုံခံနိုင်သည်။

“ပြီးခဲ့တဲ့တစ်ကြိမ်က နန်းကောကို မင်းဒီလိုနည်းလမ်းသုံးပြီး ဆက်သွယ်တာ ငါကြုံရတယ်။ အတော်စိတ်ဝင်စားစရာကောင်းတဲ့ လျှို့ဝှက်နည်းလမ်းပဲ။ သေမျိုးကမ္ဘာကနေပြီး မြေအောက်ဘုံကို လှမ်းကြည့်လို့ရတယ်ပေါ့”

တုန်ဟွမ်း တောင်နက်ကို စိုက်ကြည့်သည်။ တောင်နက် သူ့ခြေရင်းတွင် ဘောလုံးတစ်လုံးဖြစ်သွားမတတ် ခန္ဓာကိုယ်ကျုံ့ထားသည်။ တုန်ဟွမ်းလေသံက အေးစက်တင်းမာမှုမရှိတော့။ သဘောထားပြောင်းသွားမှန်း သိသာသည်။

သို့သော် စကားလုံးများက အထိန်းအကွပ်ရှိသည်။ ဖုန်ချင်အန်း၏နည်းလမ်းသည် စိတ်ဝင်စားစရာကောင်းသည်ဆိုသည်ထက် ပိုပါသည်။ တစ်ခြားနေရာသို့ လှမ်းကြည့်နိုင်သည့် နတ်စွမ်းအားမျိုး ရတနာမျိုးသည် များများစားစားမရှိ။ အမျိုးအစားဆယ်မျိုးထက်မပို။

သို့သော် မည်သည့်စွမ်းအားမျိုးဖြစ်စေ လက်ရှိဖုန်ချင်အန်းစွမ်းအင်အဆင့်နှင့် ကျင့်ကြံနိုင်မည်မဟုတ်။ အလွန်တရာ အားနည်းလွန်းသည်။ ရတနာဆိုသည်ကလည်း ယခုလိုစွမ်းရည်မျိုးရှိလျှင် အနည်းဆုံးတော့ မသေမျိုးရတနာဖြစ်ရမည်။

ဖုန်ချင်အန်းပိုင်ဆိုင်သမျှထဲတွင် မသေမျိုးရတနာမရှိသည်မှာ ထင်ရှားနေသည်။

သို့သော် ဖုန်ချင်အန်းက ထိုစွမ်းရည်မျိုး အသုံးချနေသည်။ တုန်ဟွမ်းပင် ထိုအဖြစ်မျိုး တစ်ခါမှမကြုံဖူးခဲ့။

အကန့်အသတ်များ အတားအဆီးများတော့ ရှိနိုင်သော်လည်း လက်ရှိဖုန်ချင်အန်းစွမ်းအားအဆင့်နှင့် ထိုသို့လုပ်နိုင်သည်ကပင် အပြစ်ကင်းသည့် လျှို့ဝှက်နည်းလမ်းတစ်ခုဟု သတ်မှတ်ရမည်ဖြစ်သည်။

All Chapters