သရဲနိုင်ငံမြင်ကွင်း
Vol. 8 Ch. 109
“ခင်ဗျားစိတ်မရှိရင် အားလုံးအဆင်ပြေပါတယ်”
တောင်နက်၏သိစိတ်အာရုံမှတစ်ဆင့် ပြောလိုက်သည်။ တုန်ဟွမ်းသည် သူရှိမှန်း အာရုံခံနိုင်လျှင် ထိုသိစိတ်ဝိညာဉ်လှိုင်းကိုလည်း ကြာနိုင်ပေလိမ့်မည်။
“ငါ့သရဲနိုင်ငံကိုကြည့်ချင်လား”
ဖုန်ချင်အန်းအဘယ်ကြောင့် ထိုလျှို့ဝှက်နည်းလမ်းဖြင့် စူးစမ်းနေသည်ကို သူသဘောပေါက်သည်။
“ကျုပ်နည်းနည်း စိတ်ဝင်စားမိလို့ပါ။ မြေအောက်ဘုံသရဲနိုင်ငံက ဘယ်လိုပုံလဲဆိုတာ သိချင်တယ်”
ဖုန်ချင်အန်း မငြင်းပါ။
“မကြာခင်ရောက်တော့မယ်။ မင်းငါ့နိုင်ငံကို တွေ့ရမှာပါ။ ဒါပေမယ့် ငါအုပ်ချုပ်တဲ့နိုင်ငံက တစ်ခြားသရဲဘုရင်နိုင်ငံတွေလိုမဟုတ်ဘူး။ မြေအောက်လုံမှာ ငါ့ဖြစ်တည်မှုငါ့လုပ်ရပ်တွေက တကယ့်ဆန့်ကျင်ဘက်တွေပဲ”
သူ့စကားထဲမှ ဝင့်ကြွားနေသည့်အရိပ်ကို ဖုန်ချင်အန်း ခံစားရသည်။
သို့သော် တုန်ဟွမ်း ဝင့်ကြွားခွင့်ရှိပါသည်။ သုံးကြိမ်တွေ့ဖူးရုံဖြင့် သူ့ကို ရှားပါးရတနာများ ပေးခဲ့သည်။ မြေအောက်ဘုံတွင် သူ့အဆင့်အတန်းမည်မျှမြင့်မားကြောင်း သက်သေပင်ဖြစ်သည်။
“ရောက်ပြီ”
“ဂီး..”
ဖီးနစ်အော်သံက အမှောင်လောကတွင် ပဲ့တင်ထပ်သွားသည်။ တောင်နက်ရယ်နေသည့် အနက်ရောင်မြေပြင်သည် အလွန်တရားကြီးမားသည့် ငရဲသားရဲတစ်ကောင်၏ ကျောကုန်းဖြစ်ကြောင်း ဖုန်ချင်အန်း ရုတ်တရက် နားလည်လာသည်။
ငရဲဖီးနစ်။
တောင်နက်စိတ်အာရုံမှ တုန်ဟွမ်းနှင့် ဆက်သွယ်ခဲ့သည်။ ငရဲဖီးနစ်ကို သူအရေးမစိုက်ခဲ့မိ။ ထို့ကြောင့် သာမန်ရှုခင်းဟုသာ ထင်ခဲ့သည်။
‘ယွီယွီက အရမ်းကြီးတာပဲ”
သူတအံ့တဩ ရေရွတ်လိုက်သည်။
ငရဲဖီးနစ်လေးကို သူတွေ့သည့်အချိန်တိုင်း လက်တစ်ဆုပ်အရွယ်အစားထက်မပို။ တောင်တန်းနတ်ဘုရားနှင့်တန်းတူ မိုနာ့ထိပ်တန်းအဆင့်သားရဲဆိုသည့်အချက်ကို မေ့လျော့နေခဲ့သည်။
“ဟီဟီး၊ ကြောက်သွားတယ်မဟုတ်လား”
ဝင်ကြွားဟန်ရှိနေသည့် အသံစူးစူးလေးပေါ်လာသည်။
ဖုန်ချင်အန်း၏သိစိတ်အာရုံလှိုင်းကို ဖီးနစ်လည်း အာရုံခံနိုင်သည်။
“ဘာမှမဖြစ်ပါဘူး”
ဖုန်ချင်အန်း ခပ်အေးအေးပြန်ဖြေသည်။ တောင်တန်းနတ်ဘုရားကို တွေ့ဖူးပြီးဖြစ်သည်။ အရွယ်အစားလိုသလိုပြောင်းလဲနိုင်သည့်အစွမ်းရှိကြောင်း သူသိပြီးဖြစ်သည်။ ဖီးနစ်လည်း ထိုသို့ပင်ဖြစ်မည်။ သိပ်မဆန်းလှ။
တုန်ဟွမ်းလည်း ထိုအစွမ်းမျိုးရှိမရှိ သူသိချင်မိသည်။ ဥပမာအားဖြင့် လိုအပ်သည့်အချိန်တွင် ပေပေါင်းရာချီမြင့်သည့်ခန္ဓာကိုယ် ဖန်တီးခြင်းမျိုးဖြစ်သည်။
သို့သော် အစွမ်းရှိလျှင်လည်း အချိန်တိုအတွင်းတော့ သူမြင်တွေ့ခွင့်ရမည်မဟုတ်။
“ကြည့်ပါ၊ ဒါငါအုပ်ချုပ်တဲ့နိုင်ငံပဲ”
ငရဲဖီးနစ်က တောင်ပံကို ပေပေါင်းရာချီ ဖြန့်ကားထားသည်။ တောင်ပံတစ်ချက်ခတ်တိုင်း အဆုံးစမဲ့မုန်တိုင်းများ ဖြစ်လာသည်။ ဘေးပတ်လည်နှင့်ရှေ့ဘက်မှ လေလွင့်ဝိညာဉ်များကို အလွယ်တကူ ရှင်းလင်းပစ်သည်။
ထို့ကြောင့် ဖုန်ချင်အန်း တောင်နက်အာရုံမှ အောက်သို့ငုံ့ကြည့်ရာတွင် မြင်ကွင်းပိုရှင်းသွားသည်။ အောက်ဘက်ကျစ်တီးခေါင်မြေပြင်ပေါ်တွင် တည်ဆောက်ထားသည့် မြို့တော်များကို မြင်ရသည်။ မြေပြင်သဘာဝအနေအထားကို အရေးစိုက်ကြဟန်မရှိ။
မြို့တော် အကြီးအငယ် ငါးဆယ်နီးပါးရှိသည်။ မြို့တော်နံရံများက မြင့်မားသည်။ ကြောက်စရာသရဲဝိညာဉ်နှင့် မကောင်းဆိုးဝါးသားရဲများ အပြည့်ရှိနေသည်။ အမြင့်မှ ကြည့်နေသည့်တိုင် ထိုဖြစ်တည်မှုများ မည်မျှကြောက်စရာကောင်းသည်ကို ဖုန်ချင်အန်း ရိပ်မိသည်။
“ဒါတွေအားလုံး ခင်ဗျားပိုင်တဲ့မြို့တော်တွေလား”
ဖုန်ချင်အန်း မေးသည်။
“အံ့ဩသွားပြီမဟုတ်လား။ မင်းမြင်နေတဲ့မြို့တော်အားလုံးက တုန်ဟွမ်းအုပ်ချုပ်တာပဲ။ ပြီးတော့ ငါယွီယွီလည်း အုပ်ချုပ်တယ်”
ဖီးနစ်အသံက ပို၍ဝင့်ကြွားလာသယောင်ရှိသည်။
“အခုမြင်နေရတာထက် အများကြီးပိုကျယ်ပါတယ်”
“အဲလောက်ကျယ်ပြန့်မယ် ထင်မထားမိဘူး”
ယုဟွမ်သခင်မ၏နောက်ခံကို သူလေးလေးနက်နက်နားလည်လာသည်။
တစ်ချို့စွမ်းအားမြင့်သရဲများက မြို့တော်တစ်ခုနှစ်ခုသိမ်းသွင်းနိုင်ရုံဖြင့် ဘုရင်ဟု ကြေညာကြသည်။ တုန်ဟွမ်းကို ထိုဘုရင်ပေါက်စများနှင့် ယှဉ်ပြော၍မရ။ သရဲနိုင်ငံ၏မိုနာ့အစစ်ဖြစ်သည်။
သူ့နိုင်ငံက မြို့တစ်မြို့မဟုတ်။ နေရာကျဉ်းတစ်ခုမဟုတ်။ မြင်နေရသည် မိုင်ပေါင်းသောင်းချီကျယ်ပြန့်သည့် ပိုင်နက်ဖြစ်သည်။
“ဒါ ငါနဲ့ယွီယွီ ဖြေးဖြေးချင်းတည်ဆောက်ထားတာ။ အခုမင်းမြင်နေရတာဟာ နှစ်သုံးရာကြိုးစားအားထုတ်မှုပါ။ ဒီနေရာကို ပထမဆုံးခြေချတော့ ငါလည်းတစ်ယောက်တည်းပါပဲ”
တုန်ဟွမ်း တည်တည်ငြိမ်ငြိမ် ရှင်းပြသည်။
“ဒီလောက်အတိုင်းအတာအထိ တစ်ကိုယ်တော်ဖန်တီးခဲ့တာဆိုတော့ ပိုပြီးတောင်အံ့ဩစရာကောင်းနေတာပဲ။ နှစ်တစ်ထောင်ကျော်အတွင်းမှာတောင် ခင်ဗျားလိုလူမျိုး သိပ်မရှိနိုင်ဘူး”
ဖုန်ချင်အန်း တကယ်လေးစားမိသည်။ အားမာန်ရှိပြီး ပြည့်စုံသည့်ခြေတံများသည် ပြေးဖက်ချင်စရာကောင်းလှသည်။
“မင်းငါ့ကို ဒီမြေအောက်ဘုံက သရဲဘုရင်မျိုးနဲ့ နှိုင်းယှဉ်ရင်တော့ သူတို့ဟာ ကြက်တွေဘဲတွေအဆင့်ပဲရှိတယ်လို့ ငါပြောနိုင်တယ်။ သူတို့အားလုံး အနှေးနဲ့အမြန် ငါ့ဓားအောက်က ဝိညာဉ်တွေဖြစ်လာမှာပါ။ ဒါပေမယ့် မိုးမြေကြားမှာ နှစ်တစ်ထောင်သမိုင်းတစ်လျှောက် ပေါ်ထွက်ခဲ့တဲ့ အဓိပဓိဖြစ်တည်မှုတွေနဲ့ယှဉ်ရင်တော့ ငါကသာမန်ပါပဲ”
ဖုန်ချင်အန်း စကားကြောင့် စိတ်ခံစားမှုတစ်ခု နိုးကြားလာဟန်တူသည်။ အတိတ်မှအဖြစ်တစ်ခုကို ပြန်ပြောင်းအောက်မေ့နေသလိုရှိသည်။ ဝင့်ကြွားသည့်ဟန်ပန်မျိုး မရှိတော့။
ဖုန်ချင်အန်း နားလည်သည်။ သူ့အတိတ်မှတ်ဉာဏ်ထဲမှ မိုနာ့များနှင့် နှိုင်းယှဉ်ကြည့်သည်။ တုန်ဟွမ်းကိုလေးစားမိသည်။ သို့သော် ဤလောကမည်မျှကျယ်ပြန့်ကြောင်း သူအပြည့်အဝ နားမလည်သေး။
“တုန်ဟွမ်း၊ မင်းက နှိမ်ချလွန်းနေတာပါ။ မင်းထက်ပိုထူးချွန်တဲ့ ဖြစ်တည်မှုမျိုး ငါမတွေ့ဖူးသေးဘူး”
ယွီယွီ၏ အသံစူးစူးက ပဲ့တင်ထပ်၍ ပေါ်လာသည်။
“မင်းအမြင်မကျယ်သေးလို့ပါ”
“မင်းထက်သာတဲ့ဖြစ်တည်မှုဟာ ဘယ်လိုမျိုးလဲဆိုတာ ငါမြင်ဖူးချင်ပါသေးတယ်”
ခမ်းနားသည့် မြို့တော်က ကုန်းမြင့်များပေါ်တွင် တည်ဆောက်ထားသည်။ ငရဲဖီးနစ် မြေပေါ်သို့ လျင်မြန်စွာ ထိုးဆင်းလိုက်သည်။ ဦးချိုတွင် အမှတ်အသားများပါသည့် သရဲခေါင်းဆောင်များ မြို့တော်၏ ပေတစ်ရာလမ်းပေါ်၌ လျှောက်လာသည်ကို ဖုန်ချင်အန်း မြင်ရသည်။
ဤနေရာသည် ယုဟွမ်သခင်မ၏ သရဲနိုင်ငံ တော်ဝင်မြို့တော်ဖြစ်သည်။
“အခွင့်အရေးတစ်ခု ရှိမှာပါ”
ယုဟွမ်သခင်မက သူ့ဖီးနစ်ကို ပြန်ပြောလိုက်သည်။
မြို့တော်ဗဟိုမှ နန်တောထဲသို့ ငရဲဖီးနစ် ဆင်းလိုက်သည်။ ဆယ်မိုင်ပတ်လည်ကျယ်သည့် လေးထောင့်ကွက်ထဲရောက်ချိန်တွင် သူ့စွမ်းအားကို ထိန်းချုပ်လိုက်သည်။ အဆောက်အဦးများ ထိခိုက်ပျက်စီးမှုမရှိ။ သို့သော် ထိုလေးထောင့်နယ်မြေကို မှော်စက်ဝန်းတစ်ခုဖြင့် ကာကွယ်ထားသည်ကို ဖုန်ချင်အန်း သတိပြုမိသည်။
“မှော်စက်ဝန်းလား”
ဖုန်ချင်အန်း စဉ်းစားနေသည်။ ယုဟွမ်သခင်မက တောင်နက်နှင့်အတူ မြေပေါ်သို့ ဆင်းသွားသည်။
ကြောက်စရာကောင်းသည့် စွမ်းအားမြင့်သရဲအုပ်စုတစ်ခု ချက်ချင်းရောက်လာပြီး အရိုအသေပေးကြသည်။ အများစုက လူသားအသွင်ထိန်းသိမ်းထားသည်။ သံချပ်ကာများဝတ်ထားသည်။ ယုဟွမ်သခင်မ နှစ်သက်သည့်ပုံစံအတိုင်း ပြုမူကြခြင်းဖြစ်သည်။
“အကဲဖြတ်မယ်”
ပါးနှစ်ဘက်တွင် အကြေခွံများရှိပြီး ဦးချိုနှစ်ချောင်း ထိုးထွက်နေသည့် သရဲဂျင်နရယ်တစ်ယောက်ကို သူစိုက်ကြည့်သည်။ တုန်ဟွမ်းကဲ့သို့ လူသားအသွင်ယူထားသဖြင့် ထိုသရဲများ၏စွမ်းအားကို မှန်းဆနိုင်ရန် ခက်ခဲသည်။
(မျိုးနွယ် - ‘ကျောင်း’သရဲ)
(အမျိုးအစား - သရဲ၊ သရဲမျိုးစိတ်)
(စွမ်းရည် - မိုနာ့၊ အခြေခံအဆင့်)
(တိုက်ခိုက်စွမ်းအား - မိုနာ့၊ အခြေခံဆင့်)
သူပါးစပ်အဟောင်းသားဖြစ်သွားသည်။ ကျောင်းသရဲဘေးမှ သရဲတစ်ကောင်ကို သူကြည့်လိုက်ပြန်သည်။ နဖူးတွင် ဦးချိုတစ်ချောင်းရှိပြီး နောက်ကျောတွင် အနက်ရောင်တောင်ပံတစ်စုံရှိသည့် အသွင်ခံ့ညားတင့်တယ်သည့် သတ္တဝါဖြစ်သည်။
(မျိုးနွယ် - ငရဲကျီးကန်း)
(အမျိုးအစား - သရဲ၊ ငှက်မျိုးစိတ်)
(စွမ်းရည် - မိုနာ့၊ အလတ်တန်းဆင့်)
(တိုက်ခိုက်စွမ်းအား - သခင်၊ ထိပ်တန်း)
တုန်ဟွမ်းကိုလာကြိုဆိုသည့် ထိုသရဲတို့၏ အဆင့်များကို ဖုန်ချင်အန်း မြင်ရသည်။ သူတို့သည် ယုဟွမ်နိုင်ငံ၏ အမာခံစွမ်းအားရှင်များဖြစ်မည်။
ဖုန်ချင်အန်းနားမလည်သည့် ဘာသာစကားဖြင့် သတင်းတစ်ချို့ အစီရင်ခံကြသည်။ ထိုဘာသာစကားက သူ့အတွက် အစိမ်းသက်သက်ဖြစ်နေသည်။ သို့သော် ယုဟွမ်က သွက်လက်ကျွမ်းကျင်စွာ ပြန်ပြောနေသည်။
မိုနာ့တစ်ယောက်၏ သွင်ပြင်ဟန်ပန်အစစ်ကို ထုတ်ပြနေသည်။ ပျမ်းမျှအားဖြင့် မိုနာ့အဆင့် စွမ်းရည်ရှိသည့် သရဲအုပ်စုကိုပင် သူထိန်းချုပ်ထားနိုင်သည်။ အမိန့်ပေးနိုင်သည်။
သူတို့ဘာသာစကားကို နားမလည်သဖြင့် ဖုန်ချင်အန်း ငြီးငွေ့သွားသည်။ မျှော်စင်ကြီးများပမာ ရပ်နေကြသည့် အစောင့်သရဲဆယ်ယောက်ကျော်ဆီ သူအကြည့်ရောင်သွားသည်။ ပေသုံးဆယ်ခန့်မြင့်မားသည်။ သံချပ်ကာဝတ်ထားသည်။ ခေါင်းတွင် ဦးချိုများရှိသည်။
“အကဲဖြတ်မယ်”
(မျိုးနွယ်- မြို့နေ့မကောင်းဆိုးဝါး နွားနတ်ဆိုး)
(အမျိုးအစား၊ သရဲ၊ သားရဲ)
(စွမ်းရည် - သခင်၊ အခြေခံအဆင့်)
(တိုက်ခိုက်စွမ်းအား - ကွန်မန်ဒါ - ထိပ်တန်းအဆင့်)
ဖုန်ချင်အန်း ဆက်မစူးစမ်းလိုတော့။ အစောင့်သရဲများပင် တောင်နက်ကို ကြိတ်ချေပစ်နိုင်သည့် စွမ်းအားမျိုး ရှိနေသည်။
သို့သော် ထိုသို့ဖြစ်နေသည်မှာ သဘာဝကျသည်။ ယုဟွမ်နိုင်ငံ၏ ဗဟိုအာဏာပိုင်အဖွဲ့အစည်းဖြစ်သည်။ အဆင့်မြင့်သရဲများ အစောင့်အကြပ်ခန့်ထားရသည်မှာ မဆန်းလှ။