← Chapters

ထူးဆန်းသည့် အပြောင်းအလဲ

Vol. 8 Ch. 112

ထူးဆန်းသည့် အပြောင်းအလဲ

Vol. 8 Ch. 112

“နေမီးတောက်ပန်းက ယင်ချီသိပ်သည်းတဲ့နေရာမှာ ကြီးထွားတာဆိုတော့ အဲလိုနေရာမျိုး ရှာကြတာပေါ့”

ယင်လေပြင်းများ ကောင်းကင်အမြင့်တွင် တိုက်ခတ်နေသည်။ သို့သော် ဖုန်ချင်အန်း အရေးမစိုက်။ နဂါးဝတ်ရုံက အကြေးခွံနှင့်တူသည့် စိမ်းပြာရောင်အကွက်များဖြင့် တလက်လက်တောက်ပနေသည်။ တိုက်စားမှုအားပြင်းသည့် ယင်ချီများကို ကာကွယ်ပေးထားသည်။

ဝတ်ရုံအကာအကွယ်က တစ်လွှာသီးသန့်ဖြစ်သည်။ သူ့လက်ထဲရှိ နေမီးတောက်သစ်စေ့မှလည်း အလင်းရောင်ထွက်နေသည်။ ထို့အပြင် သူ့ကိုယ်ထဲတွင် တောင်နက်၏နတ်ဆိုးစွမ်းအင်များ ရှိနေသည်။

“အင်း...”

တုန်ဟွမ်း ခေါင်းငြိမ့်သည်။ ယွီယွီကလည်း ဘာမှထပ်မပြောဘဲ တောင်ပံကိုညင်သာစွာခတ်လျက် ဦးတည်ရာလမ်းကြောင်း ပြောင်းလိုက်သည်။ မကြာမီ စစ်ပွဲကြောင့် ပျက်စီးခဲ့သည့် တောင်တန်းတစ်ခု မြင်ကွင်းရှေ့တွင် ပေါ်လာသည်။

ဖုန်ချင်အန်းမြင်ကွင်းများ ယခင်ကထက် ပိုရှင်းလင်းနေသည်။ အရပ်မြင့်လာသဖြင့် ပိုမြင်ရသည်။ ထို့အပြင် တောင်နက်၏စွမ်းအင်များရထားသဖြင့် အာရုံခံနိုင်မှုပိုမြင့်မားလာသောကြောင့်လည်းဖြစ်သည်။

“အဲဒါ တစ်ချိန်က ဖျက်ဆီးခံခဲ့ရတဲ့ ဂိုဏ်းတစ်ဂိုဏ်းပါ”

“အတော်ကျယ်တာပဲ။ မဖျက်ဆီးခံရခင်တုန်းက ဘယ်လောက်ခမ်းနားခဲ့မလဲမသိဘူး”

ကျိုးပြတ်နေသည့် တောင်တန်း၊ ပျက်စီးနေသည့် အဆောက်အဦးများကို ဖုန်ချင်အန်း ကြည့်နေသည်။ ကြမ်းတမ်းသည့်စစ်ပွဲလက္ခဏာများ ထင်ဟပ်နေသည်။

“တုန်ဟွမ်း၊ ဒီဂိုဏ်းရဲ့ သမိုင်းကြောင်းကိုသိလား”

“ဘယ်သိမှာလဲ။ ဖြစ်ခဲ့တာ နှစ်ပေါင်းမနည်းတော့ဘူးလေ။ ဘာလို့မေးတာလဲ”

တုန်ဟွမ်း သူ့အမေးကို သိပ်အရေးမစိုက်။ သစ်ပင်စိုက်လိုသည့်နေရာကို ရွေးခိုင်းသည်။

“ကြိုက်တဲ့နေရာသာ ရွေးပါ။ ဒီနေရာက ယင်စွမ်းအင်က တစ်ခြားနေရာတွေထက် သိပ်သည်းတယ်။ စိုက်လို့ရတဲ့သစ်စေ့သာ အမှန်ဖြစ်မယ်ဆိုရင် ဒီထက်ကောင်းတဲ့နေရာမရှိတော့ဘူး”

“ကောင်းပြီလေ”

တုန်ဟွမ်း စကားဆက်မပြောလိုသည်ကို ရိပ်မိသဖြင့် ဖုန်ချင်အန်း အတင်းမတိုက်တွန်းတော့။ နေရာရွေးရသည်က သိပ်မခက်လှ။ ကျိုးပျက်နေသည့်တောင်တန်းအားလုံး အတူတူလောက်ပင်ဖြစ်သည်။ မပျက်စီးသေးသည့်တောင်ထိပ်ဟူ၍ အနည်းငယ်သာရှိသည်။

“ဟိုတောင်ထိပ်ဆို အဆင်ပြေမှာပါ”

ကိုယ်ထည်ခိုင်ခံ့၍ ထိပ်ပိုင်းပြေပြစ်သည့် တောင်တစ်လုံးကို ရွေးလိုက်သည်။ သိပ်တော့ မခမ်းနားလှ။ သို့သ်ော ဘေးပတ်လည် တောင်ကုန်းများတွင် အမြင့်ဆုံးဖြစ်သည်။

ယွီယွီက တုန်ဟွမ်းအမိန့်ကို မစောင့်တော့ဘဲ ထိုတောင်ထိပ်ပေါ်သို့ ဆင်းလိုက်သည်။ ထို့နောက် ဖုန်ချင်အန်း အလွယ်တကူဆင်းသက်နိုင်စေရန် ခန္ဓာကိုယ် အမြန်ကျုံ့လိုက်သည်။

“ဒီအတိုင်း ရိုးရိုးပဲစိုက်ရမလား”

ဖုန်ချင်အန်းက လက်သီးဆုပ်နီးပါးရှိသည့် သစ်စေ့ကိုကိုင်ရင်း တုန်ဟွမ်းကိုလှည့်ကြည့်၍ အကြံတောင်းသည်။

“ကိုယ်အဆင်ပြေမယ်ထင်တဲ့အတိုင်းပဲ စိုက်လိုက်ပါ”

တုန်ဟွမ်းလည်း အကြံမပေးတတ်။ နေမီးတောက်သစ်စေ့ကို သူလည်းတစ်ခါမှ မမြင်ဖူး။ သစ်စေ့အစစ်ဖြစ်သည်ကိုတော့ သူလည်းယုံကြည်ပါသည်။

“ဒါဆို မြေထဲမှာ မြှုပ်လိုက်‌တော့မယ်”

တုန်ဟွမ်း ဘာမှမပြော။ ဖုန်ချင်အန်းလည်း တစ်ခြားဘာမှ ပြောစရာမရှိတော့။ နတ်ဆိုးစွမ်းအားရထားသည့်လက်ဖြင့် အနေတော်တွင်းတစ်ခု တူးလိုက်သည်။ သစ်စေ့ကိုချ၍ မြေကြီးဖုံးလိုက်သည်။ နောက်မှလာကြည့်တော့မည်ဟု သူတွေးထားသည်။ သို့သော်

“ဘာပါလိမ့်...”

သူရုတ်တရက် ရပ်သွားသည်။ သူမြေကြီးဖုံးထားသည့်နေရာကို ကြည့်လိုက်သည်။

ယင်ချီကို အာရုံခံနိုင်စွမ်း သိပ်မထက်မြက်သော်လည်း ယခု တောင်တန်းပတ်ဝန်းကျင်မှ ယင်လေပြင်းများ စုဝေးလာသည်ကို သူခံစားမိသည်။ သူကြည့်နေစဉ်မှာပင် ယင်စွမ်းအင်လေဝဲတစ်ခု ပေါ်လာသည်။

ခဏကြာပြီးနောက် ပါးလွှာသည့် အနက်ရောင်ယင်စွမ်းအင်များ တောင်တန်းတစ်ခုလုံး ဖုံးအုပ်သွားသည်။ သူ့ကိုယ်မှ နဂါးဝတ်ရုံက အပြာရောင်အလင်းများ တောက်ပါလာသည်။ ထို့နောက် စိမ်းပြာရောင်အဖြစ်ပြောင်းသွားပြီး နဂါးတစ်ကောင်အသွင်ဖြင့် ယင်စွမ်းအင်များ မထိခိုက်အောင် သူ့ဘေးပတ်လည်တွင် ဝိုင်းရံကာဆီးထားသည်။

“ဝတ်ရုံက ကောင်းသားပဲ”

တုန်ဟွမ်း၏ အတက်အကျမရှိသည့်စကားသံ ပေါ်လာသည်။ သေးသွယ်သည့်လက်ချောင်းများက ဖုန်ချင်အန်း ပုခုံးပေါ်ရောက်လာသည်ကို ခံစားမိသည်။ ပြင်းထန်သည့်စွမ်းအင်လှိုင်းတစ်ခု ခံစားလိုက်ရသည်။ အသိပြန်ဝင်လာချိန်တွင် သူလေထဲသို့ရောက်နေပြီဖြစ်သည်။

နေမီးတောက်သစ်စေ့စိုက်ပျိုးခဲ့သည့် တောင်ကုန်းက သူ့အောက်ဘက်တွင် ရှိနေသည်။ ထိုတောင်ကုန်းတစ်ခုလုံး တဖြေးဖြေးကျယ်ပြန့်လာသည့် ယင်လေဝဲက ချက်ချင်းဖုံးအုပ်သွားသည်။ တောင်တန်းတစ်ခုလုံး နက်မှောင်သွားသည်။

လေဝဲဗဟိုတွင် အောက်ခြေကိုမမြင်ရသည့် တွင်းနက်တစ်ခုရှိသည်။ ယင်စွမ်းအင်များကို အဆက်မပြတ်စုပ်ယူနေသည်။ သစ်စေ့စိုက်ပျိုးခဲ့သည့် နေရာပင်ဖြစ်သည်။

“ဒီလိုဖြစ်တာမျိုး အရင်ကမြင်ဖူးလား”

တုန်ဟွမ်းကို လှည့်ကြည့်သည်။ ထို့နောက် နည်းနည်းကြောက်လန့်နေဟန်ဖြင့် သူ့ပုခုံးပေါ် ခုန်ကူးလာသည့် ဖီးနစ်ကို သူလှည့်ကြည့်သည်။

“အများကြီးမြင်ဖူးတာပေါ့”

ယွီယွီ ချက်ချင်းပြန်ဖြေသည်။

“ဒီလိုဖြစ်လာတာ ဘာအဓိပ္ပါယ်လဲ”

အောက်ဘက်ကို လက်ညှိုးထိုးပြ၍ သူဆက်မေးသည်။

“အများအားဖြင့် မိုးမြေရတနာတစ်ခု စွမ်းရည်ပြည့်လာတဲ့သဘောဘဲ။ တစ်ခါတစ်လေကျတော့လည်း သရဲမသေမျိုးတစ်ယောက်ယောက်ချန်ထားခဲ့တဲ့ ပစ္စည်းတစ်မျိုး အသက်ဝင်လာတာမျိုး၊ နောက်ခံထူးခြားတဲ့ လျှို့ဝှက်ရတနာတစ်ခု ပေါ်ထွက်လာတာမျိုးပေါ့”

“ဒါဆို ကျုပ်စိုက်လိုက်တဲ့သစ်စေ့က စွမ်းရည်ပြည့်ပြီး အပင်ပေါက်လာတာလား”

သူ့မျက်နှာတွင် သံသယရိပ်နည်းနည်းသန်းနေသည်။

“အဲလိုလည်း မဟုတ်ပါဘူး။ တစ်ချို့ ထူးခြားတဲ့ပန်းပွင့်တွေ အပင်တွေလည်း စတင်ကြီးထွားတဲ့အချိန်မှာ မူမမှန်တဲ့အပြောင်းအလဲမျိုး ပေါ်လာတတ်ပါတယ်”

ဖီးနစ်စကားကြောင့် ဖုန်ချင်အန်း အတွေးနစ်မသွားအောင် တုန်ဟွမ်းက ဝင်ပြောသည်။

“စောင့်ကြည့်ကြတာပေါ့။ ယင်စွမ်းအင်တွေ့ပျောက်သွားတဲ့အချိန်ကျရင် သိရမှာပါ”

တုန်ဟွမ်းက ထပ်ပြောသည်။ ဖုန်ချင်အန်း စောင့်ရုံသာရှိတော့သည်။ အလိုလိုနေရင်း တောင်တန်းပေါ်တွင် ထိုင်လျက်အနေအထားရှိသည့် အရိုးစုကြီးဆီ သူအကြည့်ရောက်သွားသည်။ ကြမ်းတမ်းသည့်စစ်ပွဲကြောင့် အပျက်အစီးများစွာ ရှိနေသည့်ကြားမှာပင် ထိုအရိုးစုကြီးက အတော်ထူးခြားနေသည်။

“ဘာကြည့်နေတာလဲ”

ဖုန်ချင်အန်း ကြည့်ရာဆီသို့ ယွီယွီ လှမ်းကြည့်သည်။

“ဟိုအရိုးစုကြီးကို ကြည့်နေတာပါ။ အဲဒီအရိုးစုရဲ့ သမိုင်းကြောင်းကိုသိလား။ သူက တောင်တန်းထက်တောင် ပိုမြင့်နေလို့လေ”

All Chapters