← Chapters

အကြောမခံ

Vol. 8 Ch. 115

အကြောမခံ

Vol. 8 Ch. 115

ဖုန်ချင်အန်း နေရာတွင်ရပ်လျက် သစ်ပင်ငယ်အကြောင်းစဉ်းစားရင်း ကျန်ရစ်ခဲ့သည်။ နန်းကောမျက်နှာတွင် ပျော်ရွှင်သည့်အရိပ်အယောင် မတွေ့ရ။

“ဖုန်ချင်အန်း”

“အင်း”

ဖုန်ချင်အန်း လှည့်ကြည့်သည်။

“နင်နဲ့ငါ့အမ ဒီမှာဘာတွေလုပ်နေကြတာလဲ’

နန်းကောစိတ်ခံစားချက်များ ရှုပ်ထွေးနေသည်။

ဖုန်ချင်အန်းထံမှ တုန်ဟွမ်းကိုယ်သင်းနံ့ကို ရနေသည်။ သာမန်ထိတွေ့ရုံဖြင့် ထိုသို့ဖြစ်နိုင်သည်မဟုတ်။ သူ့အမက ဘာမှပြောမသွားသော်လည်း ထိုအချက်က အသံတိတ်သက်သေခံနေသည်။

“သစ်ပင်စိုက်နေတာပါ”

နေမီးတောက်သစ်ပင်ကို ဖုန်ချင်အန်း လက်ညှိုးထိုးပြသည်။

နူးညံ့ကြည်လင်သည့် သစ်ပင်ငယ်ကိုကြည့်၍ နန်းကောခဏ မှင်သက်မိသွားသည်။

“မင်းဒီမှာ ခဏစောင့်ဦး”

ဖုန်ချင်အန်း နန်းကောကို လှမ်းပြောသည်။

နေမီးတောက်သစ်ပင်သည် အမှောင်လောက ယင်ဖြစ်တည်မှုများအပေါ် ပြင်းထန်သည့် အကျိုးသက်ရောက်မှုရှိသည်။ အင်ပါယာချန်ထားခဲ့သည့်လက်ဆောင် ဆိုသော်လည်း ပါရမီအလွန်ထူးခြားသည့် သရဲဘုရင်များသာ လက်ခံနိုင်စွမ်းရှိသည်။

‘အင်း..”

နန်းကော ခပ်တိုးတိုးပြန်ပြော၍ ဖုန်ချင်အန်းကို အဝေးမှလှမ်းကြည့်နေသည်။ တစ်နေရာတည်းတွင်ရှိနေသော်လည်း ကမ္ဘာတစ်ခုခြားနေသလို သူခံစားရသည်။

သို့သော် ဖုန်ချင်အန်း ထိုအဖြစ်ကို သိပ်စဉ်းစားမနေနိုင်။ ကောင်းကင်မှ ယင်စွမ်းအင်များကိုစုစည်း၍ နေမီးတောက်သစ်ပင်ထဲသို့ ပို့လွှတ်သည်။ သူ့ဝိညာည်စွမ်းအားတစ်ဝက်ခန့် ကုန်ခမ်းသွားမှ ရပ်လိုက်သည်။

“နန်းကော၊ လူသားကမ္ဘာကို ပြန်ကြစို့”

အားလုံး ပြီးဆုံးပြီးနောက် နန်းကောဘေးသို့လျှောက်သွားပြီး လက်ကိုလှမ်းဆွဲလိုက်သည်။ သို့သော် နန်းကောက သူ့ကိုစိုက်ကြည့်နေသည်။ ဘာမှပြန်မပြော။

“မင်းဘာတွေတွေးနေတာလဲ”

ဖုန်ချင်အန်း လက်ကိုဆန့်ထုတ်၍ နန်းကော၏နူးညံ့သည့်ပါးပြင်ကို ဖျစ်ညှစ်လိုက်သည်။

“နင်ငါ့ကို ထားသွားမှာလား”

ကောက်ကာငင်ကာ သူမေးသည်။

“ဘာလို့ထားသွားရမှာလဲ။ မင်းမခံစားမိဘူးလား။ ငါတို့ဝိညာဉ်တွေက ဆက်သွယ်ထားတာလေ။ အမြဲတမ်းအတူရှိနေမှာပေါ့”

နန်းကောမျက်နှာတွင် အပြုံးရိပ်များ ပြန်ပေါ်လာသည်။ စကားလုံးမလိုအပ်သည့် နားလည်ရင်းနှီးမှုများ သူတို့နှစ်ယောက်ကြားတွင် ပြန်ပေါ်လာသည်။

..........................

ဆောင်းရာသီပြန်ဝင်လာပြီဖြစ်၍ လူသားကမ္ဘာတွင် ခြောက်ကပ်တိတ်ဆိတ်နေသည်။ ဖုန်ချင်အန်းက နန်းကောလက်ကိုကိုင်၍ တောင်ထိပ်တွင်ရပ်လျက် ငါးပေအမြင့်ရှိသည့် နေမီးတောက်သစ်ပင်ကို ကြည့်နေသည်။ အပင်ပေါက်သာဖြစ်သော်လည်း အသွင်ပြောင်းထားသည့် သူ့အရပ်ထက် သိပ်မနိမ့်လှ။

‘အကဲဖြတ်မယ်”

(မျိုးစိတ် - နေမီးတောက်သစ်ပင်)

(ဂုဏ်သတ္တိ - နေ၊ သစ်သား၊ ကောင်းကင်)

(တိုက်ခိုက်စွမ်းအား - မရှိ)

စွမ်းရည်ပိုတိုးလာသည်။ တောင်နက် ကွန်မန်ဒါအဆင့်တက်စဉ်ကထက်ပင် ပို၍ချောမွေ့နေသည်။ တိုက်ခိုက်စွမ်းအား မရှိသေးသော်လည်း အတော်ထူးခြားသည်ဟု ဆိုနိုင်သည်။

“အခု ဝိညာဉ်စာချုပ်ချုပ်ရတော့မလား”

သစ်ပင်က သူ့လိုအပ်ချက်နှင့် ကိုက်ညီနေသည်။ ဆဋ္ဌမဝိညာဉ်စာချုပ်အထိ သူတည်ဆောက်ပြီးဖြစ်သည်။ နေမီးတောက်သစ်ပင်နှင့် စာချုပ်ချုပ်နိုင်လျှင် ထိုသစ်ပင် ကွန်မန်ဒါအဆင့်ထိ မြင့်တက်သွားလိမ့်မည်။ သူလည်း စနစ်အကဲဖြတ်မှတ်တမ်းတွင် ရွှမ်သားရဲဂိုဏ်းတစ်ခု ဖန်တီးနိုင်သည့်အဆင့်ရောက်လာမည်။

သူကိုယ်တိုင် စိုက်ပျိုးပြုစုခဲ့သည့် သစ်ပင်ဖြစ်သော်လည်း သူနည်းနည်းတုံ့ဆိုင်းနေမိသည်။ ထိုသစ်ပင်သည် အလွန်ထူးခြားသည့်နောက်ခံရှိသည်။ ဒဏ္ဍာရီက ချဲ့ကားပြောခဲ့ခြင်းဖြစ်ကောင်းဖြစ်မည်။ သို့သော် သူ့စိတ်ထဲ အတော်လွှမ်းမိုးနေသည်။

“ဖုန်ချင်အန်း၊ ဘာတွေတုံ့ဆိုင်းနေတာလဲ”

အကြိမ်များစွာ ဤနေရာသို့ အတူလိုက်လာဖူးသည့်နန်းကောက မေးသည်။

“ဂီး”

စူးရှသည့်ဖီးနစ်အော်သံ လွင့်ပျံလာသည်။ ဖီးနစ်ငှက်က တောင်ပံဖြန့်လျက် ဆင်းလာသည်။ ပျော်နေသည့်နန်းကောမျက်နှာမှအပြုံးများ ချက်ချင်းပျောက်ကွယ်သွားသည်။

“ဖုန်ချင်အန်း၊ မင်းက ဒီရောက်နေတာလား။ ငါအချိန်ကုန်သက်သာသွားတာပေါ့”

သူတို့နှစ်ယောက်ရှေ့သို့ ခံ့ညားထည်ဝါသည့်အသွင်နှင့် တုန်ဟွမ်းရောက်လာသည်။ ပိုမြင့်မားလာသည့် နေမီးတောက်သစ်ပင်ကို ပုံမှန်အတိုင်း သူတစ်ချက်ကြည့်သည်။ ထို့နောက် ဖုန်ချင်အန်းနှင့်နန်းကောကို လှည့်ကြည့်သည်။

“မင်း နန်းကောရဲ့စွမ်းအားကို အသုံးပြုနိုင်တယ်ပေါ့”

တုန်ဟွမ်းမျက်နှာတွင် ရှုပ်ထွေးသည့်အရိပ်မျိုး ပေါ်နေသည်။ ထိုယုဟွမ်သခင်မ ဘာတွေးနေမှန်း ဖုန်ချင်အန်း ခန့်မှန်းမရ။

“ဟုတ်ပါတယ်”

သူခေါင်းငြိမ့်လိုက်သည်။ တောင်နက်အပြင် စွမ်းအင်ငှားသုံးနိုင်သူဟူ၍ နန်းကောသာရှိသည်။ သို‌သော် တောင်နက်က အသေအကြေတိုက်ပွဲများ နွှဲနေရသဖြင့် စွမ်းအားလွှဲယူရာတွင် အခက်အခဲရှိသည်။ ထို့ကြောင့် နန်းကောစွမ်းအားကိုသာ သုံးရသည်။

“နန်းကောနဲ့ငါ စွမ်းအားချင်းဆင်တူတယ်ဆိုတာ မင်းသိလား။ ရင်းမြစ်တစ်ခုတည်းကလာတာလို့တောင် ပြောလို့ရတယ်”

တုန်ဟွမ်းက နန်းကောကိုကြည့်၍ နှုတ်ခမ်းထောင့်များတွန့်သွားပြီး ခပ်ညှင်းညှင်းရယ်မောလိုက်သည်။

“သူ့စွမ်းအားကို ယူသုံးနိုင်တယ်ဆိုရင် ငါ့စွမ်းအားကိုလည်း မင်းသုံးနိုင်မှာပါ”

“ကျုပ်သုံးလို့မရဘူး”

ဖုန်ချင်အန်း စိတ်ပျက်လက်ပျက်ခေါင်းခါသည်။ တုန်ဟွမ်းနှင့် စာချုပ်ချုပ်ရန် အကြိမ်များစွာ သူစိတ်ကူးခဲ့ဖူးသည်။ သို့သော် ဖြစ်နိုင်ခြေမရှိ။

စွမ်းအားမြင့်ဝိညာဉ်များနှင့် စာချုပ်ချုပ်ဆိုခြင်းက လုံးဝမတူ။ စွမ်းအားနိမ့်လျှင် ကိစ္စမရှိ။ တုန်ဟွမ်းလို မိုနာ့ထိပ်တန်းအဆင့်မျိုးနှင့် စာချုပ်ချုပ်ဖို့ဆိုသည်မှာ သူလက်လှမ်းမီသည့်အရာမဟုတ်။

သားရဲထိန်းသခင်၏ ဝိညာဉ်စာချုပ်သည် စွမ်းအားတူအဆင့်မျိုးမှသာ အဆင်ပြေသည်။ သားရဲသခင်က ထိန်းချုပ်သည့်နေရာတွင် ရှိရသည်။ စွမ်းအားချင်းကွာဟနေလျှင် ဝိညာဉ်စာချုပ်သည် စက္ကူတစ်ရွက်နှင့်မခြားတော့။

မိုနာ့အဆင့်ရှိသည့် တုန်ဟွမ်းအတွက် ခုခံဆန့်ကျင်ခြင်းမရှိလျှင်ပင် သူ့စွမ်းအင်ရောင်တစ်ခုတည်းဖြင့် စာချုပ်ကိုဖျက်ဆီးပစ်နိုင်သည်။

“ဘာလို့မသုံးနိုင်တာလဲ”

တုန်ဟွမ်းက အလျှော့မပေး။ အရင်တစ်ချိန် ယွီယွီ အမှတ်မထင်ပြောသည့်စကားကို ကြားကတည်းက ထိုစိတ်ကူးမျိုး သူ့ခေါင်းထဲတွင် ရှိနေခဲ့သည်။

ဖုန်ချင်အန်းသည် တစ်ခြားတစ်ယောက်၏စွမ်းအားကို ငှားယူသုံးစွဲနိုင်လျှင် သူ့စွမ်းအားကိုလည်း သုံးစွမ်းနိုင်ရမည်။ သူ့စွမ်းအားသူ ယုံကြည်ချက်ရှိသည်။

မည်သို့ပင်ဆိုစေ ဖုန်ချင်အန်းသည် အတော်အားနည်းသည်။ မိုးမြေသန္ဓေစွမ်းအား(ပထမလက်ဆောင်)ထက် သာလွန်သည့် ရတနာမျိုး၊ နတ်စွမ်းအားမျိုး ပိုင်ဆိုင်ထားသည့် စွမ်းအားရှင်တစ်ယောက်နှင့်တွေ့လျှင် ဒုက္ခရောက်သွားနိုင်သည်။ ဖုန်ချင်အန်း သူ့စွမ်းအားကို ငှားသုံးနိုင်လျှင် ကာကွယ်နိုင်စွမ်း အတော်တိုးပွားလာမည်။

သူ့ညီမနှင့် ‘မျှဝေ’သုံးစွဲနေရသည်ကိုပင် သူအတ်ောသည်းခံနေရသည်။

“ခင်ဗျားက စွမ်းအားကြီးလွန်းတယ်”

ဖုန်ချင်အန်း အမှန်အတိုင်းပြောလိုက်သည်။ သူမလိုချင်၍တော့မဟုတ်။ မလုပ်နိုင်၍သာဖြစ်သည်။

“ဒါက အဓိကအကြောင်းရင်းမဟုတ်နိုင်ပါဘူး”

ဖုန်ချင်အန်းစကားကို သူလက်မခံ။ သူ့ထက်အားနည်းသူများပင် လုပ်နိုင်လျှင် သူလည်းလုပ်နိုင်ရမည်။

“နန်းကောစွမ်းအားကို ငှားသုံးလို့ရတာက ကျုပ်တို့ချင်း ဝိညာဉ်စာချုပ်ချုပ်ထားလို့ပါ။ ခင်ဗျားနဲ့ဝိညာဉ်ချုပ်ချုပ်မယ်ဆိုရင် ခင်ဗျားဘာမှမလုပ်ရင်တောင် စွမ်းအင်ရောင်တစ်ခုတည်းနဲ့တင် ကျုပ်ဝိညာဉ်စာချုပ် အစိတ်စိတ်အမွှာမွှာဖြစ်အောင် ဖျက်ဆီးနိုင်တယ်”

ဖုန်ချင်အန်း အသေးစိတ်ရှင်းပြသည်။ အမြင့်ကိုမှန်းလွန်းလျှင် ပြုတ်ကျတတ်သည်။ စွမ်းအားအဆင့်တစ်ဆင့်ကွာလျှင်ပင် စာချုပ်ချုပ်ရန် ခက်ခဲသည်။ တုန်ဟွမ်းနှင့်သူ့စွမ်းအားက တစ်ဆင့်နှစ်ဆင့်ကွာခြားမှုမျိုးမဟုတ်။

“ဖုန်ချင်အန်း၊ ငါ့ကို ဘယ်လိုလူမျိုးထင်လို့လဲ”

တုန်ဟွမ်း မကျေနပ်။ အထက်စီးမှငုံ့ကြည့်၍ ပြုံးနေသည်။

“မင်းငါ့အကြောင်း ဘယ်လောက်သိလို့လဲ။ ငါ့ကိုယ်ပိုင်စွမ်းအားကို မထိန်းချုပ်နိုင်ဘူးထင်လို့လား”

“ကျုပ်က...”

“စမ်းကြည့်ပါ။ ပြောနေလို့ အကျိုးထူးမလာဘူး။ စမ်းကြည့်မှပဲ သိနိုင်မှာ။ မင်းက ငါမလုပ်နိုင်လောက်ဘူးထင်နေတယ်ဆိုတော ငါသက်သေပြပါရစေ”

တုန်ဟွမ်း၏ ပြောပုံဆိုပုံပြောင်းသွားသည်။

“စမ်းကြည့်တာပေါ့လေ”

ဖုန်ချင်အန်း ထပ်မပြောတော့။ တုန်ဟွမ်းစွမ်းအားကိုသာ တကယ်ဆင့်ခေါ်နိုင်လျှင် ဤလောကထဲ လှည့်လည်သွားလာချိန်တွင် မည်သည့်အန္တရာယ်ကိုမှ ကြောက်လန့်နေစရာမရှိတော့။

“လာပါ”

တုန်ဟွမ်း ဖုန်ချင်အန်းဆီ လျှောက်သွားသည်။ သို့သော် တစ်စုံတစ်ခု ရုတ်တရက် သတိရလာဟန်ဖြင့် နန်းကောကို လှည့်ကြည့်သည်။ နန်းကောမျက်နှာတွင် အလိုအကျသည့်အရိပ်များ အထင်းသားပေါ်လွင်နေသည်။

“နင်ဘာပြောစရာရှိလဲ”

“ဖုန်ချင်အန်းက ကျွန်မလူပါ”

နန်းကော နှုတ်ခမ်းစူနေသည်။ သူ့လွမ်းမိုးမှုသည် တုန်ဟွမ်းထက်သာကြောင်း ပြောလိုခြင်းဖြစ်သည်။

“ငါ့စွမ်းအားကို သူနဲ့မျှသုံးရင် သူကြုံလာမယ့်အန္တရာယ်တွေကို ကာကွယ်ပေးနိုင်တယ်။ နင့်စွမ်းအားကို သူနဲ့မျှသုံးတဲ့အခါ အဲလိုလုပ်နိုင်လို့လား။ သူ့ကိုအပြည့်အဝ ကာကွယ်ပေးနိုင်လို့လား”

တုန်ဟွမ်း သူ့ညီမကို ငုံ့ကြည့်သည်။ အပြတ်နှိပ်ကွပ်သည်။ နန်းကော ဘာမှပြန်မပြောနိုင်။

“နင်သူ့ကို တကယ်ဂရုစိုက်တယ်ဆိုရင် အခုပါးစပ်ပိတ်ထားပါ။ ငါနဲ့သူ ဝိညာဉ်စာချုပ်ချုပ်တာ အနှောက်အယှက်မပေးနဲ့”

“ကဲ..တော်ကြပါတော့။ ကျုပ်စတော့မယ်”

တုန်ဟွမ်းက နန်းကောကို အနိုင်ကျင့်နေသဖြင့် ဖုန်ချင်အန်း အမြန်ဝင်တားလိုက်ရသည်။ နန်းကော၏ သနားစဖွယ်မျက်နှာလေးကို မြင်နေရသဖြင့် သူစိတ်ထဲမကောင်း။ နောက်မှ ပြန်ချော့ရန် ဆုံးဖြတ်လိုက်သည်။ ယခု ပိုအရေးကြီးသည့်ကိစ္စကို အာရုံစိုက်ရမည်။

“တုန်ဟွမ်း၊ အခု ခင်ဗျားစွမ်းအားကို ထိန်းချုပ်ထားပါ။ ကျုပ်ဝိညာဉ်စာချုပ် ပျက်စီးအောင်မလုပ်နဲ့။ အဲဒါက ခင်ဗျားလိုလူအတွက် ဖျက်ဆီးဖို့အလွယ်လေးပဲ”

ဖုန်ချင်အန်း လက်ဝါးကို ဆန့်ထုတ်လိုက်သည်။ သူ့လက်ဝါးအလယ်မှ ရွှေရောင်အလင်းတစ်ခု ပေါ်လာပြီး ဘေးပတ်လည်သို့ ဖြာထွက်လာသည်။ ထို့နောက် အနည်းငယ်မြင့်တက်သွားပြီး လေထဲတွင် တဖြေးဖြေးပြန့်ကားလာသည်။ စက်ဝန်းအသွင်ဖြင့် တုန်ဟွမ်းခန္ဓာကိုယ်ကို ဝန်းရံဖုံးလွှမ်းသွားသည်။

All Chapters