စမ်းသပ်ခြင်း
Vol. 8 Ch. 116
ဖုန်ချင်အန်းမျက်နှာ တည်ငြိမ်နေသည်။ အာရုံစူးစိုက်ထားသည်။ မပေါ့ဆရဲ။ ဝိညာည်စာချုပ်ပျက်စီး၍ တန်ပြန်သက်ရောက်မှုခံရမည်ကို ကြိုတင်မျှော်လင့်ထားပြီးဖြစ်သည်။ သို့သော် ထိုပြဿနာက သိပ်တော့မကြီးနိုင်။
ဝိညာဉ်စာချုပ်မအောင်မြင်ခြင်းသည် သားရဲသခင်တို့အတွက် မဆန်းလှ။ အဆိုးဆုံးအနေအထားတွင် ဝိညာဉ်စွမ်းအားဆုံးရှုံးသွားသည်။ တကယ့်အန္တရာယ်က စာချုပ်ချုပ်ပြီးမှ ပျက်စီးခြင်းမျိုးဖြစ်သည်။
သားရဲသခင်က တမင်တကာ စာချုပ်ဖျက်သည်ဖြစ်စေ စာချုပ်သားရဲက သားရဲသခင်ထက်စွမ်းအားသာလွန် စွမ်းအားမျှခြေပျက်သွားခြင်းကြောင့်ဖြစ်စေ စာချုပ်ပျက်စီးသည်။
သားရဲသခင်၏ဝိညာဉ် ကုစား၍မရနိုင်အောင် ပျက်စီးစေသည်။ သားရဲသခင်အဖြစ်သည်ပင် ဆုံးရှုံးသွားနိုင်သည်။ အနာဂတ်အလားအလာများ ပျက်စီးသွားမည်။
“စိတ်ဝင်စားစရာပဲ”
ခန္ဓာကိုယ်ကို ဝိုင်းရံထားသည့် ရွှေရောင်အလင်းတန်းကို စိတ်ဝင်တစားကြည့်သည်။ စိတ်မသက်မသာ လုံးဝမခံစားရ။
ထိုဝိညာဉ်စာချုပ်သည် အပိုစည်းနှောင်မှုတစ်မျိုးဖြစ်သည်။ သို့သော်သူတို့နှစ်ယောက် စွမ်းအားချင်း ကွာဟလွန်းနေသည်။
သူ့အတွက် ထိုစာချုပ်သည် ခန္ဓာကိုယ်ပေါ်ကျလာသည့် ပင့်ကူမျှင်တစ်ခုလိုသာ ခံစားရသည်။ ချိုးဖျက်ဖို့ပင် အားစိုက်စရာမလို။ သာမန်လှုပ်ရှားလိုက်ရုံဖြင့် ဖျက်ဆီးပစ်နိုင်သည်။
သို့သော် သူ့စွမ်းအားသူ အပြည့်အဝထိန်းချုပ်နိုင်သည်။ ကာလကြာ ရပ်တန့်နေသည့် သူ့စွမ်းအား နည်းနည်းတိုးလာသော်လည်း သူထိန်းချုပ်နိုင်သည်။
ထို့ကြောင့် တန်ပြန်သက်ရောက်မှုမခံစားရပဲ တတိယစာချုပ် ပြီးမြောက်သွားသည်။ တုန်ဟွမ်းစွမ်းအားကို သူအမှန်တကယ် ခံစားမိသည်။
ပြောတော့ ပြောမပြတတ်။ သူ့အတွက် ကျယ်ပြန့်နက်ရှိုင်းလွန်းသည့် စွမ်းအားတစ်မျိုးဖြစ်သည်။ တောင်နက်စွမ်းအားနှင့်ယှဉ်လျှင် ပိုးစုန်းကြူးနှင့် လမင်းပမာ ဖြစ်နေသည်။
စာချုပ်ပြည့်စုံသွားသော်လည်း ဖုန်ချင်အန်း မပျော်။ သူ့စိတ်ဝိညာဉ်ကို အစွန်းကုန် ဆွဲဆန့်ခဲ့ရသည်။ ဝိညာဉ်ပျက်စီးမှုဝေဒနာ ခံစားဖို့ ပြင်ဆင်ထားသည်။
ထိုတတိယစာချုပ်သည် တောင်နက်နှင့်နန်းငယ်တို့စာချုပ်များထက် ဆယ်ဆစွမ်းအားကြီးလျှင်ပင် တည်ငြိမ်သည်ဟု သူမခံစားရ။
ချောင်းရိုးထဲတွင် ငါးများနေရသည့် တံငါသည်နှင့်တူသည်။ ငါးသေးငါးမွှားဖမ်းသည့် ငါးမျှားချိတ်က ငါးမန်းကို သွားချိတ်မိသလိုဖြစ်နေသည်။
ငါးမန်းက ဆန့်ကျင်ရုန်းထွက်လျှင် ကြိုးပြတ်သွားမည်။ သို့မဟုတ် လူရောငါးမျှားတံပါ ရေထဲသို့ ဒရွတ်တိုက်ပါသွားနိုင်သည်။ အဆုံးသတ်မကောင်းနိုင်။
“တကယ်စိတ်ဝင်စားစရာပဲ”
အပြောင်းအလဲကို တုန်ဟွမ်းလည်း ခံစားရသည်။ တောင်နက်နှင့်နန်းကောတို့နှင့်မတူ။ သူ့ခံစားချက်များက ပိုရှင်းလင်းသည်။ တစ်ချို့အချက်များကိုပင် အာရုံခံလိုက်နိုင်သည်။
“ဖုန်ချင်အန်း၊ အခု ငါ့စွမ်းအားကို လိုချင်လား”
တုန်ဟွမ်း ဖုန်ချင်အန်းကို ပြုံးစေ့စေ့မျက်နှာဖြင့်ကြည့်သည်။
“ဘာရယ်”
ဖုန်ချင်အန်း အခုထိနားမလည်နိုင်အောင် ဖြစ်နေသည်။ စာချုပ်တစ်ခုပြီးသွားလျှင် စွမ်းအင်တစ်ချို့သူရလေ့ရှိသည်။ ယခု တုန်ဟွမ်းထံမှ တန်ပြန်စွမ်းအင် သူမရ။ စွမ်းအားမြင့်မလာ။ အရင်က စာချုပ်နှစ်ခုနှင့် လုံးဝကွဲပြားနေသည်။
“လိုချင်ရင်လည်း ယူပါ”
ထိုခဏမှပါ အေးစိမ့်သည့်အားလှိုင်းတစ်ခုက ဖုန်ချင်အန်းကိုယ်ထဲသို့ ဝိညာဉ်စာချုပ်မှတစ်ဆင့် ဒီရေပမာ လိမ့်ဝင်လာသည်။ သူ့သိစိတ်အာရုံပင် ကြေမွပေါက်ကွဲမတတ်ဖြစ်လာသည်။ သို့သော်စာချုပ်က အကောင်းပကတိရှိနေသည်။ ပျက်စီးမည့်လက္ခဏာမျိုးမရှိ။
တုန်ဟွမ်းထံမှ တန်ပြင်စွမ်းအင်။
သူနားလည်လိုက်သည်။ သူ့သိစိတ်အာရုံတွင် နက်ရှိုင်းကျယ်ပြန့်စွာ တိုးဝင်လာသည့် စွမ်းအားက လွှမ်းမိုးလာသည်။ တစ်ခြားကိစ္စများ သူမတွေးနိုင်တော့။ သူ့ကိုဝါးမျိုမတတ်ဖြစ်နေသည့် စွမ်းအားကိုသာ အာရုံစိုက်ထားရသည်။
(ဂုဏ်ယူပါတယ် သားရဲသခင်။ ရွှမ်သားရဲဂိုဏ်းအဖြစ် အဆင့်တက်သွားပါပြီ။ တတိယမစ်ရှင် ပြီးမြောက်ပါပြီ)
(ဆုလာဒ် - နတ်ဘုရားထိန်းချုပ်ခြင်းစွမ်းရည်ပါ။ လက်ခံလိုပါသလား)
လောလောဆယ် ထိုအရာများကို အာရုံစိုက်နိုင်စွမ်းမရှိ။ သူ့ဝိညာဉ်စွမ်းအားများ တရှိန်ထိုးမြင့်တက်နေသည်။ ရွှေရောင်ဝိညာဉ်အလင်းများ ခန္ဓာကိုယ်မှ ဖြာထွက်လာသည်။ အစောပိုင်းက နတ်ဆိုးစွမ်းအင်ဖုံးလွှမ်းနေသော်လည်း ယခု ခံ့ညားထည်ဝါးသည့်ဟန်ပန်မျိုး ဖြစ်လာသည်။
“အားနည်းလွန်းတယ်”
ဖုန်ချင်အန်းကိုကြည့်၍ တုန်ဟွမ်း သက်ပြင်းချသည်။ သူ့ဆုံးဖြတ်ချက်မှန်ကန်သည်ဟု ပို၍ခံစားလာရသည်။
ထိုခဏမှာပင် ဝါးမျိုမတတ်ဖြစ်နေသည့်စွမ်းအင်များ ရုတ်တရက် ရပ်တန့်သွားသည်ကို ဖုန်ချင်အန်း ခံစားလိုက်ရသည်။ အသက်ရှူချောင်သွားသည်။ စိတ်သက်သာရရသွားသည်။
“လက်ခံမယ်”
ကိုယ်ထဲမှစွမ်းအင်များကို ထိန်းချုပ်နိုင်သည်နှင့် သားရဲသခင်စွမ်းရည်အမွေကို သူလက်ခံလိုက်သည်။ ဤတစ်ကြိမ်တွင် စစ်ဆေးနေဖို့အချိန်မရှိ။ တုန်ဟွမ်းက ကျေနပ်နေသည့်မျက်နှာဖြင့် သူ့ဆီလျှောက်လာသည်။
“ဝိညာဉ်စာချုပ်ချုပ်တဲ့ မင်းရဲ့နည်းလမ်းက တကယ်ကောင်းတာပဲ။ငါတောင်အံ့ဩမိတယ်”
“နည်းကျင့်စဉ်တွေဘယ်လောက်ကောင်းကောင်း အတုမဲ့စွမ်းအားယှဉ်ရင် ဘာမှအသုံးမကျပါဘူး”
ဖုန်ချင်အန်း ခေါင်းခါဘမ်းနေသည်။
“ငါနဲ့မင်း စာချုပ်ချုပ်ရတာ နန်းကောနဲ့မတူလောက်ဘူး။ နန်းကောနဲ့စာချုပ်ချုပ်တုန်းက မင်းမှာအကျိုးအမြတ်တစ်ချို့ ရတယ်မဟုတ်လား”
ခန့်မှန်းချက်သာဖြစ်သော်လည်း တကယ်သေချာသည့်လေသံဖြင့် တုန်ဟွမ်းက ပြောသည်။ ဝိညာဉ်စာချုပ် အလုပ်လုပ်ပုံကို သူနားလည်သည်။
“ခင်ဗျားက ကိုယ်ပိုင်စွမ်းအားကို အပြည့်အဝ ထိန်းချုပ်နိုင်တာပဲ”
တောင်နက်နှင့်နန်းကောကို အဆင့်မြှင်ပေးချိန်တွင် အဘယ်ကြောင့် အကျိုးအမြတ်ရခဲ့သည်ကို ဖုန်ချင်အန်း နားလည်လာသည်။
သူတို့မထိန်းချုပ်နိုင်သဖြင့် ပြန့်ကျဲနေသည့်စွမ်းအင်များကို ရခဲ့ခြင်းဖြစ်သည်။
တုန်ဟွမ်းက စွမ်းအင်ကို အပြည့်အဝထိန်းချုပ်နိုင်သည်။ ထို့ကြောင့် ဖုန်ချင်အန်း ဘာမှအကျိုးအမြတ်မရ။
တုန်ဟွမ်းဆန္ဒရှိ၍ ပေးလျှင်ပင် တိုးဝင်လာမည့်စွမ်းအားက သူ့ကိုအပြည့်အဝဝါးမျို၍ ခန္ဓာကိုယ်ပေါက်ကွဲပျက်စီးသွားနိုင်သည်။
“ဟုတ်တယ်။ ဒါကြောင့်လည်း မင်းရထားတဲ့နည်းလမ်းက ထူးခြားနေတာပါ။ ငါ့အပေါ်ချုပ်ထားတဲ့ ဝိညာဉ်စာချုပ်က ပြန့်ကျဲနေတဲ့စွမ်းအင်တွေကို စုစည်းနိုင်တယ်။ အထူးသဖြင့် အဆင့်တက်တဲ့အချိန်မှာ ပြန့်ကျဲထွက်သွားတဲ့ မူလစွမ်းအားပေါ့။ ဝိညာဉ်စာချုပ်က အဲဒါတွေကိုစုစည်းပြီး မင်းဆီပို့ပေးတာ။ ဒါပေမယ့် စာချုပ်က ငါ့အပေါ်မှာတော့ အဲလိုလုပ်နိုင်မှာမဟုတ်ဘူး”