ယန်ခန္ဓာ
Vol. 8 Ch. 117
ဖုန်ချင်အန်းနှင့် ‘တိုက်ပွဲနွှဲ’ ချိန်မှာပင် အမြဲတမ်းအေးစက်စက်ရှိခဲ့သည့် တုန်ဟွမ်းသည် ယခု အထင်ကြီးလေးစားသည့်မျက်နှာမျိုးဖြစ်နေသည်။ ဝိညာဉ်စာချုပ်၏ အခြေခံလုပ်ဆောင်ချက်သဘောတရားကို သူနားလည်သည်။ သို့သော် သူကိုယ်တိုင် အတုခိုးလုပ်ဆောင်ရန် မဖြစ်နိုင်။
“စိတ်မကောင်းပါဘူး။ ငါမင်းကိုပေးစရာ ပြန့်ကျဲစွမ်းအင်တွေမရှိဘူး”
“ဒီအခြေအနေနဲ့တင် လုံလောက်ပါတယ်”
ဖုန်ချင်အန်း အံ့ဩသည်။ အတွေးနက်နေသည်။။
ထိပ်တန်းမိုနာ့တုန်ဟွမ်းသည် စွမ်းအင်ကို အပြည့်အဝထိန်းချုပ်နိုင်သည်။ ဝိညာဉ်စာချုပ်ဖြင့်ပင် ပြန့်ကျဲစွမ်းအင်များ ပေးစရာမရှိ။ တောင်နက်နှင့်နန်းကော ထိုအရည်အချင်းမျိုးမပိုင်ဆိုင်ကြ။
စွမ်းအင်ထိန်းချုပ်ခြင်းသည် အသန်မာဆုံးဝိညာဉ်ဖြစ်ရန် အခြေခံလိုအပ်ချက်ဖြစ်သယောင်ရှိသည်။
သို့သော် မဟုတ်သေး။ မဖြစ်နိုင်။ စွမ်းရည်များစွာရှိသည့်ဝိညာဉ်အတွက် အရေးကြီးဆုံးအရာသည် သူတို့စွမ်းရည်ကို တတ်နိုင်သမျှ မြန်မြန်တူးဖေါ်၍ တိုက်ခိုက်စွမ်းအားအဖြစ် ပြောင်းလဲခြင်းဖြစ်သည်။ စွမ်းရည်အချောသပ်ခြင်းအလုပ်သည် နောက်ထပ်စွမ်းအားတိုးစရာ အဆင့်တက်စရာ မရှိသည့်အချိန်မှသာ ဖြစ်လာလေ့ရှိသည်။
(**တုန်ဟွမ်းသည် မူလရင်းမြစ်စွမ်းအင် ချို့ယွင်းချက်ကြောင့် မိုနာ့အဖြစ်မှ နောက်ထပ်အဆင့်မတက်နိုင်သည်မှာ နှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်သည်။ ထို့ကြောင့် အဆင့်တက်စလူများလို ပြန့်ကျဲစွမ်းအင် (သို့မဟုတ်) စွမ်းအင်ကြမ်းများမရှိတော့။ သူ့လက်ရှိအဆင့်မှ စွမ်းအင်အားလုံးကို အပြည့်အဝသန့်စင်အချောထားပြီဖြစ်သည်)
တိုးတက်စဉ်ကာလအတွင်း အချိန်ကုန်ခံစရာမလို။ သူလည်း ကြုံဖူးပြီးဖြစ်သည်။ ကျင့်ကြံနည်းမည်မျှကောင်းသည်ဖြစ်စေ စွမ်းအားတိုးမလာလျှင် အလှကြည့်သက်သက်သာဖြစ်သည်။
(အောင်မြင်သည့်မစ်ရှင် - အသန်မာဆုံး ရွှမ်သားရဲဂိုဏ်း)
(စနစ်အာရုံခံချက်အရ သင်ဟာ ဒီကမ္ဘာမှာ အသန်မာဆုံး ရွှမ်သားရဲဂိုဏ်းဖန်တီးသူ ဖြစ်လာပါပြီ)
(ဆုလာဒ် .......)
ထိုနေရာတွင် စနစ်အသံ ရုတ်တရက် ရပ်သွားသည်။ တစ်ခါမှမဖြစ်ဘူးသည့် ပြောင်းလဲမှုတစ်ခုဖြစ်သည်။
(သတိပေးချက်၊ သားရဲသခင်က အထိန်းအကွပ်မရှိဘဲ ထိပ်တန်းမိုနာ့တစ်ယောက်နဲ့ စာချုပ်ချုပ်တဲ့အတွက် အဆင့်အတန်းစည်းမျဉ်းကို သွေဖယ်ခဲ့ပါတယ်)
(တတိယဝိညာဉ်စာချုပ်ဟာ မထိန်းချုပ်နိုင်တဲ့အခြေအနေမှာ ရှိပါတယ်)
(သားရဲသခင် အသက်လုံခြုံဘေးကင်းဖို့ ဦးစားပေးတဲ့အနေနဲ့ လျှို့ဝှက်မစ်ရှင်ဆုလာဒ် ပြောင်းလဲသွားပါပြီ)
(ထိပ်တန်းမိုနာ့ဟာ ယင်၊ ကောင်းကင်၊ သစ်သား ဗီဇရှိပါတယ်။ စွမ်းအင်ထိန်းချုပ်နည်းလမ်းအရ သင့်ဆုလာဒ် ပြောင်းလဲသွားပါပြီ)
(ဆုလာဒ် - ချွန်ယန်ခန္ဓာ)
(ခန္ဓာပြောင်းလဲမှု ဆက်လုပ်လိုပါသလား”
ဖုန်ချင်အန်း တုန်ဟွမ်းကို အသံတိတ်မော့ကြည့်လိုက်သည်။ အမှန်တကယ်ပင် သူစာချုပ်ချုပ်သင့်သူမျိုးမဟုတ်။ တုန်ဟွမ်းကြောင့် စနစ်ဆုလာဒ်ပင် ပြောင်းလဲသွားရသည်။
မည်သည့်ခန္ဓာမျိုးက ထိပ်တန်းမိုနာ့ကို နှိပ်ကွပ်နိုင်စွမ်းရှိသနည်း။ ရှိနေလျှင်ပင် ရေတစ်ခွက်ဖြင့် မီးတောက်ကို မငြိမ်းနိုင်၊ မီးတောက်တစ်ခုဖြင့် စမ်းချောင်းကို အငွေ့ပျံအောင် မလုပ်နိုင်ပေ။
“ဘာဖြစ်တာလဲ”
ထူးခြားသည့် ဖုန်ချင်အန်းအကြည့်ကြောင့် တုန်ဟွမ်း မေးလိုက်သည်။
“ကျုပ် အသွင်ပြောင်းလဲမှု ဖြစ်တော့မယ်။ ဒါပေမယ့် ခင်ဗျားကြောင့် အသွင်ပြောင်းတဲ့နည်းလမ်း ပြောင်းလဲသွားတယ်”
“ဘယ်လိုအသွင်ပြောင်းတာလဲ”
တုန်ဟွမ်း မျက်မှောင်ကျုံ့သွားသည်။
“ကျုပ်ခန္ဓာကိုယ်ထဲမှာ အပြောင်းအလဲတစ်ချို့ဖြစ်လာလိမ့်မယ်။ ခဏနေရင် ခင်ဗျားသိမှာပါ။ ဘာပြဿနာမှ မရှိနိုင်ပေမယ့် ယွီယွီနဲ့အတူ ကျုပ်ကိုကာကွယ်ပေးထားဖို့ တောင်းဆိုချင်တယ်”
ရိုးရိုးသားသား သူတောင်းဆိုလိုက်သည်။
အရင်က ပြောင်းလဲမှုနှစ်ခု ကြုံခဲ့ပြီးဖြစ်သည်။ နာကျင်မှုမျိုးစုံ၊ ဝေဒနာမျိုးစုံ ခံစားရသည်။ တစ်ခြားအရာများအပေါ် အကျိုးသက်ရောက်မှုမရှိ။ နန်းကောကိုပင် သူအခွင့်အရေးပေးခဲ့ဖူးသည်။
“အခုစတော့မှာလား။ ဒီနေရာမှာလား”
တုန်ဟွမ်း မျက်ခုံးတစ်ဘက်မြင့်တက်သွားသည်။ နည်းနည်းအံ့အားသင့်သွားဟန်ရှိသည်။ အသွင်ပြောင်းမည့်ပုံက ဖြစ်ကတတ်ဆန်းနိုင်လွန်းသည်။
“ပတ်ဝန်းကျင်နဲ့ပတ်သက်လို့ သီးခြားလိုအပ်ချက်မျိုးမရှိပါဘူး။ လုံခြုံပြီး အနှောက်အယှက်ကင်းရင် အဆင်ပြောပါပြီ”
“ဒီနေရာက မြေအောက်ဘုံပါ။ မင်းအတွက် မသင့်တော်ဘူး။ သေမျိုးကမ္ဘာကိုပြန်ပြီးမှ အသွင်ပြောင်းပါ”
ဖုန်ချင်အန်းအသွင်ပြောင်းချိန် မည်သို့ဖြစ်နေမည်ကို တုန်ဟွမ်းမသိ။ သို့သော် အတွေ့အကြုံအရ ဆုံးဖြတ်ချက်ချလိုက်သည်။ ပတ်ဝန်းကျင်အကန့်အသတ်မရှိလျှင်ပင် ပင်ကိုယ်သဘာဝနှင့်ဆန့်ကျင်သည့်နေရာမျိုးတွင် အသွင်မပြောင်းသင့်။
“ကောင်းပါပြီ”
လက်ဖက်ရည်တစ်ခွက်သောက်စာအချိန်ပင် သူ့တွင်မကျန်တော့။ အသွင်ပြောင်းဖို့အချိန်ကို သူထိန်းထားနိုင်သော်လည်း တုန်ဟွမ်းက ယွီယွီကို သေမျိုးကမ္ဘာသို့ မြန်မြန်ပြန်ပို့ခိုင်းသည်။
တော်ဝင်ချီဖုံးလွှမ်းနေသည့် အိမ်တော်မှ သူ့အခန်းထဲသို့ ပြန်ရောက်လာသည်။ ထူးခြားသည့် အကျိုးသက်ရောက်မှုမျိုး မရှိသော်လည်း သူ့စိတ်များ ပိုတည်ငြိမ်လာသည်။ ပိုအာရုံစူးစိုက်နိုင်လာသည်။
“ကျုပ်စတော့မယ်”
“အင်း”
တုန်ဟွမ်း စိတ်ဝင်တစားကြည့်နေသည်။ ဖုန်ချင်အန်း၏ စွမ်းရည်တစ်ချို့ကို သူမြင်လာရနိုင်သည်။
အတူလိုက်လာသည်နန်းကောပုံစံက ပိုတည်ငြိမ်သည်။ သူထိုအဖြစ်မျိုး မြင်ဖူးပြီးဖြစ်သည်။ သို့သော် မျှော်လင့်ချက်တော့ အပြည့်အဝရှိသည်။ အသွင်ပြောင်းပြီးလျှင် ဖုန်ချင်အန်းခန္ဓာကိုယ်ပို၍ သန်မာလာစေချင်သည်.
“သန့်စင်ယန်ခန္ဓာ၊ အသွင်ပြောင်းမယ်”
စိတ်ထဲမှ သူအမိန့်ပေးလိုက်သည်။
နေမင်းကို သူအာရုံတွင်မြင်ရသည်။ နေဆယ်စင်း ကောင်းကင်တွင် ရှိနေသည်။ အလွန်တရာ ပူပြင်းသည့်အရောင်အဝါများ ထုတ်လွှတ်နေသည်။ ထိုနေများကိုကြည့်မိချိန်တွင် တစ်ကိုယ်လုံးမီးမြှိုက်ခံရသလို ပူလာင်နာကျင်နေသည်။
အပြင်ဘက်မှ အပြောင်းအလဲများကို အာရုံမခံစားနိုင်တော့။ ရှိသမျှစွမ်းအင်အားလုံး သူ့ခန္ဓာကိုယ်ပေါ်တွင်သာ အာရုံစိုက်ထားသည်။
သို့သော် သူတစ်ခု အတွက်မှားသွားသည်။ အသွင်စပြောင်းသည်နှင့် အိမ်တော်အထက်ကောင်းကင်တွင် အနက်ရောင်စွမ်းအင်တိမ်တိုက်တစ်ခု ရုတ်တရက်ပေါ်လာသည်။
တိမ်တိုက်က တစ်စွန်းတစ်စသာဖြစ်သော်လည်း ထူးကဲသည်ထည်ဝါမှုမျိုး ရှိနေသည်။ ထိုတိမ်တိုက်ကိုမြင်သည်နှင့် တုန်ဟွမ်းက ဖုန်ချင်အန်းအတွက် အခန်းထဲတွင် အကာအကွယ်မှော်စွမ်းအင်တစ်မျိုး ထုတ်သုံးလိုက်သည်။ သူ့စွမ်းအင်ရောင် ပြောင်းလဲသွားသည်။
တုန်ဟွမ်းပုခုံးပေါ်မှ ဖီးနစ်လေး တုန်လှုပ်နေသည်။နေသည်။ တောင်ပံအဆက်မပြတ်ခတ်နေသည်။ ကပ်ဆိုးတစ်ခု ရောက်လာတော့မည်ကဲ့သို့ သူထိတ်လန့်နေသည်။
“ကောင်းကင်ဆင်းရဲ၊ တုန်ဟွမ်း ဒီကောင်လေးက ကောင်းကင်ဆင်းရဲကို ခေါ်လိုက်ပြီ”
“ငါသိပါတယ်”
တုန်ဟွမ်းမျက်နှာ တည်ငြိမ်လာသည်။ ကုတင်ပေါ်လှဲနေသည့် ဖုန်ချင်အန်းကို စိုက်ကြည့်သည်။ တစ်ခါမှမခံစားဖူးသည့် နောင်တတရားကို သူခံစားမိသည်။
“သန့်စင်တဲ့ယန်”
သူခပ်တိုးတိုးရေရွတ်သည်။
သန့်စင်ယင်ဓာတ်သည် သရဲဝိညာဉ်များ ဖန်တီးသည်။ သန့်စင်ယန်ဓာတ်သည် မသေမျိုးများကို ဖန်တီးသည်။ ယင်ယင်ပေါင်းစပ်ခြင်းမှ လူသားများဖြစ်လာသည်။
ခုနက သူ့ကြောင့်အသွင်ပြောင်းဖြစ်စဉ် ပြောင်းလဲသွားသည်ဟု ဖုန်ချင်အန်း ပြောခဲ့သည်။ အဆင်ပြေနိုင်စရာ အကြောင်းမရှိ။
သန့်စင်ယန်။
စစ်မှန်သည့်ကောင်းကင်ဖြစ်တည်မှုများသာ စိတ်ကူးယဉ်နိုင်သည့်အရာဖြစ်သည်။ သာမန်ကောင်းကင်ဖြစ်တည်မှုများ စိတ်မကူးရဲကြ။
ကောင်းကင်ဆင်းရဲကို ခုခံနိုင်လျှင် သန့်စင်ယန်အစစ်၊ မသေမျိုးအစစ် ဖြစ်လာသည်။ မခုခံနိုင်လျှင် ပြာကျသွားသည်။
ယခု သာမန်လူတစ်ယောက်။ ဝိညာဉ်စွမ်းအား နည်းနည်းပိုအားကောင်းသည်သာရှိသည်။ ပြင်းထန်သည်အသက်ဓာတ်မှ သန့်စင်ယန်စွမ်းအင်ကို ထုတ်လွှတ်သည်။ ဝိညာဉ်မှခန္ဓာကိုယ်အထိ အပြောင်းအလဲကြုံနေသည်။ လူသားအဖြစ်မှ မသေမျိုးအဖြစ် အသွင်ပြောင်းနေသည်။
တစ်ညအတွင်း တက်လှမ်းသွားခြင်းဖြစ်သည်။
အထင်ကြီးစရာလိုလို ထင်ရသည်။ သို့သော် ထိုမျှအားနည်းသည့်ဖြစ်တည်မှုက ကောင်းကင်နယ်ပယ်အဆင့်မျိုး အတင်းထိုးတက်လျှင် သန့်စင်ယန်မသေမျိုးများကြား လှောင်ရယ်စရာဖြစ်လာမည်။ နှစ်သန်းပေါင်းများစွာ ဟာသတစ်ပုဒ်ဖြစ်လာပေလိမ့်မည်။
ယခု သူ့ဘာသာကာကွယ်နိုင်သည့်စွမ်းအားမျိုးမရှိ။ အတုမဲ့ ကောင်းကင်ဆင်းရဲကို ရင်ဆိုင်နိုင်မည်မဟုတ်။
“တုန်ဟွမ်း၊ ပြေးကြစို့”
ယွီယွီ ထိတ်လန့်နေသည့်အသံဖြင့် ပြောသည်။ ဤနေရာမှ အမြန်ဆုံးထွက်သွားဖို့သာ သူတွေးသည်။ ကောင်းကင်လျှပ်စီးတစ်ချက် လင်းလက်သွားသည်။ ကြောက်စရာကောင်းလွန်းသည်။
ထွက်ပြေးရန်သာ သူစဉ်းစားသည်။ သို့သော် သူ့ဘေးတွင်ရှိနေသည့်နန်းကောမှာ တိမ်မည်းများစုလာကတည်းက ကြမ်းပြင်ပေါ် လဲကျသွားပြီးဖြစ်သည်။ သူ့တစ်ကိုယ်လုံးမှစွမ်းအင်များ ငုပ်လျှိုးသွားသည်။ လှုပ်ပင်မလှုပ်နိုင်တော့။
ကောင်းကင်ခွန်အားအောက်တွင် ဖန်တီးမှုအားလုံးက တန်းတူဖြစ်သည်။ ထိပ်တန်းမိုနာ့ဖြစ်စေ အတူတူဖြစ်သည်။
သို့သော် နည်းနည်းတေ့ ကွဲပြားချက်ရှိသည်။ ယခု ဖုန်မိသားစုအိမ်တော်အထက်တွင် စုဝေးလာသည့် တိမ်မည်းစွမ်းအင်များ လောကသတ္တဝါများအပေါ် သက်ရောက်မှုလုံးဝမရှိ။
အိပ်လိုသူများ အိပ်သည်။ သံဝါသပြုလိုသူများ ပြုကြသည်။ အမဲလိုက်လိုသူများ လိုက်ကြသည်။
သို့သော် ကျင့်ကြံသူများ၊ ဝိညာဉ်နတ်ဆိုးများ၊ နတ်ဆိုးများ၊ သရဲများ၊ နတ်ဆိုးသားရဲများမှာ မိုးပြိုကျလာသလို ခံစားကြရသည်။ တစ်သက်တာတွင် ကောင်းကင်ဆင်းရဲကို ရင်ဆိုင်နိုင်ဖို့ မျှော်လင့်ချက်မရှိသူများပင် ကောင်းကင်ခွန်အားအစစ်ကို ခံစားမိကြသည်။
ကောင်းကင်လျှပ်စီးက သူတို့ကို ပစ်မှတ်မထားသော်လည်း အားလုံးတုန်လှုပ်ခြောက်ခြားနေသည်။ ဝိညာဉ်နတ်ဆိုးများ ထိတ်လန့်နေသည်။
“ငါထွက်ပြီ။ ဒီနေရာမှာ တာဝန်ဆက်မထမ်းနိုင်တော့ဘူး.....အီး..”
ဖုန်မိသားစုကုန်းမြေ မြေနတ်ဘုရားဘုံကျောင်းအောက်ဘက် ပေတစ်ရာအနက်တွင် ဝါကျန့်ကျန်အလင်းတစ်ခု ဖယောင်းမီးကဲ့သို့ လေထဲတွင်တဖျတ်ဖျတ်တောက်ပနေသည်။ အဘိုးအိုတစ်ယောက်၏ အော်ငိုနေသံကို ကြားရသည်။
“ပြောင်းရွှေ့မိန့်လည်း သောက်ရေးမစိုက်ဘူး။ မြေနတ်ဘုရားရာထူးလည်း သောက်ရေးမစိုက်ဘူးကွ။ ဒီတာဝန်ကို နောက်ထပ်လုံးဝ ဆက်မလုပ်တော့ဘူး”