← Chapters

ကောင်းကင်ခွဲသည့်ဓား (၂)

Vol. 8 Ch. 120

ကောင်းကင်ခွဲသည့်ဓား (၂)

Vol. 8 Ch. 120

မသေမျိုးခေါင်းလောင်း အသံတိတ်သွားသည်။ ထိုဖြစ်တည်မှုမျိုးကို တစ်ကြိမ်တွေ့သည်မှာ အတော်ကံထူး၍ဖြစ်သည်။ ဒုတိယတစ်ကြိမ်တွေ့ဖို့ဆိုသည်မှာ မျှော်လင့်စရာမရှိ။

လူဝင်စား မိုနာ့များသည် ကောင်းကင်လျှို့ဝှက်ချက်များပမာ မသိခက်လှသည်။ ယခု သန့်စင်(ချွန်)ယန်စွမ်းအင်ကြောင့် အမှန်တရားကို မြင်ခွင့်ရခဲ့သည်။ ထိုသို့မဟုတ်ပါက မျက်နှာချင်းဆိုင်တွေ့လျှင်ပင် လုံးဝရိပ်မိမည်မဟုတ်။ သာမန်လူဟုသာ ထင်ကြမည်။

“မင်းဆုံးဖြတ်ပြီးပြီဆိုရင် မင်းရဲ့တာအို သေဆုံးပျောက်ကွယ်သွားတဲ့အဖြစ်မျိုး ရင်ဆိုင်ဖို့ အသင့်ဖြစ်ပြီလား”

“သေခါနီးအခြေအနေမရောက်ဘဲ ဘယ်လိုလုပ် ရှင်သန်နိုင်မှာလဲ”

တုန်ဟွမ်းစကားက ပြတ်သားသည်။ တုံ့ဆိုင်းတွေဝေခြင်းမရှိ။ မသေမျိုးခေါင်းလောင်းကိုပင် တန်ပြန်မေးခွန်းထုတ်လိုက်သည်။

“စီနီယာ၊ ဒီအခွင့်အရေးမျိုးကို ရှင်တောင် ဒီတစ်ကြိမ်ပဲ ကြုံဖူးတာမျိုးဖြစ်မှာပါ။ ဒါကို လက်လွတ်သွားရင် ရှင်အပြည့်အဝပြန်ကောင်းဖို့ အခွင့်အရေးရှိမှာမဟုတ်ဘူး”

“ဟွမ်းမိန်းကလေး၊ ငါဖျောင်းဖျတာကို နားမထောင်ဘဲ ငါ့ကိုတောင် ပြန်သွေးဆောင်နေတယ်ပေါ့။ ဒီအခွင့်အရေးမျိုးဆိုတာ ငါဆုပ်ကိုင်နိုင်တဲ့အရာမဟုတ်ဘူး။ လူဝင်စားမသေမျိုးမိုနာ့တစ်ယောက်ရဲ့ ကာကွယ်သူဖြစ်ဖို့ ငါအရည်အချင်းမမီဘူး”

မသေမျိုးခေါင်းလောင်း၏ ရပ်တည်ချက်က ရှင်းသည်။ သူ့ကို ထိုမိန်းကလေးက ကောင်းကင်ဆင်းရဲကို ရင်ဆိုင်စေချင်သည်။ သို့သော် သူခုခံနိုင်ဖို့ မလွယ်။ ခုခံနိုင်လျှင်ပင် သူကြိုးကြိုးစားစားထိန်းထားရသည့် လက်ကျန်ဝိညာဉ်စိတ်လေး ကောင်းကင်လျှပ်စီးစွမ်းအားကြောင့် အပြီးတိုင်ပျောက်ကွယ်သွားနိုင်သည်။

“ငါ့ဘက်ကို မြားဦးမလှည့်ပါနဲ့။ မသေမျိုးမိုနာ့လူဝင်စားအတွက် အတားအဆီးတွေအများကြီး ရှိလာမှာ အသေအချာပဲ။ သူ့ကို အလွယ်တကူပြန်လည်ရှင်သန်ခွင့် ပြုမှာမဟုတ်ဘူး”

“ဒါပေမယ့် ဒီကိစ္စက ကျွန်မကြောင့်ဖြစ်တာပါ”

တုန်ဟွမ်း မျက်မှောင်ကျုံ့သွားသည်။

တာဝန်ရှောင်လွှဲသည့်အကျင့်ကို သူအမုန်းဆုံးဖြစ်သည်။ ကောင်းကင်ဆင်းရဲကို သူသွားဆွမိပြီးဖြစ်သည်။ ဖြေရှင်းဖို့ နည်းလမ်းရှာရမည်။ ဖုန်ချင်အန်း၏ အရံအစီအစဉ်များကို အားကိုးနေ၍မဖြစ်။

“အဲလိုလည်းမဟုတ်ပါဘူး”

“ဘယ်လို”

“အားလုံးက စီစဉ်ထားတာလည်း ဖြစ်နိုင်ပါတယ်။ ဖြစ်လာဖို့ စီစဉ်ထားတာမျိုးလေ။ မသေမျိုးမိုနာ့တစ်ယောက်ရဲ့ နတ်စွမ်းအားဆိုတာ မင်းစိတ်ကူးယဉ်နိုင်တဲ့အဆင့်မဟုတ်ဘူး။ ဒီဘိုးဘေး အခုကြုံနေရတဲ့အရာအားလုံးက အတိတ်ဘဝကတည်းက သူ့ဘာသာ စီစဉ်ထားတာမျိုးပါ။ မင်းနဲ့တွေ့တာရော ဒီနေ့ ချွန်ယန်ကို နှိုးဆွမိတာရောပေါ့။ သူက ဒီနေရာမှာ ပြန်မွေးဖွားဖို့ ရွေးချယ်ခဲ့မယ်။ မင်းတို့ညီအမနှစ်ယောက်ရော ငါ့ကိုရော ရွေးချယ်ခဲ့လိမ့်မယ်။ ဒါတွေအားလုံးက ဒီမိုနာ့ရဲ့ အစီအစဉ်တွေ ဖြစ်နိုင်ပါတယ်”

“အစီအစဉ်တစ်ခုထဲကို ကျလာတယ်ပေါ့”

ထိုစကားကြောင့် တုန်ဟွမ်းရင်ထဲ မိုးခြုန်းသံလို မြည်ဟိန်းသွားသည်။ ဖုန်ချင်အန်းကို ခဏစိုက်ကြည့်သည်။ ထို့နောက် ရုတ်တရက် ပြုံးလာသည်။

“စီနီယာပြောတာသာ အမှန်ဆိုရင် မူလရင်းမြစ်စွမ်းအင်မပြည့်စုံတဲ့ ကျွန်မလို ယင်ဝိညာဉ်ကိုတောင် မသေမျိုးမိုနာ့တစ်ယောက်က အာရုံစိုက်နေတဲ့သဘောပေါ့။ ဒါ တကယ့်ဂုဏ်ယူစရာအဖြစ်ပါ။ ကျွန်မ ကျေးဇူးတောင်တင်ရဦးမယ်”

“ရူးမိုက်တဲ့ မိန်းကလေးပဲ။ မင်းအချစ်ဆိပ်သင့်နေတာလား။ အသုံးချခံရတာတောင် ပျော်နေတယ်ပေါ့”

မသေမျိုးခေါင်းလောင်း၏ စကားသံက ပို၍အားလျော့သွားသည်။

“ဒီလောကမှာ လူဘယ်နှစ်ယောက်များ မသေမျိုးမိုနာ့ရဲ့ အသုံးချတာ ခံယူခွင့်ရှိနိုင်လို့လဲ။ ဒီမိုနာ့ ကျွန်မမပေါ် ဒီလောက်အာရုံစိုက်ထားတယ်ဆိုရင် ကျွန်မဟာ စွန့်ပစ်ဖို့ရည်ရွယ်ထားတဲ့ ပစ္စည်းသက်သက်တော့ မဖြစ်နိုင်ဘူးမဟုတ်လား”

“ရူးနေပြီ။ မင်းတကဘ်ရူးနေပြီပဲ။ ဒီအခွင့်ရေးမျိုးနဲ့ မင်းကံကြမ္မာကိုပြောင်းလဲပြီး ကောင်းကင်ကို ဆန့်ကျင်ဖို့ကြံနေတာလား”

“အမှန်ပဲပေါ့။ စီနီယာကရော ကျွန်မနဲ့အတူ ဒီမြေအောက်ဘုံမှာ တစ်ချိန်လုံး ပိတ်မိနေချင်လို့လား”

တုန်ဟွမ်း တန်ပြန်မေးခွန်းထုတ်သည်။

“မေးစရာလိုသေးလား။ အဲလိုတော့ ဘယ်နေချင်ပါ့မလဲ။ ဒါပေမယ်...”

“ဒါပေမယ့် ဘာဖြစ်လဲ”

“ငါ့ကို ထပ်အားမကိုးနဲ့။ ငါက ပျက်စီးနေတဲ့ ခေါင်းလောင်းတစ်ခုပါ။ မင်းကို ကာကွယ်ဖို့ဆို ငါဘာမဆိုလုပ်နိုင်တယ်။ ဒါပေမယ့် ဒီလူဝင်စားမို့နာ့အတွက်တော့ ငါလုံးဝမလုပ်ဘူး။ လုပ်စရာလည်း မလိုဘူး။ ဟိုဓားကို ကြည့်လိုက်ပါ”

တကယ်တော့ သတိပေးစရာပင်မလို။ တုန်ဟွမ်းအကြည့်က ဖုန်ချင်အန်း၏ဓားဆီသို့ ရောက်နေပြီးဖြစ်သည်။

ဓားက ဘာမှထူးခြားသည်မဟုတ်။ သို့သော် ဓားအိမ်ပေါ်တွင် မမြင်နိုင်သည့် ဓားစွမ်းအင်တစ်ခု ထွက်ပေါ်နေသည်။ တစ်ခုခုကို အာရုံရနေဟန်မျိုးဖြစ်သည်။

တုန်ဟွမ်း အခန်းထဲမှ စာအုပ်စင်ဆီ လှည့်ကြည့်သည်။ ခြံဝင်းတစ်ခုလုံး ဖြန့်ကျင့်နေသည့် တော်ဝင်ချီ၏ရင်းမြစ်ဖြစ်သည်။ ခြံဝင်းတစ်ခုလုံး ဖြန့်ကျက်နေသော်လည်း စာအုပ်စင်ပေါ်တွင် အသိပ်သည်းဆုံးဖြစ်သည်။

ထိုခဏမှာပင် ခြံဝင်းထဲမှ တော်ဝင်ချီများအားလုံး ဖုန်ချင်အန်းရှေ့သို့ ရွေ့လျားလာသည်။ အတိအကျဆိုရလျှင် ဓားဆီသို့ စုဝေးလာခြင်းဖြစ်သည်။ ကြီးမားသည့်လက်တစ်ဘက်အသွင်ပြောင်း၍ ဓားအိမ်ကို ဆုပ်ကိုင်သည်။

လက်ပေါ်တွင် တော်ဝင်ချီများ ပျံ့နှံ့ယှက်သန်း၍ လက်ကောက်ဝတ်နှင့် လက်ဖျံအထိဖုံးလွှမ်းနေသည်။ ငါးစက္ကန့်မျှကြာပြီးနောက် ခြံဝန်းတစ်ခုလုံးမှ တော်ဝင်ချီများ နေရာတစ်ခုတည်းသို့ စုစည်းလာသည်။

လူတစ်ယောက်၏ပုံရိပ် ပေါ်လာသည်။ အရပ်မြင့်၍ တောင့်တင်းသည်။ သွင်ပြင်ခံ့ညားသည်။ မျက်နှာကို ရှင်းလင်းစွာမမြင်ရ။ တော်ဝင်ချီမှဖြစ်လာသည့် ပုံရိပ်ဖြစ်သည်။ စွမ်းအင်ရောင်က ငြိမ်သက်နက်ရှိုင်းသည်။ မှန်းဆ၍မရ။

တုန်ဟွမ်းပင် ပင့်သက်တစ်ချက်ရှိုက်လိုက်မိသည်။ သူ့ခေါင်းပေါ်မှ မသေမျိုးခေါင်းလောင်းလည်း အသံခပ်တိုးတိုးမြည်၍ အလင်းတန်းတစ်ချို့ ထွက်နေသည်။

“စိတ်မပူပါနဲ့။ ဒါက ငါတို့ကို ရန်ပြုဖို့မဟုတ်ဘူး။ မသေမျိုးမိုနာ့ချန်ထားခဲ့တဲ့ အရံအစီအစဉ်ဖြစ်မှာပါ”

ခေါင်းလောင်းက ပြောသည်။

တုန်ဟွမ်း ဘာမှပြန်မပြော။ အသံတိတ်နေသည်။ စိတ်မပူလျှင်အဘယ်ကြောင့် ထိုခေါင်းလောင်း တုန်ခါနေသည်မသိ။

ဓားရှည်ကိုင်ထားသည့် တော်ဝင်ချီလူသားက အသိဉာဏ်ရှိပုံရသည်။ တုန်ဟွမ်းကို တစ်ချက်ကြည့်သည်။ သို့သော် ဘာမှမလုပ်။ ထို့နောက် ကုတင်ပေါ်လှဲနေသည့် ဖုန်ချင်အန်းကို ငုံ့ကြည့်သည်။

“ကြည့်ပါ ဟွမ်မိန်းကလေး။ ဒါဟာ မသေမျိုးမိုနာ လူပြန်မဝင်စားခင် ချန်ထားခဲ့တဲ့ အရံအစီအစဉ်ပါလို့ ငါပြောသားပဲ။ သူတို့နှစ်ယောက် ဟန်ပန်ချင်းတောင် ထပ်တူနီးပါးပဲ”

တော်ဝင်ချီလူသား မျက်နှာလွှဲသွားပြီးနောက် မသေမျိုးခေါင်းလောင်း တစ်စုံတစ်ခုကို သုံးသပ်မိသဖြင့် ချက်ချင်းစိတ်သက်သာရာရသွားသည်။ မသေမျိုးမိုနာ့၏ အရံအစီအစဉ်ပေါ်လာပြီဖြစ်၍ စိုးရိမ်စရာမလိုတော့။ ဟွမ်မိန်းကလေးလည်း အတင်းအကြပ်စွန့်စားစရာမလိုတော့။

“ဒါက တော်ဝင်ချီပဲ”

တုန်ဟွမ်းက ထောက်ပြသည်။ မသေမျိုးမိုနာ့၏ အရံအစီအစဉ်က တော်ဝင်ချီဖြစ်နေသည်ကို သူစဉ်းစားမရ။

“အဲတော့ဘာဖြစ်လဲ။ ဒီလိုအဆင့်ဖြစ်တည်မှုမျိုးတွေက ဘာမဆိုကျင့်ကြံနိုင်တာပဲ”

မသေမျိုးခေါင်းလောင်း လေသံမလျှော့။ မသေမျိုးလမ်းစဉ် လျှောက်ကြသည့် ထူးဆန်းသည့်ဖြစ်တည်မှုများစွာ သူမြင်ဖူးသည်။ နတ်ဆိုးလမ်းစဉ် ကျင့်ကြံသူများလည်းရှိသည်။ သိုင်းစွမ်းအင်ကျင့်ကြံသူများလည်းရှိသည်။ တော်ဝင်ချီ (စာပေချီ) ကျင့်ကြံခြင်းဆိုသည်မှာ သူ့အတွက် မထူးဆန်းလှ။

“ကြည့်လိုက်ပါဦး”

တော်ဝင်ချီလူသားက မျက်နှာကျက်ကို မော့ကြည့်သည်။ သူ့တကယ်ကြည့်နေသည်က ကောင်းကင်အထက်တွင် ကောင်းကင်ဆင်းရဲတိမ်တိုက်များဖြစ်မှန်း တုန်ဟွမ်းတို့နှစ်ယောက် သဘောပေါက်သည်။

"ချွင်”

ဓားထုတ်သံ ပဲ့တင်ထပ်သွားသည်။ ဖုန်ချင်အန်း ဆွဲမထုတ်နိုင်သည့်ဓားက ဓားအိမ်ထဲမှ ထွက်လာသည်။ ခံ့ညားသည့်တော်ဝင်ချီလူသားက ဓားကိုပုံမှန်အတိုင်းဆွဲထုတ်၍ကိုင်လိုက်သည်။ ထို့နောက် တစ်ချက်လွှဲရမ်း၍ ခုတ်လိုက်သည်။

ဓားအလင်းက ခေါင်မိုးကို ထိုးဖေါက်၍ ပျံထွက်သွားသည်။ သို့သော် သစ်သားထုပ်တန်းများ အပျက်အစီးလုံးဝမရှိ။

တစ်ချိန်တည်းမှာပင် ကောင်းကင်ဆင်းရဲတိမ်တိုက်ကြားတွင် မိုးခြုန်းသံများစွာ ပေါ်လာသည်။ တိမ်းမည်းကြားမှ လျှပ်စီးတန်းများစွာ ပေါက်ကွဲထွက်သွားသည်။ ကျယ်လောင်သည့်အသံက မိုင်ထောင်ချီ၍ ဟိန်းထွက်သွားသည်။

“ဘယ်လိုဖြစ်နိုင်မှာလဲ”

မသေမျိုးခေါင်းလောင်၏အသံပင် ဂိတ်ဆုံးအထိမြင့်တက်သွားသည်။

တိမ်တိုက်များအထက်မှ ကောင်းကင်ပြင်တွင် ကြယ်နှင်လတို့ တောက်ပနေသည်။ တိမ်အက်ကွဲကြောင်းကြားမှ သူတို့၏အလင်းရောင်များ ယိုဖိတ်ကျလာသည်။ ဖုန်အိမ်တော်ပေါ်သို့ အလင်းဖြာသွားသည်။

“ဒါ မသေမျိုးမိုနာ့အစွမ်းလား”

တုန်ဟွမ်းပင် မယုံနိုင်အောင် ဖြစ်သွားသည်။

သူ့အမြင်အာရုံကို သစ်သားတန်းနှင့် အိမ်ခေါင်မိုးက တားဆီးနိုင်စွမ်းမရှိ။ ဓားအလင်းသည် သာမန်သစ်သားများကို လုံးဝဒုက္ခမပေးသော်လည်း ကောင်းကင်ဆင်းရဲတိမ်တိုက် နှစ်ခြမ်းကွဲသွားသည်။

ထိုစဉ် တစ်စုံတစ်ခု ကြမ်းပြင်ပေါ်ပြုတ်ကျသံ ဒေါက်ခနဲ ကြားလိုက်ရသည်။ တုန်ဟွမ်း ငုံ့ကြည့်သည်။ ဓားရှည်ဖြစ်သည်။ ဓားဦးက ကြမ်းခင်းအုတ်သားထဲသို့ စိုက်ဝင်နေသည်။

ဓားရှည်က ရှေးဟောင်းဓားအိမ်နှင့် လိုက်ဖက်လွန်းသည်။ အဆင်တန်ဆာဆန်းပြားခြင်းမရှိ။ ရှေးဟောင်းစာလုံးများ ခတ်နှိပ်မထား။တုန်လှုပ်သွားသည်။ဖွယ်ကောင်း အေးစိမ့်သည့်အလင်းရောင်သာ ထွက်ပေါ်နေသည်။

“ဘာလို့ ဓားတစ်ချက်တည်းခုတ်တာလဲ”

မသေမျိုးခေါင်းလောင်း အသံထွက်လာသည်။ စိတ်ဂဏာမငြိမ်ဖြစ်နေမှန်း သိသာသည်။ တော်ဝင်ချီလူသား ပျောက်ကွယ်သွားသဖြင့် ဓားက ကြမ်းပြင်ပေါ်ကျသွားခြင်းဖြစ်သည်။

“ဘာလို့ဓားတစ်ချက်တည်းလည်း”

“ကျွန်မတို့ကိုကယ်ပေးပါ စီနီယာ”

ဓားတစ်ချက်ကြောင့် ကောင်းကင်ဆင်းရဲတိမ်တိုက်များ ပြိုကွဲမသွား။ သို့သော် အတော်လေးအားနည်းသွားသည်။ ဓားအလင်းခွဲဖြတ်သည့် အက်ကြောင်းလည်း တဖြေးဖြေးပြန်ပျောက်သွားသည်။ တိမ်တိုက်အရွယ်အစား ပြောင်းလဲခြင်းမရှိသော်လည်း အားနည်းသွားသည်ကို တုန်ဟွမ်း ခံစားမိသည်။

“အင်း..အဲဒါကြောင့်ပဲ လူဝင်စားတွေကို ငါမုန်းတာ။ လူတွေကို ဘာမှသိခွင့်မပေးဘဲ ချုပ်ကိုင်အသုံးချတယ်။ အသုံးချပြီဆိုတာနဲ့ ရွေးချယ်စရာမရှိတော့ဘူး။ ကောင်းကင်ဆင်းရဲဒဏ်ကနေ သူတို့ကို ကာကွယ်ပေးရတော့တာပဲ”

သက်ပြင်းတစ်ချက်ချပြီးနောက် မသေမျိုးခေါင်းလောင်း ကောင်းကင်သို့ တက်သွားသည်။ ဖီးနစ်တောင်ပံခတ်သံများ အော်သံများ ပဲ့တင်ထပ်၍ ထွက်လာသည်။ ဖီးနစ်ငှက်တစ်ခု ကောင်းကင်မှ ဆင်းလာသကဲ့သို့ပင်ဖြစ်သည်။ တိမ်းမည်းကြားမှ လျှပ်စီးအော်များ ရုန်းကြွလှုပ်ရှားလာသည်။ ဖီးနစ်အော်သံများက ထိုလျှပ်စီးတန်းများ ကျမလာအောင် ပိတ်ဆို့တားဆီးသည်။

****************************************

All Chapters