← Chapters

ရုတ်ရုတ်သဲသဲ

Vol. 8 Ch. 118

ရုတ်ရုတ်သဲသဲ

Vol. 8 Ch. 118

ဖုန်မိသားစုအိမ်တော်။ အတိအကျဆိုလျှင် ရှီလီရွှာအထက်ကောင်းကင်တွင် တိမ်မည်းများ ပို၍ပို၍စုဝေးလာသည်။ ကောင်းကင်မြစ်တစ်စင်း ကမ်းပါးပြို၍ လျှံကျလာပြီး ပြောင်းပြန်စီးဆင်းသလိုဖြစ်နေသည်။ သို့သော် ရေတော့မဟုတ်။ ခရမ်းပြာလျှပ်စီးများ တလက်လက်တောက်ပနေသည့် တိမ်မည်းများဖြစ်သည်။

ကောင်းကင်ဆင်းရဲ အစပြုနေသည်။ မြေအက်ကွဲမတတ် မိုးခြုန်းသံများ မကြားရ။ အနက်ရောင်တည်မည်းများသာ တဖြေးဖြေး တိုးပွားလာသည်။ ထိုငြိမ်သက်မှုသည် အာရုံခံနိုင်သည့် ကျင့်ကြံသူတိုင်းအတွက် ကြီးမားနက်ရှိုင်းသည့် ဖိအားပင်ဖြစ်သည်။

“မြို့တော်နတ်ဘုရားသခင်”

“မကြည့်နဲ့၊ နားမထောင်နဲ့။ မပြောနဲ့၊ မလှုပ်ရှားနဲ့”

ယုန်မင်နတ်ဘုရားက ရှီလီရွာ အထက်ကောင်းကင်ဆီ တစ်ချက်သာကြည့်ပြီး သူ့နယ်မြေကို အပြည့်အဝပိတ်ဆို့ ကာဆီးထားလိုက်သည်။ ကောင်တီအတွင်းမှ သရဲနတ်ဘုရားများလည်း တံခါးပိတ်ကျင့်ကြံမှု စကြသည်။ ပထမဆုံးကြုံဖူးခြင်းမဟုတ်။ ထိုအဖြစ်မျိုးကို သူတို့အတော်ရင်းနှီးပါသည်။

မြွေစိမ်းတောင်တန်းပေါ်မှ ခမ်းနားထည်ဝါသည့် အစိမ်းရောင်တောင်တန်းက မလှုပ်ယှက် တည်ရှိနေသည်။ ကြောက်ရွံ့နေသည့် နတ်ဆိုးများ အလျှိုလျှိုရောက်လာကြသည်။ တောင်တန်းနတ်ဘုရားက တိမ်တိုက်ပင်လယ်ထက်တွင် အေးအေးလူလူ လက်ဖက်ရည်သောက်နေသည်ကို မြင်ကြရသည်။

“တောင်တန်းသခင်”

“မကြောက်ပါနဲ့၊ ဒါက ကောင်းကင်ပြစ်ဒဏ်လေးပါပဲ။ မင်းတို့ခေါင်းပေါ် ကျမလာပါဘူး”

နတ်ဘုရားက ကျောက်စိမ်းလက်ဖက်ရည်ခွဲကို တည်ငြိမ်စွာပြန်ချ၍ နတ်ဆိုးသားရဲများကို နှစ်သိမ့်သည်။

“အတွေးလွန်မနေကြနဲ့။ ဒီလျှပ်စီးမျိုးထိမှန်ခံရဖို့တောင် မင်းတို့ထဲက တစ်ယောက်မှ အရည်အချင်း မမီသေးဘူး”

နတ်ဆိုးများ ငြိမ်သွားသည်။ နှစ်သိမ့်သည်ဆိုသော်လည်း စကားလုံးက နားမခံသာစရာဖြစ်နေသည်။ တကယ်လည်း အမှန်တရားဖြစ်သည်။ နတ်ဆိုးတစ်ကောင် နတ်ဆိုးဘုရင်အဖြစ် အဆင့်တက်ချိန်မှသာ ကောင်းကင်ဆင်းရဲကို ပထမဆုံးရင်ဆိုင်ရသည်။

မြွေစိမ်းတောင်တန်းသည် မိုင်းပေါင်းထောင်ချီ ရှည်လျားသည်။ တောင်တန်းနတ်ဘုရားတစ်ယောက်သာ နတ်ဆိုးဘုရင်အဆင့်သို့ ရောက်ခဲ့သည်။ သို့သော် သာမန်နတ်ဆိုးဘဝကတည်းက ကောင်းကင်တာအို၏ နတ်စွမ်းအားများ ချီးမြှင့်ခံခဲ့ရသည် တောင်တန်းကြီး၏ ထောက်ခံမှုကို ရခဲ့သည်။

ထို့ကြောင့် သူအဆင့်တက်စဉ်က ကောင်းကင်ဆင်းရဲမရှိ။ မိုးမြေကောင်းချီးများသာ ရလာသည်။ ထို့‌ကြောင့် ဤတောင်တန်းမှနတ်ဆိုးများ သွေးဆက်အမွေအသိဉာဏ်အရ ကောင်းကင်ဆင်းရဲအကြောင်း သိထားကြသော်လည်း တစ်ခါမှ လက်တွေ့မကြုံဖူး။

နတ်ဆိုးတစ်ယောက်က မေးသည်။

“တောင်တန်းနတ်ဘုရားသခင်၊ တောင်တန်းအပြင်ဘက်မှာ ကောင်းကင်ဆင်းရဲဖြတ်ကျော်တော့မယ့် ယွမ်ဒန်အဆင့်လူသားကျင့်ကြံသူတစ်ယောက်ယောက် ရှိနေတာလား”

ယွမ်ဒန်အဆင့်သည် နတ်ဆိုးဘုရင်အဆင့်နှင့် တန်းတူရှိသည်။

သို့သော် တောင်တန်းနတ်ဆိုးများ ထိုမျှစွမ်းအားကြီးသည့်ကျင့်ကြံသူမျိုး မတွေ့ဖူးကြ။

“ယွမ်ဒန်အဆင့်”

ထိုအမေးကြောင့် တောင်တန်းနတ်ဘုရားပင် နည်းနည်းအမူအရာပြောင်းသွားသည်။

မိုင်ရာချီခြားနေသည့်တိုင် မြင်နေရသည့် ကောင်းကင်ဆင်းရဲ၏ကြမ်းတမ်းမှုကြောင့် သူ့ကိုသူ ပုရွက်ဆိတ်တစ်ကောင်ပမာ ခံစားနေရသည်။ ကောင်းကင်လျှပ်စီးတစ်စွန်းတစ်လောက် သူ့အပေါ်ကျလာလျှင်ပင် ချက်ချင်းပြာကျသွားပေလိမ့်မည်။

ထို့ကြောင့် ကံကြမ္မာကိုပုံအပ်၍ ကြိုတင်အရှုံးပေးထားခြင်းဖြစ်သည်။

ထိုပြစ်ဒဏ်မျိုး မြွေစိမ်းတောင်တန်းပေါ် ကျလာလျှင် မိုင်ထောင်ချီသွယ်တန်းနေသည့် နေရာတစ်ခုလုံး သူလိုပင် ဖြစ်သွားမည်။ ခုခံ၍လည်း အကျိုးမရှိနိုင်။

ထိုကြောင့် လက်ဖက်ရည်ကို အရသာခံသောက်နေရသည်က ပိုကောင်းသေးသည်။

"ဟားဟား”

နတ်ဘုရား ရယ်လိုက်သည်။ နတ်ဆိုးများ နားမလည်နိုင်ဟန်ဖြင့် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်နေသည်။

တောင်တန်းအပြင်ဘက်ရွာများထဲတွင် ကောင်းကင်ဆင်းရဲတိမ်တိုက်နှင့် မိုးခြုန်းသံများ ထွက်ပေါ်နေသော်လည်း ယောက်ျားမိန်းများ၊ သက်ကြီးရွယ်အိုနှင့်ကလေးများအားလုံး နှစ်ခြိုက်စွာအိပ်မောကျနေသည်။ အတွေးမျိုးစုံရောယှက်၍ အိပ်မရဖြစ်နေသူများပင် ယခုည အတွေးအားလုံးရှင်းလင်း၍ အိပ်ချင်စိတ်လွှမ်းမိုးလာကြသည်။

ဖုန်မိသားစုအိမ်တော် အခန်းတစ်ခန်းထဲတွင် အေးစက်စက်မျက်နှာနှင့် အရပ်မြင့်မြင့်မိန်းကလေးတစ်ယောက် တည်ငြိမ်သည့်အသွင်ဖြင့်ရှိနေသည်. ကောင်းကင်ဆင်းရဲလျှပ်စီးများ ကျလာတော့မည့်အချိန်မျိုးမှာပင် ထိတ်လန့်ခြောက်ခြားဟန်မရှိ။

“ယွီယွီ၊ နန်းကောကိုခေါ်ပြီး‌ မြေအောက်ဘုံကိုပြန်ပါ”

“မင်းကရော၊ မင်းဘာလို့ မပြန်သေးတာလဲ”

ဖီးနစ် တအံ့တဩကြည့်သည်။

“ဒါက ငါ့ကြောင့်ဖြစ်တာလေ။ အကျိုးဆက်ကို ငါသည်းခံနိုင်ရမှာပေါ့”

တုန်ဟွမ်း နားလည်သည်။ ဖုန်ချင်အန်းကိုယ်ထဲမှ သန့်စင်ယန်ချီဓာတ်များသည် သူ့ကြောင့် ထွက်ပေါ်လာခြင်းဖြစ်သည်။ ထိုသို့မဟုတ်လျှင် ပေါ်လာဦးမည်မဟုတ်။ ဖုန်ချင်အန်း ကောင်းကင်ဆင်းရဲဒဏ်ကို ခုခံနိုင်စွမ်းရှိသည့်အချိန်မှသာ ပေါ်လာလိမ့်မည်။

“မင်းဘာတွေလျှောက်ပြောနေတာလဲ။ ဒါကို မင်းတားနိုင်မယ် ထင်နေလို့လား”

တုန်ဟွမ်းကို အရူးတစ်ယောက်လို ဖီးနစ်စိုက်ကြည့်နေသည်။

“နင်စိုးရိမ်စရာမလိုပါဘူး။ ငါ့နည်းလမ်းနဲ့ငါ ရှိပါတယ်။ မြန်မြန်သွားတော့။ မဟုတ်ရင် နောက်ကျသွားလိမ့်ယ်”

တုန်ဟွမ်း အမူအရာမပျက်။

“လုပ်ချင်သလိုလုပ်တော့။ တကယ်ရူးနေတဲ့မိန်းမပဲ။ လူသားတစ်ယောက်အတွက် ကိုယ်အသက်ကို စွန့်စားနေတယ်”

ယီယီ မကျေမနပ်ရေရွတ်သည်။ ခန္ဓာကိုယ် အရမ်းကြီးအောင် အသွင်မပြောင်းရဲ တစ်ပေခန့်ရှည်သည့် ငှက်တစ်ကောင်အသွင်ပြောင်း၍ ကြမ်းပြင်ပေါ်လဲနေသည့်နန်းကောကို သယ်မလိုက်သည်။ ထို့နောက် အလင်းတန်းအဖြစ်ပြောင်း၍ မြေအောက်ဘုံအက်ကြောင်းဆီ ထိုးထွက်လာသည်။သွားသည်။

“ဖုန်ချင်အန်း၊ အတိတ်ဘဝတုန်းက နင်ဘယ်လိုလူများ ဖြစ်ခဲ့တာလဲ”

အခန်းထဲတွင် တုန်ဟွမ်းနှင့် သတိမေ့နေသည့်ဖုန်ချင်အန်းသာ ကျန်ခဲ့သည်။ ယုဟွမ်နိုင်ငံသခင်မ ကုတင်ပေါ်မှ လူငယ်လေးကို ငုံ့ကြည့်နေသည်။ ပုံမှန်အေးစက်နေသည့်မျက်နှာတွင် ရှုပ်ထွေးသည့်ခံစားချက်အရိပ်များ ပေါ်နေသည်။ စိတ်မကောင်းဖြစ်နေဟန်ရှိသည်။

“နင့်မှာ ဘာနည်းလမ်းတွေရှိသေးလဲတော့ ငါမသိဘူး။ ဒီစာချုပ်အတွက်နဲ့ အတိတ်ဘဝကလုပ်ထားခဲ့တဲ့ နင့်အစီအစဉ်တွေ ဖျက်ဆီးခဲ့မိတာ ငါစိတ်မကောင်းပါဘူး။ ဒါပေမယ့် ဒီကပ်ဆိုးက ငါ့ကြောင့်ဖြစ်တာဆိုတော့ ငါ့အစွမ်းနဲ့တတ်နိုင်သမျှ နင့်ကိုကာကွယ်ပေးမှာပါ”

အစက ဖုန်ချင်အန်းကို မွေးရာပါဝိညာဉ်ဖြစ် သို့မဟုတ် မသေမျိုးဆေးမြစ်မှ ပြန်ဝင်စားသည်ဟု ထင်ခဲ့သည်။ သို့သော်ယခု သန့်စင်ယန်ဓာတ်ပေါ်လာသည်။ သူ့မှန်းဆချက်မှားယွင်းသည် ယူဆမိသည်။

မှားချင်မှလည်း မှားမည်။ သို့သော် ဖုန်ချင်အန်းသည် သာမန်မသေမျိုးဆေးမြစ် သို့မဟုတ် ဝိညာဉ်မြစ်မှ ပြန်ဝင်စားသူ မဖြစ်နိုင်။ အနည်းဆုံး သန့်စင်ယန်မသေမျိုးတစ်ယောက်အဆင့်တော့ ရှိရမည်။

လောလောဆယ် သူထိုမျှသာ ခန့်မှန်းနိုင်သည်။ သူမမြင်နိုင်သည် မမှန်းဆနိုင်သည့် နောက်ထပ်လျှို့ဝှက်ချက်များစွာ ရှိနေသေးသည်။

“အနှောက်အယှက်ပေးမိတာ တောင်းပန်ပါတယ် စီနီယာ”

သူခပ်တိုးတိုးရေရွတ်လိုက်သည်။ မပြည့်စုံသည် သူ့လိုယင်ဝိညာဉ်က ကောင်းကင်ဆင်းရဲအောက်တွင် နေရဲသည်မှာ အားကိုးစရာတစ်ခုရှိ၍သာဖြစ်သည်။

“ဒေါင်”

ခေါင်းလောင်းသံတစ်ခု ရုတ်တရက် ဟိန်းထွက်လာသည်။ မိုင်ထောင်ချီ၍ ပဲ့တင်ထပ်သွားသည်။ မမြင်နိုင်သည့် ဓားတစ်လက်ကဲ့သို့ ကောင်းကင်ဆင်းရဲကြောင့် အသက်ရှူကြပ်မတတ်ဖြစ်နေသည့် ဖိအားများကို ချက်ချင်းထိုးခွဲသွားသည်။

ထိုခေါင်းလောင်းသံကြောင့် မိုင်တစ်ရာပတ်လည်မှ နတ်ဝိညာဉ်များ၊ သရဲများ၊ နတ်ဆိုးများ၊ မကောင်းဆိုးဝါးများ ခဏတာ အသက်ရှူချောင်သွားသည်။ အားပြန်ဖြည့်ချိန် ရလာသည်။

All Chapters