ကောင်းကင်ခွဲသည့်ဓား
Vol. 8 Ch. 119
“ဟွမ်မိန်းကလေး၊ ဒီဘိုးဘေးကို မင်းဘယ်လိုတွေ့ခဲ့တာလဲ”
တိုးညှင်းသည့် အမျိုးသမီးတစ်ယောက်၏စကားသံ တုန်ဟွမ်းဦးခေါင်းထက်မှ ပေါ်လာသည်။ ခြောက်လက်အရွယ် နီရွှေရွှေခေါင်းလောင်းတစ်လုံးထံမှဖြစ်သည်။ ကိုယ်ထည်ပေါ်တွင် ဖီးနစ်ကိုးကောင်နှင့် အသွင်အမျိုးမျိုးရှိသည့် ငှက်ခြောက်ကောင်၏ ရုပ်ပုံများရှိသည်။ တကယ်အသက်ဝင်သည်။ ပျံထွက်လာတော့မယောင် ထင်ရသည်။
သို့သော် ထိုရတနာက အက်ကြောင်းများပြည့်နေသည်။ အနီးကပ်ကြည့်လျှင် ချို့ယွင်းချက်ကို သိသိသာသာမြင်နိုင်သည်။ အစိတ်အပိုင်းတစ်ခုချင်းစီကို ပုံမပျက်အောင် ကြိုးစားတွဲဆက်ထားသည့်ပုံမျိုး ဖြစ်သည်။ ဖီးနစ်နှင့်ငှက်ရုပ်များလည်း အက်ကွဲနေသည်။ တစ်ခုမှ အကောင်းမရှိ။
မြင်ရသည်က စိတ်မကောင်းစရာ။ ထိုရတနာမျိုး ထိုအခြေအနေထိ အဘယ်ကြောင့် ပျက်စီးခဲ့သည်မရှိ။ ဆက်ကြောင်းများကလည်း မသေသပ်။ ခေါင်းလောင်းပုံ မပျက်ရုံသာရှိတော့သည်။
“ငါ့ညီမ တွေ့ခဲ့တာပါ”
“မင်းညီမနှင်းကောလား။ သူ့အတိတ်ဘဝမှတ်ဉာဏ်တွေ နိုးထမလာသေးတာ ဆိုးတာပဲ။ ဒါပေမယ့် သူ့ကံကတော့ကောင်းတယ်ထင်တယ်။ ဒါနဲ့ အခုဒီလူက မင်းလက်ထဲ ဘယ်လိုလုပ်ရောက်နေတာလဲ”
“မွေးကတည်းက ရင်းနှီးလာတဲ့ ညီအမပဲလေ။ သူပိုင်တဲ့လူဟာ ကျွန်မပိုင်တာပဲပေါ့”
တုန်ဟွမ်းက ခပ်အေးအေးလေသံဖြင့် ပြန်ပြောသည်။
“ဒါပေါ့၊ ဟုတ်ပါတယ်။ ဒါပေမယ့်ဘာလို့ သူ့သန့်စင်ယန်ကို အခုလိုအချိန်မှာ သွားနှိုးဆွလိုက်တာလဲ။ မင်းက ဒုက္ခရှာနေတာပဲ။ သူ့လက်ရှိဘဝ ပျက်စီးသွားနိုင်တယ်လေ”
မသေမျိုးခေါင်းလောင်း အံ့ဩနေဟန်ရှိသည်။ ဖုန်ချင်အန်းသည် အတိတ်ဘဝက ကြီးကျယ်ခမ်းနားသူတစ်ယောက်ဖြစ်မည်ဟု သူယုံကြည်ထားသည်။
“ဒါက ကျွန်မအမှားပါ။ သူလည်းချွန်ယန်မသေမျိုးဖြစ်မယ်လို့ မထင်မိဘူးလေ”
တုန်ဟွမ်း အမှန်အတိုင်းဝန်ခံသည်။
ယခုထိ သူ့ကြောင့် ဖုန်ချင်အန်း၏ သန့်စင်ယန်ထွက်ပေါ်လာသည့်အဖြစ်ကို နားမလည်သေး။ သူစွမ်းအားကြီးသော်လည်း ချွန်ယန်မသေမျိုးများနှင့်ယှဉ်လျှင် ဘမှမပြောပလောက်။
သို့သော် ယခု တွေးတောနေ၍ အကြိုးမရှိ။ ဖုန်ချင်အန်းအပြောင်းအလဲသည် သူနှင့်ပတ်သက်သည်မှာ သေချာသည်။ ငြင်းမရသည့်အချက်ဖြစ်သည်။
“သူ့မှာ တစ်ခြားနောက်ခံတစ်ခုခုရှိလား”
“အရင်ကတော့ မှန်းဆခဲ့ဖူးတယ်။ ဒါပေမယ့်အခု သေချာမသိတော့ဘူး”
တုန်ဟွမ်း ခေါင်းခါသည်။
ထို့အပြင် ဖုန်ချင်အန်းအကြောင်းအသေးစိတ်ကိုလည်း မသေမျိုးခေါင်းလောင်းအား သူဖွင့်မပြောချင်။ ထိုခေါင်းလောင်းသည် သူ့နောက်သို့ လိုက်နေသော်လည်း သူ့ကိုအပြည့်အဝ ထိန်းချုပ်ခွင့်မပေး။ သူ့ထက်စွမ်းအားမြင့်သူပေါ်လာလျှင် သူ့ကိုစွန့်ပစ်၍ ထွက်သွားနိုင်သည်။
ဤမသေမျိုးခေါင်းလောင်း၏သက်တမ်းသည် မရေမတွက်နိုင်တော့။ သူ့မမွေးခင်ကတည်းကပင် စောင့်ကြပ်နေခဲ့ခြင်းဖြစ်သည်။ သူ့အမိန့်ကို အပြည့်အဝ လိုက်နာခြင်းမရှိသဖြင့် သူသတိထထားရမည်။
မသေမျိုးရတနာများသည် အင်ပါယာနိုင်ငံတစ်ခု မသေမျိုးဂိုဏ်းတစ်ခု၏ စွမ်းအားအခြေခံကို တည်ဆောက်ပေးနိုင်သည်။ နှစ်ပေါင်းသောင်းချီ ရှင်သန်နိုင်သည်။ ထိုကာလအတွင်း လူပေါင်းများဟွာ လက်လွှဲအသုံးပြုခဲ့သည်။ မိုးမြေကြားတွင် ခြေရာထင်သည့် အဓိကအင်အားစုများအတွင် အလွန်အရေးပါသည့် ပစ္စည်းမျိုးဖြစ်သည်။
သို့သော် သဘာဝဝိညာဉ်မြစ်များ မသေမျိုးဆေးမြစ်များသည် နှစ်သောင်းချီကြာမှ တစ်ကြိမ်သာ ရင့်မှည့်(စွမ်းရည်ပြည့်)ကြသည်။ ရင့်မှည့်ချိန်တွင် ပေါ်လာသည့် မသေမျိုးသစ်သီးကို လူတစ်ယောက် သို့မဟုတ် အများဆုံး လူနည်းစုတစ်ချို့သာ စားသုံးနေသည်။ ထိုအဖြစ်မျိုးနှင့် ကောင်းကင်ရတနာများနှင့် လုံးဝကွဲပြားသည်။
“ဒီတော့ ဟွမ်းမိန်းကလေး ငါ့ကိဆင့်ခေါ်တာ ဒီဘိုးဘေးအတွက် ကောင်းကင်ဆင်းရဲကို တားဆီးပေးစေချင်လို့လား”
“တားဆီးလို့ရနိုင်လား”
တုန်ဟွမ်း ငြင်းဆန်ခြင်းမရှိ။ တိုက်ရိုက်ပြန်မေးသည်။
“အဲဒါက ခရမ်းကောင်းကင်လျှပ်စီးလေ။ ငါစွမ်းအားအပြည့်ဆုံးအခြေအနေကဆိုရင်တော့ စမ်းကြည့်လို့ရနိုင်ပါတယ်။ ဒါပေမယ့် ငါ့လက်ရှိအခြေအနေ ခုခံနိုင်မယ် ထင်နေတာလား”
အသံက တိုးညှင်းသည်။ အားနည်းနေသည့် မိန်းမငယ်တစ်ယောက်အသံမျိုးဖြစ်သည်။ ယခု သူ့အခြေအနေ ပျက်စီးနေသော်လည်း သူသည် တစ်ချိန်က မသေမျိုးဂိုဏ်းကြီးတစ်ဂိုဏ်းကို နှိပ်ကွပ်ခဲ့သည့် ရတနာဖြစ်သည်။
“သူ့ကိုမကာကွယ်နိုင်ဘူးပေါ့”
တုန်ဟွမ်း မျက်မှောင်ကျုံ့သွားသည်။ ဤရတနာပင် အာမမခံနိုင်လျှင် တစ်ခြားနည်းလမ်း သူမတွေးတတ်တော့။
“တစ်ခြားနည်းလမ်း တကယ်မရှိတော့ဘူးလား”
“မင်းက သူ့ကိုကာကွယ်ဖို့ ဆုံးဖြတ်ထားတာလား။ သေချာစဉ်းစားပါ ဟွမ်မိန်းကလေး၊ မိုက်ရူးရဲမဆန်ပါနဲ့။ သူက မသေမျိုးမိုနာ့ဝင်စားတဲ့လူပါ။ မင်းဘယ်လောက်တာဝန်ကြီးသလဲဆိုတာ သိလား။ ဒီလိုဖြစ်တည်မှုမျိုးကိုတွေ့ရင် မင်းဝေးဝေးရှောင်သင့်တာ။ အနားကိုတောင် မကပ်သင့်ဘူး”
မသေမျိုးခေါင်းလောင်းက သတိပေးသည်။
“ဘာလို့ ဝေးဝေးနေရမှာလဲ”
တုန်ဟွမ်းမျက်နှာက အေးစက်စက်။ မည်သည့်အကြံပေးချက်ကိုမှ နားထောင်မည့်ဟန်မရှိ။
“ချွန်ယွမ်တာအိုသစ်သီးအဖြစ် ပြည့်စုံပြီးတဲ့ မသေမျိုးမိုနာ့တစ်ယောက်ဟာ ပြန်လည်ဝင်စားဖို့အတွက် လွတ်လွတ်လပ်လပ်ရွေးချယ်နိုင်တယ်။ ဒီလူတွေက မသေမျိုးအဆင့်ထက်လွန်တဲ့ ဖြစ်တည်မှုမျိုးကို ရည်မှန်းကြတာ။ ချွန်ယန်မသေမျိုးထဲမှာတောင် ထိပ်တန်းပါရမီရှင်တွေဆိုတာ ရှိတယ်။ တစ်လောကလုံးမှာ အဲလိုလူတွေ သိပ်များများမရှိဘူး”
“အဲဒါဆို ပိုတောင်ကောင်းသေးတယ်မဟုတ်လား”
“မသေမျိုးမိုနာ့ဝင်စားတဲ့လူဟာ မရေမတွက်နိုင်တဲ့ ကပ်ဆိုးတွေကို ရင်ဆိုင်ရတယ်။ သူရင်ဆိုင်ရမယ့် ကပ်ဆိုးတွေကို မင်းခံနိုင်ရည်ရှိမှာမဟုတ်ဘူး။ မင်းသူနဲ့သွားပတ်သက်ရင် ပြန်ပြင်ဆင်လို့မရတဲ့အခြေအနေမျိုး ရောက်သွားနိုင်တယ်”
မသေမျိုးခေါင်းလောင်း၏ စကားလုံးများက ကြမ်းတမ်းသည်။ သို့သော် အသံက တိုးညှင်းလွန်းနေသည်။
“ပြန်ပြင်မရတဲ့အခြေအနေတဲလ့ား။ အခုလည်း ကျွန်မက မွေးရာပါယင်ဝိညာဉ်ဘဝကို ရောက်နေတာပဲမဟုတ်လား။ ဘာကို ကြောက်နေရဦးမှာလဲ။ အခုတောင် ပြန်ပြင်မရတဲ့အခြေအနေကို ရောက်နေတာပဲ”
တုန်ဟွန်း အေးစက်စက်ပြန်ပြောသည်။ စိုးရိမ်ဟန်မရှိ။
ယင်ဝိညာဉ်အားလုံးသည် မွေးရာပါကန့်သတ်ချက်များရှိသည်။
သူတို့သည် သူတော်စင်အဖြစ်ကို မရနိုင်။
ထိုအချက်က စကားလုံးသက်သက်မဟုတ်။
“ဒါဆိုမင်းမှာ အစီအစဉ်တစ်ခု ရှိနေပြီပေါ့”
မသေမျိုးခေါင်းလောင်း သဘောပေါက်သွားဟန်ရှိသည်။
“လူဝင်စား မသေမျိုးမိုနာ့လေ။ ဒီအခွင့်အရေးမျိုး လက်လွတ်သွားရင် ဒီလိုလမျိုး နောက်တစ်ကြိမ်ရှာတွေ့ဖို့ အခွင့်အရေး ရှိနိုင်ပါ့မလား”
တုန်ဟွမ်း ခပ်ပြတ်ပြတ်မေးလိုက်သည်။