နဂါးသုတ်သင်ဓားသိုင်း၏အနှစ်သာရ
Vol. 11 Ch. 141
အခန်း (၁၄၁) နဂါးသုတ်သင်ဓားသိုင်း၏အနှစ်သာရ
နဂါးသုတ်သင်ဓားသိုင်းကို တီထွင်ခဲ့သူက လယ်သမားတစ်ယောက်ဖြစ်ပြီး ကျင့်ကြံသူတစ်ယောက် မဟုတ်ပေ။
ကျင့်ကြံသူတစ်ယောက်မဟုတ်ပါဘဲ နဂါးတစ်ကောင်ကို မည်သို့ တိုက်ခိုက်နိုင်ပါသနည်း။ သို့မဟုတ် ထိုလယ်သမားသတ်ဖြတ်ခဲ့သည့် နဂါးဆိုသည်က အရွယ်မရောက်သေးသည့် နဂါးငယ်လေးတစ်ကောင်များလား။
မည်သို့ပင်ဖြစ်စေ သာမန်လူတစ်ယောက်အနေဖြင့် နဂါးတစ်ကောင်ကို သတ်ဖြတ်ရန်မှာ အလွန်ခက်ခဲပေလိမ့်မည်။
ကျန်းလန်က နဂါးသုတ်သင်ဓားသိုင်း၏ စစ်မှန်သောစွမ်းအားကို သိရှိခြင်း မရှိသေးပေ။
သို့သော် နဂါးသုတ်သင်ဓားသိုင်းက နဂါးများကို တိုက်ခိုက်ရာတွင် အလွန်အစွမ်းထက်သည်ကိုတော့ သေသေချာချာ သိရှိထားသည်။
နဂါးသုတ်သင်ဓားသိုင်းကို အသုံးပြုပြီး အခြားနတ်မိစ္ဆာများကို တိုက်ခိုက်ပါက ထင်သလောက်အစွမ်းမထက်လှပေ။
ယခု ကျန်းလန် လေ့ကျင့်ထားသည့် နဂါးသုတ်သင်ဓားသိုင်းအဆင့်ဖြင့်ဆိုလျှင် သူနှင့် ကျင့်ကြံခြင်းအဆင့်တူညီသည့် နဂါးမှန်သမျှကို သတ်ဖြတ်ပစ်နိုင်စွမ်း ရှိနေပြီ ဖြစ်သည်။
သို့သော် ဓားချက်တစ်ချက်တည်းဖြင့် နဂါးများကို သတ်ဖြတ်နိုင်မည် မဟုတ်သေးပေ။ အများဆုံး ဓားချက် (၁၀) အတွင်း နဂါးများကို သုတ်သင်သတ်ဖြတ်ပစ်နိုင်မည် ဖြစ်၏။
နဂါးတစ်ကောင်တွင် ကျင့်ကြံခြင်းအဆင့် ရုတ်တရက် မြင့်တက်သွားစေသည့် လျှို့ဝှက်ချက်ရှိနေလျှင်တော့ နဂါးသုတ်သင်ဓားသိုုင်းက အသုံးဝင်ပါမည်လား မပြောနိုင်ပေ။
ထိုသို့သောလျှို့ဝှက်ကျင့်စဉ်ကို အသုံးပြုသည့်တိုင် နဂါးတစ်ကောင်ကို သတ်ဖြတ်ပစ်နိုင်မည်ဆိုပါက နဂါးသုတ်သင်ဓားသိုင်းအစွမ်း အံ့မခန်းဖြစ်ကြောင်း ဝန်ခံရပေလိမ့်မည်။
နောက်တစ်ချက်မှာ နဂါးသုတ်သင်ဓားသိုင်းထုတ်ဖောရန် စွမ်းအားများစွာ အသုံးပြုရခြင်း မရှိပေ။ ထိုအချက်က ကျန်းလန်အတွက် အဆင်ပြေစေလေသည်။
သို့ပေသိ တကယ့်ရန်သူအစစ်ကို တိုက်ခိုက်သတ်ဖြတ်ရမည်ဆိုလျှင်တော့ ကျန်းလန်က လက်သီးတစ်ချက်တည်းဖြင့်သာ ရန်သူကို သုတ်သင်ပစ်မည် ဖြစ်သည်။
ရန်သူဆိုသည်က အသက်ရှင်လျက် ထားကောင်းသည် မဟုတ်ပေ။
ထို့ကြောင့် ရန်သူဆိုသည်နှင့် ကျန်းလန်က နွားရိုင်းကိုးကောင်စွမ်းအားကို အသုံးပြုကာ ချက်ချင်း ဇီဝိန်ခြွေပစ်မည် ဖြစ်၏။
နဂါးတစ်ကောင်က ရန်သူဖြစ်လာလျှင်လည်း ချွင်းချက်မရှိ သေရွာသို့ ပို့မည်သာ ဖြစ်သည်။
ရန်သူကို ရှင်းပစ်နိုင်ရန် အမြန်ဆုံးနည်းလမ်းကို ရွေးခြယ်သည်က အကောင်းဆုံးပင် မဟုတ်ပါလား။ လောကတွင် ရန်သူမရှိမှသာ ညဘက်တွင် စိတ်အေးလက်အေး အိပ်ပျော်နိုင်မည် ဖြစ်၏။
ထို့ကြောင့် စွမ်းအားကြီးသည်ဖြစ်စေ ၊ စွမ်းအားနည်းသည်ဖြစ်စေ သူကတော့ ရန်သူဆိုလျှင် အရှင်ထားမည် မဟုတ်ပေ။
ထို့ပြင် ကျန်းလန်က ရန်သူကို ဘယ်တော့မှ လျှော့တွက်တတ်သူ မဟုတ်ပေ။ ရန်သူကို လျှော့တွက်မိပါက သေလမ်းမြန်းရမည့်သူမှာ ရန်သူမဟုတ်ဘဲ ကျန်းလန် ဖြစ်သွားပေလိမ့်မည်။
ယခင်အချိန်များက ကျန်းလန်နှင့် ရင်ဆိုင်ခဲ့ဖူးသည့် ရန်သူများက သာဓကပင်ဖြစ်၏။ ထိုရန်သူများအားလုံးက ကျန်းလန်ကို လျှော့တွက်ခဲ့ကြသောကြောင့် အသက်ပေးခဲ့ကြရခြင်း ဖြစ်သည်။
"မင်း နဂါးသုတ်သင်ဓားသိုင်းကို အပြည့်အ၀ လေ့ကျင့်ထားပြီးပြီပဲ…"
ကျိုးကျုန်းထျန်း၏အသံ ထွက်ပေါ်လာသည်။
ကျန်းလန်က နဂါးသုတ်သင်ဓားသိုင်းကို အပြည့်အ၀ လေ့ကျင့်ထားခဲ့သည်မှန်သော်လည်း ဓားသိုင်းအနှစ်သာရကို နားလည်ခြင်း မရှိသေးပေ။
ထို့ကြောင့် နဂါးသုတ်သင်ဓားသိုင်း၏ စွမ်းအားအစစ်အမှန်ကို မထုတ်ဖော်နိုင်ခြင်း ဖြစ်၏။
ကျိုးကျုန်းထျန်း၏ စကားကို ကြားသည့်အခါ ရှောင်ယွိ ပါးစပ်အဟောင်းသား ဖြစ်သွားသည်။
ဟုတ်ပေ၏။
ယခုပင် ကျန်းလန် နဂါးသုတ်သင်ဓားသိုင်း အသုံးပြုသည်ကို သူမ မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရပေသည်။ နဂါးသုတ်သင်ဓားသိုင်းက သူမအတွက် အလွန်အန္တရယ်ကြီးမားသည့် ဓားသိုင်း ဖြစ်၏။
လက်ရှိတွင် ကျန်းလန်က နဂါးသုတ်သင်ဓားသိုင်း၏ စွမ်းအားအစစ်အမှန်ကို ထုတ်ဖော်နိုင်ခြင်း မရှိသေးပေ။
ကျန်းလန်သာ ထိုဓားသိုင်း၏စွမ်းအားအစစ်အမှန်ကို ထုတ်ဖော်နိုင်မည်ဆိုပါက သူမသည်ပင် ကျန်းလန်ကို ရင်ဆိုင်နိုင်ပါတော့မည်လား မသေချာပေ။
သာမန်လယ်သမားတစ်ယောက်က ဓားတစ်လက်ဖြင့် နဂါးတစ်ကောင်ကို သတ်ဖြတ်ပစ်နိုင်သည်ဆိုသည်မှာ အခြေအမြစ်မရှိလှပေ။
ထိုအကြောင်းအရာများက ဒဏ္ဍာရီမျှသာ ဖြစ်သည်။
ယခုတော့ ကျန်းလန်က အန္တရယ်များသည့်လူတစ်ယောက်ဖြစ်လာပြီဟု ရှောင်ယွိ ခံစားလိုက်ရသည်။ ထို့ကြောင့်လည်း သူမက နဂါးသုတ်သင်ဓားသိုင်းကို သင်ယူလိုခဲ့ခြင်း ဖြစ်သည်။
ကျိုးကျုန်းထျန်းက ကျန်းလန်ကို တစ်ချက်ကြည့်လိုက်ရင်း…
"ဒီဓားသိုင်းကို အသုံးပြုတဲ့အခါမှာ မင်း ဘယ်လိုခံစားရလဲ ကျုပ်ကို ပြောပြစမ်း…"
ပြောပြီးသည်နှင့် ကျိုးကျုန်းထျန်းက ရေကန်နံဘေးမှ အဆောင်ငယ်ရှိရာသို့ လမ်းလျှောက် ထွက်ခွာသွားသည်။
ကျန်းလန်နှင့် ရှောင်ယွိကလည်း သူ့နောက်မှ လိုက်ပါသွား၏။
ကျိုးကျုန်းထျန်းနှင့် ကျန်းလန် ပြောသည့်စကားများကို ရှောင်ယွိလည်း ကြားချင်မိလေသည်။ သူမသည်လည်း နဂါးသုတ်သင်ဓားသိုင်းကို သင်ယူရန် အဋ္ဌမတောင်ထွတ်သို့ ရောက်ရှိလာခဲ့သူ မဟုတ်ပါလား။
သို့သော် နဂါးသုတ်သင်ဓားသိုင်းကို သူမ သင်ယူနေသည်မှာ အချိန် (၁)နှစ်ကျော်ပြီ ဖြစ်သည့်တိုင် ယခုအချိန်ထိ နားလည်ခြင်း မရှိသေးပေ။
မိစ္ဆာနဂါးကြီးကတော့ ကျန်းလန်နှင့် အခြားသူများ ထွက်ခွာသွားသည်ကို ကြည့်နေရင်း လွတ်မြောက်မှုရပြီဟု တွေးလိုက်မိသည်။
သို့သော် ကျိုးကျုန်းထျန်း၏ စကားသံထွက်ပေါ်လာသည့်အခါ သူ ရေကန်ထဲ ပြန်လည်ဝင်ရောက်ရန် မဖြစ်နိုင်တော့ကြောင်း သိရှိလိုက်သည်။
ကျိုးကျုန်းထျန်းက…
"အားလုံးပဲ တန်းစီကြ… ဒီမိစ္ဆာနဂါးကြီးနဲ့ တိုက်ခိုက်မှု လေ့ကျင့်ကြ…"
ထိုစကားသံကိုကြားသည်နှင့် တပည့်များအားလုံး ပျော်ရွှင်စွာဖြင့် "ဟေး" ခနဲ အော်ဟစ်လိုက်ကြသည်။
တပည့်တစ်ယောက်က…
"ကျုပ် အရင်သွားမယ်… ၊ ကျုပ် မန္တန်အသစ်တစ်ခု သင်ထားတာ… အဲဒီမန္တန်ရဲ့ တန်ခိုးစွမ်းအားကို စမ်းသပ်ကြည့်ချင်လို့…"
"ဟေ့အေး… ကျုပ် အရင်သွားမယ်… မင်းတို့တွေ ကျုပ်ကို သောက်ရှက်ခွဲထားတာ… ၊ အခု ပြန်အဖတ်ဆည်ရမယ်…"
"ကျွန်မက ရှင့်ရဲ့ ဂိုဏ်းတူညီမလေးလေ… ၊ မိန်းကလေးကို ဦးစားပေးရမှာပေါ့… ကျွန်မ အရင်သွားမယ်…"
ထိုအသံများကိုကြားသည်နှင့် ကျန်းလန် အနည်းငယ် အံ့အားသင့်သွားမိသည်။
ဒီတပည့်တွေက ရူးများ နေကြသလား…။
မိစ္ဆာနဂါးက ထိန်းချုပ်မရနိုင်အောင် တန်ခိုးစွမ်းအားမြင့်မားသည်ကို လူတိုင်း သိကြသည်။
ထို့ပြင် ဤလူများအားလုံးက မူလဝိညာဉ်အဆင့်နှင့် မရှိမှုအာကာသအဆင့် ကျင့်ကြံသူများ ဖြစ်ကြလေရာ မိစ္ဆာနဂါး၏ တိုက်ခိုက်မှုကို မည်သည့်နည်းနှင့်မှ ခုခံကာကွယ်နိုင်မည် မဟုတ်ပေ။
အနည်းငယ် သတိလွတ်သည်နှင့် ဒဏ်ရာအပြင်းအထန် ရရှိသွားမည် ဖြစ်သည်။
သို့သော် အဋ္ဌမတောင်ထွတ်၏ တောင်သခင်ကိုယ်တိုင်က သူ့နံဘေးတွင်ရှိနေလေရာ ကျန်းလန် တုတ်တုတ်မှ မလှုပ်ရဲပေ။
မည်သို့ပင်ဖြစ်စေ ထိုတပည့်များအားလုံးက တောင်သခင်၏ ဂရုစိုက်စောင့်ကြည့်မှုအောက်တွင် ရှိနေလေရာ ကြီးကြီးမားမား ပြဿနာတော့ မဖြစ်နိုင်ပေ။
ထို့ကြောင့် ကျန်းလန်လည်း ထိုသူများကို အာရုံမစိုက်တော့ရန် ဆုံးဖြတ်လိုက်သည်။
သူ့အနေဖြင့် ဆရာဦးလေးမေးသည့် မေးခွန်းကိုသာ အာရုံစိုက်ရန် လိုအပ်သည်။
ကျန်းလန်က…
"ကျွန်တော် မိစ္ဆာနဂါးကြီးကို တိုက်ခိုက်တဲ့အခါ အဲဒီကောင်ကြီးမှာ အပြစ်အနာအဆာတွေနဲ့ ပြည့်နေတယ်လို့ ထင်လိုက်မိတယ်… ၊ ချက်ချင်းပဲ သူ့ကို ခုတ်ပိုင်းသတ်ဖြတ်ပစ်နိုင်တော့မယ်လို့ ကျွန်တော် တွေးလိုက်မိတယ်… ၊ ဒါပေမဲ့ သူ့ကိုတော့ ကျွန်တော် မသတ်နိုင်ခဲ့ပါဘူး… ၊ ဘာလို့လဲဆိုတော့ ဒီမိစ္ဆာနဂါးကြီးက ကျွန်တော်သိထားတဲ့ မှော်ဝင်မန္တန်တွေထက် အများကြီးပိုပြီး တန်ခိုးစွမ်းအား မြင့်မားတယ်လေ…"
ကျန်းလန်က ခဏနားပြီးမှ ဆက်ပြောသည်။
"ဒါပေမဲ့ ကျွန်တော် ဓားချက်ကို ခုတ်ချလိုက်တဲ့အခါ လုံး၀ စွမ်းအားမရှိသလို ခံစားရတယ်… ၊ နဂါးသုတ်သင်ဓားသိုင်း အစစ်အမှန်ကို အသုံးမပြုနိုင်သလိုပါပဲ…"
ကျိုးကျုန်းထျန်းက အဆောင်ငယ်လေးထဲတွင်ထိုင်လိုက်ရင်း…
"ဒါက ပုံမှန်ပါပဲကွာ…"
ထို့နောက် သူက သေရည်တစ်ငုံသောက်လိုက်ပြီး စကားဆက်ပြောသည်။
"မင်း မိစ္ဆာနဂါးနဲ့ တိုက်ခိုက်တဲ့အခါ နဂါးကိုသတ်ဖြတ်ချင်တဲ့စိတ် ဖြစ်မိသလား…"
ကျန်းလန်က…
"ကျွန်တော် တစ်ခါမှ အဲဒီလို မတွေးခဲ့ဖူးဘူး…"
ကျိုးကျုန်းထျန်းက…
"ဒါဖြင့် ဓားကွက်ထုတ်ဖော်လိုက်တဲ့အချိန်မှာ မင်းစိတ်ထဲ ဘာတွေတွေးနေတာလဲ…"
ကျန်းလန်က…
"ကျွန်တော် ဓားကွက်ထုတ်လိုက်တဲ့အချိန်မှာ အဲဒီ နဂါးကြီးရဲ့စွမ်းအားကို စမ်းသပ်ချင်စိတ်ဖြစ်နေမိတယ်…"
ကျိုးကျုန်းထျန်းက…
"ဒါဖြင့် နဂါးသုတ်သင်ဓားသိုင်း ပေါ်ပေါက်လာရတဲ့ ဒဏ္ဍာရီကို မင်းမှတ်မိသလား…"
ကျန်းလန်က…
"ဟုတ်ကဲ့… မှတ်မိပါတယ်…"
ကျိုးကျုန်းထျန်းက…
"နဂါးသုတ်သင်ဓားသိုင်းကို တီထွင်ခဲ့တဲ့ လယ်သမားက ဘာလို့ မိစ္ဆာနဂါးကို သတ်ဖြတ်ချင်ရတာလဲ… ၊ အဲဒီ ဓားသိုင်းကို တီထွင်စဉ်မှာ သူ့စိတ်ထဲ ဘာတွေတွေးနေခဲ့သလဲ…"
ကျိုးကျုန်းထျန်း၏ စကားကြောင့် ကျန်းလန် အံ့သြမှင်တက်သွားသည်။
သူ တစ်စုံတစ်ခုကို နားလည်သွားသလို ခံစားလိုက်ရ၏။
ကျိုးကျုန်းထျန်းက ကျန်းလန်ကိုကြည့်လိုက်ရင်း…
"မင်းရဲ့ ဓားချက်က ရိုးရှင်းတဲ့ သာမန်ဓားချက်တစ်ချက်ပဲ… ၊ ဓားထဲမှာ ဓားဝိညာဉ်မပါဘူး…"
ကျန်းလန် ခေါင်းညိတ်လိုက်ပြီး တိတ်ဆိတ်ငြိမ်သက်လျှက် ရှိသည်။
အမှန်တော့ သူက ဓားကွက်ကို မည်သို့ထုတ်ဖော်ရမည်ကိုသာ သိရှိသူ ဖြစ်ပြီး ဓားသိုင်းအနှစ်သာရကို သိရှိသူ မဟုတ်ပေ။
ကျိုးကျုန်းထျန်းက ပဟေဠိဖြစ်နေဟန်ဖြင့်…
"ဒါပေမဲ့… ကျုပ် သိချင်တာ တစ်ခုရှိတယ်… ကောင်လေး… ၊ မင်းရဲ့ ဓားချက်မှာ သတ်ဖြတ်လိုတဲ့ အငွေ့အသက် မပါရှိဘဲနဲ့ မင်း နဂါးသုတ်သင်ဓားသိုင်းကို ဘယ်လိုလေ့ကျင့်လိုက်တာလဲ…"
ကျန်းလန်က ခပ်တိုးတိုးလေသံဖြင့်…
"ကျွန်တော် ဓားကျမ်းကို တစ်ခေါက်ဖတ်ကြည့်ပြီး အဲဒီဓားသိုင်းကို သင်ယူလိုက်နိုင်တာပဲ…"
ကျိုးကျုန်းထျန်း မေးခွန်း ထပ်မမေးတော့ပေ။
ထိုအချက်ကို ရှောင်ယွိလည်း အမှန်တကယ် သိချင်နေမိသည်။
သူမ နဂါးသုတ်သင်ဓားကျမ်းကို ဖတ်ရှုနေသည်မှာ အချိန် (၁)နှစ်ပင် ကျော်နေပြီ ဖြစ်သည်။ သို့တိုင် သူမ ထိုဓားသိုင်းကို သင်ယူနိုင်ခြင်း မရှိသေးပေ။
နဂါးသုတ်သင်ဓားသိုင်းဖြင့် လူသားတစ်ယောက်က နဂါးတစ်ကောင်ကို သတ်ဖြတ်နိုင်ခဲ့သည်ဆိုသည့်အချက်ကို မည်သည့်စာအုပ်များတွင်မှ ရေးသားဖော်ပြထားခြင်းလည်း မရှိပေ။
ထို့နောက် ကျိုးကျုန်းထျန်းက လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်၏။
သူ၏ လက်ထဲတွင် ဓားငယ်လေးတစ်လက် ပေါ်လာသည်။ ဓားငယ်လေးထဲတွင် ဓားဝိညာဉ်တစ်ခု သိပ်သည်းစွာ ထွက်ပေါ်လာသည်။
"ဒီလို ဓားဝိညာဉ်ထွက်ပေါ်လာအောင် မင်းကို သင်ပေးလို့ မရနိုင်ဘူး… ၊ မင်းကိုယ်တိုင် နားလည်အောင် ကြိုးစားမှ ရနိုင်လိမ့်မယ်…"
ကျိုးကျုန်းထျန်း၏လက်ထဲတွင် ဓားငယ်လေး ထွက်ပေါ်လာသည်နှင့် ရှောင်ယွိက မသိမသာ နောက်ဆုတ်လိုက်သည်။
ထိုဓားငယ်က သူမကို အလွန်အမင်း ခြိမ်းခြောက်နေသည်ဟု ခံစားရသည်။ ဓားငယ်မှထွက်ပေါ်နေသည့် ဓားဝိညာဉ်က ခဏအတွင်းပင် သူမ၏အသက်ကို နှုတ်ယူသွားတော့မည့်အလား ခံစားရသည်။
ထိုဓားငယ်လေး၏ ဓားဝိညာဉ်က စောစောက မိစ္ဆာနဂါးကြီးကို ကျန်းလန် တိုက်ခိုက်ခဲ့သည့် ဓားကွက်ထက် အဆပေါင်းများစွာ ကြောက်မက်ဖွယ်ရာ ကောင်းနေလေသည်။
ရေကန်ထက်တွင်ရှိနေသည့် မိစ္ဆာနဂါးကြီးကတော့ လှစ်ခနဲ ရေကန်ထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားပြီး ပြန်လည်ထွက်ပေါ်လာခြင်း မရှိတော့ပေ။
အခြားတပည့်များကတော့ ဓားဝိညာဉ်နှင့်ပတ်သက်ပြီး မည်သည့်ထူးခြားချက်မှ ခံစားရခြင်း မရှိပေ။
သိပ်သည်းစွာရှိနေသည့် ဓားဝိညာဉ်ထွက်ပေါ်နေသော ဓားငယ်လေးက ကျန်းလန်ရှေ့တွင် ရှိနေသည်။ ထိုဓားဝိညာဉ်ထဲတွင်စိတ်ဆန္ဒတစ်ခု ပါဝင်နေပြီး ထိုစိတ်ဆန္ဒက ဓားဝိညာဉ်ကို အေးစက်နေစေခြင်း ဖြစ်သည်။
ဤသည်က နဂါးသုတ်သင်ဓားဝိညာဉ်ပင် ဖြစ်ပေ၏။
ယခုတော့ မတူကွဲပြားမှုကို ကျန်းလန် နားလည်သွားပြီ ဖြစ်သည်။
ကျန်းလန် အသုံးပြုလိုက်သည့်ဓားသိုင်းက သာမန် နဂါးဝိညာဉ်ဓားသိုင်းမျှသာ ဖြစ်သည်။ သို့သော် ဆရာဦးလေး ကျိုးကျုန်းထျန်းကတော့ နဂါးသုတ်သင်ဓားဝိညာဉ်ကို ထုတ်ဖော်နိုင်သူ ဖြစ်သည်။
သက်မဲ့အရာဝတ္ထုတစ်ခုအတွင်းသို့ ဝိညာဉ်ထည့်သွင်းလိုက်ခြင်း ဖြစ်သည်။ ပန်းပုရုပ်တုတစ်ခုနှင့် သက်ရှိလူသား ကွာခြားသကဲ့သို့ ကွာခြားမှုမျိုး ဖြစ်သည်။
ကျန်းလန် ဓားငယ်လေးကို လှမ်းယူလိုက်သည်နှင့် ကျိုးကျုန်းထျန်းက သတိပေးစကား ပြောလိုက်၏။
"သေချာမှတ်ထား… ၊ ဒီဓားဝိညာဉ်ကို နားလည်မှပဲ နဂါးဝိညာဉ်ဓားသိုင်းကို အသုံးပြုလို့ ရလိမ့်မယ်… ၊ မင်း နားမလည်ဘဲနဲ့ ဒီဓားဝိညာဉ်ကို တုပမယ်ဆိုရင်တော့ နဂါးသုတ်သင်ဓားသိုင်း အစစ်အမှန်ကို ဘယ်တော့မှ သင်ယူတတ်မြောက်နိုင်မှာ မဟုတ်ဘူး…"
ကျန်းလန်က…
"ကျေးဇူးတင်ပါတယ် ဆရာဦးလေး…"
ကျိုးကျုန်းထျန်းက ရှောင်ယွိကို ကြည့်လိုက်ပြီး…
"ရှောင်ယွိ… မင်းလည်း အဲဒီဓားသိုင်းကို သင်ချင်တယ်ဆိုရင် ကျန်းလန်နဲ့ လိုက်သွားပြီး နားလည်အောင်ကြိုးစားလိုက်…"
ရှောင်ယွိက…
"ကျေးဇူးတင်ပါတယ်… ဆရာဦးလေး…"
သူမ အနည်းငယ် ကြောက်ရွံ့သည့်တိုင် နဂါးသုတ်သင်ဓားသိုင်းကို နားလည်အောင်ကြိုးစားမည်ဟု ဆုံးဖြတ်လိုက်သည်။
ဆရာဦးလေးက ဆရာဖြစ်သူ၏ မျက်နှာကြောင့်သာ သူမကို ဓားသိုင်းသင်ပေးရန် လက်ခံထားခြင်း ဖြစ်သည်။ တကယ်တမ်းတွင် သူမကို နဂါးသုတ်သင်ဓားသိုင်း သင်ပြပေးရန် ဆန္ဒမရှိပေ။
ယခု ကျန်းလန်ရောက်လာသည့်အခါ ဆရာဦးလေးက ချက်ချင်းပင် နဂါးသုတ်သင်ဓားဝိညာဉ်ကို ထုတ်ဖော်ပြသခဲ့သည်။ သူမကိုဆိုလျှင် တစ်ခါမှ ထိုသို့ သင်ပြပေးခြင်း မရှိပေ။
ကျန်းလန်နှင့်ရှောင်ယွိ ရေကန်နံဘေးရှိ အဆောင်ငယ်ထဲမှ ထွက်ခွာလာခဲ့ကြသည်။
ကျိုးကျုန်းထျန်းကလည်း သူတို့ကို မည်သည့်စကားမှ ထပ်မံ ပြောဆိုခြင်း မရှိတော့လေရာ ဆရာဦးလေး သေရည်သောက်နေသည်ကို မနှောက်ယှက်တော့ရန် ဆုံးဖြတ်လိုက်ကြသည်။
တစ်ချိန်လုံးသေရည်သောက်နေသည့် ကျိုးကျုန်းထျန်းကိုကြည့်ရင်း တောင်ခြေရှိသေရည်ဆိုင်တွင် သေရည်အိုးများ ရှုတ်ပွပျံ့ကျဲနေသည်မြင်ကွင်းကို ကျန်းလန် သတိရလိုက်မိသည်။
ထိုသေရည်ဆိုင်မှ သေရည်အိုးအလွတ်များက ဆရာဦးလေးနှင့်များ ပတ်သက်နေလေမလားဟု သံသယဝင်သွားမိ၏။
ရေကန်နံဘေးသို့ ရောက်လာသည့်အခါ ကျန်းလန် ဓားသိုင်းနှင့်ပတ်သက်သည့် သူ၏ လိုအပ်ချက်များကို နားလည်သွားပြီ ဖြစ်သည်။ သို့သော် လိုအပ်ချက်ကို နားလည်ခြင်းက လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်မည်ဟု ဆိုလိုခြင်း မဟုတ်ပေ။
ကျန်းလန်က သူယူလာသည့် ဓားငယ်လေးကို ရှောင်ယွိထံ လှမ်းပေးလိုက်သည်။ နဂါးသုတ်သင်ဓားဝိညာဉ်ကို ရှောင်ယွိ လေ့လာချင်လျှင် လေ့လာနိုင်စေရန် ဖြစ်၏။
ကျန်းလန်အတွက်တော့ ဓားငယ်လေး မလိုအပ်တော့ပေ။
သူလိုအပ်သည်က နဂါးသုတ်သင်ဓားဝိညာဉ် ဖြစ်တည်လာအောင် မည်သို့ပြုလုပ်ရမည်ကိုသာ နားလည်ရန် လိုအပ်တော့သည်။
ထို့ကြောင့် သူ့အနေဖြင့် ထိုဓားငယ်လေးကို အချိန်အကြာကြီး ယူဆောင်ထားစရာမလိုပေ။
ရှောင်ယွိက ကျန်းလန်ပေးသည့် ဓားကို လက်ခံယူလိုက်သည်။ ထို့နောက် သူမလက်ထဲမှ သစ်သားဓားကို ကျန်းလန်ကို လှမ်းပေးလိုက်သည်။
ရှောင်ယွိက…
"ဆရာဦးလေး အရင်က ပြောဖူးတာတော့ နဂါးသုတ်သင်ဓားသိုင်းကို လေ့ကျင့်ဖို့ လက်ထဲမှာ ကိုင်ထားတဲ့ ဓားနဲ့ မသက်ဆိုင်ဘူးလို့ ပြောဖူးတယ်… ၊ ဂိုဏ်းတူမောင်လေး ဒီသစ်သားဓားကို သုံးချင်ရင် ယူထားလိုက်လေ…"
"ကျေးဇူးတင်ပါတယ် ဂိုဏ်းတူအစ်မ…"
ထို့နောက် ကျန်းလန်နှင့် ရှောင်ယွိ ရေကန်နံဘေးတွင် ထိုင်လိုက်ကြသည်။
ရှောင်ယွိက သူမလက်ထဲမှ ဓားငယ်လေးကို ကြည့်ရင်း သူမရင်ထဲမှ ကြောက်စိမ်များကို အခြားသူများ မသိမြင်စေရန် ဖုံးကွယ်ထားလိုက်သည်။
ရှောင်ယွိက…
"ဂိုဏ်းတူအမောင်လေးကြောင့်သာမဟုတ်ရင် ဒီ ဓားဝိညာဉ်ကို ကျွန်မ မြင်ခွင့်ရမှာတောင် မဟုတ်ဘူး…"
ထို့နောက် သူမက…
"ရှင့်ကို ကျေးဇူးဆပ်တဲ့အနေနဲ့ ကျွန်မက လက်ရေးလှရေးနည်း သင်ပေးမယ်လေ…"
"………………"
နဂါးသုတ်သင်ဓားသိုင်းနှင့်ပတ်သက်သည့် လိုအပ်ချက်များကို မည်သို့ဖြည့်ဆည်းရမည်ကို စဉ်းစားနေသူ ကျန်းလန်မှာ ရှောင်ယွိစကားကြောင့် အတွေးများ ရပ်တန့်သွား၏။
ထို့နောက် ကျန်းလန်က သူမကို စိတ်ရှုတ်ထွေးစွာဖြင့် လှည့်ကြည့်လိုက်မိလေတော့သည်။