အခန်း (၅၅)
Vol. 4 Ch. 55
လျှို့ရှင်းယာ၏မျက်လုံးများ ပျာပျာသလဲဖြစ်သွားသည်။ လုရွှယ်ယင်ရဲ့ အရှိန်အဝါက ပြင်းထန်လွန်းလို့ ဒါမှမဟုတ် သူမက လုရွှယ်ယင်ကို လိမ်ပြောနေတာမို့ ဖြစ်လိမ့်မည်။ သူမစိတ်ထဲ ထိတ်ပျာလျက်ရှိ၏။ လုရွှယ်ယင်ရဲ့မျက်လုံးတွေကို သူမ မကြည့်ရချေ။ စားပွဲအောက်ရှိသူမ၏ တုန်ရီနေသောလက်များကို တင်းတင်းဆုပ်ထားသည်။
ငါတကယ်ပဲ မမလေးလုကို အဲ့ဒီစာတမ်းတွေ ပြရမှာလား။ ဟင့်အင်း။ မဟုတ်ဘူး။ လင်းဥက္ကဌက ငါ့အပေါ် အရမ်းကောင်းတယ်။ ငါ သစ္စာဖောက်လို့ မဖြစ်ဘူး။
လျှို့ရှင်းယာရဲ့အကြည့်တွေ အနည်းငယ်ပြောင်းလဲသွားတာကို လုရွှယ်ယင်က ရိပ်စားမိ၏။ လုရွှယ်ယင်က ချက်ချင်းဆိုသလို အလျော့ပေးကာ လေသံကိုဖျော့ပြီး ပြောလိုက်သည်။
“နင့်အမေက ခုတလော အတော်လေး ပြန်ကျန်းမာလာတယ်။ အကုန်လုံးသာ အဆင်ချောရင် ရက်အနည်းငယ်အတွင်း သူခွဲစိတ်မှုခံယူပြီး ဆေးရုံဆင်းလို့ရနိုင်လောက်တယ်။ ပြီးတော့ နောက်နှစ်ကျရင် နင့်မောင်လေး ဘွဲ့ယူတော့မှာ မဟုတ်လား။ သူက စာတော်တယ်လို့ ငါကြားတယ်။ သူဘယ်တက္ကသိုလ် တက်မလဲဆိုတာ ငါစိတ်ဝင်စားတယ်”
“ငါပြောမယ်နော် လျှို့ရှင်းယာ။ ငါဆိုတဲ့ လုရွှယ်ယင်က လောဘကြီးတဲ့သူ မဟုတ်ဘူး။ ဒီနှစ်တွေအတွင်း ငါနင့်ကို လင်းအုပ်စုကို ထိခိုက်စေမဲ့အရာ ဘာမှမလုပ်ခိုင်းခဲ့ဘူး။ အများဆုံး လင်းဖေးဟန်အကြောင်း နည်းနည်းပါးပါး မေးခဲ့တာပဲရှိတယ်”
“ဒီအချက်အလက်တွေက လင်းဖေးဟန်အပေါ် ဘာသက်ရောက်မှုမှ မရှိစေရဘူးဆိုတာ ငါ့ရဲ့ ကိုယ်ကျင့်သိက္ခာနဲ့ အာမခံရဲတယ်။ ငါအခုလုပ်နေတာတွေအားလုံးက ငါ့အတွက်ငါ အန္တရာယ်ကင်းအဆောင် ရအောင်လုပ်နေရုံပဲ။ ငါ့ကို ကျေးဇူးပြုပြီး ယုံကြည်ပေးပါ”
ထိုသို့ပြောနေချိန်တွင် လုရွှယ်ယင်၏မျက်လုံးများထဲ၌ မရေရာမှုအနည်းငယ်ရှိနေသည်။ လွန်ခဲ့တဲ့ရက်အနည်းငယ်က လင်းဖေးဟန်နဲ့ပတ်သက်ပြီး သူမ သတင်းအများကြီး ကြားထား၏။ အရင်ဆုံး လင်းဖေးဟန်က ဖုန်းလုံဧရိယာကို ပြန်လည်ဆောက်လုပ်ခွင့်စာချုပ်ကို ရရှိခဲ့သည်။ ပြီးတော့ သူက စတော့ရှယ်ယာရောင်းဝယ်ပြီး စက္ကန့်ပိုင်းအတွင်း ငွေကို နှစ်ဆပွားပြခဲ့၏။ ထိုငွေပမာဏနဲ့ဆို လင်းဖေးဟန်ရဲ့ စိတ်နေသဘောထားအရ ဘယ်သောအခါမှ သိုသိုသိပ်သိပ် ပြုမူတော့မည်မဟုတ်ပေ။ လင်းဖေးဟန်က စီးပွားရေးအမြင် အတော်လေးရှိသည်ဟု ဆိုနိုင်သည်။ သူက ငွေကို ငွေနှင့်ရှာနိုင်၏။ လင်းဖေးဟန်က ရုတ်တရက်ကြီး ငွေအများကြီး ရှာလိုက်နိုင်တာကြောင့် ကျိန်းသေရင်းနှီးမြှုပ်နှံမှု ထပ်မံပြုလုပ်လိမ့်မည်။ သို့သော် လင်းဖေးဟန်ရင်းနှီးမြှုပ်နှံတာနဲ့ပတ်သက်ပြီး ဘာမှထပ်မကြားရတော့ချေ။
အဲ့ဒီအချက်က နဂိုကတည်းက သံသယဝင်နေတဲ့ လုရွှယ်ယင်ကို လင်းဖေးဟန်က အကွက်အကြီးကြီးရွှေ့ဖို့ကြံနေတယ်လို့ ပိုပြီးသေချာစေခဲ့သည်။ သူမ သတိထားမှဖြစ်မည်။ လင်းဖေးဟန်က မူမမှန်ချေ။ သူကျိန်းသေ ကြီးကြီးမားမားကြံစည်လျက်ရှိ၏။ လင်းဖေးဟန်က ကျန်းပိုင်မြို့တွင် ငွေအမြောက်အများရင်းနှီးမြှုပ်နှံရန်ရှိသည်။ လင်းဖေးဟန်က သူ့ရဲ့ ရည်ရွယ်ချက်အစစ်အမှန်ကို ဖုံးကွယ်ထားတာဖြစ်ရမည်။
လျှို့ရှင်းယာက လုရွှယ်ယင်ပြောတာကို နားထောင်အပြီးမှာ အရမ်းမစိုးရိမ်တော့ချေ။ လုရွှယ်ယင်ပြောတာကို ယုံကြည်ရလောက်အောင် လျှို့ရှင်းယာက မတုံးအပေ။ ဒီနှစ်တွေအတွင်း ကုမ္ပဏီကြီးများမှ သူဌေးများနှင့် သူမ ပြောဆိုဆက်ဆံဖူးသည်။ အမှန်တရားတစ်ခုကို သူမ နားလည်ထား၏။ အလိမ်အညာကင်းစင်တဲ့ စီးပွားရေးဆိုတာ မရှိဘူးဆိုတာပင်။
သို့သော် အင်အားမရှိသူအနေနဲ့ လောလောဆယ် သူမမှာ ရွေးချယ်ခွင့်လည်းမရှိသလို ရွေးချယ်စရာလည်းမရှိချေ။ အာဏာရှိသူတွေရှေ့မှာ သူမက ပင်လယ်ပြင်ကျယ်ကြီးထဲတွင် လှိုင်းလေကြား ဘောင်ဘင်ခတ်နေသော လှေငယ်လေးကဲ့သို့ပင်ဖြစ်သည်။ သူမတွင် အမေနှင့်မောင်လေးရှိသေး၏။ သူမ မိသားစုတစ်ခုလုံး၏ မျှော်လင့်ချက်များကို သူမ၏ပုခုံးပေါ်တွင် ထမ်းပိုးထားရသည်။ သူမ ပြိုလဲလို့မဖြစ်သေးပါ။ သူမ၏မောင်ဖြစ်သူ တက္ကသိုလ်တက်, ဘွဲ့ရပြီးမှသာ သူမ အနည်းငယ်အသက်ရှူချောင်မည်။ သို့သော် လုရွှယ်ယင်၏ စကားထဲတွင် သိုဝှက်ထားသော အဓိပ္ပာယ်များ ပါဝင်နေ၏။ သူမ သတိထားရမည်ဖြစ်ကြောင်းကို သဘောပေါက်စေသည်။
ထို့ကြောင့် လျှို့ရှင်းယာက နှုတ်ခမ်းကို တင်းတင်းစေ့ကာ လက်ပ်တော့ကို သူမနား ပြန်ယူလိုက်၏။ သူမရဲ့လက်ချောင်းများက အနည်းငယ်တုန်ရီနေသော်လည်း နောက်ဆုံးမှာတော့ မျက်လုံးကိုစုံမှိတ်ကာ မောက်စ်ကိုနှိပ်ချလိုက်သည်။
“မမလေးလု ကတိတည်ဖို့ မျှော်လင့်ပါတယ်။ လင်းဥက္ကဌကို ကျွန်မ သစ္စာဖောက်လိုက်ပြီ။ ဒါက ကျွန်မတစ်သက်လုံး စိတ်ထဲကထုတ်နိုင်မှာမဟုတ်တဲ့ ဝန်ထုပ်ဝန်ပိုးပဲ။ အဆုံးမရှိတဲ့ ညှင်းပန်းမှုတစ်မျိုးပဲ”
သူမ အောင်မြင်သွားတာကိုသိရတော့ လုရွှယ်ယင်က အလိုလိုပြုံးလိုက်မိပြီး ခေါင်းငြိမ့်ကာ သဘောတူလိုက်သည်။
“စိတ်မပူပါနဲ့။ ငါက ကိုယ့်စကားကိုယ် အလွယ်လေး ပြန်ရုပ်သိမ်းတတ်တဲ့သူ မဟုတ်ပါဘူး”
လုရွှယ်ယင်က စိတ်ထဲမှ ပြောလိုက်၏။
“လင်းဖေးဟန်။ နင်ခုတလော ဘာတွေလုပ်နေလဲဆိုတာ ငါသိချင်တယ်”
မကြာခင်မှာပဲ လုရွှယ်ယင်က ကွန်ပြူတာမျက်နှာပြင်ကို လှည့်ကြည့်လိုက်သည်။ လင်းဖေးဟန်ရဲ့ အကြောင်းအရာအစုံကို သူမ မြင်လိုက်ရ၏။
ဇွန်လ 25 ရက်၊ 10:30 မှာ ရုံးခန်းကို ရောက်ရှိ။ လင်းဥက္ကဌက စားပွဲပေါ်မှီရင်း သမ်းနေတာကိုတွေ့ရ။ သူ အိပ်ပျော်နေသေးတဲ့ပုံပေါက်တယ်။ 11:30-12:30၊ နေ့လယ်စာစားချိန်။ သဘာ၀လွန်၀တ္ထုတစ်အုပ်ဖတ်ခဲ့။ 12:30-1:30၊ မိန်းမလှတစ်ယောက် တိုက်ရိုက်လိုက်ဖ်လွှင့်တာကိုကြည့်ခဲ့။ လင်းဥက္ကဌက တိမ်ခွင်းမြားအစုံ 100 ကို လက်ဆောင်ပေးခဲ့။ စထွင်မာက လင်းဥက္ကဌကို ပါပါးလို့ ချက်ချင်းခေါ်လိုက်တယ်။
13:30-16:30၊ HOK ကစား။ အသင်းဖော်တွေကိုဆူဆဲ။ 16:30၊ အလုပ်ပြီးအိမ်ပြန်။
ဇွန်လ 26 ရက်၊ လင်းဥက္ကဌက ပုံမှန်ထက်နောက်ကျ။ 13:30 မှ လင်းအုပ်စုကိုရောက်။ ဒီနေ့တော့ နည်းနည်းပင်ပန်းနေပုံပေါက်တယ်။ အိပ်ယာပေါ်ချက်ချင်းအိပ်ပျော်သွားပြီး 15:30 လောက်မှနိုးလာခဲ့တယ်။ အဲ့ဒီနောက် အိမ်ကို ချက်ချင်းပြန်သွားတယ်။
ဇွန်လ 27 ရက်နေ့၊ ရုံးမလာ။
ဇွန်လ 28 ရက်နေ့၊ လင်းဥက္ကဌက မူးလာတယ်။ မနေ့ညက အမျိုးသမီးတစ်ယောက်နဲ့ အတော်လေး အားအင်ကုန်ခမ်းအောင် လေးကြိမ်ဓားရေးကျင့်ခဲ့တာကိုပဲ ပြောနေတော့ပဲ။
ဇွန်လ 29 ရက်၊ 11-30-12:30, နေ့လယ်စာစားချိန်။ တိမ်ခွင်းမြားအစုံ 1000 လက်ဆောင်ပေး။ စထွင်မာက ဘဘကြီးလို့ တန်းအော်။ 12:30-6:00၊ HOK 15 ပွဲဆက်တိုက်နိုင်။ လင်းဥက္ကဌ ဒီနေ့အတော်လေးပျော်ရွှင်နေ။ သူက ပြည်နယ်အဆင့် 2 ချိတ်ပြီး သူ့အကြိုက်ဆုံးဟီးရိုး ရှောင်ချောင်က ပထမဆုံးအနေနဲ့ တရုတ်ဆာဗာမှာ နံပါတ် 1 ချိတ်။
ခဏ။ လုရွှယ်ယင်က ရှုပ်ထွေးသွားသည်။ သူမရဲ့ရင်ထဲက လင်းဖေးဟန်ရဲ့ပုံရိပ်က ပြိုလဲသွားပြီဟု လုရွှယ်ယင်သတ်မှတ်လိုက်၏။ ကြည့်လေကြည့်လေ လင်းဖေးဟန်က အတော်ကို အဓိပ္ပာယ်မရှိဘူးဟု သူမ ထင်မိလေဖြစ်သည်။ ဓားရေးကျင့်တယ်။ ဓားရေးကျင့်တာကဘာလဲ။ ပန်းခြံထဲက အဘိုးကြီး အဘွားကြီးတွေ ထိုက်ချိကျင့်တာမျိုးကို ပြောတာလား။
အရင်က သူမစိတ်ထဲက လင်းဖေးဟန်က အေးစက်ပြီးခန့်ညားတဲ့အသွင်ရှိသည်။ ခုတော့ သူက လုံး၀ကို အရှုံးသမား အုန်းနို့သာကူလေး(otaku)ဖြစ်လာ၏။ ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။ ဒါက အဓိပ္ပာယ်ရှိမနေဘူးလေ။
“ငါ့ကိုလိမ်နေတာပဲ”
လုရွှယ်ယင်က ချက်ချင်းပဲ ခေါင်းမော့လာသည်။ သူမ၏လေသံက မယုံကြည်မှုများဖြင့်ပြည့်နှက်နေ၏။ ဒါက လုံး၀ကို မယုံနိုင်စရာပဲ။
လင်းဖေးဟန်က ကျန်းပိုင်မြို့က နံပါတ် 1 အလုပ်ကြမ်းပိုးဆိုပြီး ကျော်ကြားသည်။ ပုံမှန်ဆို သူက အချိန်ပြည့် အလုပ်လုပ်လေ့ရှိ၏။ ခုတော့ သူက ဒီ အရည်မရအဖက်မရတွေကို ပြုလုပ်နေသည်။ လင်းဖေးဟန်က သူ့ရဲ့ဘ၀နဲ့အချိန်တွေကို ဖြုန်းတီးနေတယ်လို့ လုရွှယ်ယင်တောင်မှ တွေးမိ၏။ လင်းဖေးဟန်က အဲ့ဒါကို တကယ်ကြီး ကျေနပ်နေသည်။
“မမလေးလု။ ဒါက တကယ်ကို လင်းဥက္က လတ်တလောလုပ်တာတွေပါ။ ကျွန်မ ဒီတစ်ကြိမ် တကယ်ကို မလိမ်ပါဘူး။ ကျွန်မကိုယ်တိုင်တောင် အံ့ဩနေတာပါ။ ဒါက အမှန်တရားပါပဲ”
ဒီတလော လင်းဖေးဟန်ပြောင်းလဲလာတာကို လုရွှယ်ယင် သတိထားမိသည်။ အဲ့ဒီတုန်းကတော့ စေ့စပ်ပွဲဖျက်သိမ်းတာကြောင့် စိတ်ထိခိုက်ပြီးဖြစ်တာလို့ သူမက ထင်ထားခဲ့၏။ အဲ့ဒါကြောင့် သူမရှေ့မှာ သနားဖို့ကောင်းအောင် လုပ်ပြနေတာဆိုပြီးပေါ့။ အခုကြည့်ရတာတော့ အဲ့ဒီလိုဖြစ်ဟန်နဲ့မတူပါ။ ကိစ္စတွေက အဲ့ဒီလောက် မရိုးရှင်းချေ။
သူမ မမြင်ကွယ်ရာမှာတောင် လင်းဖေးဟန်က ဒီလိုပုံစံပဲ ပြုမူလျက်ရှိသည်။ ဒီလင်းဖေးဟန်က သူမ သိထားတဲ့ လင်းဖေးဟန်မဟုတ်ဘူးလို့ လုရွှယ်ယင်က ခံစားရ၏။ အတော်ကြာစဉ်းစားပြီးနောက် လုရွှယ်ယင်က မေးလိုက်သည်။
“ဟိုရှယ်ယာသုံးခုကို မြှုပ်နှံတာကရော တကယ်ပဲ လင်းဖေးဟန် ဆုံးဖြတ်ခဲ့တာလား”
လျှို့ရှင်းယာက ခေါင်းငြိမ့်ကာ ဖြည်းဖြည်းချင်းပြောလိုက်၏။
“ဟုတ်ပါတယ်”
လုရွှယ်ယင်က အသက်၀၀ရှူသွင်းကာ မှုန်ကုပ်ကုပ်နှင့် ပြောလိုက်သည်။
“အရင်က စီးပွားရေးလောကရဲ့ဉာဏ်ကြီးရှင် အလုပ်ကြမ်းပိုးဖြစ်ခဲ့ဖူးတဲ့ လင်းဖေးဟန်က
တစ်နေကုန်အချိန်ဖြုန်းနေပြီး သူ့ကိုယ်သူဖျက်ဆီးနေတယ်ဆိုတာ ငါမယုံဘူး။ မကြာသေးခင်က နင်တို့ကုမ္ပဏီမှာ စာချုပ်တွေချုပ်ဆိုခဲ့တာရှိရမယ်။ ငွေပမာဏများတဲ့အတွက် အဲ့ဒီစာချုပ်တွေက နင့်လို၀န်ထမ်းတစ်ယောက်က ဆုံးဖြတ်ချက်ချနိုင်တာမျိုးမဟုတ်ဘူး။ လင်းဖေးဟန်ပါလိမ့်မယ်”
“အခု လတ်တလော လုပ်ငန်းစုအစည်းအဝေးတွေကို ငါ့လက်ထဲ ပေးလိုက်စေချင်တယ်။ ငါကြည့်ကြည့်ချင်လို့”