← Chapters

အခန်း (၅၆)

Vol. 4 Ch. 56

အခန်း (၅၆)

Vol. 4 Ch. 56

လုရွှယ်ယင်က ကွန်ပြူတာကို လျှို့ရှင်းယာရှေ့ကို ထပ်တွန်းပို့လိုက်သည်။ သူမ၏လေသံက တင်းမာလျက်ရှိ၏။ လျှို့ရှင်းယာက လုရွှယ်ယင်ရဲ့ မျက်နှာအရိပ်အခြေကိုကြည့်ပြီး တုံ့ဆိုင်းသွားသည်။ ပါးစပ်အနည်းငယ်လှုပ်လိုက်သော်လည်း ဘာပြောရမယ်မှန်း သူမ မသိချေ။ သူမ လက်ခံနိုင်တာထက်ကျော်လွန်သွားသောကြောင့်ဖြစ်၏။

လုပ်ငန်းထိပ်သီးအစည်းအ‌ဝေးဆိုတာ အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေနဲ့ ကုမ္ပဏီအတွင်းရေးကိစ္စတွေအကြောင်းပင်ဖြစ်သည်။ ဒီစာရွက်စာတမ်းတွေအားလုံးကိုသာ လုရွှယ်ယင်ကို လက်လွှဲပေးလိုက်မည်ဆိုပါက လုရွှယ်ယင်က လင်းအုပ်စုရဲ့ လုပ်ငန်းဆောင်ရွက်ပုံများကို သိရှိသွားမည်ဆိုသည့်သဘောပင်ဖြစ်၏။

လုရွှယ်ယင်သာ လင်းအုပ်စုရဲ့ အကျိုးအမြတ်ကို ထိခိုက်စေမဲ့ ပြဿနာတစ်ခုခုကို ဖန်တီးခဲ့မည်ဆိုလျှင် သူမက လင်းအုပ်စုရဲ့ အကြီးမားဆုံးအပြစ်သားပမာ ဖြစ်သွားလိမ့်မည်။ သူမကိုယ်သူမ သစ္စာဖောက်လို့ခေါ်ဆိုခြင်းကတောင် ‌စိတ်ပြေလျော့စေမှာမဟုတ်ချေ။

သူမရဲ့ နေမကောင်းတဲ့အမေနဲ့ မောင်ဖြစ်သူကို ဂရုစိုက်သော်လည်း သူမမှာ ကိုယ်ပိုင်အသိစိတ်ရှိသေးသည်။ သူမက လူသားတစ်ယောက်ပင်ဖြစ်၏။

“ကောင်းပါပြီ။ စုဆောင်းထားလိုက်ပါမယ်။ ဒါပေမဲ့ လောလောဆယ် အချိန်မရလို့ စီစစ်ရဦးမယ်။ နောက်တစ်ပတ်ကျရင် ပို့ပေးလိုက်မယ်”

လျှို့ရှင်းယာက လုရွှယ်ယင်ကို လှည့်စားလိုက်ခြင်းဖြစ်သည်။ လောလောဆယ်မှာတော့ သူမ နောင်ခါလာနောင်ရှင်း လုပ်ရုံကလွဲပြီး ရွေးချယ်စရာမရှိပေ။

“အတတ်နိုင်ဆုံး မြန်မြန်လိုချင်တယ်။ အလွန်ဆုံးနှစ်ရက်အတွင်းပဲ”

“ကောင်းပါပြီ”

ကဖေးကနေထွက်အလာမှာ လျှို့ရှင်းယာက ငေးမောရင်းလျှောက်လာခဲ့သည်။ သူမက အလွန်စိတ်ရှုပ်ထွေးနေပြီး ဘာလုပ်ရမှန်းမသိပေ။ လုပ်ငန်းစုကိုသစ္စာဖောက်တာက သူမ မလုပ်ချင်ဆုံးအရာဖြစ်၏။ အဲ့ဒါက လင်းဥက္ကဌကို သစ္စာဖောက်တာနဲ့ အတူတူပင်ဖြစ်သည်။ သူမ စိတ်ထဲကနေ တကယ်ကို မလုပ်ချင်ပါ။

သို့သော် သူမ၏အမေက ပြန်‌လည်ကောင်းမွန်လာတော့မည်။ သူမ၏ မောင်ဖြစ်သူကလည်း သူသဘောအကျဆုံး တက္ကသိုလ်ကို ၀င်ရောက်ခွင့်ရတော့မည်။ အမှားအယွင်းရှိလို့မဖြစ်ပေ။ လျှို့ရှင်းယာက လောလောဆယ်မှာ ချောင်ပိတ်မိနေသည်။ တစ်ခုမှာ သူမရှေ့က အကျိုးအမြတ်ကြီးဖြစ်ပြီး တစ်ခုမှာ ကိုယ်ရေးစာရိတ္တဖြစ်၏။ လျှို့ရှင်းယာ ရွေးချယ်ရန် အခက်တွေ့နေသည်။

လျှို့ရှင်းယာ ကောင်းကင်ကို မော်ကြည့်လိုက်မိ၏။ ကောင်းကင်ကြီးက ကြည်ပြာနေပြီး နေရောင်ခြည်ကသာလျက်ရှိသည်။ လျှို့ရှင်းယာက လူစည်ကားတဲ့ လမ်းမပေါ်မှာလျှောက်ရင်း လင်းဖေးဟန်၏ အသံနှင့်အပြုံးကို စိတ်ထဲမှ ပြန်လည်မြင်မှတ်ကြားယောင်လာ၏။ မကြာခင်မှာပဲ သူမစိတ်ထဲကနေ ဆုံးဖြတ်ချက်ချလိုက်တော့သည်။ လုရွှယ်ယင်နဲ့ လင်းဖေးဟန်ကြား တစ်ယောက်ယောက်ကို ရွေးချယ်ရမည်ဆိုလျှင် သူမက လင်းဖေးဟန်ကို ရွေးချယ်မည်သာဖြစ်၏။

သူမအမေရဲ့ ခွဲစိတ်မှုကို မလုပ်ဆောင်နိုင်ခဲ့ပဲ သူမမောင်က တက္ကသိုလ်မတက်နိုင်ခဲ့ဘူးဆိုရင်တောင် သူမကိုယ်ပိုင်အင်အားနဲ့ သူမအမေကိုခွဲစိတ်ပေးနိုင်မည်၊ သူမမောင်ကိုလည်း ပံ့ပိုးပေးနိုင်မည်ဟု လျှို့ရှင်းယာက အခိုင်အမာယုံကြည်သည်။ လင်းဖေးဟန်က ကွန်မန်ဒါတစ်ယောက်လိုမျိုး ရုံးခန်းထဲ ဂိမ်းထိုင်ဆော့နေသည်။ ထိုအချိန်တွင် ရုံးခန်းတံခါးခေါက်သံမြည်လာခဲ့၏။

ကြားဖြတ်ခံလိုက်ရတဲ့ လင်းဖေးဟန်က မျက်မှောင်ကြုတ်သွားသည်။ လျှို့ရှင်းယာက ဒီနေ့အတွက် ခွင့်ယူထားပြီးဖြစ်တာကြောင့် အရေးကြီးကိစ္စမရှိလျှင် သူ့ကိုရှာမှာမဟုတ်သလို လာရှာရဲမှာလည်း မဟုတ်ဘူးဟု လင်းဖေးဟန်တွေးခဲ့မိ၏။

လင်းဖေးဟန်က သူ့ကစားဖော်ကိုပြောလိုက်သည်။

“ငါချုံထဲအရင်ပုန်းနေလိုက်မယ်။ ငါ့ဆီ ရန်သူတွေ ခေါ်မလာနဲ့ဦး။ မကြာခင်ပြန်လာခဲ့မယ်”

ထို့နောက် လင်းဖေးဟန်က တံခါးကို အမြန်‌ဖွင့်လိုက်၏။

“လင်းဥက္ကဌ။ ကျွန်မ…”

လျှို့ရှင်းယာက ခေါင်းကိုငုံ့ထားပြီး တွန့်ဆုတ်နေသောအသံ ထွက်ပေါ်လာသည်။

လင်းဖေးဟန်က သူ့ရှေ့ကမိန်းကလေးကိုကြည့်ပြီး မျက်မှောင်ကြုတ်သွား၏။ သူမတွင် အရင်ကလို တက်ကြွပျော်ရွှင်သည့်အသွင် မရှိတော့ချေ။ လျှို့ရှင်းယာရဲ့မျက်နှာက လောလောဆယ်မှာ အတော်လေးဖြူဖက်ဖြူရော်ဖြစ်နေပြီး သူမ၏ခန္ဓာကိုယ်က တောင့်တင်းလျက်ရှိသည်။ သူမ၏ လက်သီးများကို တင်းတင်းဆုပ်ထားခြင်းက ဖိအားနှင့် အခက်အခဲကို ဖော်ပြနေ၏။

လင်းဖေးဟန်က ဆက်မှုန်ကုပ်မနေတော့ပဲ ဂိမ်းထဲကနေ ချက်ချင်းထွက်လိုက်သည်။ လင်းဖေးဟန်အတွက် ဂိမ်းက အတော်လေးအရေးကြီးသော်လည်း လျှို့ရှင်းယာရဲ့ပုံစံကိုမြင်လိုက်ရခြင်းက သူ့ကို တွေဝေမနေပဲ ဂိမ်းထဲကနေ ထွက်စေခဲ့၏။ သူ့စိတ်ထဲမှာ လျှို့ရှင်းယာဟာလည်း အတော်လေး အရေးပါကြောင်း ဖော်ပြနေသည်။

ဂိမ်းက လက်တွေ့ဘ၀ကို အခြေခံထားပေမဲ့ လက်တွေ့ဘ၀ကိုတော့ လိုက်မမီနိုင်ဘူး။ လင်းဖေးဟန်က အလျင်စလိုမေးလိုက်၏။

“ဘာဖြစ်တာလဲ ရှောင်ယာ”

လင်းဖေးဟန်ရဲ့ အပြုအမူကိုကြည့်ပြီး လျှို့ရှင်းယာရင်ထဲ ခံစားလိုက်ရသည်။ သူမ မျက်ရည်များကို မထိန်းထားနိုင်တော့ပဲ ငိုချမိလိုက်တော့၏။ လင်းဥက္ကဌက သူမအတွက် သူ့အကြိုက်ဆုံးဂိမ်းကို တကယ်ကြီး ချထားခဲ့တာပဲ။

လျှို့ရှင်းယာက တကယ်ကို ရင်ထဲထိသွားသည်။ သို့သော် အကျိုးအမြတ်အတွက် သူမ လင်းဖေးဟန်ကို သစ္စာဖောက်ခဲ့တာကို ပြန်တွေးမိလိုက်တော့ အပြစ်ရှိသလို မခံစားရပဲမနေနိုင်ချေ။ လျှို့ရှင်းယာက မနေနိုင်တော့ပဲ ငိုချကာ ပြောလိုက်၏။

“လင်းဥက္ကဌ။ ကျွန်မ…တောင်းပန်ပါတယ်။ ဥက္ကဌကို..သစ္စာဖောက်မိခဲ့တယ်”

“ဟမ်”

လင်းဖေးဟန်က အံ့ဩသွားချင်ယောင်ဆောင်ကာ အမြန်မေးလိုက်သည်။

“ဘာတွေဖြစ်နေတာလဲ။ မငိုနဲ့။ ဖြည်းဖြည်းချင်းပြော”

အရာအားလုံးက လင်းဖေးဟန်ရဲ့ ထိန်းချုပ်မှုအောက်တွင်ရှိနေ၏။

လျှို့ရှင်းယာကို သူယုံကြည်တယ်ပြောပေမဲ့ သူတကယ်ယုံကြည်တယ်လို့ မဆိုလိုပေ။ လူ့စိတ်ဆိုတာ ခန့်မှန်းရအခက်ဆုံးဖြစ်သည်။ ဘာမဆိုဖြစ်နိုင်ပြီး အကြွင်းမဲ့ဆိုတာမျိုး မရှိပေ။ ထို့ကြောင့် လင်းဖေးဟန်က အပြည့်အ၀ပြင်ဆင်ထားပြီး ရုံးခန်းထဲတွင် လျှို့ဝှက်ကင်မရာများ တပ်ဆင်ထားခဲ့၏။ လျှို့ရှင်းယာသာ လုပ်ငန်းစုရဲ့ ထိပ်သီးလျှို့ဝှက်ချက်များကို ခိုးယူခဲ့ပါက သူကျိန်းသေသိနိုင်မည်ဖြစ်သည်။

သို့သော် လျှို့ရှင်းယာက အင်မတန်ဖြောင့်မတ်ပြီး ထိုသို့အလုပ်မျိုးကို မလုပ်ခဲ့ချေ။ လင်းဖေးဟန်ရဲ့ မေးခွန်းကို ကြားရပြီးနောက် လျှို့ရှင်းယာက ရင်ထဲတုန်လှုပ်သွား၏။ လင်းဥက္ကဌက စိတ်ဆိုးမနေပဲ သူမကို သေချာရှင်းပြရန် ပြောလိုက်သည်။ အရင်ကသာဆို လင်းဖေးဟန်က မျက်တောင်မခတ်ပဲ လူသတ်မှာဖြစ်ပြီး အခုကျ ရှင်းပြတာ နားထောင်မှာကို တွေးမိတော့ လျှို့ရှင်းယာက အင်မတန်တုန်လှုပ်နေ၏။

လောလောဆယ် လျှို့ရှင်းယာမှာ ခံစားချက်များစွာ ဖြစ်ပေါ်လျက်ရှိသည်။ အကြောက်တရား။ အပြစ်ရှိစိတ်။ ပြီးတော့ ကျေးဇူးတင်စိတ်။ ခံစားချက်အမျိုးမျိုး ရောထွေးနေသဖြင့် ဘာကိုခံစားနေရမှန်း ပြောပြရန်ခက်၏။ ထို့ကြောင့် သူမ လင်းဖေးဟန်ကိုသာ ဖက်လိုက်တော့သည်။

လျှို့ရှင်းယာက ငိုပြလိုက်၏။

“တောင်းပန်ပါတယ် လင်းဥက္ကဌ။ မမလေးလုကို ဥက္ကဌ ဒီရက်ပိုင်း ဂိမ်းဆော့တာ၊ လိုက်ဖ်ကြည့်တာ၊ စထွင်မာတွေကို လက်ဆောင်ပေးတာ၊ ၀တ္ထုဖတ်တာ အကုန်လုံး ပြောပြလိုက်တယ်”

ထိုသို့ကြားလိုက်ရချိန်တွင် လင်းဖေးဟန် သက်ပြင်းချလိုက်မိသည်။ လျှို့ရှင်းယာက တကယ်ပဲ လုပ်ငန်းစုရဲ့ ထိပ်တန်းလျှို့ဝှက်ချက်တွေကို သူမသိလိုက်ပဲ လုရွှယ်ယင်ကို ပေးလိုက်ပြီဟု သူတကယ်ပဲ ထင်လိုက်မိခဲ့၏။ လင်းဖေးဟန်က ရယ်လိုက်ပြီး လျှို့ရှင်းယာရဲ့ကျောကို ဖြည်းဖြည်းလေးပုတ်လိုက်သည်။

“တစ်ခုခုများလားလို့။ ဒီဟာဖြစ်နေတာကို။ ဘာမှမဖြစ်ဘူး။ မငိုနဲ့”

ထို့နောက်လင်းဖေးဟန်က ဘာမှမသိချင်ယောင်ဆောင်ကာ မေးလိုက်သည်။

“မင်းပြောတဲ့ မမလေးလုဆိုတာ လုရွှယ်ယင်မလား။ မင်းတို့နှစ်ယောက်က ဘယ်လို့တွေ့ကြတာလဲ။ သူက မင်းကို ဘာလို့ ဒါတွေမေးရတာလဲ”

လျှို့ရှင်းယာက ဆက်ငိုလိုက်၏။ မျက်ရည်များကြောင့် မိတ်ကပ်ပင်ကွက်နေပြီဖြစ်သည်။ ခဏအကြာမှာ သူမ ငိုတာကိုရပ်လိုက်ပြီး ဖြည်းဖြည်းချင်း‌ပြောလိုက်၏။

“အိမ်မှာ နေမကောင်းတဲ့ အမေနဲ့ တက္ကသိုလ်တက်ဖို့ ငွေလိုနေတဲ့ မောင်လေးတစ်ယောက်ရှိပါတယ်…”

“အဲ့ဒီနောက် မမလေးလုနဲ့ ရုတ်တရက် တွေ့ဆုံမိခဲ့ပြီး သူက ကျွန်မကို သတိထားမိခဲ့တာပါ။ အဲ့ဒီတုန်းက ကျွန်မက တကယ်ကို အသည်းအသန်ဖြစ်နေခဲ့တာမို့ မမလေးလုကို အကူအညီတောင်းခဲ့ပါတယ်။ သူက ကျွန်မ ‌အမေနဲ့မောင်လေးကို ကူညီဖို့ ပိုက်ဆံပေးမယ်လို့ သဘောတူခဲ့တယ်။ ဒါ…ဒါပေမဲ့ ကျွန်မကို သူ့ရဲ့ သူလျှိုအနေနဲ့ လင်းဥက္ကဌနားမှာ ပုန်းကွယ်နေပြီး တစ်ချိန်လုံး စောင့်ကြည့်ခိုင်းခဲ့ပါတယ်”

လင်းဖေးဟန်က သဘောပေါက်သွားဟန်ပြကာ ခေါင်းငြိမ့်ပြီး လျှို့ရှင်းယာရဲ့ တင်ပါးကိုထိကာ ပြောလိုက်သည်။

“အဲ့တော့ မင်းက ပုန်းကွယ်နေခဲ့တာပေါ့။ ငါ့အိပ်ယာထဲမှာလေ”

All Chapters