ပြန်အသက်သွင်းနည်း
Vol. 9 Ch. 126
မြေအောက်ဘုံသို့ဝင်၍ တုန်ဟွမ်းစီစဉ်ပေးသည့် ကြမ်းတမ်းသည့်တိုက်ပွဲများ နွှဲပြီးနောက် နေ့တိုင်းလိုလို သူဒဏ်ရာရသည်။ သေခြင်းရှင်ခြင်းကြား ဖြတ်သန်းရသည်။ တစ်ကြိမ်တိုက် ခိုက်ပြီးတိုင်း ခြေကုန်လက်ပမ်းကျလောင် မောပမ်းသည်။
သူသည် နှစ်နှစ်ပင် မပြည့်သေးသည့် ခွေးပေါက်လေးသာဖြစ်သည်။ ပြင်းထန်သည့်လေ့ကျင့်မှုကြောင့် ထွက်ပြေးချင်စိတ်ပေါက်မိသည်။ သို့သော် တွေးရုံသာတွေးမိခြင်းဖြစ်သည်။ လက်တွေ့တွင် မဖြစ်နိုင်။
ဤလောကတွင် မီးကုန်ယမ်းကုန် တိုက်ခိုက်ရုံသာရှိသည်။ ထို့နောက် ခဏနားသည်။ ထို့နောက် ပြန်တိုက်ခိုက်သည်။အသက်ရှူဖို့ပင် အချိန်မရ။ တိုက်ပွဲများ အဆုံးသတ်သည်မရှိ။ ဆက်တိုက် တိုက်ခိုက်နေရုံသာရှိသည်။
ထို့ကြောင့် ဖုန်ချင်အန်းသိစိတ်ရောက်လာတိုင်း သူ့အတွက် စိတ်သက်သာရာရသည်။ စိတ်ထဲမှ တုံ့ဆိုင်းမှုများ စိတ်ပျက်အားငယ်မှုများ ပျောက်သွားသည်။
ဖုန်ချင်အန်း အားလုံးကို ခံစားမိပါသည်။ တောင်နက်အတွက် သူစိတ်မကောင်းပါ။ သို့သော် အလိုလိုက်၍မဖြစ်။ သူရဲဘောကြောင်ပြီး အရှုံးပေးသည့်စိတ်မျိုး ခိုအောင်းလာ၍မဖြစ်။
ထိုတိုက်ပွဲများက နှစ်နှစ်မပြည့်သေးသည့် ခွေးလေးတစ်ကောင်အတွက် ကြမ်းတမ်းသည့် လေ့ကျင့်ကွင်းဖြစ်သည်။ သို့သော် မြွေစိမ်းတောင်မှ တောရိုင်းဝံပုလွေများကို ဘေးဖယ်ထားလျှင် တောင်နက်လို သရဲဝံပုလွေသွေးဆက်တစ်ကောင် ထိုဂရုစိုက်မှုမျိုး မည်သူရဖူးသနည်း။
ယခု တောင်နက် ရင်ဆိုင်နေရသည်မှာ သေချာဂရုစိုက်၍ ရွေးချယ်ထားသည့် အသိဉာဏ်မဲ့ ရူးသွပ်ဝိညာဉ်များဖြစ်သည်။ နှစ်ဘက်စွမ်းအားကွာဟချက် သိပ်မရှိ။ အောင်နိုင်လျှင် ရန်သူကိုအစာအဖြစ် စားခွင့်ရမည်။ ရှုံးသွားလျှင် အသက်အန္တရာယ်မရှိဘဲ ကယ်ထုတ်ခံရမည်။
အခွင့်ထူး။
သရဲဝံပုလွေများ ထိုအခြေအနေမျိုးကို သွေးဆက်အသိအရ သိထားလျှင်ပင် တောင်နက်လို သရဲဝံပုလွေနှင့် မယှဉ်နိုင်ပေ။
သားရဲဘုရင် သို့မဟုတ် ထိုထက်မြင့်လာသည့်အဆင့်မျိုး ဖြစ်လာချိန်မှသာ တောင်နက်ကြုံခဲ့ရသည့် ဒုက္ခများကို ဖုန်ချင်အန်း ညည်းညူခွင့်ပေးမည်။ ထိုသလို့မလုပ်ထားလျှင် အင်အားကြီးရန်သူနှင့် ရင်ဆိုင်ချိန်တွင် တောင်နက်သွေးအိုင်ထဲ လဲနေသည့်အဖြစ်ကိုကြည့်၍ သူ့ကိုသူ နောက်တရနေရပေလိမ့်မည်။
သူမွေးလိုသည်မှာ အလိုက်သိလိမ္မာ၍ ပွတ်သီးပွတ်သပ်နေမည့် တိရစ္ဆာန်မျိုးမဟုတ်။ သားရဲအားလုံးကို အမိန့်ပေးနိုင်သည့် နိုင်ငံတစ်ခု ထူထောင်၍ ပိုမြင့်မားသည့် ဘုံနယ်မြေတစ်ခုသို့တက်နိင်သည့် ပြိုင်ဘက်ကင်းသားရဲဘုရင်ဖြစ်သည်။
ထို့ကြောင့် တောင်နက်၏ညည်းညူသံများ မကျေနပ်ချက်များကို လောလောဆယ် စိတ်ရှည်ရှည်နားထောင်၍ နှစ်သိမ့်အားပေးရုံသာဖြစ်သည်။ ဖုန်ချင်အန်းကို ကြောက်ရွံ့စိတ်ထိန်းချုပ်နိုင်ဖို့ ကူညီရုံသာဖြစ်သည်။
နောက်ဆုံးတွင် နတ်ဘုရားပို့လွှတ်ခြင်းစွမ်းရည်နှင့် တောင်နက်ဒဏ်ရာများကို ကုပေးလိုက်သည်။ ဒဏ်ရာအမြန်ပျောက်ကင်း၍ နောက်ထပ်တိုက်ပွဲ မြန်မြန်ဆင်နွှဲနိုင်ဖို့ဖြစ်သည်။
(ပထမဝိညာဉ်စာချုပ် - တောင်နက်)
(မျိုးနွယ် - သရဲဝံပုလွေ)
(ဗီဇ - သားရဲ၊ နတ်ဆိုး)
(စွမ်းရည် - သခင်၊ ထိပ်တန်းအဆင့်)
(တိုက်ခိုက်စွမ်းအား - ကွန်မန်ဒါ၊ အလတ်တန်းဆင့်)
လအနည်းငယ်အတွင်း ထိုအဆင့်ထိ တောင်နက်တိုးတက်လာခဲ့သည်။ သူနှစ်သက်သည့် ဝံပုလွေဖြူလေးထက်ပင် သာနေပြီဖြစ်သည်။ ထိုအဖြစ်ကို တောင်နက်မသိသေး။
“အူး...”
“ဟုတ်တယ်။ တကယ်ပြောနေတာကွ”
ဖုန်ချင်အန်းစားကြောင့် တောင်နက်မျက်လုံးမှ မျှော်လင့်ချက်ရောင်ခြည်များ ယှက်သန်းလာသည်။ လူသားကမ္ဘာသို့ ပြန်အနားယူမည့် အချိန်ခဏတာလေးကိုပင် သူစိတ်လှုပ်ရှားနေမိသည်။
“ပျော်မနေနဲ့ဦး။ ငါနဲ့အတူ ပူးပေါင်းဆောင်ရွက်ပါ”
နောက်ထပ်တိုက်ပွဲအတွက် စိတ်အားထက်သန်နေသည့်တောင်နက်ကို သူတားလိုက်သည်။ တောင်နက် နည်းနည်းတုံ့ဆိုင်းသွားသော်လည်း လက်ခံသည်။
‘အူး...”
ဖုန်ချင်အန်း လျှို့ဝှက်နည်းလမ်းများ လေ့ကျင့်သည်ကို သူအသားကျနေပြီဖြစ်သည်။သူလည်း ကောင်းကျိုးရသည်ဖြစ်သလို သခင်နှင့်တစ်သားတည်းဖြစ်ရသဖြင့် သူအတော်ဂုဏ်ယူနေသည်။ သူတစ်ယောက်တည်း ပိုင်ဆိုင်ခွင့်ရသည့် အခွင့်ထူးဖြစ်သည်။
“နတ်ဘုရားထိန်းချုပ်ခြင်းစွမ်းအား”
တောင်နက်ခန္ဓာကိုယ်နှင့် နတ်ဆိုးစွမ်းအင်လည်ပတ်မှုကို နားလည်ထားပြီးဖြစ်၍ စွမ်းအင်သစ်ကို ချောမွေ့စွာ သူအသုံးပြုနိုင်သည်။ တောင်နက်ပူးပေါင်းဆောင်ရွက်သဖြင့် မည်သည့်အနှောက်အယှက်မှမရှိ။
ဖုန်ချင်အန်း တောင်နက်အပေါ် အပြည့်အဝလွှမ်းမိုးခွင့်ရသည်။ တောင်နက်က အစမှအဆုံးထိ လုံးဝဆန့်ကျင်ခြင်းမရှိ။ ကိုယ်ပိုင်ဗီဇစိတ်ကိုပင် ချိုးနှိမ်ထားသည်။
ဖုန်ချင်အန်း ထူးဆန်းသည့်အရာရုံကို ခံစားရသည်။ ခန္ဓာနှစ်ခု ရှိနေပုံမျိုးဖြစ်သည်။ တောင်တန်းနတ်ဘုရား လက်ဖက်ရည်သောက်ဖိတ်ခဲ့သည့်အချိန်ကို သူပြန်သတိရလာသည်။
သို့သော် ထိုစဉ်က တောင်နက်ခန္ဓာကိုယ်နှင့် အတော်စိမ်းနေသေးသည်။ တောင်တန်းနတ်ဘုရားက သူ့ဝိညာဉ်တစ်စကိုသာ ဆွဲထုတ်ခဲ့သည်။ သိစိတ်အာရုံသာဖြစ်သည်။ သူအပြည့်အဝထိန်းချုပ်နိုင်သည့် ခန္ဓာကိုယ်ဖြစ်သည်။
သို့သော် ခြေနှစ်ချောင်းအခြေအနေမှ ခြေလေးချောင်းသို့ ပြောင်းလဲရသည့်အနေအထားက သိပ်မလွယ်လှ။ ဖုန်ချင်အန်းအတွက် ထူးခြားသည့်အတွေ့အကြုံဖြစ်သည်။ တောင်နက်ဘေးမှ မြင်ကွင်းများကို ကြည့်ရသည်မှာပင် ပုံမှန်နတ်ဘုရားပို့လွှတ်ခြင်း သိစိတ်အာရုံဖြင့် ကြည့်ရသည်နှင့် လုံးဝကွဲပြားသည်။
ခန္ဓာကိုယ်ပုံစံအသစ်ရသွားသည်။ နတ်ဘုရားထိန်းချုပ်ခြင်းစွမ်းရည်ဖြင့် အဆက်မပြတ်ထိန်းထားဖို့တော့လိုသည်။ တောင်နက်ကလည်း မခုခံဘဲ ပူးပေါင်းပါဝင်နေရမည်။
“တောင်နက်၊ မင်းခန္ဓာကိုယ်ကို ငါစမ်းသပ်ကြည့်မယ်”
ထူးခြားသည့် ဖြစ်စဉ်ကြောင့် ဖုန်ချင်အန်း အတော်စိတ်ဝင်စားနေသည်။ ကြီးမားသည့် တောင်နက်ခန္ဓာကိုယ်ကို သေချာအာရုံစိုက်၍ ထိန်းချုပ်သည်။
ခန္ဓာ လှုပ်ခါယမ်းနေပြီးနောက် သူအောင်မြင်စွာ ထရပ်နိုင်လာသည်။
ထို့နောက် လမ်းလျှောက်သည်။ လဲကျမသွားသော်လည်း ခြေလှမ်းရသည်မှာ အတော်ခက်သည်။ ခြေကျိုးသလို လျှောက်နေရသည်။ ထို့နောက် ရှေ့လက်ဖဝါးကို မြှောက်၍ နောက်ခြေနှစ်ချောင်းဖြင့် လမ်းလျှောက်ကြည့်သည်။
"ဘုန်း ဘုန်း”
ဖုန်ချင်အန်း လမ်းလျှောက်ကောင်းနေစဉ် အပြင်ဘက်မှ ဗုံတီးသံများ လွင့်ပျံလာသည်။ နာကျည်းချက်ပြည့်နေသည့် အော်ဟစ်ကြွေးကြော်သံများ ပေါ်လာသည်။
တောင်နက်အတွက် တိုက်ပွဲစရတော့မည့်အချိန် ရောက်လာပြီဖြစ်သည်။ နတ်ဘုရားထိန်းချုပ်ချင်းစွမ်းရည်အားလုံးကို ရပ်တန့်၍ တောင်နက်ကို ခန္ဓာကိုယ်ပြန်လွှဲပေးလိုက်သည်။ သားရဲခန္ဓာကိုယ်ကို တောင်နက်ထက်ပို၍ သူထိန်းချုပ်တတ်မည်ဟု သူမထင်။ တိုက်ခိုက်ဖို့ဆိုလျှင် ပြောစရာပင်မလို။ သူအများကြီးလေ့လာရဦးမည်”
“နည်းလမ်းတစ်မျိုးနဲ့ အသုံးချရင်ရော ဘယ်လိုနေမလဲ”
တောင်နက်၏ တိုက်ပွဲပြီးသွားပြီးနောက် နတ်ဘုရားထိန်းချုပ်စွမ်းအင် နတ်ဘုရားပို့လွှတ်စွမ်းအင် နှစ်မျိုးပေါင်း၍ သုံးကြည့်သည်။ ထူးခြားချက်တစ်ခုတွေ့သည်။
တောင်နက်ပူးပေါင်းမှုမပါဘဲ တောင်နက်၏နတ်ဆိုးစွမ်းအားကို အသုံးပြုနိုင်ခြင်းဖြစ်သည်။ အတင်းထုတ်ယူသုံးစွဲနိုင်သည်။ သို့သော် တောင်နက်၏ဆန္ဒ လိုအပ်သေးသည်။ တောင်နက်၏စွမ်းအားပါမှသာ နတ်ဆိုးစွမ်းအားကို လျှပ်တပြက် အပြည့်အဝ ထုတ်သုံးနိုင်သည်။
တောင်နက်၏ နတ်ဆိုးစွမ်းအင်အားလုံးကို ရရှိနိုင်သည်။ သို့သော် သူသည် လူသားတစ်ယောက်ဖြစ်၍ ခန္ဓာကိုယ်အတွက် အလေးပင်သည့် ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်လာသည်။ ထိုမျှကြီးမားသည့် နတ်ဆိုးစွမ်းအားကို အချိန်ကြာကြာ သယ်ဆေင်ထားရန် ခက်ခဲပေလိမ့်မည်။
“ဒီနတ်ဘုရားထိန်းချုပ်ခြင်းစွမ်းရည်က တကယ်အထင်ကြီးစရာပဲ”
တစ်ကြိမ်စမ်းသပ်ပြီးနောက် သူ့သိစိတ်အာရုံကို ပြန်ရုပ်သိမ်းလိုက်သည်။ ကျေနပ်သော်လည်း နည်းနည်းနောင်တရသည်။
ဤလျှို့ဝှက်နည်းလမ်းသည် သားရဲသခင်တို့ နောက်ထပ်အဆင့်တိုးနိုင်ရန် ကျင့်စဉ်နည်းလမ်းဖြစ်သည်။ သားရဲများအတွက်မူ သိပ်အသုံးမဝင်လှ။
ဖုန်ချင်အန်း ထိုသို့ပင် တွေးမိသည်။ တိုက်ပွဲအစစ်ကြုံလျှင် တောင်နက်၏စိတ်အာရုံနှင့် လွှဲပြောင်းအသုံးချရန် သူလုံးဝစိတ်ကူးမည်မဟုတ်။ သာမန်လေ့ကျင့်၊ စားသောက်မှု မိတ်လိုက်မှု စသည့်အရာများအတွက် သူအခွင့်မရ။ သူစွမ်းလည်း မစွမ်းနိုင်။
“ဒုတိယခန္ဓာ ထိန်းချုပ်မယ်”
ရတ်တရက် တောင်ပေါ်တွင်ထိုင်နေသည့် အရိုးစုကြီးပုံရိပ်က သူ့စိတ်အာရုံတွင် လျှပ်ပြက်သလို ထင်လာသည်။
သူ့မျက်နှာ ချက်ချင်း တည်ငြိမ်သွားသည်။ ထူးဆန်းသည့်ပန်းပွင့်မှ သစ်စေ့အဖြစ်ပြောင်းပြီး ရှင်သန်ပေါက်ဖွားလာသည့် နေမီးတောက်သစ်ပင်အကြောင်း တွေ့မိသည်။ အရာအားလုံးကို သူအသိစိတ်ပေးနိုင်လာသည်။ ထို့နောက်တွင် သူနှင့်စာချုပ်ချုပ်နိုင်သည့် အခွင့်အရေးမျိုး ရလာပေလိမ့်မည်။
တစ်နည်းဆိုရသော်လည် သူလိုအပ်သည့် စာချုပ်ဝိညာဉ်ကို သူကိုယ်တိုင်ဖန်တီးနိုင်လာမည်။
လက်ရှိ နတ်ဘုရားထိန်းချုပ်စွမ်းရည်ဖြင့် လူသားမျိုးနွယ်နှင့် ရုပ်တည်ဆောက်မှုဆင်တူပြီး ခွန်အားကြီးမားသည့် ဖြစ်တည်မှုတစ်ခုနှင့် စာချုပ်ချုပ်နိုင်မည်ဟု သူယုံကြည်သည်။ ထိုသားရဲသည် ဝိညာဉ်စိတ်သာရှိပြီး ပင်ကိုယ်သိစိတ်မရှိသူမျိူးဖြစ်ရမည်။
ထိုဖြစ်တည်မှု၏ခန္ဓာကိုယ်ကို နတ်ဘုရားထိန်းချုပ်ခြင်းစွမ်းအားဖြင့် သူထိန်းချုပ်နိုင်လျှင် တောင်တန်းများကို ရွှေ့ပစ်နိုင်သည့်အစွမ်းမျိုး ရလာပေလိမ့်မည်။
ဤမိုးမြေကြားတွင် ထိုလိုအပ်ချက်များ ကိုက်ညီနိုင်သည့် ဖြစ်တည်မှုဟူ၍ မရှိ။ ပြင်းထန်သည့် ဝိညာဉ်စိတ်နှင့်စွမ်းအားရှိလျှင် ကိုယ်ပိုင်အသိစိတ်ရှိနေမည်သာဖြစ်သည်။
“ငါ့အကြိုက် ဝိညာဉ်မရှိရင် ငါကိုယ်တိုင် တစ်ခုလောက် ဖန်တီးရမှာပေါ့”
သူ့လက်ဝါးကို သူငုံ့ကြည့်သည်။ နှစ်သောင်းချီကြာ၍ အရိုးများ ကျောက်သားအဖြစ်ပြောင်းသွားသော်လည်း မြေအောက်ဘုံမှ အရိုးစုကြီးကို လှုပ်နှိုးနိုင်ရန် သူကြိုးစားကြည့်ရမည်။
“ဖုန်ချင်အန်း”
ညရောက်လာသည်နှင့် မိန်းကလေးတစ်ယောက် စကပ်ကိုမ,၍ ပြတင်းပေါက်မှ ကျော်ဝင်လာသည်။ ဖုန်ချင်အန်း ရင်ခွင်ရောက်ပြီးနောက် သလင်းရောင် သူ့မျက်လုံးများက ပို၍ကြည့်လင်လာသည်။
“နန်းကော၊ ဟိုအရိုးစုကြီးသွားရှာဖို့ ငါနဲ့အတူ လိုက်ခဲ့ပါဦး”
ဖုန်ချင်အန်း ရိုးမန့်ဆန်သည့် နန်းကော၏အပြုအမူများကို စိတ်မဝင်စား။ နန်းကောလက်ကို ချက်ချင်းဆွဲခေါ်၍ မြေအောက်ဘုံအက်ကြောင်းဆီ ချက်ချင်း ထွက်လာခဲ့သည်။ နန်းကော၏ အလိုမကျသည့်အကြည့်ကိုလည်း သူအရေးမစိုက်။