ရွှေကျီးကန်း
Vol. 9 Ch. 128
ပြဿနာက ထိုအရိုးစုသည် ကြီးလွန်းနေသည်။ သေသည်မှာလည်း နှစ်ပေါင်းမနည်းတော့။ အရိုးစုဆိုသည်ထက် အရိုးစုနှင့်တူသည့် ကျောက်ဆောင်သားဟု ခေါ်လျှင် ပိုသင့်တော်တော့မည်။
တောင်တန်းထက်ပင်ကြီးမားသည့် ကျောက်ဆောင်တစ်ခုအပေါ် လွှဲပြောင်းပေးဖို့၊ အသက်သွင်းဖို့ လှုပ်ရှားစေနိုင်ဖို့အတွက် အရိုးစု၏အစိတ်အပိုင်းတိုင်းသို့ ဝိညာဉ်စွမ်းအင် ဖြည့်ပေးရမည်။
အပိုင်းတစ်ခုတည်း လှုပ်ရှားနိုင်လျှင် လူရယ်စရာဖြစ်လာမည်။ အပြည့်စုံသည့် အစိတ်အပိုင်းတစ်ခုတည်း အသက်ဝင်လာရုံဖြင့် ဘာမှအသုံးကျမည်မဟုတ်။
“ဒါတကယ် ပင်ပန်းမယ့်အလုပ်ပဲ”
ဝိညာဉ်စွမ်းအင် သုံးပုံတစ်ပုံ ကုန်သွားပြီးနောက် သူရပ်လိုက်သည်။ သူရပ်နေသည့်နေရာပတ်လည်ကို ကြည့်သည်။ ဆယ်ပေကျော်ခန့်ကျယ်ပြန့်သည်။ ရွှေရောင်မှိန်မှိန်အလင်းတစ်ခု တောက်ပနေသည်။ တစ်ခြားအစိတ်အပိုင်းများနှင့်မတူပဲ ကွဲပြားနေသည်။ အသက်ဓာတ်ပြန်ရလာခြင်းဖြစ်ဟန်တူသည်။
သို့သော် ဖုန်ချင်အန်းင်အန်း ဝိညာဉ်စွမ်းအင်ပို့လွှတ်မှု ရပ်လိုက်သည်နှင့် ချက်ချင်းအရောင်မှိန်ကျသွားသည်။ သူကြိုးစား၍ သွင်းထားသည့် ဝိညာဉ်စွမ်းအင်များ လျင်မြန်စွာ ပျောက်ကွယ်သွားသယောင်ရှိသည်။
သို့သော် သေချာအနီးကပ်ကြည့်လိုက်ပြီးနောက် သူသက်ပြင်းချလိုက်သည်။ စွမ်းအင်တစ်ချို့တစ်ဝက် ပျောက်ကွယ်သွားသည်။ သို့သော် သူ့ဝိညာဉ်စွမ်းအားတစ်ချို့ အရိုးစုထဲသို့ အမှန်တကယ် လွှဲပြောင်းရောက်ရှိသွားသည်။ သာမန်ကျောက်သားအမာတစ်ခု မဟုတ်တော့။
အရောင်မှိန်မှိန်လင်းနေသည်က ဝိညာဉ်စွမ်းအင် ဝင်ရောက်သွားခြင်းဖြစ်သည်။ အသက်သွင်းရန် ဖြစ်နိုင်သည့်သဘောဖြစ်သည်။ သို့သော် ထိုတာဝန်ပြီးမြောက်ရန် မည်မျှကြာဦးမည်မသိ။
“ဖုန်ချင်အန်း၊ နင်အောင်မြင်သွားပြီပေါ့”
ဖုန်ချင်အန်း၏ ပြုံးနေသည့်မျက်နှာကိုကြည့်၍ နန်းကော အော်ဟစ်လိုက်သည်။
“အောင်မြင်ဖို့ အဝေးကြီးလိုသေးတယ်။ ဒါပေမယ့် ငါဆက်ကြိုးစားလို့ရပါတယ်။ နောက်ဆို ဒီနေရာကို မကြာခဏလာလည်ဖို့တော့ လိုမယ်”
“ကောင်းတာ့ပေါ့။ သိပ်ကောင်းတာပေါ့”
ဖုန်ချင်အန်းစကားကြောင့် နန်းကောပျော်ရွှင်စွာ အော်ဟစ်လိုက်သည်။ မြေအောက်ကမ္ဘာတွင် သူနေရသည်။ လူသားကမ္ဘာသို့ ညဘက်တွင်သာသွားနိုင်သည်။ ဖုန်ချင်အန်း မြေအောက်ကမ္ဘာသို့ အာရုဏ်မတက်မီလာ၍ မိုးချုပ်မှပြန်လျှင် သူအမြဲတမ်းအဖေါ်ပြုပေးနိုင်တော့မည်။
“လာ၊ နေမီးတောက်သစ်ပင်ကို သွားကြည့်ကြစို့”
ဖုန်ချင်အန်း နန်းကောကို လှည့်ကြည့်လိုက်သည်။ နန်းကောက သူ့လက်မောင်းများထဲ ခိုဝင်လာသည်။
“ငါ့ကို ဟိုဆီထိသယ်သွားပေး”
“အိုကေ”
ဖုန်ချင်အန်း အရိုစုဦးခေါင်းပေါ်မှ အမြန်ခုန်ချ၍ နေမီးတောက်သစ်ပင်စိုက်ထားသည့်နေရာသို့ သွားသည်။ တောင်ထိပ်သို့ရောက်ချိန်တွင် နွေးထွေးသည့်အလင်းတစ်ခု ထွက်ပေါ်နေသည်။ နန်းကော ဖုန်ချင်အန်း လက်ထဲမှ ချက်ချင်းဆင်းသွားသည်။ ယခုလောလောဆယ် ထိုစွမ်းအင်မျိုးကို သူမထိနိုင်သေး။
“အကဲဖြတ်မယ်”
(မျိုးစိတ်၊ နေမီးတောက်သစ်ပင်)
(ဗီဇ - နေ၊ သစ်သား၊ ကောင်းကင်)
(စွမ်းရည် - ကွန်မန်ဒါ၊ အခြေခံ)
(တိုက်ခိုက်စွမ်းအား - မရှိ)
ပြီးခဲ့သည့်တစ်ခေါ်နှင့်ယှဉ်လျှင် ဘာမျှပြောင်းလဲသွားသည်ပုံမရှိ။ သို့သော် အမှန်တော့ သစ်ပင်က ပိုမြင့်လာသည်။ ဖုန်ချင်အန်းအရပ်ထက်ပင် ပိုမြင့်သွားသည်။ ဒုတိယ အကိုင်းအခက်တစ်ခု ထွက်နေသည်။ ပထမအကိုင်းမှ ပန်းဖူးက လက်သီးဆုပ်ခန့်ကြီးလာသည်။ ဖူးပွင့်ရန် အသင့်ဖြစ်နေသည်။
သစ်ပင်ဆီလျှောက်သွားပြီးနောက် လူကြီးလက်မောင်းခန့်ကြီးမားသည့် သစ်ပင်ပင်စည်ပေါ် လက်တင်လိုက်သည်။ ထို့နောက် ဝိညာဉ်စွမ်းအား ပေါင်းစပ်လိုက်သည်။ နေမီးတောက်သစ်ပင်က လောဘတကြီးစုပ်ယူသည်။
ကျန်နေသည့်ဝိညာဉ်များထဲမှ ခြောက်ပုံတစ်ပုံကုန်ခမ်းသွားသည်နှင့် သူရပ်လိုက်သည်။ သစ်ပင်ငယ်က အရောင်ခပ်မှိန်မှိန်လင်း၍ ကြည်လင်သည့်သစ်ရွက်များကို လှုပ်ခပ်နေသည်။ အားမရသေးဘဲ နောက်ထပ်တောင်းဆိုနေဟန်ရှိသည်။
“ထပ်မရှိတော့ဘူး။ နောက်တစ်ခေါက်အထိ စောင့်ပါ”
ကျန်နေသည့် စွမ်းအင်အားလုံးကို သူပေး၍မဖြစ်။ အမြဲတမ်း စွမ်းအားတစ်ချို့တော့ ချန်ထားရမည်။ ဤနေရာတွင် အန္တရာယ်မရှိနိုင်သော်လည်း နန်းကောစွမ်းအင်ငှားသုံးနိုင်ရန်အတွက် ချန်ထားဖို့လိုသည်။
“သွားစို့ နန်းကော”
ထိုနေရာမှ ထွက်သွားခါနီးတွင် ရုတ်တရက် ပူနွေးသည့်အာရုံတစ်ခု နောက်ကျောဘက်မှ ခံစားလိုက်ရသည်။ ထိုအာရုံနှင့်အတူ မွှေးပျံ့သည့်ပန်းနံ့က လွင့်ပျံလာသည်။လာသည်။ ဝိညာဉ်အတွင်းသားထိ တိုးဝင်သွားသည်။ သူ့စိတ်များ ကြည်လင်ပေါ့ပါးသွားသည်။
“ဖုန်ချင်အန်း၊ သစ်ပင်က ပန်းပွင့်နေပြီ”
ဖုန်ချင်အန်းကို တွဲခိုရန်ပြင်နေသည့်နန်းကောလည်း နောက်ဖက်မှ သစ်ပင်ကို တအံ့တဩ လက်ညှိုးထိုးပြသည်။
သူလှည့်ကြည့်သည်။ သစ်ပင်စပေါက်ကတည်းက ထွက်လာသည့် ပထမပန်းဖူးက ဖြေးညှင်းစွာ ပွင့်လန်းလာသည်။ အလင်းများစွာ ပေါက်ကွဲထွက်လာသည်။
ဖုန်ချင်အန်း သိပ်စဉ်းစားနေချိန်မရှိ။ သစ်ပင်ဆီသွား၍ ပင်စည်ကို ဆုပ်ကိုင်လိုက်သည်။ သူ့လက်ဝါးမှ ရွှေရောင်အလင်းများ ထွက်လာပြန်သည်။ သို့သော် ထိုစွမ်းအားကို သစ်ပင်က စုပ်ယူသွားခြင်းမရှိဘဲ အလင်းစက်ဝန်းအဖြစ်ပြောင်း၍ သစ်ပင်ကို ဝန်းရံထားသည်။
စတုတ္ထဝိညာဉ်စာချုပ်။
နေမီးတောက်ပန်းပွင့်လာခြင်းသည် ဘာကိုကိုယ်စားပြုမှန်း သူမသိ။ သို့သော် လက်လွတ်မခံသင့်ဟု သူအလိုလိုခံစားရသည်။ မဟုတ်လျှင် သူပင်ပင်ပန်းပန်း ပို့လွှတ်ထားသည့် ဝိညာဉ်စွမ်းအင်များ အလဟဿဖြစ်သွားလိမ့်မည်။
ထို့ကြောင့် သစ်ပင်နှင့် ချက်ချင်းစာချုပ်ချုပ်ရန် ဆုံးဖြတ်လိုက်သည်။ ဖြစ်လာမည့် အန္တရာယ်များကို အရေးမစိုက်တော့။ နောက်မှ သူ့ဘာသာကြည့်ရှင်းမည်။
ယခု အကျိုးအမြတ်ရအောင် ယူရမည်။ လက်လွတ်ခံ၍ မဖြစ်။
တုန်ဟွမ်းနှင့် စာချုပ်ချုပ်ပြီး တုန်ဟွမ်း၏ စိတ်သဘောထားကို မြင်ရပြီးနောက် ဖုန်ချင်အန်း၏ ယုံကြည်မှု များစွာမြင့်တက်လာသည်။
ထို့ကြောင့် နေမီးတောက်ပန်းပွင့်ကြောင့်ဖြစ်လာနိုင်သည့် အန္တရာယ်များကို သူအရေးမစိုက်နိုင်တော့။
စာချုပ်အလင်းစက်ဝန်း ကျုံ့ဝင်၍ သစ်ပင်ပင်စဉ်ထဲသို့ ပေါင်းစပ်သွားသည်။ လှုပ်ခါယှက်သန်းနေသည့် သစ်ပင်အလင်းများ အတူတူပေါင်းစု၍ ရေအလျင်လို စီးဆင်းလာသည်။ ပင်စည်ကိုကိုင်ထားသည့် သူ့လက်ဝါးမှတစ်ဆင့် သူ့ခန္ဓာကိုယ်ထဲသို့ စီးဝင်လာသည်။
နန်းကောနှင့်သက်ဆိုင်သည့် ဖုန်ချင်အန်းကိုယ်ထဲမှ စွမ်းအင်များကို စတင်တွန်းကန်လာသည်။ ယခု ဖုန်ချင်အန်း ပေါင်းစည်း၍မရသည့် ဆန့်ကျင်ဘက်စွမ်းအားဖြစ်နေသည်။
ထို့ကြောင့် ဝိညာဉ်ပို့ဆောင်ခြင်းစွမ်ရည်ဖြင့် စွမ်းအင်အားလုံးကို နန်းကောထံ ပြန်လွှဲပေးလိုက်သည်။ လေခုမြောက်စာချုပ် ပြည့်စုံသွားပြီးဖြစ်၍ အသစ်ရလာမည့်စွမ်းအားကို ကြိုဆိုရန် ပြင်လိုက်သည်။
နေမီးတောက်သစ်ပင်သည် ကိုယ်ပိုင်အသိစိတ်ရှိဟန်မတူ။ ဖုန်ချင်အန်း စာချုပ်ချုပ်နိုင်သည့် ဝိညာဉ်စိတ်တစ်စသာ ရှိသည်။ ထို့ကြောင့် စာချုပ်ချုပ်ရာတွင် ချောမွေ့ခဲ့ခြင်းဖြစ်မည်။ တောင်နက်နှင့်စာချုပ်ချုပ်စဉ်ကထက်ပင် ပိုချောမွေ့သည်။
စာချုပ်ချုပ်သည်နှင့် သားရဲသခင်နှင့် သားရဲဝိညာဉ်တို့ အချင်းချင်းဖြည့်ဆည်းကြသည်။ တစ်ဘက်သား အားနည်းချက်များကို သန်မာအောင် ဖြည့်ဆည်းသည်။
ယခု ဖုန်ချင်အန်းတစ်ကိုယ်လုံး အတော်နွေးထွေး၍ သက်တောင့်သက်သာဖြစ်နေသည်ကို ခံစားရသည်။ ယင်လေပြင်းများ တိုက်ခတ်နေသော်လည်း သူ့အပေါ်သက်ရောက်မှုမရှိတော့။ နန်းကော၏ အေးစိမ့်သည့် ယင်စွမ်းအင်ရင်းြစ်ထက် ပို၍ကောင်းသည်။
နေမီးတောက်သစ်ပင်မှ ပထမအဖူးလေးက ပန်းပွင့်လာသည်။ ဒုတိယသစ်ကိုင်းတွင် နောက်ထပ်အဖူးတစ်ခု တိတ်ဆိတ်စွာ ပေါ်လာသည်။
(စတုတ္ထဝိညာဉ်စာချုပ် - နေမီးတောက်)
(မျိုးစိတ် - နေမီးတောက် သစ်ပင်)
(ဗီဇ - ယန်၊ သစ်သား၊ ကောင်းကင်)
(စွမ်းရည် - ကွန်မန်ဒါ၊ အလတ်တန်းဆင့်)
(တိုက်ခိုက်စွမ်းအား - ဂျင်နရယ်၊ ထိပ်တန်းအဆင့်)
“ဘာတွေဖြစ်နေတာလဲကွာ”
စွမ်းရည်မြင့်လာသည်ကို အံ့ဩစရာမရှိ။ တိုက်ခိုက်စွမ်းအား တိုးတက်လာသည့်အတွက် အံ့ဩရသည်။ သစ်ပင်တွင် တိုက်ခိုက်စွမ်းအား မည်သို့ရှိနေသနည်း။ ထိုသို့တွေးနေစဉ် ထူးခြားချက်တစ်ခု ပေါ်လာသည်။
“ကျိ ကျိ”
မွေးကင်းစငှက်ငယ်အသံမျိုး သူ့နားထဲသို့ ဝင်လာသည်။ အသံလာရာသို့ သူအမြန်လှမ်းကြည့်သည်။ ပွင့်နေသည့် နေမီးတောက်ပန်းဆီမှ ဖြစ်သည်။ ပန်းပွင့်က သူအရင်ကရခဲ့သည့်ပန်းအရွယ်အစားထက် များစွာငယ်သည်။
ထိုစဉ် ပန်းပွင့်အလယ်ဗဟိုတွင် ရွှေနီရောင်အလင်းတစ်ခု ထိုးထွက်လာသည်။လာသည်။ ထို့နောက် ငှက်ငယ်တစ်ကောင်အသွင် ပေါ်လာသည်။ ထိုငှက်မှ တကျိကျိ မြည်သံထွက်နေခြင်းဖြစ်သည်။
“ဖုန်ချင်အန်း၊ နင့်သစ်ပင်ကနေ ငှက်တစ်ကောင်ထွက်လာတယ်”
နန်းကောလည်း ထိုငှက်ကို တအံ့တဩကြည့်နေသည်။
“ကျစ် ကျစ်”
ရုတ်တရက် သာယာသည့် ငှက်အော်သံက ပြောင်းလဲသွားသည်။ စူးရှသည့် အသံမျိုး ဖြစ်လာသည်။ ဖုန်ချင်အန်း မျက်မှောင်ကျုံ့သွားသည်။ မြည်သံက ပြောင်းသွားပြန်သည်။
“ကွပ် ကွပ်”
(ပီးစ်၊ ပီးစ်”
ငှက်ငယ်က အသံမျိုးစုံ ပြောင်းလဲအော်ဟစ်နေသည်။ နေမီးတောက်သစ်ပင်နှင့် စာချုပ်ချုပ်ထားပြီးဖြစ်၍ ထိုငှက်ငယ် အသံစမ်းနေခြင်းဖြစ်ကြောင်း ဖုန်ချင်အန်း နားလည်လိုက်သည်။ မြင့်မြတ်သည့်ဖြစ်တည်မှုကို စမ်းသပ်ကြည့်နေခြင်းဖြစ်သည်။
“ကူး ကူး”
နောက်ဆုံးတွင် လက်တစ်ဝါးထက်ပိုမကြီးသည့် ငှက်ငယ်က သဘောကျသည့်အသံကို ရှာတွေ့သွားဟန်ဖြင့် အဆက်မပြတ် အော်မြည်နေလေသည်။ အော်နေရင်းမှပင် ခန္ဓာကိုယ်က ပြည့်စုံစွာ အသွင်ပြောင်းလာသည်။
“ကူး ကူး”
တောင်ပံတဖျတ်ဖျတ်ခတ်၍ သူပျံထွက်လာသည်။ ဖုန်ချင်အန်း ပုခုံးပေါ်တွင်နားကာ ခေါင်းစောင်းကြည့်၍ စူးစမ်းနေသည့်အသွင်ဖြင့် အော်ဟစ်နေသည်။ ဖုန်ချင်အန်းလည်း သူ့ကိုစိုက်ကြည့်နေသည်။