အားလွှဲအားပြောင်း
Vol. 9 Ch. 134
မြေအောက်ကျီးကန်းက ကောင်းကင်တိုက်ပွဲဆီမှ သရဲဘုရင်ကို အထင်သေးအမြင်သေးကြည့်၍ ရေရွတ်လိုက်သည်။ ထို့နောက် တောင်နက်နှင့် ရွှေကျီးကန်းကို လုံခြုံသည့်နေရာသို့ ခေါ်သွားသည်။ သူ့သခင်မ ဤတိုက်ပွဲကို အနိုင်ရမည်ဖြစ်ကြောင်း သူယုံကြည်သည်။
တောင်နက် ကောင်းကင်တိုက်ပွဲမြင်ကွင်းမှ ပျောက်သွားသည်။ ဖုန်ချင်အန်း ဘာမှမမြင်ရတော့။ တုန်ဟွမ်းကလည်း အဆက်အသွယ်အားလုံး ဖြတ်ထားသည်။
တောင်နက်အသက်ကို စွန့်စားခိုင်း၍ တိုက်ပွဲကိုချောင်းကြည့်ဖို့ သူမတောင်းဆိုနိုင်။
မြေအောက်ကျီးကန်းက အကာအကွယ်မှော်စက်ဝန်းဝန်း ဖန်တီးနေစဉ် အပြင်ဘက်မှ အော်ဟစ်စွပ်စွဲသံများကို ကြားရသည်။
“အဆုံးစမဲ့ တော်ဝင်ချီပဲ။ တုန်ဟွမ်း၊ မင်းက လူသားမျိုးနွယ်ယန်လောကနဲ့ ပူးပေါင်းပြီး မြေအောက်ဘုံကို သစ္စာဖေါက်တယ်ပေါ့”
“သူတော်စင်ဓားကို မြေအောက်ကမ္ဘာမှာ ငါ့သရဲဘရင်ကိုသတ်ဖို့ မင်းသုံးရဲတယ်ပေါ့။ မင်းအတော်သတ္တိကောင်းနေပါလား”
“အသုံးမကျတဲ့ သရဲတွေ။ သေချာကြည့်ထားကြ။ သူက ငါတို့မြေအောက်ဘုံကလူမဟုတ်ဘူး။ သူဟာ သရဲဘုရင်မဟုတ်ဘူးကွ။ ပြေးကြတော့။ ဒါ ထောင်ချောက်ပဲ”
စပေါ်လာကတည်းက မာန်ဝင့်နေခဲ့သည့် သရဲဘုရင် ယခု ဒေါသထွက်နေသည်။ သို့သော် သူ့ထိတ်လန့်တုန်လှုပ်မှုကို ဖုံးဖိမထားနိုင်ပေ။
“နတ်ဆိုးနဲ့ မကောင်းဆိုးဝါးတွေ။ ငါနဲ့များ အဆင့်လာယှဉ်ရဲတယ်ပေါ့”
တုန်ဟွမ်းစကားသံက မိုမြေကြားတွင် ပဲ့တင်ထပ်သွားသည်။ တောင်နက်အာရုံဖြင့် နားထောင်နေသည့် ဖုန်ချင်အန်းပင် နန်းတော်အပြင်ဘက်၌ နေတစ်စင်းထွက်ပေါ်လာပြီး မကောင်းဆိုးဝါးအားလုံးကို သန့်စင်နေသလို ခံစားမိသည်။
ထိုစကားသံသည် သူနောက်ဆုံးကြားသည့်အရာဖြစ်သည်။ ထို့နောက်တွင် အကာအကွယ်စက်ဝန်းက အာရုံအားလုံးကို ပိတ်ဆို့သွားသည်။ အပြင်ဘက်မှတိုက်ပွဲအကြောင်း မြေအောက်ကျီးကန်းလည်း သိလိုသည်။ သို့သော် အမိန့်ကို လွန်ဆန်ခြင်းမရှိ။
“ငါဘာမှ မမြင်ရတော့ဘူး”
ဖုန်ချင်အန်း နတ်ဘုရားပို့လွှတ်ခြင်းစွမ်းရည်ကို ရုတ်သိမ်းလိုက်သည်။ တတိယဝိညာဉ်စာချုပ်မှ တုန်ဟွမ်း၏ အခြေအနေကိုသာ အာရုံခံနိုင်တော့သည်။ သို့သော် တုန်ဟွမ်းဘက်မှ စည်းခြားလိုက်ခြင်းဖြစ်၍ တုန်ဟွမ်းအခြေအနေကောင်းမွန်သည်ဟုသာ သူအတည်ပြုနိုင်သည်။
“ငါက တကယ်ဘာမှအကူအညီမပေးနိုင်ဘူးတော့ မဟုတ်ပါဘူး”
သူအလျှော့မပေး။ ရင်းနှီးနေသည့် နတ်ဘုရားထိန်းချုပ်ခြင်းစွမ်းရည်ကို လည်ပတ်၍ ယွမ်ဝိညာဉ်နှင့် မြေနတ်ဘုရားစွမ်းအားကို တုန်ဟွမ်းဆီ လွှဲပြောင်းပေးလိုက်သည်။ သန့်စင်ယန်စွမ်းအင်ကိုတော့ သူမပေး။ အရင်က စမ်းကြည့်ဖူသည်။ ထိုစွမ်းအင်သည် မသေမျိုးဝိညာဉ်ရင်းမြစ်စွမ်းအင်လိုပင်ဖြစ်သည်။ သူ့ကိုင်ပိုင် ရုပ်ဗီဇတစ်ခုဖြစ်သည်။ လွှဲပြောင်းပေး၍မရ။
ယုဟွမ်နိုင်ငံ၏မိုနာ့က ငရဲဖီးနစ်ကိုစီး၍ ငွေဖီးနစ်သံချပ်ကာကိုဝတ်ကာ သူတော်စင်ဓားကိုကိုင်လျက် သရဲမြို့တော်အထက်တွင် ရပ်နေသည်။ ဓားဖြင့် လေးဘက်လေးတံကို ခုတ်ဖြတ်နေရာမှ ရုတ်တရက် ရပ်သွားသည်။ ထို့နောက် နောက်တစ်ကြိမ် ဓားကိုဝင့်ပြန်သည်။
ခဏတာရပ်တန့်လိုက်သည့်အဖြစ်ကို ယွီယွီ ချက်ချင်းရိပ်မိသည်။ ထိုအချိန်အတွင်း တုန်ဟွမ်းတွင်ဖြစ်ပေါ်လာသည့် အပြောင်းအလဲက ပို၍ထင်ရှားနေသည်။
“တုန်ဟွမ်း၊ နင်ဘာတွေဖြစ်နေတာလဲ’
“ကောင်းတာတစ်ခုခုပေါ့”
ပုံမှန်အားဖြင့် ရေခဲတုံးလို အေးစက်တင်းမာနေသည့် တုန်ဟွမ်းမျက်နှာတွင် ယခု အပြုံးတစ်ခု ထင်ဟပ်နေသည်။ သူ့ကိုယ်ထဲမှ အပြောင်းအလဲများက သိသာထင်ရှားသည်။
ကောင်းကင်နှင့် မြေပြင်ဆီမှ လွင့်မျောနေသည့် ယင်ချီများအားလုံး ပျော်ရွှင်နေဟန်ဖြင့် သူ့ဆီစုဝေးလာသည်။ ဘာမှမလုပ်ရဘဲ သူ့ဘေးပတ်လည်တါင် လွှမ်းခြုံသွားသည်။ တိုက်ပွဲအတင်း ကုန်ခမ်းသွားသည့် အားအင်များကို ချက်ချင်းပြန်ဖြည့်ဆည်းပေးသည်။
စွမ်းအားကို ညှာ၍သုံးနေစရာလိုတော့။
သူ့နောက်ဘက်တွင် ဓားအလင်းများ တစ်ခုပြီးတစ်ခု ပေါ်လာသည်။
စန်းလော်ဓားသေတ္တာ။ ဓားခုနစ်လက် ထုတ်လွှတ်နေပြီဖြစ်သည်။
ဘုရင့်အမုန်း။ အသွင်မဲ့အရိပ်။ နှစ်တစ်ထောင်အိပ်မက်။ ကောင်းကင်မျိုနတ်ဆိုး၊ ဝံပုလွေသတ်ဖြတ်သူ။ ဝိညာဉ်အားလုံး တိတ်ဆိတ်ခြင်း။ ကောင်းကင်ကပ်ဆိုး။
ဓားတစ်လက်ချင်းစီက နှစ်ပေါင်းများစွာအတွင်း နတ်ဆိုးတို့၏ စိတ်နှလုံးကို ခြောက်ခြားစေခဲ့သည်။ ယခု မိုးမြေကြားတွင် ပြန်ပေါ်လာသည်။ ခြေဦးတည့်ရာ ထွက်ပြေးနေသည့် သရဲများကို သတ်ဖြတ်နေသည်။
“စိတ်မကောင်းစရာပဲ”
ကိုယ်ထဲမှ စွမ်းအင်များ ချက်ချင်းလျော့ကျသွားသည်။ သျု့သာ ပြန်လည်အားဖြည့်နှုန်းက မြန်နေသဖြင့် သူကျိတ်၍ သက်ပြင်းချမိသည်။
သေတ္တာထဲမှ ဆွဲမထုတ်ရသေးသည့်ဓားများ ကန်သေးသည်။ သို့သော် သူ့စွမ်းအားက ဂိတ်ဆုံးထိရောက်နေသည်။ အားဖြည့်နှုန်းမြန်လျှင်ပင် ဓားခုနစ်လက်လုံးကို သူပြိုင်တူအသုံးမချနိုင်။
“ဖုန်ချင်အန်း”
အားဖြည့်စွမ်းအား ဘယ်ကရလာသည်ကို သူသိသည်။ သူအသာစီးရနေသော်လည်း ထိုစွမ်းအားဖြင့် တိုက်ပွဲကို နိုင်အောင် တိုက်နိုင်တော့မည်။ အရင်က သူထိုအကြောင်း ကြိုမစဉ်းစားခဲ့။ ဖုန်ချင်အန်း သူ့ကို တိုက်ပွဲတွင် ကူညီနိုင်မည်မဟု မထင်ထား။
“မင်းကိုငါ လျှော့တွက်မိတာပဲ”
တုန်ဟွမ်း အဝေးသို့လှမ်းကြည့်သည်။ တောင်တန်းတစ်ခုစာမျှ ကြီးမားသည့် နွားရိုင်းတစ်ကောင် ထွက်ပြေးနေသည်ကို မြင်ရသည်။
သရဲပျံ။ ရှေးခေတ် ကပ်ဆိုးသားရဲဖြစ်သည်။ အသက်ရှင်စဉ်က လမ်းလျှောက်သွားနေရုံဖြင့် ပလိပ်ကပ်ဆိုးဖြစ်စေနိုင်သူဖြ်စသည်။ မြေအောက်ဘုံသို့ရောက်ပြီးနောက် သရဲဘုရင်ဖြစ်လာသည်။
“ဒါက နင့်ရဲ့စွမ်းအားအစစ်လား”
ယုဟွမ်သခင်မ ပြေးနေသည့် သရဲပျံဆီ လက်ကိုဆန့်ထုတ်လိုက်ည်။ လက်ဝါးဖြန့်လိုက်သည်။ လက်ချောင်းများကို ဖြေးညှင်းစွာပြန်စုလိုက်သည်။
ချက်ချင်းဆိုသလိုပင် ပြေးလွှားနေသည့်သရဲနွားရိုင်းအောက်မှ မြေကြီးများ တုန်ခါလာသည်။ တောင်တန်းများက လက်ချောင်းများအသွင်ပြောင်းသွားသည်။ သူ့အောက်မှမြေပြင်က လက်ဖဝါးအသွင်ဖြစ်သွားသည်။ သူထွက်ပြေးရန်ကြိုးစားသော်လည် ထိုလက်ကြီးထဲမှ မလွတ်မြောက်နိုင်ပေ။
စိတ်ပျက်လက်ပျက် နောက်ဆုံးသားရဲအော်သံတစ်ခု ထွက်လာပြီးနောက် လက်ချောင်းများ စုစည်းသွားသည်။ လက်ဝါးထဲတွင် ညှစ်ချေလိုက်သည်။ စေပျစ်နက်မှောင်သည့်သွေးများ တောင်တန်းလက်ချောင်းများကြားမှ စီးကျလာသည်။
ကြောက်စရာထိုမြင်ကွင်းကြောင့် သရဲနတ်ဆိုးအတော်များများ မှင်သက်မိသွားသည်။သက်မိသွားကြသည်။ သူတော်စင်ဓားကြောင့် ကြောက်လန့်တကြားထွက်ပြေးနေသည့် သရဲများ ပြေးနှုန်းကို အမြန်ဆုံးမြှင့်လိုက်ကြသည်။ ကောင်းကင်သို့ ထိုးထွက်ပြေးသူများလည်း ထိုနည်းတူပင်ဖြစ်သည်။
“ဒါက ဘာလဲ”
မြေကြီးလက်သီးကို ယွီယွီ ငေးကြောင်ကြည့်နေသည်။ သရဲဘုရင်တစ်ယောက်ကို ကျောက်တုံးမြေသားတို့ဖြင့် ကြိတ်ချေသတ်ဖြတ်ပစ်နိုင်သည့်စွမ်းအားမှာ အံ့ဩစရာကောင်းလှသည်။
တုန်ဟွမ်းလှုပ်ရှားမှုကို သူသတိထားမိခဲ့သည်။ တုန်ဟွမ်းလက်ချောင်းများ ဆုပ်လိုက်သည်နှင့် တောင်တန်းလက်ချောင်းများလည်း လက်သီးဆုပ်အဖြစ်ပြောင်းသွားသည်။
“တုန်ဟွမ်း၊ အဲဒါဘာလဲ”
အရင်က ထိုစွမ်းအားမျိုး တုန်ဟွမ်းအသုံးပြုသည်ကို သူမမြင်ဖူး။ ပို၍ထူးဆန်းသည်မှာ မြေစွမ်းအားနှင့်ပတ်သက်သည့် စွမ်းအင်လှုပ်ရှားမှုကို အာရုံမခံမိသောကြောင့်ဖြစ်သည်။ ပြေးနေသည့်သရဲအောက်မှ မြေသားက တုန်ဟွမ်းလက်လှုပ်ရှားမှုအတိုင်း ပြောင်းလဲခဲ့သည်။
“ခုနကမှရလိုက်တဲ့ စွမ်းအားပါ။ ငါခဏပဲ ထိန်းနိုင်မှာ”
တုန်ဟွမ်းလည်း ထိုအဖြစ်ကို အံ့ဩနေသည်။သူက သရဲဘုရင်ကို တားဆီးရန်၊ ဒဏ်ရာရအောင် တိုက်ခိုက်ရန်သာ ကြိုးစားခဲ့ခြင်းဖြစ်သည်။ ထို့နောက်မှ ဓားဖြင့်ရှင်းရန် တွေးထားသည်။ သို့သော်ယခု သူလုပ်သည်က လွန်သွားသည်။ ချက်ချင်းကြိတ်ချေသတ်ဖြတ်မိခဲ့သည်။
“ငါရောအဲဒီ့စွမ်းအား သုံးလို့ရမလား”
ယွီယွီ စိတ်ဝင်စားမှု မြင့်တက်လာသည်။ ယာယီသုံးနိုင်သည့် စွမ်းအားဟု ဆိုသဖြင့် တုန်ဟွမ်းကျင့်ကြံထားသည့်စွမ်းအား မဖြစ်နိုင်။ တစ်ခြားနေရာမှ ရလာသည့်စွမ်းအားဖြစ်မည်။
“မင်းက ဖီးနစ်ပဲလေ။ ဒီစွမ်းအားမျိုး လိုလို့လား”
“ငါလည်း မြေဖီးနစ်ဖြစ်နိုင်တာပဲ”
“လျှောက်ပြောမနေနဲ့။ သူတို့နောက်ကိုလိုက်ပါ။ ဟိုသရဲတွေ မြင်ကွင်းက ပျောက်သွားတော့မယ်။ တစ်ယောက်မှ လွတ်သွားလို့မဖြစ်ဘူး”
“ကောင်းပါပြီ”
လဝက်လောက်ကြာပြီးနောက် ဆောင်းရာသီစွန်းချိန် (ဒီဇင်ဘာ ၂၂) ရောက်လာသည်။
တုန်ဟွမ်းအတွက် စိုးရိမ်နေသော်လည်း စာချုပ်မှတစ်ဆင့် အန္တရာယ်ကင်းကြောင်း ဖုန်ချင်အန်း ခံစားနိုင်သည်။ နတ်ဘုရားပို့လွှတ်ခြင်းစွမ်းရည်ကိုတော့ ဆက်ထိန်းထားသည်။ ထိုအဖြစ်ကြောင့် နေ့စဉ် သူ့ဝိညာဉ်စွမ်းအားတစ်ချို့တစ်ဝက် ကုန်ခမ်းနေရသည်။
တုန်ဟွမ်းကို ထပ်မမြင်ရလျှင်လည်း အန္တရာယ်ကင်းသည်ဆိုလျှင် သူ့လုပ်ရိုးလုပ်စဉ်များကို ရပ်မည်မဟုတ်။
သို့သော် တုန်ဟွမ်းက သူ့ကိုကြာကြာမစောင့်ခိုင်းပါ။
ယုန်ကန်၂၉နှစ်မြောက် ပထမဆုံးနှင်းများကျချိန်တွင် တုန်ဟွမ်း လူသားကမ္ဘာသို့ ရောက်လာသည်။
အရင်နှင့်မတူဘဲ နေ့ခင်းအချိန် ရောက်လာခြင်းဖြစ်သည်။ ယွီယွီမှလွဲ၍ သာမန်လူများ သူ့ကိုမမြင်နိုင်ကြ။
ဖုန်ချင်အန်း ကျောင်းမှပြန်ရောက်၍ အခန်းတံခါးဖွင့်လိုက်ချိန်တွင် သူမျက်လုံးပြူးသွားသည်။ အနက်ရောင်ဝတ်စုံနှင့်မိန်းကလေးက သူ့စားပွဲတွင် ငြိမ်သက်စွာထိုင်၍ တော်ဝင်ကျမ်းစာတစ်အုပ်ကို စိတ်ဝင်တစားဖတ်နေသည်။
“မင်းပြန်လာပြီလား”
မိန်းကလေး မော့ကြည့်သည်။ ပြိုင်ဘက်ကင်းအလှနှင့် တည်ကြည်ပြတ်သားသည့်စွမ်းအင်ရောင်က မြင်သူတိုင်း ဦးညွှတ်ရှိခိုးချင်စရာဖြစ်သည်။ သို့သော် ဖုန်ချင်အန်းကိုကြည့်ချိန်တွင် စွမ်းအင်ဖိအားများချက်ချင်း ပျောက်ကွယ်သွားပြီး နူးညံ့သည့်အသွင်ပေါ်လာသည်။
“ဟုတ်တယ်၊ ငါပြန်လာပြီ”
ဖုန်ချင်အန်း မျက်နှာပြေလျော့သွားသည်။ အံ့အားသင့်မှုကို နှလုံးသားထဲမှအပျော်ရိပ်တို့က အစားထိုးဝင်ရောက်လာသည်။ ပုံမှန်အတိုင်း သူတုံ့ပြန်သည်။