ကစားဖေါ်
Vol. 9 Ch. 135
“ငါပြန်လာတာ ဓားပြန်ပေးဖို့ပါ”
တုန်ဟွမ်းက ဖုန်ချင်အန်းကိုကြည့်၍ စားပွဲပေါ်တင်ထားသည့်ဓားရှည်ကို လက်ညှိူးထိုးပြသည်။ ဓားအိမ်အရောင်က အရင်ထက်မည်းနက်လာသလိုရှိသည်။
“အင်း”
ဖုန်ချင်အန်း ခေါင်းငြိမ့်လိုက်သည်။ ဘာဆက်ပြောရမည်ကို စဉ်းစားနေသည်။ ထိုစဉ် ဖီးနစ်လေးတစ်ကောင်က တောင်ပံတဖျတ်ဖျတ်ခတ်၍ သူ့ပုခုံးပေါ် နားလာသည်။ တအံ့တဩ အော်၍မေးနေသည်။
“ဖုန်ချင်အန်း၊ အဲဒါ နင့်ဓားလား”
“ဘာဖြစ်လို့လဲ။ ဘာပြဿနာရှိလို့လဲ”
ဖုန်ချင်အန်း ပြုံးကြည့်၍ ပြန်မေးလိုက်သည်။
“ဒီလောက်အံ့ဩစရာကောင်းတဲ့ဓားကို နင်ဘယ်ကရလာတာလဲ”
ထိုဓားရှိနေမှန်း သိခဲ့သော်လည်း အပြင်အဆင်ရိုးရှင်း၍ ခြိမ်းခြောက်နိုင်သည့် အန္တရာယ်အငွေ့အသက်မျိုး သူမရခဲ့သဖြင့် သိပ်အရေးမစိုက်ခဲ့။
တုန်ဟွမ်းက တစ်ခြားသရဲဘုရင်များကိုသတ်ဖြတ်ရန် ထိုဓားကိုထုတ်ချိန်ရောက်မှ ထိုဓား၏ကြောက်စရာစွမ်းအားကို မြင်ရသည်။ သို့သော် သူ့အပေါ် အန္တရာယ်ပေးမည့်ပုံမျိုး မခံစားရ။
တုန်ဟွမ်းက ထိုဓားကို သူတော်စဉ်ဓားဖြစ်ကြောင်း ရှင်းပြသည်။ သူတော်စဉ်ဓားသည် ဖီးနစ်ကို မတိုက်ခိုက်နိုင်။ မြေအောက်ဘုံသို့ကျ(သေ)ပြီးသား ဖီးနစ်ကိုပင် တိုက်ခိုက်မည်မဟုတ်ဟု ဆိုသည်။ ယွီယွီသည် လူသားမျိုးနွယ်နှင့် အပြစ်ကင်းဝိညာဉ်များကို အန္တရာယ်မပေးခဲ့။ သူမီးတိုက်ပြာချခဲ့သည်မှာ မကောင်းဆိုးဝါးများ သရဲနတ်ဆိုးများသာဖြစ်သည်။
သို့သော် ထိုဓားမျိူးကို ဖုန်ချင်အန်း ရထားသည်မှာ အံ့ဩစရာကောင်းလှသည်။
“ငါ့အကို ပေးထားတာပါ”
ဖုန်ချင်အန်း ပြုံး၍ပြန်ဖြေသည်။
“မဖြစ်နုင်ဘူး။ မင်းက ကလေးပဲရှိသေးတာ။ မင်းအကိုကရော အသက်ဘယ်လောက်ကြီးနိုင်မှာလဲ။ ဒီလောက်ငယ်ငယ်နဲ့ ဘယ်လိုလုပ် သူတော်စင်ဖြစ်နိုင်မှာလဲ”
ယွီယွီ ချက်ချင်းပြန်ပြောသည်။
“ငါ့အကိုက သူတော်စင်ပါဘူး”
ဖုန်ချင်အန်း ခေါင်းငြိမ့်သည်။
“သူတောင်စင်ဖြစ်လာဖို့ နည်းနည်းလိုဦးမယ်ထင်တယ်။ ဒါပေမယ့် နီးတော့ နီးနေလောက်ပြီ”
ယွီယွီမျက်လုံးများ ဝိုင်းစက်သွားပြီး ဖုန်ချင်အန်းကို ငေးကြောင်၍ ကြည့်နေသည်။ ထိုစကားမျိုးကြားရမည်ထင်မထား။
“နင့်မှာ သူတော်စင်အကိုကြီးတစ်ယောက် တကယ်ရှိတယ်ပေါ့”
“ပြောပြီးပြီလေ။ သူတော်စင်မဖြစ်သေးဘူးလို့”
“ဘာမှမကွာဘူး။ ဘယ်လိုပဲဖြစ်ဖြစ် နင်တို့လူသားမျိုးနွယ်က တိုးတက်မှုအမြန်ဆုံးပဲ။ တစ်ရေးတစ်မောအိပ်နေချိန်အတွင်းမှာ နင့်စွမ်းအားက ကောင်းကင်အထိ ထိုးတက်သွားတယ်”
အသေးစိတ်အချက်များကို သူအရေးမစိုက်။ အကျိုးရလာဒ်ကိုသာ သူသိသည်။
“ဒါလည်း အံ့ဩစရာကောင်းတာပဲ”
“ဘာတွေအဲလောက် အံ့ဩနေတာလဲ။ ငါ့စာအုပ်စင်က စာအုပ်တွေ ဘယ်ကရလာတယ်ထင်လို့လဲ”
ဖုန်ချင်အန်း ခပ်အေးအေးပြောလိုက်သည်။ သူ့အကိုသည် အလွန်စွမ်းအားကြီးမှန်းသိသည်။ သို့သော် အမြဲတမ်း သူစိတ်ကူးထားသည်ထက် ပိုမြင့်မားနေလေ့ရှိသည်။
ဤတစ်ကြိမ်လည်း ထိုနည်းတူပင်ဖြစ်သည်။ ဓားတစ်လက်တည်းဖြင့် မြေအောက်ဘုံကို သိမ်းသွင်းဖို့ လုံလောက်သည်။ တုန်ဟွမ်း၏ အခြေခံစွမ်းအားကြောင့်လည်း ဖြစ်သည်။ အရေးအကြီးဆုံးမှာ တုန်ဟွမ်းကို သူတော်စင်ဓားက လက်ခံခဲ့ခြင်းကြောင့်ဖြစ်သည်။
“ဟုတ်ပါတယ်”
“ကူး ကူး”
ယွီယွီ ဆက်ပြောရန်ပြင်သည်။ မီးတောက်တစ်ခု ဖုန်ချင်အန်းပုခုံးပေါ်မှ ရုတ်တရက် ပေါ်လာပြီး မီးငှက်လေးအသွင်ပြောင်းသွားသည်။
ဖုန်ချင်အန်းပုခုံးတစ်ဘက်တစ်ချက်စီမှ ငှက်နှစ်ကောင် အချင်းချင်းစိုက်ကြည့်နေကြသည်။
“ဖုန်ချင်အန်း၊ နင် ဘယ်တုန်းက ငှက်တွေစမွေးခဲ့တာလဲ”
ဖီးနစ် မေးလိုက်သည်။
“နေမီးတောက် ပန်းပွင့်လား”
ထိုမီးငှက်၏နောက်ခံကို တုန်ဟွမ်း ချက်ချင်းသတိထားမိသည်။ ထူးခြားသည့် ထိုစွမ်းအင်ရောင်မျိုး သာမန်ပစ္စည်းတို့တွင် ရှာတွေ့နိုင်ရန် ခဲယဉ်းသည်။
“ဟုတ်တယ်။ သစ်ပင်က ပန်းပွင့်လာပြီ။ ပန်းပွင့်ပြးတော့ ဒီကောင်လေးပေါ်လာတာ”
ဖုန်ချင်အန်း လက်ကုဆန့်ထုတ်၍ ငှက်ကလေးကို တို့လိုက်သည်။ မီးငှက်က ယွီယွီကို စိုက်ကြည့်နေသည်။ သာမန်ငှက်များနှင့်မတူကြောင်း ချက်ချင်းရိပ်မိဟန်ရှိသည်။
“နေသန္ဓေစွမ်းအင်လား၊ ပန်းပွင့်ဝိညာဉ်လား”
ယွီယွီက တောင်ပံခတ်၍ လေထဲတွင် ပျံသွားပြီး တုန်ဟွမ်းပုခုံးပေါ် နားလိုက်သည် မီးငှက်ကို စိတ်လှုပ်ရှားနေသည့်မျက်လုံးများဖြင့် ကြည့်နေသည်။
ဖီးနစ်မျိုးနွယ်တွင် ရှိခဲ့စဉ်က သူသည်အရွယ်မရောက်သေးသည့် ငှက်ငယ်သာဖြစ်သည်။ ထို့ကြောင့် ကလေးစိတ်မျိုးရှိသည်။ ကစားဖေါ်လိုချင်သည်။
သို့သော် သူ့သန္ဓေစွမ်းအင်က မြင့်မားလွန်းသည်။ မြေအောက်ဘုံသို့ ကျပြီးနောက်မှာပင် သူမီးတောက်များက သရဲဝိညာဉ်များအတွက် အဖျက်အားပြင်းလွန်းသည်။ ထို့ကြောင့် သင့်တော်သည့်ကစားဖေါ်ဟူ၍ ရှာမတွေ။
သရဲသားရဲများက သူ့ကိုမြင်သည်နှင့် ကြောက်လန့်တကြား ထွက်ပြေးကြသည်။ သူ့ထက်စွမ်းအားကြီးသူများကလည်း သူ့ထံမှစွမ်းအင်များကိုလိုချင်သဖြင့် ဝါးမျိုရန် ကြိုးစားကြသည်။ တုန်ဟွမ်းကို မတွေ့ခင်အချိန်အထိ သူတစ်ကိုယ်တည်းသာ အထီးကျန်ခဲ့ရသည်။
သို့သော် တုန်ဟွမ်းကလည်း သူ့အတွက် ကစားဖေါ်မျိုးမဟုတ်။ စကားပြောဖို့ ဖွင့်ဟတိုင်ပင်ဖို့သာ သင့်တော်သူဖြစ်သည်။
သိပ်မကြာသေးခင်က စိတ်ဝင်စားစရာကောင်းသည့် ကြက်တစ်ကောင်ကို ဤခြံထဲတွင် တွေ့ခဲ့သည်။ အားနည်း၍ ကြောင်တက်တက်ပုံစံဖမ်းတတ်တော်လည်း နည်းနည်းတော့ ခေါင်းမာသည်။ ထို့အပြင် ခန္ဓာကိုယ်ထဲတွင် ရွှေကျီးကန်းသွေးဆက်နည်းနည်းရှိသည်။
ဖြစ်နိုင်ချေနည်းသော်လည်း ရုပ်လုံးပေါ်လာသည်။ ထို့ကြောင့် ယွီယွီ ပျော်ခဲ့သည်။ ထိုကြက်နှင့် ခဏကစားခဲ့သည်။ သူအပျင်းပြေခဲ့သည်။
သို့သော် ခဏသာဖြစ်သည်။ ထိုကြက်သည် သူနှင့် ရေရှည်ကစားနိုင်မည်မဟုတ်။ သူ့မီးတောက်အစွမ်းကြောင့် အနှေးနှင့်အမြန် ပြာကျသွားနိုင်သည်။
ယခု အကောင်းဆုံးကစားဖေါ်ကိုတွေ့ရသလို ယွီယွီခံစားမိသည်။ အားနည်းပုံပေါ်သော်လည်း သန္ဓေစွမ်းအားက သူ့ထက်မလျော့။ ထို့ကြောင့် အချင်းချင်းထိတွေ့သော်လည်း လောင်ကျွမ်းမှုမဖြစ်နိုင်။
“ဘာပဲဖြစ်ဖြစ် ကောင်းပါတယ်လေ”
နေမီးတောက်ပန်းမှ မွေးဖွားလာခြင်းဖြစ်၍ နေစွမ်းအင်သန္ဓေကို စုပ်ယူထားသည့်ငှက်များဖြစ်သည်။ မြေအောက်တွင် ယန်နှင့်ဓာတ်ပြုထားသည့် ယင်ဓာတ်ထုတ်ကုန်ဖြစ်သည်။ ယင်က ယန်ကို ဖုံးအုပ်သည်။ ယန်က ယန်တွင် ယင်ဓာတ်ပါဝင်သည်။
“နာမည်ရှိပြိလား”
ယွီယွီ စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
“နာမည်လား။ မရွေးရသေးဘူး။ နေဦး.. ငါစဉ်းစားလိုက်ပါ့မယ်”
ဖုန်ချင်အန်း ခဏရပ်၍ ပုခုံးပေါ်မှငှက်ကိုလှည့်ကြည့်၍ ခဏစဉ်းစားနေသည်။ ထို့နောက် လက်သီးဆုပ်တစ်ဘက် လက်ဝါးတစ်ဘက် စုရိုက်လိုက်သည်။
***********************************************