အတိတ်ဇာတ်ကြောင်း
Vol. 10 Ch. 137
တုန်ဟွမ်း၏နောက်ခံက ထင်ထားသည်ထက် ပိုကြိးမားရှုပ်ထွေးသည်။ သူသည် တကယ့်ယင်ဝိညာဉ်ဖြစ်သည်။ မသေမျိုးတစ်ယောက် ကပ်ဆိုးကြုံပြီနောက် မွေးရာပါဝိညာဉ်ရတနာတစ်ခုဖြင့် ပြန်အသက်ဝင်လာခြင်းဖြစ်သည်။ နန်းကောလည်း ထိုသို့ပင်ဖြစ်သည်။
“နန်းကောကရော၊ သူ့မှတ်ဉာဏ်တွေက....”
ညီအမနှစ်ယောက်ကြား ကွာဟချက်က ကြိးမားလွန်းသည်။ မသေမျိုးပြန်ဝင်စားသည်ဟု တုန်ဟွမ်းပြောချိန်တွင် သူချက်ချင်းလက်ခံယုံကြည်ခဲ့သည်။
သို့သော် နန်းကောက သူနှင့်မတူ။ တစ်ချိန်က မသေမျိုးဖြစ်ခဲ့သူဟုပြောလျှင် ယုံနိုင်စရာမရှိ တစ်ခုခု မှားခဲ့ခြင်းဖြစ်မည်။
“အခု သူ့မှတ်ဉာဏ်တွေက ငုပ်လျှိုးနေတယ်။ လူပြန်ဝင်စားပြီး ဘာတွေဖြစ်ခဲ့တယ်ဆိုတာပဲ သူမှတ်မိတာ။ အတိတ်ဘဝအခြေအနေမျိုး ပြန်သွားနိုင်ရင် သူ့မှတ်ဉာဏ်အားလုံး အလိုလိုပြန်ရလာမှာပါ”
ဖုန်ချင်အန်း နားလည်သွားသည်။ အဓိပ္ပါယ်ရှိပါသည်။ ထိုအယူအဆကို လက်ခံနိုင်သည်။ သို့သော် မေးစရာများစွာ ရှိနေသေးသည်။
ဥပမာ အတိတ်ဘဝက သူတို့ညီအမ မသေမျိုးလောကတွင် မည်သည့်အဆင့်အတန်းရှိသနည်း။ မည်သည့် ကပ်ဆိုးမျိုး ကြုံခဲ့သတည်း။ ယခုအခြေအနေသို့ အဘယ်ကြောင့်လျှော့ကျခဲ့သနည်း။ သူတို့အဖေဆိုသည်က မည်သူနည်း။
လူတို့သည် သူတို့ကိုယ်သူတို့ မပြောပလောက်ပါဟုပြောလျှင် အရေးမပါ၍မဟုတ်။ နှိမ့်ချသည့်သဘောဖြစ်သည်။ အတည်မယူသင့်။ မသေမျိုးအဖြစ်ရသည့်လူသည် အရေးမပါသူမဖြစ်နိုင်။ သူတို့ရင်ဆိုင်ရသည့် ကပ်ဆိုးကသာ ကြောက်စရာကောင်း၍ဖြစ်မည်။
သမီးများအတွက် ဗီဇဝိညာဉ်ရတနာများစွာ ပြင်ဆင်ပေးထားသည့် ဖခင်သည်လည်း သာမန်လူမဟုတ်နိုင်။ မသေမျိုးသမီးနှစ်ယောက်ကို ပိုင်ဆိုင်ထားသူဖြစ်သည်။ အနည်းဆုံး မသေမျိုးမိုနာ့တစ်ယောက်နှင့် အဆင့်သိပ်မကွာသည့် တာအိုလက်တွဲဖေါ်တစ်ယောက် ရှိရမည်။
သို့သော် တုန်ဟွမ်းအမူအရာက အသေးစိတ်ရှင်းပြလိုသည့်ပုံမပေါ်။ ထို့ကြောင့် သူဆက်မမေးချင်။ ထိုကိစ္စသည် သူတို့အတွက် အကြီးမားဆုံးဒဏ်ရာဖြစ်သည်။ သွားမဆွသင့်။ သိသွား၍လည်း သူ့အတွက် ဘာကောင်းကျိုးရှိလာနိုင်မည်နည်း။
ယခု သူသည် တုန်ဟွမ်းကို သိပ်အကူအညီမပေးနိုင်။ တစ်ချိန်က မသေမျိုးတုန်ဟွမ်းဆိုလျှင် ပြောစရာပင် မလိုတော့။ ယခု ထိုမေးခွန်းများအားလုံးကို မျိုသိပ်ထားရမည်။ နောက်တစ်ချိန် သူသန်မာလာမှ ထုတ်မေးသင့်သည်။ သို့မဟုတ်၊ သူပိုသန်မာလာချိန်တွင် တုန်ဟွမ်းက သူမမေးဘဲဖွင့်ပြောလာနိုင်သည်။
“မင်းနဲ့နန်းကော ဗီဇကြာနက်မျှဝေတဲ့နေရမှာ ပြဿနာဖြစ်ခဲ့လို့လား”
မေးလိုက်ရသော်လည်း အဖြေကို သိနေပြီဖြစ်သည်။ တစ်ယောက်အတွက် မွေးရာပါဗီဇဝိညာဉ်ရတနာတစ်ခု ဖန်တီးပေးထားခြင်းဖြစ်မည်။ သို့သော် တစ်ခုကို နှစ်ယောက်မျှသုံးရသဖြင့် ပြဿနာရှိ၍သာဖြစ်မည်။
“ပြဿနာက ဗီဇဝိညာဉ်ချို့ယွင်းတာပဲ။ အခု နန်းကောနဲ့ငါ ရင်ဆိုင်နေရတဲ့ အကြီးမားဆုံး ပြဿနာပေါ့။ နန်းကောရဲ့ ခရမ်းကြာပွင့်သာ မပျက်စီးခဲ့ရင် ငါတို့မွေးဖွားလာတဲ့အချိန်မှာ မသေမျိုးဝိညာဉ်ခန္ဓာ ပိုင်ဆိုင်ခဲ့မှာ။ လူသားမသေမျိုးအဆင့်ဘုံကို အချိန်တိုအတွင်း ပြန်သွားနိုင်ခဲ့မှာ။ အဲဒီ့ထက် ပိုမြင့်မားတဲ့ဘုံတွေကိုတောင် ရောက်ခဲ့နိုင်တယ်”
တုန်ဟွမ်း ပွင့်ပွင့်လင်းလင်းဖြေသည်။
ညီအမနှစ်ယောက်၏ ရင်းမြစ်စွမ်းနှင့်နှင့် ပတ်သက်သည့် အကြီးမားဆုံးလျှို့ဝှက်ချက်ဖြစ်သည်။ ပေါက်ကြားသွားလျှင် ကပ်ဆိုးတစ်ခုဖြစ်လာနိုင်သည်။
ကပ်ဆိုးဖန်တီး၍ သူတို့ကို လူပြန်ဝင်စားမှုသံသရာသို့ အတင်းတွန်းပို့ခဲ့သူအတော်များများ လောကတွင်ရှိနေနိုင်သေးသည်။ ထိုဉာဏ်ကြီးရှင်များသည် သူတို့ညီအမကို အရေးပါသည်ဟု မြင်မည်မဟုတ်။ သို့သော် သူတို့တပည့်များ နောက်လိုက်များက ထိုညီအမကို နောက်ထပ်လူဝင်စားသံသရာထဲပို့ရန် အန္တရာယ်အမျိုးမျိုးပေးကြပေလိမ့်မည်။
သို့သော် သူတို့ဗီဇဝိညာဉ်ကို အားဖြည့်ပေးနိုင်သည့် ဖုန်ချင်အန်းကိုတော့ ဖုံးကွယ်ထားစရာမလို။ သူတို့ကို အလေးအနက်ထားပေလိမ့်မည်။
“ဗီဇဆုံးရှုံးတာလား။ ပြန်ဖြည့်ဖို့ ခက်လို့လား”
ဖုန်ချင်အန်း စဉ်းစားသည်။ ဤနှစ်များအတွင်း နန်းကော သူ့အပေါ်ပြုမူခဲ့ပုံများကို တွေးကြည့်သည်။ တုန်ဟွမ်းလုပ်ရပ်များကို တွေးကြည့်သည်။ သူနားလည်လာသလိုရှိသည်။
“ဟုတ်တယ်။ နှစ်တစ်ရာလောက် မြေအောက်မှာ ငါရှာခဲ့တယ်။ ဒါပေမယ့် ဗီဇဝိညာဉ် ပြန်ဖြည့်ပေးနိုင်တဲ့အရာကို ရှာမတွေးခဲ့ဘူး”
“ငါက ဖြည့်ပေးနိုင်တာလား”
ဖုန်ချင်အန်း စိုက်ကြည့်၍ မေးလိုက်သည်။ လုပ်နိုင်သည်ဟုလည်း ခံစားမိသည်။ ဝိညာည်တစ်သောင်းခန္ဓာကိုယ်သည် ယခု အသွင်ပြောင်းလဲစပင် ရှိသေးသည်။ သို့သော် သဘာဝဗီဇက အတူတူသာဖြစ်သည်။
မသေမျိုးဖြစ်လာခြင်းသည် အထင်ကြီးစရာဖြစ်ဟန်ရှိသည်။ သို့သော် ဝိညာဉ်တစ်သောင်းခန္ဓာကို လေ့လာချက်အရ ဗီဇဝိညာဉ်ဖြည့်ပေးဖို့ဆိုသည်မှာ သိပ်ခက်သည့်ကိစ္စမဟုတ်လောက်။
“ဟုတ်တယ်၊ မင်းဖြည့်ပေးနိုင်တယ်။ မင်းမှာ ဘယ်လိုတည်ဆောက်မှုမျိုး ရှိနေလဲဆိုတာ ငါမသိဘူး။ အစက မင်းကို ဝိညာဉ်မြစ်၊ သက်ရှည်ဆေး၊ မသေမျိုးမြက် တစ်ခုခု ပြန်ဝင်စားတာလို့ ငါထင်ခဲ့တာ။ ဒါပေမယ့် နောက်တော့ ငါသေချာမသိတော့ဘူး။ ငါ့မျက်စိရှေ့မှာတင် နင်က သန့်စင်ယန် ကောင်းကင်ဆင်းရဲကို ဆင့်ခေါ်နိုင်ခဲ့တယ်လေ”
“သက်ရှည်ဆေး၊ မသေမျိုးမြက်”
ဖုန်ချင်အန်း ခပ်တိုးတိုးရေရွတ်ကြည့်သည်။ နှစ်ခုလုံးက လူသားအင်ပါယာများအတွက် အလိုချင်ဆုံးအရာများဖြစ်သည်။ သို့သော် သူ့ဝိညာည်တစ်သောင်းခန္ဓာ အပြည့်အဝပြောင်းလဲပြီးသည့်နှင့် သူ့သေးရည်သည်ပင် ထိုပစ္စည်းများထက် အာနိသင်ပိုထက်မြက်ပေလိမ့်မည်။
“ဒါဆို အခု ငါ့မူလဇာတ်ရုပ်ကို မင်းဘယ်လိုထင်လဲ”
တစ်ချိန်ကမသေမျိုးဖြစ်ခဲ့သည့်တုန်ဟွမ်းကိုကြည့်၍ သူမေးလိုက်သည်။
“မသိဘူး။ ငါ့အမြင်က အကန့်အသတ်ရှိတယ်။ နင့်နောက်ခံကို ခန့်မှန်းလို့မရဘူး။ ဒါပေမယ့် တစ်ခုတော့ သေချာတယ်။ ငါနဲ့ငါ့ညီမရဲ့ ဗီဇဝိညာဉ်ကို နင်ပြန်ဖြည့်ပေးနိုင်တယ်။ နင့်ရဲ့ ကျင့်စဉ်ခရီးလမ်းကို ငါစောင့်ရှောက်မယ်။ ငါနဲ့နန်းကောကို မလိုအပ်တော့တဲ့ အချိန်အထိပေါ့”
တုန်ဟွမ်းလေသံက အတော်ပြတ်သားသည်။ ကတိတစ်ခုသာမဟုတ်။ သစ္စာဆိုခြင်းလည်းဖြစ်သည်။
သန့်စင်ယန်မသေမျိုးဟု သူယူဆသည့်လူရှေ့တွင် ထိုသို့ပြောပြီးလျှင် ပြောသည့်အတိုင်း တည်အောင်လုပ်ရမည်ဖြစ်သည်။
သူတို့ညီအမ သူတို့ဘာသာ ဗီဇဝိညာဉ်ရတနာရှာ၍ တွေ့ခဲ့လျှင်ပင် ထိုရတနာမျိုးရရန် တန်ဖိုးကြီးကြီးပေးရမည်ဖြစ်သည်။ ဗီဇဝိညာဉ်ရတနာများသည် လက်ရှိ ရပ်တန့်နေသည့် သူ့အစွမ်းလောက်ဖြင့် စိတ်ကူးယဉ်နိုင်သည်မဟုတ်။
“မင်းက ငါ့ကျင့်စဉ်ခရီးလမ်းကို စောင့်ရှောက်မယ်ပေါ့”
တုန်ဟွမ်းကတိကို သူမှတ်ထားလိုက်သည်။ ထိုနောက်ပိုင်းစကားများကိုတော့ သူလျစ်လျူရှုလိုက်သည်။ နောက်တစ်ချိန် တုန်ဟွမ်းကို သူလိုအပ်သည့်အချိန် သေချာပေါက် ရှိလာပေလိမ့်မည်။
*************************************************
ရတယ်”