← Chapters

လည်ပင်းပေါ်ဓားတင်မည်

Vol. 10 Ch. 150

လည်ပင်းပေါ်ဓားတင်မည်

Vol. 10 Ch. 150

“သတိပေးချင်တာ တစ်ခုရှိပါတယ်။ သခင်လေး ဗုဒ္ဓဂိတ်တံခါးကိုဝင်ဖို့ ဆန္ဒမရှိရင် ဘုန်းကြီးတွေနဲ့ သိပ်မပတ်သက်ဘဲ ဝေးဝေးရှောင်တာ အကောင်းဆုံးပါပဲ။ ဗုဒ္ဓလမ်းကြောင်းဟာ နက်နဲသိမ်မွေ့တယ်။ ပဟေဠိတွေများတယ်”

မလှမ်းမကမ်းတွင် သံသယဖြစ်စရာဘုန်းကြီးအို ကျမ်းစာရွတ်နေသော်လည်း တစ်ခါမှမပြောသည့် သတိပေးစကားကို တောင်တန်းနတ်ဘုရား ပြောလိုက်သည်။

ဤတောင်တန်းအကျိုးအမြတ်များ ဘယ်ကလာသည်ကိုသိသည်။ ဘယ်သူ့ကြောင့်ဆိုသည်ကို သိသည်။ တစ်ချိန်က ဓမ္မလမ်းကြောင်းကို သူရှာဖွေခဲ့ဖူးသည်။ စေတနာဖြင့် ကျမ်းစာသင်ပြပေးသည့် ဘုန်းကြီးဟူ၍ တစ်ယောက်မှ မတွေ့ဖူးခဲ့။

သူပါးစပ်ပိတ်နေ၍ ရပါသည်။ အကျိုးအမြတ်ကိုသာ ခံစားနေလျှင် ရသည်။ မည်သို့ပင်ဆိုစေ တရားလာပြသည့်ဘုန်းကြီးများကလည်း သူ့ကိုစိတ်ဆိုးမည်မဟုတ်။ ဘုန်းကြီးများက ထိုသို့တရားချီးမြှင့်ရန် ပြင်ဆင်ထားသူများဖြစ်သည်။

သို့သော် ထိုသို့နေရမည်ကို သူ့စိတ်မလုံ။ စိတ်မဖြောင့်။ သူ့စိတ်ဓာတ်နှင့်မကိုက်ညီ။ ထို့ကြောင့် ဘုန်းကြီးအို စိတ်ဆိုးသွားနိုင်မှန်းသိသော်လည်း ဖုန်ချင်အန်းကို သူသတိပေးလိုက်ခြင်းဖြစ်သည်။

“သတိပေးတာ ကျေးဇူးတင်ပါတယ် မဟာနတ်ဘုရား။ ဗုဒ္ဓဂိတ်ကိုဝင်ဖို့လည်း ကျုပ်တကယ်စိတ်ကူးမရှိပါဘူး။ ဒီကတုံးတွေနဲ့လည်း ပတ်သက်ချင်စိတ်မရှိပါဘူး။ ဒါပေမယ့် ကျုပ်မျက်စိရှေ့မှာ ကျုပ်မွေးထားတဲ့ခွေးကို ခိုးယူဖို့ကြိုးစားနေတဲ့လူရှိရင် ကျုပ်မျက်နှာလွှဲမနေနိုင်ဘူး။ သူ့လည်ပင်းပေါ်ဓားတင်ဖို့ လိုအပ်ခဲ့ရင်လည်း ကျုပ်ခွေးကိုတော့ ကျုပ်ရအောင်ပြန်ယူမယ်”

“ဒါဆိုရင် ဆက်လုပ်ပါ”

ဖုန်ချင်အန်းခါးတွင်ချိတ်ထထားသည့် ရှေးဟောင်းဓားကိုကြည့်၍ တောင်တန်းနတ်ဘုရား ခပ်ညှင်းညှင်းရယ်လိုက်သည်။

ထိုဘုန်းကြီးအိုတွင် ပြိုင်ဘက်ကင်းဗုဒ္ဓခန္ဓာ ပိုင်ဆိုင်ထားခြင်းရှိမရှိသူသိလိုသည်။ ရှိနေလျှင်လည်း ထိုဓား၏စွမ်းအားကို တားဆီးနိုင်မည်မဟုတ်ပါ။

“ကောင်းပါပြီ”

ဖုန်ချင်အန်း ဆက်သွားသည်။ ကျမ်းစာရွတ်သံများက တောအုပ်တစ်ခုလုံး ဖုံးလွှမ်းနေသည်။ ဓမ္မအသံကို အာရုံစိုက်၍ နားထောင်နေကြသည့် သတ္တဝါမျိုးစုံကိုဖြတ်၍ တောင်နက်ဆီ သူလျှောက်သွားသည်။ တောင်နက်က ကျမ်းစာကွန်ယက်မိ၍ ကျောက်ရုပ်လို ငြိမ်သက်နေသည်။

“မင်းဘယ်အချိန်ကျမှ နိုးလာမှာလဲကွ”

တောင်နက်ကို စိတ်ပျက်လက်ပျက်ကြည့်၍ နောက်ခြေထောက်ကို ခပ်ပြင်းပြင်း သူဆောင့်ကန်လိုက်သည်။ ထိုခွေးသည် သရဲနယ်မြေတွင် အသေအကြေတိုက်ပွဲများ နွှဲခဲ့သူဖြစ်သည်။ ယခု ဘုန်းကြီးအို၏ ကျမ်းစာရွတ်သံ နည်းနည်းကြားရုံဖြင့် စိတ်ဓာတ်ပျိုလဲသွားသည်။

“အူး..”

ဝိညာဉ်စာချုပ်သိစိတ်အာရုံမှ အော်ငေါက်သံနှင့် နောက်ခြေထောက်မှ နာကျင်မှုဝေဒနာကြောင့် တောင်နက် လန့်နိုးလာသည်။ ‌ဘေးတွင်ရပ်၍ ခပ်တင်းတင်းစိုက်ကြည့်နေသည့် ဖုန်ချင်အန်းကို တွေ့သွားသည်။

“ဝု..”

သူတစ်ချက်ညည်းသည်။ ထို့နောက် အဖြစ်အပျက်အားလုံးကို ချက်ချင်းပြန်မှတ်မိလာသည်။ သူ့အဖြစ် မည်မျှရှက်စရာကောင်းသည်ကို သဘောပေါက်လာသည်။ အရှက်တရားက ဒေါသအဖြစ်ပြောင်းသွားပြီး ဘုန်းကြီးအိုကို စိုက်ကြည့်သည်။

“တိတ်တိတ်နေစမ်း၊ လျှောက်အော်မနေနဲ့”

ဘုန်းကြီးအိုဘေးပတ်လည်တွင် ဓမ္မကွန်ယက်ကြောင့် အမူးသမားလို တွေဝေမိန်းမောနေကြသည့် တောင်တန်းသတ္တဝါများကိုကြည့်၍ တောင်နက်ခြေထောက်ကို ဖုန်ချင်အန်းနောက်တစ်ကြိမ်ကန်လိုက်သည်။ သိစိတ်အာရုံမှ အော်ငေါက်သည်။

ကျမ်းစာကို သူမကြိုက်။ တောင်နက်လည်း ကျမ်းရွတ်သံကို တွန်းလှန်နိုင်သည်။ သို့သော် အားလုံးက ပြည့်စုံခြင်းအဆင့်ထိ ကျင့်ကြံရာတွင် နည်းလမ်းကိုယ်စီ ရှိကြသည်။ ဤတောင်တန်းသတ္တဝါများ၏ အခွင့်အရေးကို ဖျက်ဆီး၍မဖြစ်။

ဤငှက်များ သားရဲများအတွက် အနာဂတ်ပြောင်းလဲနိုင်သည့် ရှားပါးအခွင့်အရေးဖြစ်သည်။ တောင်တန်းနတ်ဘုရားစကားကြောင့် သူနားလည်ခဲ့ပြီးဖြစ်သည်။ တစ်ချိန်က တောင်တန်းနတ်ဘုရား ဓမ္မကိုတောင့်တသော်လည်း ရှာမတွေ့ခဲ့။ ယခု ထိုသတ္တဝါများလည်း ထိုနည်းတူသာဖြစ်သည်။

ပန်းပင်မြက်ပင်များကြားတွင် ထိုင်နေသည့် ဘုန်းကြီးအိုကို သူတစ်ချက်လှမ်းကြည့်သည်။ တစ်ကိုယ်လုံး ဗုဒ္ဓအလင်းများ ဖြာထွက်နေသည်။

ထိုစဉ် ဘုန်းကြီးအိုကလည်း ခေါင်းမော့လာသည်။ သူနှင့်အကြည့်ချင်းဆုံသည်။ ထို့နောက် ပြန်ခေါင်းငုံ့သွားပြီး ပုတီးစိတ်၍ ကျမ်းစာများ ဆက်ရွတ်သည်။

သူရောက်လာသည်ကို ထိုဘုန်းကြီး အံ့ဩပုံမရ။ တောင်တန်းသတ္တွဝါများနှင့်တန်းတူသာ ဆက်ဆံသည်။ ဗုဒ္ဓဝါဒကို သူစိတ်မဝင်စားသော်လည်း ထိုဘုန်းကြီး စိတ်တည်ငြိမ်ပုံကို လေးစားမိသည်။

‘သူက တကယ်အလင်းရထားတဲ့ဘုန်းကြီးပဲ’

“ဝုတ်...”

တောင်နက်က ဖုန်ချင်အန်းခါးလောက်သာရှိသည့် အိမ်မွေးခွေးတစ်ကောင်အသွင့်သို့ ပြန်ကျုံ့လိုက်သည်။ ခပ်တိုးတိုးတစ်ချက် ညည်းသည်။

“သွားစို့”

ကျမ်းစာစက်ကွင်းမိနေကြသည့် ဝံပုလွေများကို သူမနှိုးတော့။ ဗုဒ္ဓကျမ်းစာသည် ပြဿနာမရှိဟု တောင်တန်းနတ်ဘုရားက ပြောထားသည်။ အားမထုတ်ရဘဲ အလွယ်တကူရသည့် အကျိုးကျေးဇူးကို အလဟဿအဖြစ်မခံသင့်။

ဗုဒ္ဓကျင့်ကြံနည်းသည် ပြောင်းလဲဖို့ဖြစ်သည်။ နောက်ဆုံးတွင် ဘုန်းကြီးအဖြစ်ပြောင်းရသည်။ ထိုသို့ဖြစ်လာရန် အဆင့်တစ်ခုအထိ နားလည်နိုင်စွမ်းရှိဖို့လိုသည်။ လူတိုင်း ဗုဒ္ဓဂိတ်သို့ ဝင်နိုင်သည်မဟုတ်။

ဗုဒ္ဓလမ်းစင်ကျင့်ကြံရုံဖြင့် ဗုဒ္ဓဂိတ်သို့ဝင်နိုင်မည်ဟု မည်သူမှအာမမခံနိုင်။ ဘုန်းကြီးဖြစ်လာရန် ထိုးထွင်းနားလည်နိုင်သည့် စွမ်းရည်များ အရည်အသွေးများ လိုအပ်သည်။ တွေ့ကရာလူကို လက်ခံသည်မဟုတ်။

ထို့ကြောင့် သူ့နတ်ဆိုးဝံပုလွေအကောင်တစ်ရာသည် သူကိုယ်တိုင် ကူညီပေးခြင်းမရှိဘဲ ဗုဒ္ဓဂိတ်သို့ဝင်နိုင်သည့်အဆင့်မျိုးထိ ရောက်သွားနိုင်မည်မဟုတ်။

သို့သော် တောင်နက်သည် နတ်ဆိုးဘုရင်ဖြစ်ဖို့ အလားအလာရှိသူဖြစ်၍ ဗုဒ္ဓဂိတ်အတွင် မျက်စိကျစရာဖြစ်နေသည်။ မသေမျိုးများပင် တောင်နက်ကိုမြင်လျှင် လိုချင်ကြမည်ဖြစ်သည်။

ဖုန်ချင်အန်း တောင်နက်နှင့်အတူ လာလမ်းအတိုင်းပြန်သည်။ ဘုန်းကြီးအို တားဆီးလျှင် ဓားကိုချက်ချင်းဆွဲထုတ်နိုင်ရန် ဓားရိုးပေါ် လက်တင်ထားသည်။

အလိုမကျသည့်စိတ်များ သူ့ခေါင်းထဲတွင် ရှိနေသည်။ ထိုဘုန်းကြီး အလိုက်ကန်းဆိုးမသိလျှင် အမှန်တရား၏ အဓိပ္ပါယ်ကို သူသင်ပြပေးလိုက်မည်သာဖြစ်သည်။

သို့သော် သူနှင့်‌တောင်နက် ကျမ်းစာရွတ်သံ မကြားနိုင်တော့သည့်နေရာသို့ ရောက်သွားသည့်တိုင် ဘုန်းကြီးအိုက တားဆီးမည့်အရိပ်အယောင်မျိုး လုံးဝမရှိ။

သို့သော် ဖုန်ချင်အန်းနှင့်တောင်နက် ထွက်သွားပြီး‌နောက် မလှုပ်မယှက်ကျမ်းစာရွတ်နေသည့် ဘုန်းကြီးအို၏ဝတ်ရုံတစ်ခုလုံး ချွေးများစိုရွဲသွားသည်။ ရေချိုးထားသလို ဖြစ်နေသည်။

သို့‌သော် ထိုမြင်ကွင်းက ခဏသာကြာသည်။ ဝတ်ရုံပေါ်မှ ချွေးများအားလုံး အငွေ့ပျံပျောက်ကွယ်သွားသည်။ ကျမ်းစာတွင် အာရုံရောက်နေသည့် သူ့ဘေးမှသတ္တဝါများ သတိမထားမိကြ။ အစောပိုင်းကလို အလင်းရထားသည့် ဘုန်းကြီးတစ်ပါး၏ တည်ငြိမ်သည့်ဟန်ပန်မျိုး ပြန်ဖြစ်သွားသည်။

************************************************

All Chapters