အခန်း (၁၄၁)
Vol. 10 Ch. 141
ချစ်ကြည်ရေး ရေခဲပြာဖီးနစ်အကြောင်းသိသွားပြိးနောက် ကုကုကြီး ဒုက္ခပေးရန် မကြိုးစားတော့။ ငြိမ်းချမ်းစွာ အတူနေထိုင်ကြသည်။ ကူညီနေသူကို ဖျက်ဆီးစရာ အကြောင်းမရှိ။
“ဪ အဲလိုလား”
မီးငှက်အကူအညီဖြင့် ရေခဲပြာဖီးနစ်တံဆိပ်အကြောင်း ဖုန်ချင်အန်း နားလည်လာသည်။ ယန်သန္ဓေထိန်းချုပ်ခြင်းတံဆိပ် အလုပ်လုပ်နေပြီဖြစ်သည်။ ခန္ဓာကိုယ်ထဲရောက်ရောက်ချင်း အသက်ဝင်လာသည်။
“တကယ်အဆင့်မြင့်တာပဲ”
သူချီးကျူးမိသည်။
ထို့နောက် ပြတင်းပေါက်ဆီ လှမ်းကြည့်လိုက်သည်။ နန်းတွင်းဝတ်ရုံခြုံထားသည့် နန်းကောက သူ့ရင်ခွင်ထဲ တိုးဝင်လာသည်ကို မြင်လိုက်ရသည်။
“ဖုန်ချင်အန်း”
“နန်းကော”
ရင်ခွင်ထဲ ခဏထားပြီးနောက် နန်းကောလက်ကို ကိုင်ထားရင်းမှ သူ့မျက်နှာ တည်သွားသည် ထူးခြားချက်တစ်ခုကို သတိထားမိသည်။
“ဘာဖြစ်တာလဲ”
နန်းကော နားမလည်ဟန်ဖြင့်မေးသည်။
ဖုန်ချင်အန်းမျက်နှာ တည်နေသည်။ နန်းကော၏ဆွဲဆောင်မှုသည် သူ့အမလောက် မရင့်ကျက်သော်လည်း တွန်းလှန်ဖို့မလွယ်။ ရင်ခွင်ထဲထားသည့်အချိန်တွင် ပို၍မလွယ်။
သူ့ဝမ်းဗိုက်အောက်ဘက်တွင် မီးတောက်တစ်ခု အစပျိုးလာသည်။ ရေခဲပြာဖီးနစ်အော်သံထွက်လာပြီး ထိုမီးတောက်ကို ငြိမ်းသတ်သည်။ သူ့စိတ်များ ကြည်လင်သွားသည်။ နှောက်ယှက်နေသည့်အတွေးများ မရှိတော့။ တစ်ခြားကိစ္စများကို အာရုံစိုက်နိုင်လာသည်။ နန်းကောကြောင့် စိတ်မယိုင်တော့။
“ဘာမှမဖြစ်ပါဘူး”
သူ့မျက်နှာ ပုံမှန်ဖြစ်သွားသည်။ တ်ငြိမ် အေးချမ်းနေသည်။ နန်းကော၏ နူးညံ့သည့်ပုခုံးသားကို ခပ်တင်တးင်းကိုင်၍ နောက်တစ်ကြိမ် စမ်းသပ်ကြည့်သည်။ ဖီးနစ်အော်သံ ထွက်လာပြန်သည်။
သူ့အရွယ်ကောင်လေးတစ်ယောက်အတွက် ရာဂမီးတောက် ထိန်းချုပ်နိုင်သည့်တံဆိပ်သည် ရတနာတစ်ပါးဟု ဆိုရမည်။ သို့သော် တွေးရုံဖြင့်ငြိမ်းသတ်နေသည်ကတော့ နည်းနည်းတရားလွန်လွန်းသည်။
“ငါက တော်ဝင်ဘုန်းကြီးလိုဖြစ်နေပါလား”
သူ့ကိုယ်သူပြန်တွေးရင်း ပြုံးလိုက်သည်။ ရင်ခွင်ထဲမှနန်းကောက အံ့ဩနေသည်။
“ဘာတော်ဝင်ဘုန်းကြီးလဲ။ ဖုန်ချင်အန်း၊ နင်က ဗုဒ္ဓလမ်းစဉ်ကို ဝင်မလို့လား”
စိုးရိမ်မကင်းဖြစ်နေသည့် မျက်လုံးများဖြင့် သူမေးသည်။
“ဘာဗုဒ္ဓလမ်းစဉ်လဲ။ ငါဘယ်တော့မှမဝင်ဘူး။ မင်းငါ့ဘေးမှာရှိတဲ့အချိန် ဘုန်းကြီးဖြစ်ဖို့ကိစ္စကို စိတ်တောင်မကူးမိဘူး”
မတုံ့မဆိုင်း သူပြန်ဖြေလိုက်သည်။ ဘုန်းကြီးဘဝနှင့် မိဖုရားကို ပြန်တွေ့ရလျှင် ဖြစ်လာနိုင်စရာ တစ်ခုသာရှိသည်။
ဆောရီးပါ ဗုဒ္ဓ။ ဤတပည့်၏ ဆန္ဒခြောက်ခုသည် မသန့်စင်ပါ။ နောက်ဘဝအထိ စောင့်ပေးရပါမည်ထင်ပါသည်။
“ဒါနဲ့ နန်းကော၊ မင်းအခုရက်ပိုင်း အတော်ကြိုးစားလေ့ကျင့်နေတာ ငါသိတယ်။ ဘာလို့အဆင့်မတက်သေးတာလဲ”
မယူရသေးသည့် လျှို့ဝှက်ကျင့်စဉ်နှင့်ပတ်သက်သည့် အရေးကြီးကိစ္စကို ဖုန်ချင်အန်း အမှတ်ရလာသည်။
(ရွှမ်သားရဲဂိုဏ်း - မစ်ရှင်ခွဲ။ အပြန်အလှန် နားလည်ခြင်း)
(လိုအပ်ချက် - နတ်ဘုရားထိန်းချုပ်ခြင်းစွမ်းရည်ကို ကျွမ်းကျင်စွာအသုံးပြုပါ)
(ဆုလာဒ် - ဝိညာဉ်စား ဝိညာဉ်သန့်စင်စွမ်းရည်)
ထိုဆုလာဒ်ကို သူရထားပြီးဖြစ်သည်။ ဝိညာဉ်စားဝိညာဉ်သန့်စင်စွမ်းရည်ကို တစ်ခြားစွမ်းရည်နှစ်ခုနှင့် ပေါင်းစပ်အသုံးပြုနိုင်ရန် လေ့ကျင့်လိုသည်။ ထိုစွမ်းရည်ကို ရရှိရန် ကျင့်စဉ်အသက်သွင်းစရာမလိုတော့။ နတ်ဘုရားထိန်းချုပ်ခြင်းစွမ်းရည်ကို ကျွမ်းကျင်ဖို့သာလိုသည်။
ယခု သူမစ်ရှင်ထမ်းဆောင်၍ ပြည့်စုံအောင် လုပ်ရမည့် တစ်ခြားကျင့်စဉ်နည်းတစ်ခုရှိလာသည်။
(ရွှမ်သားရဲ မစ်ရှင်ခွဲ - ဂိုဏ်းအခြေခံ တည်ဆောက်ခြင်း)
(လိုအပ်ချက် - အနည်းဆုံး ကွန်မန်ဒါနှင့်အထက် အဆင့်ရှိသည့် ဝိညာဉ်သုံးခုရှိရမည်)
(ဆုလာဒ် - ဝိညာဉ်ပေါင်းစပ်ဝိညာဉ်စားစွမ်းရည်)
သားရဲများအပေါ် သုံးရမည့် နည်းလမ်းဖြစ်သော်လည်း ရယူဖို့မလွယ်။ လက်ရှိဖုန်ချင်အန်းအတွက်တော့ မခက်လှ။
တုန်ဟွမ်းအကြောင်း ပြောစရာမလိုတော့။ တောင်နက်လည်း အဆင့်တက်ပြီးဖြစ်သည်။ နန်းကောသာ ကြိုးစားဖို့လိုတော့သည်။ နေမီးတောက်သစ်ပင် နည်းနည်းပိုကြီးလာလျှင်လည်း လိုအပ်ချက် ပြည့်သွားနိုင်သည်။
ထို့ကြောင့် သူအလျင်မလို။ ထိုစွမ်းရည်အကြောင်း တွေးမိလာသဖြင့် စူးစမ်းခြင်းသဘောသာဖြစ်သည်။ နန်းကောသည် အချိန်အတော်ကြာ အဆင့်မတက်ခဲ့။ အစောပိုင်းအခြေအနေသို့ ပြန်ကျကျသွားသည်။
သို့သော် နန်းကောသည် သာမန်ဝိညာဉ်များနှင့် ယှဉ်မရပါ။ သူ့ကျင့်စဉ်များ နည်းနည်းထူးခြားနေသည်မှာ မဆန်းလှ။
“သန့်စင်မှုကိုးပါးကို ငါပြီးမြောက်ဖို့လိုတယ်”
“သန့်စင်မှုကိုးပါး”
“ဟုတ်တယ်၊ ငါ့မှော်စွမ်းအားကို အထပ်ထပ်သန့်စင်တဲ့ ကျင့်ကြံနည်းပါ။ ငါ့စွမ်းအားအခြေခံကို ပိုခိုင်မာသန့်စင်အောင် လုပ်တာပါ”
နန်းကော အကျဉ်းချုပ်ရှင်းပြသည်။
“ကိုးကြိမ်တောင်လား။ အခု ဘယ်နှစ်ကြိမ်မြောက်သန့်စင်ပြီးပြီလဲ”
“ခုနစ်ကြိမ်မြောက်သန့်စင်ပြီးပြီ”
သူ့စကားသံတွင် ဝင့်ကြွားရိပ်တစ်ချို့ပါသည်။
“ဒါဆို ပြီးဖို့အတော်နီးနေပြီပေါ့။ မင်းက တကယ်တော်တာပဲ”
“အဲလိုမဟုတ်ဘူး။ သန့်စင်မှုကိုးပါးဟာ အစပိုင်းမှာ လွယ်တယ်။ အဆုံးသတ်ခါနီးရောက်လေ ခက်လေပဲ။ အက ငါ့လက်ရှိအဆင့်ကို ပြောတယ်။ ကိုးကြိမ်မြောက်သန့်စင်မှုဆိုတာ ကန့်သတ်ချက်ပါ။ သုံးကြိမ်ကနေ ငါးကြိမ်အထိ သန့်စင်ပြီးရင်လည်း အဆင့်တက်လို့ရတယ်”
“ဒါဆို မင်းက သတ်မှတ်ချက်မီနေပြီပဲ။ အဆင့်တက်လို့ရပါပြီ”
“ဟုတ်တယ်။ ဒါပေမယ့် သန့်စင်မှုကိုးပါးကို ပြီးအောင်လုပ်ရမယ်။ ငါ့အမလုပ်နိင်ခဲ့ရင် ငါလည်းလုပ်နိုင်ရမှာပေါ့”
သူ့မျက်လုံးတွင် ပြတ်သားသည့်အရိပ်များ ပေါ်နေသည်။
“မင်းလုပ်နိုင်မယ်ဆိုတာ ငါယုံကြည်ပါတယ်”
နန်းကော ရည်ရွယ်ချက်ကြီးကြီးထားလျှင် သူထောက်ပံ့ပေးရမည်။ သူ့အနေဖြင့် အချိန်စောင့်၍ နည်းနည်းကူညီရုံသာရှိသည်။ သို့သော် နန်းကောသည် အချိန်တိုအတွင်း အဆင့်တက်နိုင်မည်မဟုတ်။ တစ်ခုတည်းသော်မျှော်လင့်ချက်က နေမီးတောက်သစ်ပင်သာဖြစ်သည်။ ဒုတိယပန်းဖူး ပွင့်လာလျှင် သူ့စွမ်းအား ကွန်မန်ဒါအဆင့်သို့ တိုးလာမည်။ သို့သော် ကုကုကြီးသည် ထိုထက်ပိုကြီးလာဦးမလား သူသေချာမသိ။
“ဖလပ်ဖလပ်”
တုန်ဟွမ်းထွက်သွားပြီး တတိယနေ့တွင် ယွီယွီ ကောင်းကင်မှဆင်းလာပြီး ဖုန်ချင်အန်းအခန်းထဲ ဝင်လာသည်။ စွမ်းအင်ကျင့်ကြံနေသည်ကို နှောက်ယှက်သည်။ သူ့ဝိညာဉ်စွမ်းအင်အလင်းများ အနီရောင်ပြောင်းနေသည် ခုနစ်ခုမြောက်ဝိညာဉ်စာချုပ် ချုပ်နိုင်တော့မည့်သဘောဖြစ်သည်။
သို့သော် ဖီးနစ်ရောက်လာသဖြင့် သူအလုပ်ရပ်လိုက်ရသည်။ သားရဲသခင်ကျင့်စဉ်သည် အချိန်နေရာ ရုပ်ခန္ဓာ အကန့်အသတ်မရှိ။ စိတ်တည်ငြိမ်လျှင် အချိန်မရွေးကျင့်နိုင်သည်။ လိုအပ်လျင် တစ်ခြားအလုပ်များနှင့် တွဲဖက်ကျင့်ကြံနိုင်သည်။
“တုန်ဟွမ်း ဘယ်မှာလဲ။ သူမလာဘူးလား”
တစ်ကောင်တည်းရပ်နေသည့်ဖီးနစ်ကိုကြည့်၍ ဖုန်ချင်အန်း မျက်မှောင်နည်းနည်းကျုံ့သွားသည်။ လူသားကမ္ဘာတွင် ပေါ်လာတိုင်း တုန်ဟွမ်းပုခုံးပေါ် ပါလာစမြဲဖြစ်သည်။ သို့သော် ယနေ့ မတူ။
“တုန်ဟွမ်း ဒီနေ့အချိန်မရဘူး။ ငါတစ်ယောက်တည်းပဲ”
ဖီးနစ်ခပ်တင်းတင်း ပြောလိုက်သည်။
“ငါနင့်ကို လာတွေ့လို့မရဘူးလား”
“ရပါတယ်။ ဒါပေမယ့် တုန်ဟွမ်းမှာ ဘာလို့အချိန်မရှိတာလဲ”
ဖုန်ချင်အန်း အလျှော့မပေး။ ညီအမနှစ်ယောက်သည် မတူကြ။ နန်းကောကို နေ့တိုင်းတွေ့ရသည်။ တုန်ဟွမ်းက တစ်ခါတစ်ရံမှလာသော်လည်း အတော်ကောင်းသည်။ သို့သော် ထိုအချက်က အဓိကတော့မဟုတ်။ တုန်ဟွမ်းကို သူ့ကိုယ်ပေါ်မှ ယန်ထိန်းချုပ်တံဆိပ်နှင့်ပတ်သက်၍ အနည်းငယ်ပြောင်းလဲပေးစေချင်သောကြောင့်ဖြစ်သည်။
“နင့်ဓားကိုပြန်ယူလာဖို့ သူအချိန်ပေးတာနဲ့တင် လုံလောက်နေပြီ။ တစ်ခြား ဘာလိုချင်သေးလို့လဲ။ သူဘယ်လောက်အလုပ်များလဲ နင်သိလား”
“မသိဘူးလေ”
“မသိတာပဲကောင်းတယ်။ သိလည်း နင်ကူညီနိုင်မှာမဟုတ်ပါဘူး”
ခရီးဝေးမှလာခဲ့ရပြီး ဖုန်ချင်အန်း၏ ဆက်ဆံပုံကြောင့် ယွီယွီ အစာမကြေဖြစ်နေသည်။
“ရော့၊ ဒါက တုန်ဟွမ်းနင့်ကို ပေးခိုင်းလိုက်တဲ့ဟာပဲ။ မဟုတ်ရင် နင့်ကိုလာတွေ့ရမှာတောင် ငါပျင်းလွန်းလို့”
ဖီးနစ် နှုတ်သီးဟ၍ ရွှေချည်ထိုး အဖြူရောင်အဝတ်တစ်ခု ထွေးထုတ်လိုက်သည်။ သေးငယ်သည့် သူ့ခန္ဓာကိုယ်နှင့် အချိုးအစားမမျှ။ ထိုအဝတ်ပေါ်တွင် ကျောက်စိမ်းချိတ်ကလေးလည်း ပါသည်။
“ဒါက...ခါးပတ်လား”
အဝတ်စကိုကောက်ယူ၍ ထူးခြားသည့်ပုံစံကိုကြည့်လိုက်သည်။ သူ့ခါးတွင် စမ်းပတ်ကြည့်သည်။ သူ့မျက်နှာတွင် နားမလည်သည့်အမူအရာတစ်ခု ပေါ်လာသည်။ လက်ဆောင်က ခါးပတ်တစ်ခုဖြစ်သည်။ ခါးပတ်ပေါ်တွင် ကျောက်စိမ်းချိတ်တစ်ခုပါသည်။
************************************************