ကြိုတင်သတ်မှတ်ခြင်း
Vol. 10 Ch. 142
“ဘာတွေရယ်နေတာလဲ။ တုန်ဟွမ်းကို သက်ရှိတွေထည့်နိုင်တဲ့ မှော်အိတ်မျိုး ပေးထားတယ်မဟုတ်လား။ အင်း၊ အဲဒါပဲလေ”
ယွီယွီက မေးလိုက်သည်။ ဖုန်ချင်အန်းက ခါးပတ်ကိုကိုင်ကြည့်၍ သွားဖြဲနေသဖြင့် သူမကျေမနပ်ဖြစ်လာဟန်ရှိသည်။ သိပ်မကောင်းသည့်ပစ္စည်းတစ်ခုဟု ထင်နေပုံရသည်။
“ဒါ မှော်အိတ်လား”
ဖုန်ချင်အန်း ပြုံးရယ်နေရာမှ အံ့ဩရိပ်သန်းသွားသည်။
“တစ်ခြား ဘာပစ္စည်းထင်နေလို့လဲ။ အဝတ်စုတ်နဲ့လုပ်ထားတဲ့ ခါးပတ်တစ်ခုကို ဒီလောက်ခရီးဝေးကြီးဖြတ်ပြီး နင့်ဆီလာပို့မယ်ထင်နေလား”
“ဟုတ်လောက်တယ်”
ဖုန်ချင်အန်း အော်ဟစ်ရယ်မောလိုက်သည်။ သူတောင်းဆိုထားသည့် မှော်ပစ္စည်းဖြစ်သော်လည်း ခါးပါတ်ပုံစံဖြစ်နေသဖြင့် သူအတော်စိတ်ဝင်စားသွားမိသည်။
ပြီးခဲ့သည့်ရက်ပိုင်းက တုန်ဟွမ်း သူ့နားထဲသို့ကပ်၍ တစ်စုံတစ်ခု ခပ်တိုးတိုးပြောသွားသည်။ စွဲမက်ဖွယ်ကောင်းသည့် လူတစ်ယောက်အကြောင်းဟုထင်သည်။ သူ့နားထဲ ယာကျိကျိဖြစ်ခဲ့သည်။ သို့သော် အပြည့်အဝနားမကြားလိုက်။ ‘သခင်’ ဟုသည့်စကားသာ ကြားလိုက်သည်။
သခင်။
သူတွေးခဲ့သည်။ သူ့နာမည်ရှေ့တွင် ထည့်ခေါ်သည့ဂုဏ်ပုဒ်တစ်ခုဖြစ်နိုင်သည်။
သခင်ဖုန်။
ထိုနာမည်မျိုးမဖြစ်နိုင်။ “ယောက်ျားဖုန်”ဟု ခေါ်ခြင်းဖြစ်နိုင်သည်။
ထိုစဉ်က သူမေးခွင့်မရခဲ့။ သူ့ပါးစပ်ကို ပိတ်ထားခံရသည်။ ထိုအကြောင်း သူမေ့နေခဲ့သည်။ ယခု ခါးပတ်ကိုမြင်မှ ရုတ်တရက် ပြန်သတိရလာသည်။
“ဟွန်း၊ ငါတို့ကို ဒီလိုတွေးနေတယ်ဆိုတော့ နင်အတော်သွေးနထင်ရောက်နေတာပဲ။ ကုကုကြီးကို ထုတ်ပေး။ သူနဲ့ ခဏကစားပြီးမျှ တုန်ဟွမ်းဆီ ပြန်မယ်”
ဖီးနစ်က မကျေမနပ်ပြောသည်။
တုန်ဟွမ်း၏ သီးခြားအမိန့်ကြောင့်သာမဟုတ်လျှင် ထိုမျှခရီးဝေးထိ သူပျံသန်းလာမည်မဟုတ်။ သရဲနိုင်ငံက အားနည်းချိနဲ့နေသည်။ မြေအောက်ဘုံသည် ကမ္ဘာငယ်များအဖြစ် အစိတ်စိတ်အမွှာမွှာကွဲထွက်နေသည်။
ယုဟွမ်နိုင်ငံမှ လူသားကမ္ဘာသို့လာရန် လျှို့ဝှက်လမ်းကြောင်းများမှတစ်ဆင့် ဘုံနယ်မြေတစ်ချို့ကိုဖြတ်သန်း၍ နန်းကောနေသည့် နယ်မြေသို့ရောက်သည်။ ထို့နောက် လူသားကမ္ဘာသို့ကူး၍ ဖုန်ချင်အန်းကိုတွေ့ရသ်ည။
“အလျင်မလိုပါနဲ့၊ ဒါကိုဘယ်လိုသုံးရမလဲဆိုတာ အရင်ရှင်းပြပါဦး”
ဖုန်ချင်အန်း ဝိညာဉ်စွမ်းအင်ကို ခါးပတ်ထဲသို့ ပေါင်းစပ်လိုက်သည်။ နှစ်မိုင်သုံးမိုင်ကျယ်ပြန့်သည့် ဗလာနေရာလွတ်တစ်ခုကို သိစိတ်အာရံဖြင့် ခံစားမိသည်။
“ဘယ်လိုသုံးရမလဲ မသိသေးပေါ့။ ငါက ဘာလို့နင့်ကို သင်ပြပေးရမှာလဲ။ ကုကုကြီးကို မြန်မြန်ထုတ်ပေး။ အချိန်ဖြုန်းမနေနဲ့တော့”
ဖီးနစ်က မျက်လုံးစောင်း၍ ကြည့်သည်။ ဖုန်ချင်အန်းက ခါးပတ်ကို စသုံးကြည့်နေပြီဖြစ်ကြောင်း ရိပ်စားမိသည်။
“ဒီထဲမှာ သက်ရှိတွေ ထည့်ထားလို့ရလား”
ဖုန်ချင်အန်း မျက်မှောင်ကျုံ့သွားသည်။ ခါးပတ်ထဲမှ နေရာသည့် သရဲနိုင်ငံလိုပင် ခြောက်ကပ်နေသည်။ အနည်းဆုံးတော့ သရဲနိုင်ငံတွင် ယင်လေပြင်းများ တိုက်ခတ်နေသေးသည်။ ဤခါးပတ်ထဲတွင် ဘာမှမရှိ။
“ရတာပေါ့။ နင်မွေးထားတဲ့ကြက်ကိုတောင် ဒီထဲမှာထည့်ထားကြည့်သေးတယ်။ အတော်ကြာအောင် မသေဘဲ ပျံနိုင်တယ်။ သက်ရှိတွေကို ထိန်းထားလို့ရတာ သေချာပါတယ်”
ယွီယွီ အလေးအနက်ပြောသည်။ ထိုခါးပတ်ဘေးကင်းမကင်း သူသေချာအတပ်မသိ။ သို့သော် သူထွက်မလာမီက ကြက်ဖကို တမင်ကျီစယ်၍ စမ်းထည့်ကြည့်ခဲ့သည်။
“ဒါပေမယ့် သက်ရှိတွေ ထည့်ထားချင်ရင် ရေနဲ့အစာလည်း ပုံမှန်ထည့်ထားဖို့လိုလိမ့်မယ်။ မဟုတ်ရင် ငတ်သေသွားမှာ”
“အစာကျွေးရဦးမယ်ပေါ့”
ဖုန်ချင်အန်း စိတ်ပျက်လက်ပျက် ပြန်မေးလိုက်သည်။ သူ့စိတ်ထဲလိုချင်သည့်ပုံစံကိုလည်း ဆက်ပြောမိသည်။
“အထဲမှာ တောင်တန်းတွေ မြစ်ချောင်းတွေ ဓာတ်ငါးမျိုးရာသီစက်ဝန်းတွေ နေနဲ့လလည်ပတ်နေတာတွေရှိတဲ့ ပစ္စည်းမျိုး မရှိဘူးလား”
“အင်း ရှိတာပေါ့”
“တကယ်လား”
ဖုန်ချင်အန်း အံ့ဩသွားသည်။ သူက စကားအဖြစ်သာ မေးလိုက်ခြင်းဖြစ်သည်။ ထိုမှော်အိတ်မျိုး ရှိမည်ထင်မထား။
“ရှိတာပေါ့။ ဒါပေမယ့် ဒီကမ္ဘာငယ်လို မသေမျိုးရတနာက တုန်ဟွမ်းကို သွားတောင်းလည်း ရမှာမဟုတ်ဘူး။ တကယ်လိုချင်တယ်ဆိုရင် ကိုယ်တိုင်ရှာကြည့်ပေါ့။ တစ်နေရာရာမှာ နင်တူးဆွဖို့ စောင့်နေတာမျိုး ရှိချင်ရှိနေမှာပေါ့”
ယွီယွီစကားက သရော်ရိပ်လည်းပါသည်။ အလေးအနက်လေသံလည်း ဆန်သည်။
ဖုန်ချင်အန်း ကောင်းကင်ဆင်းရဲဆင့်ခေါ်သည်ကို သူမြင်ခဲ့သည်။ သူတော်စင်ဖြစ်လာမည့် အကိုတစ်ယောက်ရှိကြောင်း သိရသည်။ ဖုန်ချင်အန်း၏ အတိတ်ဘဝ ထူးခြားသော်ကြောင့်သာဖြစ်မည်။ မဟုတ်လျှင် ထိုအကျိူးကျေးဇူးမျိုးမရနိုင်ပေ။
လူဝင်စားပြီးနောက် ရနိုင်မည့်ရတနာများကို သူ့ဘာသာစီစဉ်ထားခဲ့နိုင်သည်။ ကမ္ဘာငယ်မှော်အိတ်သည် သိပ်မဆန်းပြားလှ။
“ငါက ဒီအတိုင်းပဲ မေးလိုက်တာပါ”
သူ့တောင်းဆိုချက် လွန်ကဲသွားကြောင်း ဖုန်ချင်အန်း သိလိုက်သည်။ သက်ရှိများထည့်နိုင်သည့် ပစ္စည်းရှိခြင်းသည်ပင် အတော်ကောင်းနေပြီဖြစ်သည်။
“ကုကုကြီး၊ ထွက်ခဲ့တော့”
မီးတောက်တစ်ခု သူ့ပုခုံးမှ ထွက်လာသည်။ မီးငှက်အဖြစ်ပြောင်းသွားသည်။ ကြည်လင်တောက်ပသည့် အမွှေးအတောင်တို့ဖြင့် ချစ်စဖွယ် အော်မြည်နေသည်။
“ယွီယွီ၊ သူ့ကို ခေါ်သွားပြီး ကစားတော့”
“ခဏနေဦး”
ဖီးနစ် အလျင်စလိုမရှိတော့”
ဖုန်ချင်အန်း၏ လွတ်နေသည့် ပုခုံးတစ်ဘက်ပေါ် ခုန်တက်၍ သူ့ကိုစိုက်ကြည့်သည်။
“ဘာဖြစ်ပြန်ပြီလဲကွာ”
ဖုန်ချင်အန်း စိတ်မရှည်တော့။
“ငါဒီလောက်အဝေးကြီးလာပြီး ခါးပတ်ကိုပေးရတာ။ လက်ဆောင်လေးတစ်ခုတစ်လေ မရသင့်ဘူးလား”
ဖီးနစ်၏ အောက်သို့ကျနေသည့် အမြီးက အပေါ်သို့ကွေးတက်သွားသည်။
“ဘာရယ်”
“ငါ့ကို လက်ဆောင်မပေးတော့ဘူးလား”
“ကုကုကြီးကို မင်းနဲ့ကစားဖို့ ထုတ်ပေးပြီးပြီလေ။ တစ်ခြားဘာလိုချင်သေးလို့လဲ။ မင်းလိုအဆင့်မြင့်ဖီးနစ်တစ်ကောင်နဲ့ သင့်တော်မယ့်လက်ဆောင်မျိုး ငါ့မှာမရှိဘူး။ တစ်ခုမှမရှိဘူး”
“ရှိပါတယ်”
ဖီးနစ်က စိုက်ကြည့်နေသည်။
“ဘာရှိလို့လဲ”
ဖုန်ချင်အန်း နားမလည်နိုင်အောင် ဖြစ်သွားသည်။
“ငါ့ကို မြေဖီးနစ်အဖြစ် တစ်ကြိမ်လောက်အသွင့်ပြောင်းခွင့်ပေးပါ”
“ဘာမြေဖီးနစ်လဲ”
ဖုန်ချင်အန်း ကြောင်တက်တက်ဖြစ်နေသည်။ နည်းနည်းတော့ ရိပ်မိသလိုလိုရှိသည်။
“ငါ့ကို အရူးကွက်လာမနင်းနဲ့။ ငါသိတယ်။ တုန်ဟွမ်း သရဲဘုရင်ကိုသတ်တုန်းက ကြက်သတ်သလို လွယ်လွယ်လေးပဲ။ လက်ကိုဆန့်ထုတ်တယ်။ မြေပြင်ပေါ်က တောင်တန်းတွေက လက်ချောင်းတွေအဖြစ်ပြောင်းသွားတယ်။ ပြီးတော့လက်ဝါးတစ်ခုပုံစံ ဖြစ်လာတယ်။ ပြီးတော့ သရဲဘုရင်ကို အသေညှစ်သတ်ပစ်တာ”