← Chapters

ကြိုတင်သတ်မှတ်ခြင်း (၂)

Vol. 10 Ch. 143

ကြိုတင်သတ်မှတ်ခြင်း (၂)

Vol. 10 Ch. 143

ဖီးနစ်မျက်နှာက ‘ငါအကုန်သိတယ်’ဟူသည့် အချိုးမျိုးဖြစ်သည်။ အားလုံးကို သူရိပ်စားမိပြီးဖြစ်သည်။ ယခု ဖုန်ချင်အန်းနှင့် နှစ်ယောက်တည်း နေခွင့်ရပြီဖြစ်၍ စမ်းကြည့်ရန် ဆုံးဖြတ်လိုက်သည်။

“တုန်ဟွမ်း ဒီလိုစွမ်းအားမျိုးသုံးတာ ငါတစ်ခါမှမမြင်ဖူးဘူး။ ဒါပေမယ့် နင်နဲ့တွေ့မှ သူသုံးနိုင်လာတာ။ ဒီတော့ ဒီစွမ်းအားကို နင်ငှားလိုက်တာပဲမဟုတ်လား”

“တောင်တန်းကို လက်ချောင်းအဖြစ်ပြောင်းတယ်တဲ့လား။ အံ့ဩစရာပဲ”

ဖုန်ချင်အန်းလည်း အံ့ဩသွားသည်။ ထိုမြင်ကွင်းကို သူမမြင်ခဲ့ရ။

“နင်မသိဘူးပေါ့”

ဖီးနစ် နားမလည်နိုင်အောင် ဖြစ်သွားသည်။

“ငါက အဲဒီ့အဆင့်မျိုးထိ မသုံးနိုင်ဘူး”

ဖုန်ချင်အန်း ပြန်ဖြေသည်။

ခန္ဓာကိုယ်အရည်အသွေးနှင့်အဆင့်တိုးလာလေ စွမ်းအားပိုထင်ရှားလာလေဖြစ်သည်။ လက်ရှိသူ့စွမ်းအားက အနည်းအကျဉ်းမျှသာ အသုံးပြုနိုင်သည်။

“ဒီစွမ်းအားက တကယ်နင့်ဆီကပေါ့”

ဖုန်ချင်အန်း ဝန်ခံသလိုဖြစ်သွားသဖြင့် ယွီယွီ ကျေနပ်သွားသည်။ စိတ်လှုပ်ရှားလာသည်။ လျှို့ဝှက်ချက်ကို သိရသဖြင့် ပျော်သွားသည်။

“ယွီယွီ၊ မင်းဒီလောက်ပါးနပ်မယ်လို့ ထင်မထားဘူး။ တကယ်လေးစားစရာပါပဲ”

ဖုန်ချင်အန်း ချီးကျူးလိုက်သည်။ ကလေးတစ်ယောက်လို ဂျီကျနေသည့် ဖီးနစ်ဟု မထင်မိတော့။

“ကောင်းတယ်။ ငါဘယ်လိုဖီးနစ်လဲ နင်သိသင့်တာပေါ့”

ဖီးနစ် ဝင့်ကြွားဟန်ဖြင့် ခေါင်းမော့နေသည်။ အမြီးမှအတောင်များ လေတိုက်သကဲ့သို့ တဖျတ်ဖျတ်ခါနေသည်။

“မြန်မြန်လုပ်ပါ။ငါစမ်းကြည့်ပါရစေ”

“ဘာကိုစမ်းမှာလဲ”

ဖုန်ချင်အန်း တမင်နားမလည်ချင်ဆောင်လိုက်သည်။

“မဟာမြေဖီးနစ်လေ။ ငါစမ်းကြည့်ချင်တယ်”

ယွီယွီ သူ့ပုခုံးပေါ်တွင် ခုန်ဆွခုန်ဆွလုပ်၍ ဂဏာမငြိမ်ဖြစ်နေသည်။

“ဒါတော့ အဖြစ်သင့်ပါဘူး။ မင်းက ကောင်းကင်မှာပျံတဲ့ နတ်ဖီးနစ်လေ။ မြေပြင်နဲ့ဘာဆိုင်လို့လဲ။ မြေပေါ်က ကြက်မို့လို့လား”

“အဲဒီ့စွမ်းအား ငါ့ကိုငှားဖို့ ဆက်စပ်မှုတစ်ခု ရှိရမှာလား”

ယွီယွီ သူ့ပုခုံးပေါ်မှ စားပွဲပေါ် ဆင်းသွားသည်။ ဖုန်ချင်အန်းမျက်စိရှေ့မှာပင် အမြီးကိုမြှောက်၍ သွယ်လျသည့်ခြေသည်းများကို ငြင်သာစွာချ၍ ကြွကြွရွရွရပ်လိုက်သည်။

အဆင့်မြင့်သည့် နတ်ဖီးနစ်ပုံစံက ကြောင်တောင်တောင်ဖြစ်နေသည်။ အူတူတူပုံစံဖမ်းထားသည်။ ဖုန်ချင်အန်း ရယ်ချင်စိတ်ကို မနည်းထိန်းထားရသည်။ သို့သော် ရွှေကြက်ဖနှင့်တကယ်တူသည်။

“မင်းဘာလုပ်နေတာလဲ”

“ငါအခု နင်မွေးထားတဲ့ကြက်နဲ့ မတူဘူးလား”

ဖီးနစ်ငှက် လုံးဝအရှက်မရှိ။ မြေနတ်ဘုရားစွမ်းအားကို အတော်လိုချင်နေပုံရသည်။

“ယွီယွီ၊ မင်းလိုနတ်ဖီးနစ်က ကြက်လိုလမ်းလျှောက်ဖို့သင်နေတယ်ပေါ့။ ဖီးနစ်မျိုးနွယ်ကို သိက္ခာချနေတာပဲ။ မင်းမိဘတွေသာမြင်ရင် ဒေါသထွက်လွန်းလို့တောင် သေသွားနိုင်တယ်”

“ငါက မိုးမြေက မွေးဖွားလာတဲ့ ဖီးနစ်ပါ။ ငါ့မှာ မိဘမရှိဘူး”

ယွီယွီ ရင်ကော့၍ ခေါင်းမော့ထားသည်။ သူ့ကိုသူ အတော်ဂုဏ်ယူထားဟန်ရှိသည်။

“ဖီးနစ်မျိုးနွယ်ရဲ့ ဂုဏ်သိက္ခာကရော ငါနဲ့ဘာဆိုင်လို့လဲ။ သူတို့ငါ့ကို ကျွေးမွေးခဲ့တာ စောင့်ရှောက်ခဲ့တာမဟုတ်ဘူး။ သူတို့ကို ငါဘာဂရုစိုက်ရမှာလဲ။ ငါလိုချင်တာ စွမ်းအားပဲ”

“ဖြစ်သင့်ပါတယ်လေ”

လက်တွေ့ကျသည့် သဘောထားကြောင့် ဖုန်ချင်အန်း ခေါင်းငြိမ့်လိုက်သည်။ ဖီးနစ်သည် ဝမ်းနည်းစရာအဖြစ်အပျက်တစ်ချို့ကို ဖြတ်ကျော်ခဲ့ရဟန်တူသည်။ မဟုတ်လျှင် ဖီးနစ်ဟူသည့်ဂုဏ်မာနကို စွန့်ပယ်မည်မဟုတ်။

“ဖြစ်သင့်တယ်ဆိုရင် ငါ့ကို မြေစွမ်းအားမြန်မြန်ပေးတော့။ တစ်ခါလောက်ပဲ စမ်းကြည့်မယ်”

ဖီးနစ်က ဖုန်ချင်အန်း ပုခုံးပေါ်ပြန်တက်လာသည်။ ဖုန်ချင်အန်းမေးစေ့ကို ခေါင်းဖြင့်ပွတ်၍ ကလေးတစ်ယောက် ဂျီကျသလိုလုပ်နေသည်။

“ယွီယွီ၊ မင်းကို အဲဒီ့စွမ်းအား မငှားချင်လို့မဟုတ်ပါဘူး။ ငါငှားလို့မရလို့ပါ။ ငါတို့ကြားမှာ ခိုင်မာတဲ့ဆက်သွယ်မှုမျိုး မရှိဘူးလေ။ နားလည်တယ်မဟုတ်လား”

အလေးအနက်ထား၍ ရှင်းပြရသည်။ ထိုအရှက်မရှိသည့်ဖီးနစ်က အလျှော့ပေးမည့်ဟန်မရှိ။

“ငါ ဝိညာဉ်စာချုပ်ချုပ်ဖို့လိုလား။ ရတယ်လေ။ ဒါဆို အခုချက်ချင်း စာချုပ်ချုပ်မယ်”

ယွီယွီ တကယ်ပါးနပ်သည်။ အားလုံးကို ရိပ်မထားသည်။ အခြေအနေကို နားလည်သည်။ သူ့ဘာသာ အရင်ပြောလိုက်သည်။

“စာချုပ်ချုပ်လို့မရဘူး”

ဖုန်ချင်အန်း ခေါင်းခါသည်။

“ဘာလို့လဲ၊ တုန်ဟွမ်းနဲ့ကျတော့ရပြီး ငါနဲ့ကျတော့ ဘာလို့မရတာလဲ။ နင်ငါ့ကို အထင်သေးနေတာလား။ ငါက နင်မွေးထားတဲ့ဟိုကြက်ဖထက် ညံ့ဖျင်းတယ်လို့ ထင်နေတာလား”

“မင်းဘာတွေ လျှောက်တွေးနေတာလဲ။ မင်းက စွမ်းအားမြင့်လွန်းလို့ ငါစာချုပ်ချုပ်လို့မရတာပါ”

“အကြောင်းပြချက်တွေပါ။ ပြီးခဲ့တစ်ခေါက် ငါ့အစွမ်းတွေ နင့်ကိုယူသုံးဖို့ပြောတော့လည်း ငါကစွမ်းအားကြီးလွန်းတယ်လို့ပြောခဲ့တာပဲ။ အခုလည်း အဲလိုထပ်ပြောနေပြန်ပြီ။ အားလုံးက ငါ့အပြစ်လား”

ဖီးနစ်မျက်လုံးမှ မျက်ရည်များကျလာသည်။ ချက်ချင်းအေးခဲသွားပြီး ဖုန်ချင်အန်း လည်ပင်းပေါ်ကျသည်။ အေးစိမ့်လွန်းသဖြင့် တစ်ကိုယ်လုံး တုန်သွားသည်။ သို့သော် သူ့ကိုယ်ထဲမှ နေမီးတောက်သစ်ပင်စွမ်းအားက ချက်ချင်းခုခံကာကွယ်ပေးသည်။

“မင်းအမှားမဟုတ်ပါဘူး။ ငါ့အမှားပါ။ ငါက မင်းနဲ့ယှဉ်ဖို့ အားနည်းလွန်းနေသေးတယ်”

ဖုန်ချင်အန်း နှစ်သိမ့်သည်။

“ဒါဆို တုန်ဟွမ်းနဲ့ကျတော့ ဘာလို့ရတာလဲ”

ယွီယွီ အလျှော့မပေးသေး။

“သူက သူ့စွမ်းအားကို အပြည့်အဝထိန်းချုပ်နိုင်တယ်။ ဒါတောင်ငါ့အတွက် အရမ်းဖိအားကြီးလွန်းတယ်။ မင်းနဲ့သာထပ်ပြီး စာချုပ်ချုပ်ရရင် ငါချက်ချင်းအမှုန့်ဖြစ်သွားနိုင်တယ်”

ခေါင်းနည်းနည်းကိုက်လာသဖြင့် နဖူးကိုပွတ်ရင်း သူဖြေသည်။ သူက ဖီးနစ်၏ မျက်စိကျစရာဖြစ်လာသည်။ ဖီးနစ်က စာချုပ်ချုပ်ရန် အရင်ကမ်းလှမ်းလာသည်။

ထိုဖီးနစ်သည် ဦးနှောက်မသေးလှ။

“ဆင်ခြေတွေပါ”

ဖီးနစ် မကျေမနပ်ဖြစ်သွားပြီး ဖုန်ချင်အန်းကို အော်ဟစ်လိုက်သည်။

“ဆင်ခြေမဟုတ်ပါဘူး။ အမှန်တရားပါ။ ငါ လုံလောက်တဲ့အတိုင်းအတာထိ စွမ်းအားကြီးလာတာနဲ့ မင်းနဲ့ချက်ချင်းစာချုပ်ပြီး မြေစွမ်းအားကို လွှဲပေးမယ်လို့ ကတိပေးပါတယ်”

ဖုန်ချင်အန်း ကတိပေး၍ချော့ရသည်။ ကောင်းကင်တွင် မုန့်လုံးပုံတစ်ခု ‌ရေးခြယ်ပြရသည်နှင့်တူသည်။ သို့သော် ထိုမုန့်လုံးကို တကယ်လည်းရနိုင်ပါသည်။

ထိုဖီးနစ်ပေါက်စကို ကိုင်တွယ်သည့်နည်းလမ်းလည်းဖြစ်သည်။ ထိပ်တန်းမိုနာ့နှစ်ယောက်၏ ဖိအားဒဏ်ကို သူခံနိုင်မည်မဟုတ်။ တုန်ဟွမ်းက သူ့စွမ်းအားသူထိန်းချုပ်နိုင်၍သာ တော်သေးသည်။ မဟုတ်လျှင် တတိယစာချုပ် ပျက်စီးပြီးဖြစ်လိမ့်မည်။

“နင်ကိုယ်တိုင်ပြောတာနော်။ ငါ့ကို မလှိမ့်တပတ်မလုပ်နဲ့”

“ဒါပေါ့ လူကြီးလူကောင်းတစ်ယောက်ရဲစကားဆိုတာ မြင်းနဲ့ဆွဲရင်တောင် ပြန်မရုတ်သိမ်းဘူး

ဖုန်ချင်အန်း ခပ်တည်တည်ပြောလိုက်သည်။

“မြင်းက ဘာလုပ်မှာလဲ။ နင့်စကားကို နဂါးဆယ်ကောင်ဆွဲရင်တောင် ပြန်မရုတ်သိမ်းရဘူ”

“ဟုတ်တယ်။ နဂါးဆယ်ကောင်ဆွဲရင်တောင် ပြန်မရုတ်သိမ်းဘူး”

ဖီးနစ်စကားကို သံယောင်လိုက်၍ သူထပ်ပြောလိုက်သည်။

“ဒါဆို ငါမှတ်ထားလိုက်မယ်။ နင်စွမ်းအားတိုးလာရင် ငါ့ကိုလာရှာပါ။ ဒါမှမဟုတ် ငါနင့်ကိုလာရှာမယ်”

ယွီယွီ ယုံကြည်သွားသည်။ ထို့နောက် ကုကုကြီးဆီ အာရုံပြောင်းသွားသည်။

“မင်းတို့ သွားကစားကြပါ”

အကြီးအသေးငှက်နှစ်ကောင် ပျံထွက်သွားသည်။ ဖုန်ချင်အန်း လက်ထဲမှ မှော်အိတ်ခါးပတ်ကိုကြည့်သည်။ ပိုးချည်ကဲ့သို့ နူးညံ့သည့်အသားကို သူခံစားမိသည်။ သူ့မျက်နှာတွင် အပြုံးရိပ်ပေါ်လာသည်။

“ဪ... ယုဟွမ်သခင်မရယ်”

ဖုန်ချင်အန်း လွမ်းနေသော်လည်း ယုဟွမ်သခင်မ ပေါ်မလာသည်မှာ အတော်ကြာပြီဖြစ်သည်။ တစ်ခါတစ်ရံမှသာ ဝိညာဉ်စာချုပ်မျ ဆက်သွယ်သည်။ နိုင်ငံအုပ်ချုပ်သူဖြစ်၍ အားလပ်ချိန်သိပ်မရ။

ဖုန်ချင်အန်းလည်း ကိုယ်ပိုင်လုပ်စရာကိစ္စများရှိသည်။ အရိုးစုကြီးနှင့် နေမီးတောက်သစ်ပင်ကို သူ့ဝိညာဉ်စွမ်းအင်များ ထည့်သွင်းပေါင်းစပ်ပေးရသည်။

ဆောင်းမှနွေသို့ပြောင်းလာသည်။ ယုန်ကန် ၂၉ခုနှစ်ကုန်ဆုံး၍ နှစ်သစ်ကိုရောက်လာသည်။ ဖုန်ချင်အန်း အသက်ဆယ့်နှစ်နှစ်ပြည့်၍ ဆယ့်သုံးနှစ်ထဲ ဝင်လာသည်။ ဆယ့်လေးနှစ်သားဟု အမည်ခံထားသည်။ သူ့အိမ်က တဖြေးဖြေးခြောက်ကပ်လာသည်။

နှစ်သစ်ကူးချိန်တွင် သူ့အကိုက စာတစ်ချို့သာ ပို့ခဲ့သည်။ ထိုစာထဲတွင် သူ့အကို နယ်မြေတစ်ခုသို့ စေလွှတ်ခြင်းခံရသဖြင့် အလုပ်များနေကြောင်း ပြောထားသည်။ ဘာကြောင့်အလုပ်များနေသည်ကိုတော့ သေချာရှင်းပြမထား။

မိဘနှစ်ပါး၏ စီးပွားရေးလုပ်ငန်းများလည်း ကောင်တီမြို့တွင် ကျယ်သထက်ကျယ်ပြန့်လာသည်။ စားသောက်ဆိုင်၊ စာအုပ်ဆိုင်၊ လက်ဖက်ရည်ဆိုင်စသည့် လုပ်ငန်းပေါင်းများစွာတွင် ပါဝင်ထားသည်။ ထို့ကြောင့် အိမ်ပြန်ချိန် ပို၍နည်းသွားသည်။

ဖုန်ချင်အန်း ထိုအဖြစ်ကို အရေးမစိုက်ပါ။ ညတိုင်း သူနှင့်အတူ လူတစ်ယောက်ရှိနေသည်။ သို့သော် သူအလေးထားရမည့် အနီးအနားမှ အပြောင်းအလဲတစ်ချို့တော့ရှိသည်။ တစ်ချို့ကိစ္စများကို သူလျစ်လျူရှုထား၍မဖြစ်။

အလွန်တရာကြီးမားသည့် ‌ဗောဓိကျောင်းကြီးတစ်ခု ရွာအနီးတွင် တည်ဆောက်ကြသည်။

ကောင်တီမြို့မှ သံသရာကိုကြိုမြင်နိုင်သည်ဆိုသည့် ခရီးသွားတာအိုဘုန်းကြီးတစ်ပါးလည်း ရောက်လာသည်။ သူဟောပြောသမျှစကားတိုင်း တိကျသည်။ လုံးဝမမှားဖူးဟုဆိုသည်။

All Chapters