တောင်ပံလေးခု
Vol. 10 Ch. 145
အချိန်တိုအတွင်း မြင့်မားသည့်စွမ်းအားရလာတိုင်း ကောင်းသည်မဟုတ်။ ထိုစွမ်းအားကို မထိန်းချုပ်နိုင်သည့် စိတ်ဓာတ်ခွန်အားမျိုးမရှိလျှင် နောက်ပိုင်းတွင် ဒုက္ခရောက်သွားနိုင်သည်။ သာမန်လူတစ်ယောက်၏ ဗီဇစိတ်ကို ရုတ်တရက်မြင့်တက်လာသည့်စွမ်းအားက ဖျက်ဆီးနိုင်သည်။
ကျင့်ကြံမှုလမ်းသည် မျှခြေရှိဖို့လိုသည်။ ကျင့်စဉ်အမြန်တိုးပြီလျှင် ပါရမီရှိသည်ဟု သတ်မှတ်ပြီး ထိုလမ်းစဉ်သည် ကိုယ့်အတွက် သင့်တော်သည်ဟု နားလည်ပြီးလျှင် အချိန်ယူ၍ တည်ငြိမ်အောင် ထိန်းရသည်။ စိတ်ဓာတ်ကို သန့်စဉ်ရသည်။ စိတ်ဓာတ်စွမ်းအားနှင့် ရထားသည့်ခွန်အား ကိုက်ညီရသည်။
စွမ်းအားတိုးလာရုံသက်သက်သည် ကျင့်စဉ်လမ်း၏ လမ်းကြောင်းမဟုတ်။ စိတ်ဓာတ်ကိုသန့်စဉ်၍ တဖြေးဖြေးပြောင်းလဲရခြင်းသည်လည်း အရေးကြီးသည့် လေ့ကျင့်မှုဖြစ်သည်။ ထိုအပိုင်းသည် ထိတွေ့၍လည်းမရ။ မြင်သာထင်သာလည်း မရှိသဖြင့် ပို၍ပင်ခက်ခဲသေးသည်။
“ဒီည နေမီးတောက်သစ်ပင်ကပန်းတွေ ပွင့်လောက်ပြီ”
ညကောင်းကင်တွင်ထွက်ပေါ်နေသည့် ဗုဒ္ဓအလင်းကို သူကြာကြာအာရုံမစိုက်တော့။ လှည့်ထွက်၍ မြေအောက်ဘုံအက်ကြောင်းဆီလျှောက်သွားသည်။ ညတိုင်းမြေအောက်ဘုံကိုဝင်ရသည်မှာ အကျင့်လိုဖြစ်နေသည်။
မြေအောက်ဘုံဝင်ပြီးနောက် သူ့ကိုယ်ထဲမှ နေမီးသန္ဓေစွမ်းအားများ လည်ပတ်လာသည်။ ယင်လေပြင်းများ တိုက်ခတ်နေသော်လည်း သူ့အတွက် အခက်အခဲမရှိ။ နန်းကောကို တွေ့သည်။ ပျော်ရွှင်စွာကြည့်နေသည့် ကောင်မလေးကို ရင်ခွင်ထဲဆွဲပွေ့၍ ရှေးခေတ်စစ်မြေပြင်ဟောင်းဆီ ခေါ်လာခဲ့သည်။
အဆက်မပြတ်ပြေးလွှားပြီးနောက် မကြာမီ နှစ်သန်းချီသက်တမ်းရှိရေခဲပမာ အေးစိမ့်သည့်စွမ်းအင်ရောင်များ ထွက်နေသည့် တောင်တန်းပေါ်သို့ တက်လာခဲ့သည်။ တောင်ထိပ်တွင် ခုနစ်ပေခန့်ရှည်သည့် နေမီးတောက်သစ်ပင်မှ မီးစွမ်းအင်များ ထွက်ပေါ်နေသည်။
ပင်စည်က သွယ်လျဖြောင့်တန်းသည်။ သစ်ကိုင်းသုံးခုသာရှိသည်။ သစ်ရွက်များက စိမ်းစိုနေသည်။ အရွက်နှစ်ဆယ်ကျော်သာရှိသည်။ အရည်သွေးမြင့်သစ်သားတုတ်လုပ်ရန် ထိုသစ်ပင်ကိုခုတ်လှဲဖို့ သူတွေးမိသည်။ နည်းနည်းအချောသပ်လိုက်ရုံဖြင့်အဆင်ပြေလိမ့်မည်။
သို့သော် ဦးနှောက်ကြောင်နေလျှင်ပင် ထိုအလုပ်မျိုး သူမလုပ်ပါ။ ထိုသစ်ပင်ကို နှစ်ဝက်ခန့် သူဂရုစိုက်ခဲ့သည်။ ဝိညာဉ်စွမ်းအားများစွာ လောင်းထည့်ခဲ့သည်။
“ပွင့်သင့်ပြီ။ မဟုတ်ရင်တော့ အဆင်မပြေတော့ဘူး”
ပင်စည်ပေါ် လက်ဝါးတင်လိုက်သည်။ လက်ဝါးမှ ဝိညာဉ်စွမ်းအင်များ ထွက်လာသည်။
ထုံးစံအတိုင်း နေမီးတောက်သစ်ပင်က ဝင်လာသမျှ ဝိညာဉ်စွမ်းအင်အားလုံး လက်ခံသည်။ ထိုသို့လက်ခံရင်း တောင်တန်းပေါ်တွင် စုဝေးနေည့် အေးစိမ့်သည့်ယင်စွမ်းအင်များကိုလည်း ဆွဲယူသည်။
“ကူး ကူး”
အနီရောင်မီးတောက်တစ်ခု သူ့ပုခုံးပေါ်တွင်ပေါ်လာသည်။ အရွယ်အစားကြီးမားလာသည့် ငှက်တစ်ကောင် ပေါ်လာသည်။ ဒုတိယသစ်ကိုင်းမှ မပွင့်သေးသည့် ပန်းဖူးကိုကြည့်သည်။ မျှော်လင့်စောင့်စားနေသည်။ သူမကြာမီ အဖေါ်ရတော့မည်။ အထီးမကျန်နိုင်တော့။
“ကူး ကူး”
ငှက်ငယ်တစ်ကောင်၏အော်သံ ထွက်ပေါ်လာသည်။ သင်းပျံ့သည့် ပန်းနံ့ သူ့ဝိညာဉ်ထဲသို့ စိမ့်ဝင်လာသည်။ အားဖြည့်ပေးသည်။ ဝိညာဉ်စာချုပ်တုံ့ပြန်မှုအရ ဒုတိယပန်းဖူး ပွင့်လာပြီဖြစ်ကြောင်း သိလိုက်သည်။
တစ်ချိန်တည်းမှာပင် လျှို့ဝှက်ကျင့်စဉ်နည်းတစ်ခု သူ့မှတ်ဉာဏ်သို့ ဝင်လာသည်။
(ရွှမ်သားရဲဂိုဏ်း- မစ်ရှင်ခွဲ။ ဂိုဏ်းတစ်ခု တည်ထောင်ခြင်း။ ပြီးဆုံးပါပြီ”
(ဆုလာဒ် - ဝိညာဉ်စားထောက်ပံ့ကျိန်စာ)
(လက်ခံလိုပါသလား)
“လက်ခံမယ်”
လျှို့ဝှက်နည်းလမ်းလက်ခံပြီးနောက် နေမီးတောက်သစ်ပင်အခြေအနေကို သူပြန်ကြည့်သည်။
(စတုတ္ထဝိညာဉ်စာချုပ် - နေမီးတောက်)
(မျိုးစိတ် - နေမီးတောက်သစ်ပင်)
(စွမ်းရည် - နေ၊ သစ်သား၊ ကောင်းကင်)
(စွမ်းရည် - ကွန်မန်ဒါ၊ ထိပ်တန်း)
(တိုက်ခိုက်စွမ်းအား - ကွန်မန်ဒါ၊ အခြေခံအဆင့်)
စွမ်းရည်နှင့် တိုက်ခိုက်စွမ်းအား အတူတူမြင့်တက်လာသည်။ သူသိပ်အားမရ။ သခင်အဆင့်သို့ မရောက်သေးသောကြောင့်ဖြစ်သည်။ သို့သော် ယခုအတိုင်းဆိုလျှင် စိုးရိမ်စရာတော့ သိပ်မရှိ။ ဤသစ်ပင်လည်း သူ့လိုပင် တိုးတက်မျုနှေးသည့်ကာလသို့ ရောက်နေပုံရသည်။
“ကျိ ကျိ”
ကြည်လင်သာရာသည့် ငှက်ပေါက်လေးအသံ ပေါ်လာသည်။ ဖုန်ချင်အန်း ပုခုံးပေါ်မှ ငှက်အကြီးက ပျံထွက်သွားပြီး သစ်ပင်ထက်မှ ပွင့်နေသည့်ပန်းပေါ် နားလိုက်သည်။ သူ့အမျိုးတူငှက်တစ်ကောင် ခန္ဓာကိုယ် တည်ဆောက်နေပုံကြည့်သည်။
“ကူး ကူး”
မွေးဖွားလာသည့် ဒုတိယနေမီးသန္ဓေငှက်က အသံမျိုးစုံ စမ်းသပ်အော်မြည်နေပြန်သည်။ သူ့ထက်ကြီးသည့် ပထမငှက်ကိုကြည့်၍ ခိုညည်းသံကဲ့သို့ အသံပေးသည်။
ဖုန်ချင်အန်း စိတ်သက်သာရာရသွားသည်။ ဤငှက်ပေါက်လေးကို အားကုကု (ကုကုလေး) ဟု နာမည်ပေးရုံသာရှိသည်။ သိပ်မရှုပ်ထွေးတော့။
(**တာ့ကုကုသည် ကုကုကြီး။ အားကုကုသည် ကုကုလေးဖြစ်သည်။ နောက်ထပ်မွေးလာလျှင် မည်သို့နာမည်ပေးမည်မသိ။ ဇော်ကြီး၊ ဇော်လေး ပြီးလျှင် ဇော်ထွေး ဖြစ်လာသကဲ့သို့ ကုကုထွေး ဖြစ်လာနိုင်သည်။ တရုတ်လိုဘယ်လိုခေါ်သည် ကျွန်တော်မသိ)
"ဟူး”
အားကုကုခန္ဓာကိုယ် တည်ဆောက်ပြီးသည်နှင့် ငှက်နှစ်ကောင်လုံး မီးတောက်များပေါ်လာသည်။ တာ့ကုကု လေထဲသို့ ပျံတက်သွားသည်။ သစ်ပင်အထက်တွင် တောင်ပံတဖျတ်ဖတ်ခတ်နေသည်။ ဝိုင်းပတ်ပျံသန်းနေရင်း မီးတောက်များအောက်တွင် အရွယ်အစားပိုကြီးလာသည်။
တစ်ခဏအတွင်း လက်သီးဆုပ်အရွယ်မှသည် အိမ်မွေးငန်းအရွယ်အစား ဖြစ်လာသည်။
အရွယ်အစား သိပ်မကြီးသေးဟု ဆိုရမည်။ သို့သော် နေမီးသန္ဓေသည် အရွယ်အစား အဓိကမဟုတ်။ အရေးအကြီးဆုံးက ပိုင်ဆိုင်သည့် မီးသန္ဓေပမာဏသာဖြစ်သည်။
လက်တစ်ဆုပ်အရွယ်သည်ပင် ကျား၊ ကျားသစ်၊ ဝံပုလွေများကို အလွယ်တကူ အနိုင်ယူနိုင်သည်။ သရဲမျိုးနွယ်များလည်း ရန်ပြုရဲမည်မဟုတ်။ မြင်ရုံဖြင့် ထွက်ပြေးကြမည်။
ယခု အရွယ်အစား ကြီးလာသည်။ ထိုကြီးထွာမှုသည် ခန္ဓာကိုယ်သက်သက်သာမဟုတ်။ ဗီဇသဘာဝလည်း နေမီးတောက်သစ်ပင်ကြီးထွားမှုနှင့်အတူ ပို၍တိုးမြင့်လာသည်။
“ကူး ကူး”
ပျော်ရွှင်စွာ အော်မြည်ဟစ်ကြွေးသံ ပေါ်လာသည်။ စွမ်းအားတိုးလာကြောင်းခံစားမိသဖြင့် တာ့ကုကု အတော်ပျော်နေသည်။ မွေးဖွားစ အားကုကုလည်း တောင်ပံခတ်၍ လေထဲသို့ ပျံတက်သွားသည်။ တာ့ကုကုနှင့် ရောထွေးယှက်တင် ပျံသန်းကစားနေသည်။ ဖုန်ချင်အန်း အကြီးအငယ်မခွဲနိုင်တော့။ ပုံစံချင်း ချွတ်စွပ်တူနေသည်။
“တာ့ကုကု၊ ပြန်လာခဲ့တော့”
နာမည်ကို ခေါ်လိုက်ရသည်။ ငှက်တစ်ကောင်က အမိန့်အတိုင်း ပျံဝဲဆင်းသက်လာသည်။ အရွယ်အစားပြန်ကျုံ့သွားပြီး သူ့ပုခုံးပေါ်တွင် နားလာသည်။
“ကူး ကူး”
ကျန်တစ်ကောင်က သစ်ပင်ပေါ်တွင် နားသည်။ ဖုန်ချင်အန်းကို စူးစမ်းသလို ခေါင်းငဲ့ကြည့်နေသည်။ ဝိညာဉ်စာချုပ်ကြောင့် ထိုငှက်ကို ဖုန်ချင်အန်း ရင်းနှီးနေသည်။ သိုသော် ထိုငှက်က သူ့အကြောင်း မသိသေး။
တာ့ကုကုကို လေ့ကျင့်စဉ်ကလို ပြန်လေ့ကျင့်သည်။ နတ်ဘုရားထိန်းချုပ်စွမ်းရည်ဖြင့် ဆယ့်ငါးမိနစ်ကြာ အောင် လေ့ကျင့်သည်။
ဖခင်မှန်း သိသွားအောင်လုပ်သည်။
“ဝင်တော့”
ထိုငှက်နှစ်ကောင်သည် အတုမဲ့ဖြစ်တည်မှုများဖြစ်သည်။ သူ့ခန္ဓာကိုယ်ထဲ ချောမွေ့စွာ ပေါင်းစပ်နိုင်သည်။ နတ်ဘုရားထိန်းချုပ်စွမ်းရည်သုံးလိုက်သည်နှင့် စွမ်းအင်အားလုံး သူ့ထိန်းချုပ်မှုအောက်သို့ ရောက်လာသည်.
အရင်က စမ်းသပ်ဖူးသော်လည်း မအောင်မြင်ခဲ့သည့် စိတ်ကူးတစ်ခု သူ့ခေါင်းထဲသို့ ပြန်ဝင်လာသည်။ နောက်တစ်ကြိမ်စမ်းကြည့်ရန် ဆုံးဖြတ်လိုက်သည်။ တာ့ကုကု စွမ်းအားတိုးလာသည်။ အားကုကုလည်း ရှိနေပြီဖြစ်သည်။ အခြေအနေက နှစ်ဆမကပိုကောင်းလာသည်။
“ကူး ကူး”
မီးငှက်နှစ်ကောင်လုံး သူ့ကိုယ်ထဲသို့ ဝင်သွားသည်။ နေမီးစွမ်းအင်ကို သူရင်းနှီးပြီဖြစ်သည်။ ယခု အဆများစွာ တိုးတက်လာသဖြင့် ကျွမ်းကျင်စွာမထိန်းချုပ်နိုင်သေးသည်သာရှိသည်။
သူ အသက်ကိုအဝရှူလိုက်သည်။ နွေးထွေးသည့် ယန်မီးတောက်များ သူ့ကျောဘက်မှ ထိုးထွက်လာသည်။ဘေးမှရပ်ကြည့်နေသည့် နန်းကော မီးတောက်လေးခုကို မြင်နေရသည်။ ဖုန်ချင်အန်းအတွက် စိတ်ပူသွားသည်။
“ဖုန်ချင်အန်း၊ဘာတွေဖြစ်နေတာလဲ”
“ဘာမှမဖြစ်ဘူး ငါစမ်းကြည့်နေတာပါ”
သူတည်ငြိမ်စွာဖြေလိုက်သည်။ ကြုံသလို စမ်းကြည့်နေခြင်းမဟုတ်။ ပျံသန်းရန် စမ်းသပ်ခြင်းဖြစ်သည်။
ဝိညာဉ်စားသရဲမီးတောက်အစွမ်းဖြင့် တောင်နက် ကောင်းကင်သို့ပျံတက်သည်ကို မြင်ကတည်းက သူစိတ်ကူးရခဲ့သည်။ တောင်နက်သည် အမှန်တကယ် ပျံသန်းခြင်းတော့မဟုတ်။ သရဲမီးတောက်အကူအညီဖြင့် လေထဲတွင် လွင့်မျောသွားခြင်းမျှသာ ဖြစ်သည်။
ထိုသရဲမီးတောက်ဖြင့် ပျံသန်းရန် ဖုန်ချင်အန်း စမ်းကြည့်ဖူးသည်။ သို့သော် မြေပြင်တွင်ပြေးလွှားရသည်ထက်ပင် ပိုနှေးနေသည်ကို တွေ့ခဲ့ရသည်။ သူအားမရ။
တာ့ကူးကူးအစွမ်းဖြင့်လည်း စမ်းကြည့်ဖူးသည်။ သို့သော် ထိုစဉ်က တာ့ကူးကူး စွမ်းအားမမြင့်သေး။ ခန္ဓာကိုယ်လည်း သွေးကွေးလွန်းသည်။
အရွယ်အစား တိုးမလာသေး။ ပုံမှန်ငှက်ကလေးပုံစံသာ ထိန်းထားနိုင်သည်။ ဖီးနစ်ယွီယွီ အရွယ်အစားချုံ့ထားသည့်ပုံစံနှင့်လည်း သွားနှိုင်းယှဉ်၍မရ။
ထို့ကြောင့် စမ်းသပ်ချိန်တွင် ဖုန်ချင်အန်းနောက်ကျောတွင် ကြက်တောင်ပံအရွယ် မီးတောက်တောင်ပံတစ်စုံသာ ရှိခဲ့သည်။
မြေပြင်မှ သူ့ခန္ဓာကိုယ်ကြွတက်အောင် လုပ်နိုင်သော်လည်း စွမ်းအားမလုံလောက်ခဲ့။ ယခု စွမ်းအားလိုအပ်ချက် ပြည့်မီနေပြီဖြစ်သည်။
သူ့နောက်ကျောမှ မီးတောက်လေးခုက တောင်ပံလေးခုအသွင်ပြောင်းသွားသည်။ အစောပိုင်းကလို ကြက်တောင်ပံမျိုးမဟုတ်တော့။ သူ့ခန္ဓာကိုယ်နှင့် ကိုက်ညီသည့် ယန်မီးတောက်တောင်ပံများဖြစ်လာသည်။
ယန်မီးတောက်တောင်ပံ။ တောင်ပံလေးခု။