← Chapters

အသက်မဲ့မျက်လုံးများနှင့်လူငယ်

Vol. 10 Ch. 146

အသက်မဲ့မျက်လုံးများနှင့်လူငယ်

Vol. 10 Ch. 146

“ဖုန်ချင်အန်း၊ သတိထားနော်”

နန်းကောက စကပ်ကိုလက်ဖြင့်မ၍ တောင်ပံလေးခုအားပြု၍ပျံသန်းနေသည့် လူငယ်နောက်သို့ စိုးရိမ်တကြီး ပြေးလိုက်နေသည်။

“နိမ့်နိမ့်ပဲပျံပါ”

“စိတ်မပူပါနဲ့။ ငါတဖြေးဖြေး ကျင့်သားရလာပါပြီ။ နောက်ထပ် ပြုတ်မကျတော့ပါဘူး”

မြေပြင်အထက် ပေသုံးဆယ်အမြင့်တွင် သူလေ့ကျင့်ပျံသန်းနေသည်။ နောက်မှလိုက်လာသည့် နန်းကောကို ရယ်မော၍ လှမ်းပြောသည်။

သုံးလေးကြိမ် သူပြုတ်ကျခဲ့သည်။ နန်းကောက သူ့ကိုဆီးပွေ့ဖမ်းပေးခဲ့ရသည်။ နန်းကော် ဖမ်းဆီးမပေးလျှင်လည်း ခိုင်မာတောင့်တင်းသည့် သူ့ခန္ဓာကိုယ်ကြောင့် အနာတရတော့ဖြစ်မည်မဟုတ်။ မြေပေါ်ကျလျှင် ပြန်ထရပ်၍ ပျံသန်းရုံသာရှိသည်။

ပုံမှန်အပျံသင်စငှက်များထက် သူ့အခြေအနေက ပိုကောင်းသည်။ အပျံသင်စတွင် ပြုတ်ကျ၍ ဘဝသစ်ပြန်စရသည့်ငှက်ပေါက်များ မနည်းမနောရှိပါသည်။

အပျံသင်ခြင်းသည် လမ်းလျှောက်သင်ရသည်နှင့်မတူ။ ခြေထောက်နှစ်ဘက် ခွန်အားရှိလျှင် လဲကျလိုက်ပြန်ထလိုက်ဖြင့် တဖြေးဖြေးလမ်းလျှောက်တတ်သွားမည်။ သို့သော် အပျံသင်လျှင် တစ်ချက်မှားသည်နှင့် အသက်ပါသွားသည်။ စိတ်ဓာတ်မာကျော၍ အသက်ရှင်သည့် ငှက်ပေါက်များ ရှိသည်မှာမှန်သည်။ သို့သော် ဖုန်ချင်အန်းအဖြစ်နှင့်တော့ မယှဉ်သာပေ။

ယခု သူ့ခန္ဓာကိုယ် ဘယ်လောက်သန်မာသည်ကို အတိအကျသူမသိ။ ရွာထဲတွင် သူ့ခွန်အားကိုစမ်းသပ်ရန် လေးလံသည့်ပစ္စည်းမျိုး ရှာမတွေ့။

စပါးကြိတ်သည့်ကျောက်ဆုံကြီးသည် သူ့အတွက် ပေါ့လွန်းနေသည်။ နွားထီးများကိုလည်း သူမနှိပ်စက်ချင်တော့။ တစ်ခါက နွားတစ်ကောင်ကို နဖားကွင်း(**)မှ ဆွဲယမ်းမိမတတ်ဖြစ်ခဲ့သည်။ သူ့စွမ်းအားတိုးလာပြီးနောက် တောင်တန်းပေါ်တက်၍ သားရဲကောင်များနှင့်သာ ဖိုက်တင်ပလေးခဲ့ရသည်။

နှိုင်းယှဉ်စရာဘာမှမရှိသဖြင့် လူသားမျိုးနွယ်ထဲတွင် သူ့စွမ်းအား မည်သည့်အဆင့်အတန်းမျိုးရှိသည် မသိတော့။ နှစ်တစ်ရာသက်တမ်းရှိသည့် ဝက်ဝံနက်နတ်ဆိုးကြီးတစ်ကောင်နှင့် တစ်ယောက်ချင်းချဖူးသည်။ သူအလွယ်တကူ နှိပ်ကွပ်နိုင်ခဲ့သည်။ ယခုဆိုလျှင် ထိုဝက်ဝံသည် သူ့ကိုမြင်သည်နှင့် ခြေကုန်သုတ်ပြေးတော့သည်။

"ဟားဟားဟား၊ ပျံသန်းရတဲ့အရသာက တကယ်ကောင်းတာပဲ”

နန်းကောက သူ့ကို သေမျိုးကမ္ဘာတွင် နေထွက်တော့မည်ဖြစ်ကြောင်း သတိပေးသံကြားမှ သူမြေပေါ်သို့ ဆင်းလာသည်။ သူ့မျက်နှာတွင် အပျော်ရိပ်များ ပြည့်နေသည်။

“အဲဒါ အဲလောက်ပျော်ရလို့လား”

နန်းကောက နားမလည်ဖြစ်နေဟန်ဖြင့်မေးသည်။ ဖုန်ချင်အန်း အဘယ်ကြောင့်ထိုမျှပျော်ရွှင်နေသည်ကို သူနားမလည်။

သူမျက်စိနှလုံးပွင့်၍ အသိဉာဏ်ပေါ်လာချိန်မှစ၍ ခရမ်းနတ်ဝတ်ရုံကို တုန်ဟွမ်းက သူ့ကိုဝတ်ပေးခဲ့သည်။ ထိုအပြင် သူသည် မွေးရာပါယင်ဝိညာဉ်ဖြစ်သည်။ ပျံသန်းခြင်းသည် သူ့အတွက် အသက်ရှူရသလို သာမန်ကိစ္စသာဖြစ်သည်။

“ပျော်ရတာပေါ့”

ဖုန်ချင်အန်း ရှင်းပြသည်။

“မြေပေါ်မှာပဲ လမ်းလျှောက်နိုင်တဲ့သဘာဝမျိုးနဲ့ မွေးဖွားလာတဲ့ လူသားတွေဟာ ကောင်းကင်မှာ ပျံသန်းဖို့ စိတ်ကူးယဉ်မိကြတာပေါ့။ တောင်ပံရှိပြီး သွားချင်တဲ့နေရာကို စိတ်ကြိုက်ပျံသွားနိုင်တာဟာ တစ်ခြားလူက သယ်သွားပေးတာတို့ မှော်ပစ္စည်းတစ်ခုခုအကူအညီနဲ့ ပျံသန်းရတာတို့နဲ့ မတူဘူးလေ”

“သဘောပေါက်ပါပြီ”

ပြောသာပြောလိုက်ရသော်လည်း နန်းကော သိပ်နားမလည်သေး။

“ကိစ္စမရှိပါဘူး။ ငါရလိုက်တဲ့အပျော်စိတ်ကို မင်းနားမလည်တာ မဆန်းပါဘူး။ မင်းက ဒါနဲ့အသားကျနေပြီလေ။ ငါလည်းမင်းလို မွေးကတည်းက ပျံနိုင်ခဲ့တဲ့လူဆိုရင် အဲလောက်ပျော်မိမှာမဟုတ်ဘူး”

လူသား သို့မဟုတ် အသိဉာဏ်ရှိသည့်သက်ရှိများသည် ရှိပြီးသားကို ရိုးအီတတ်ကြသည်။ အသစ်အဆန်းကို ရှာဖွေတတ်ကြသည်။ ယခုမှ အပျံသင်စဖြစ်၍ စိတ်လှုပ်ရှားနေခြင်းဖြစ်ကြောင်း သူသိသည်။ နောက်တစ်နှစ် သို့မဟုတ် နောက်ဆယ်နှစ်လောက်ကြာလျှင် သူရိုးအီသွားမည်။

ယခုလောလောဆယ်တော့ ပျံသန်းရသည့် လွတ်လပ်မှုနှင့် ရင်ဖိုစရာအာရုံကို သူသဘောကျနေသည်။ မြေပေါ်တွင်သာ လျှောက်နိုင်ခဲ့သူအတွက် အံ့ဩစရာကိစ္စပင်ဖြစ်သည်။

“နန်းကော၊ ငါပြန်တော့မယ်”

နှုတ်ဆက်ပြီးနောက် ပျော်ရွှင်မှုအပြည့်ဖြင့် လူသားကမ္ဘာသို့ သူပြန်သွားသည်။ ယခုတစ်ကြိမ်တွင် နန်းကော လိုက်ပို့ပေးစရာမလိုတော့။ ယန်မီးတောက်တောင်ပံများကို ဖြန့်ကျက်လိုက်သည်။ သူ့ပျံသန်းနှုန်းက အတော်မြန်သည်။

အရေးကြုံလာလျှင် တောင်ပံအသွင်ဖန်တီးစရာပင် မလို။ နောက်ကျောဘက်မှ ယန်မီးတောက်ကို တိုက်ရိုက်ထိန်းချုပ်လိုက်ရုံသာရှိသည်။ အမြန်နှုန်းလည်း တရှိန်ထိုးမြင့်တက်သွားမည်။

သို့သော် ထိုသို့လုပ်လျှင် သူပျံသန်းသည့်ဦးတည်ရာရွေးချယ်နိုင်မှုတော့ လျော့ကျသွားမည်။ ရှေ့တည့်တည့်သို့သာ ပျံနိုင်လိမ့်မည်။ ထိုနည်းလမ်းကို မလိုအပ်ဘဲ သူမသုံး။ စွမ်းအင်သုံးစွဲနှုန်းလည်း မြင့်မားသောကြောာင့်ဖြစ်သည်။ နေမီးတောက်ငှက်နှစ်ကောင်စွမ်းအားပင် ကြာရှည်တောင်ခံနိုင်မည်မထင်။

ပျံသန်းခြင်းအတတ်ကို ကျွမ်းကျင်သွားပြီးနောက်ပိုင်းတွင် သူ့နေစဉ်ဘဝက သိပ်အပြောင်းအလဲမရှိတော။ မြွေစိမ်းတောင်နှင့်မြေအောက်ကမ္ဘာသို့ သွားလာရပိုမြန်ဆန်သွားသည်သာရှိသည်။

နေ့ရက်များက တဖြေးဖြေးငြိမ်းချမ်းလာသည်။ နေ့ခင်းပိုင်းတွင် အဓိကကငျ့်ကြံသည်။ သားရဲထိန်းကျင့်စဉ်စွမ်းရည်များအကြောင်း ပြန်သုံးသပ်သည်။ ကျောင်းမှ ဆရာများ၏ ပို့ချချက်များကို နားထောင်ဖို့လည်းအချိန်နည်းနည်းယူသည်။ ထို့နောက် ညပိုင်းတွင် မြေအောက်ကမ္ဘာသို့သွား၍ နေမီးတောက်သစ်ပင်ကို အားဖြည့်ပေးသည်။ အရိုးစုကို ဝိညာဉ်စွမ်းအားသွင်းပေးသည်။

ညီအမနှစ်ယောက်ကိစ္စလည်း ကိုင်တွယ်ဖြေရှင်းရသည်။ ညတိုင်းနီးပါး သူနှင့်အတူရှိနေသည့် နန်းကောအကြောင်း ပြောစရာသိပ်မရှိ။ တုန်ဟွမ်းက တစ်ခါတစ်လေမှသာ သေမျိုးကမ္ဘာသို့လာပြီး သူနှင့်တွေ့သည်။

သို့သော် ထိုငြိမ်းချမ်းသည့်ဘဝက သိပ်ကြာရှည်မခံခဲ့။ နွေဦးချိန်တွင် တောင်နက် မြေအောက်ကမ္ဘာမှ ပြန်လာသည်။ လိုအပ်သည့်စွမ်းအားအတိုင်းအတာ ပြည့်သွား၍တော့မဟုတ်။ ခဏနားခွင့်ရသောကြောင့်ဖြစ်သည်။

(ပထမဝိညာဉ်စာချုပ် - တောင်နက်)

(မျိုးနွယ် - သရဲဝံပုလွေ)

(ဗီဇ - သားရဲ၊ နတ်ဆိုး)

(စွမ်းရည် - မိုနာ့၊ အခြေခံဆင့်)

(တိုက်ခိုက်စွမ်းအား - ကွန်မန်ဒါ ထိပ်တန်းအဆင့်)

မြေအောက်လောကမှ အဆက်မပြတ်တိုက်ပွဲများကို ကျော်ဖြတ်၍ တောင်နက်စွမ်းရည်က မိုနာ့အဆင့်သို့ ရောက်လာသည်။ တိုက်ခိုက်စွမ်းအားတော့ သိပ်တိုးတက်မလာ။

All Chapters