အသက်မဲ့မျက်လုံးများနဲ့လူငယ် (၂)
Vol. 10 Ch. 147
တောင်နက် ရေသာခိုနေ၍ စွမ်းအားတိုးမလာခြင်းမျိုးမဟုတ်။ နန်းကောလိုပင် နတ်ဆိုးချီကို စတင်သန့်စင်နေပြီဖြစ်၍ အဆင့်တက်ဖို့သက်သက် မကြိုးစားတော့ခြင်းဖြစ်သည်။
ထိုနည်းလမ်းကို တုန်ဟွမ်းက သင်ပေးထားခြင်းမဟုတ်။ သရဲဝံပုလွေသွေးဆက်မှ ရလာသည့်အမွေဖြစ်သည်။ တောင်နက်အခြေအနေကြောင့် ဖုန်ချင်အန်းလည်း အသိဝင်လာသည်။ သူလည်း သူ့ဝိညာဉ်စွမ်းအားကို သန့်စင်ရမည်။
သို့သော် ယခု သူလေ့ကျင့်နေသည့် တံခါးလေးခုစည်းမျဉ်းဟုခေါ်သည့် နည်းလမ်းကို ပြန်သုံးသပ်ကြည့်သည်။ ဝိညာဉ်ပျိုးထောင်သည်။ ဝိညာဉ်စုစည်းသည်။ ဝိညာဉ်ပေါင်းစပ်သည်။ ဝိညာဉ်သန့်စင်သည်။ သူလေ့ကျင့်တိုင်း ထိုလမ်းစဉ်အတိုင်း ဝိညာဉ်ကိုသန့်စဉ်နေခြင်းသာဖြစ်သည်။ နောက်ထပ် ဒုက္ခခံစရာမလို။
တောင်နက် မြေအောက်ဘုံမှ ပြန်လာသော်လည်း သူနှင့်နေဖို့ ဖုန်ချင်အန်း သိပ်မပေးနိုင်။ တုန်ဟွမ်းက တောင်နက်ကို ပြန်ခေါ်လာခြင်းဖြစ်သည်။ ထို့ကြောင့် အနှောက်အယှက်ကင်းစေရန် တောင်နက်ကို တောင်ပေါ်သို့လွှတ်၍ ဝံပုလွေမဆီ သွားခိုင်းထားရသည်။
“လဝက်ကြာရင် တောင်နက်ကို ငါပြန်လာခေါ်မယ်”
ဖရိုဖရဲဖြစ်နေသည့် ကုတင်ပေါ်တွင် ရှည်လျားသွယ်လျသည့် ခန္ဓာကိုယ်ပိုင်ရှင် ထရပ်လာသည်။ သူ့မျက်လုံးများ တလက်လက်တောက်ပနေသည်။ ကုတင်ပေါ်မှလူငယ်ကို တစ်ချက်ကြည့်၍ တည်ငြိမ်စွာ ပြောလိုက်သည်။ ထို့နောက် သူ့အဝတ်အစားများကို သပ်ရပ်အောင် ပြန်ပြုပြင်သည်။
လအနည်းငယ်အတွင်း ဖုန်ချင်အန်းထံ သူလွှဲပေးခဲ့ရသည့် မူလစွမ်းအင်တစ်ဝက်ခန့် ပြန်ရလာပြီဖြစ်သည်။ ပုံမှန်အတိုင်းဖြစ်လာဖို့ သိပ်မကြာနိုင်တော့။
မြေအောက်ဘုံတွင် သူအုပ်ချုပ်သည့် သရဲနိုင်ငံကလည်း ပြီးခဲ့သည့်တိုက်ပွဲမှ အကျိုးအမြတ်များကို စုဆောင်းရယူနေဆဲဖြစ်သည်။
အနီးအနားသရဲနိုင်ငံများက သူ့အကြောင်းကြားသည်နှင့် တုန်လှုပ်သွားသည်။ လက်အောက်ခံအဖြစ် ခိုဝင်လိုသည့် အရိပ်အယောင်ပြကြသည်။ တစ်ချို့က မဟာမိတ်ဖွဲ့ထားလိုကြသည်။ ဘယ်နိုင်ငံမှ သူ့ကိုသွေးတိုးမစမ်းရဲကြ။
နောက်တစ်ကြိမ် သူစွမ်းအားလျော့သည့်လက္ခဏများ ပေါ်လာလျှင်လည်း မည်သည့်သရဲဘုရင်မှ လာတိုက်ခိုက်ရဲမည်မဟုတ်တော့။ ပြီးခဲ့သည့်တိုက်ပွဲရလာဒ်သတင်းက ပျံ့သွားသည်။ သူထောင်ချောက်ဆင်မျှားခေါ်၍ သရဲဘုရင်နှစ်ဆယ်နီးပါးသတ်ပစ်ခဲ့သည်။ သရဲနိုင်ငံအုပ်ချုပ်ငါးယောက်ပင် အဆစ်ပါသေးသည်။ ထိုအဖြစ်ကို အိမ်နီးချင်းသရဲနိုင်ငံဘုရင်များ ရိပ်စားမိသည်။
“ကောင်းပြီလေ”
ဖုန်ချင်အန်း ကုတင်ပေါ်တွင်လှဲရင်း အသက်မဲ့သည့်မျက်လုံးများဖြင့် အိမ်ခေါ်မိုးကိုကြည့်ရင်း ပြန်ပြောသည်။
သူတစ်ညလုံး ပင်ပန်းခဲ့သည်။ တုန်ဟွမ်း၏ ယန်စွမ်းအင်ထိန်းချုပ်တံဆိပ်မှ ဖီးနစ်အော်သံကို တစ်ညလုံးကြားနေခဲ့ရသည်။ အမှတ်တမဲ့ သူပြောခဲ့မိသည့် စကားတစ်ခွန်း၏ အကျိုးဆက်ကို သူကောင်းကောင်းနာလည်လာသည်။ အသိစိတ်အပြည့်နိုးကြားနေချိန် အထိအတွေ့ကို ကြုံရသည်။ သခင်မနှင့် ခန္ဓာကိုယ်ချင်း ပူးကပ်နေခဲ့ရသည်။ အိပ်မက်ဆန်သည့် ခံစားချက်မျိုးကို တွေ့ကြုံရသည်။
သူလုံးဝမပျော်။ ထိုအတွေ့အကြုံများကို သာယာခွင့်မရ။ ကောင်းသည်ဟုထင်ရသော်လည်း ထိုအထိအတွေ့များက သူ့စိတ်ကို ညှင်းပန်းနှိပ်စက်ခြင်းတစ်မျိုးသာဖြစ်သည်။
စိတ်ထဲမှ ခံစားရုံမှလွဲ၍ လက်တွေ့တွင် သူဘာမှမလုပ်ရ။ နက်ရှိုင်းသည့်အာရုံကို သူစူးစမ်းချင်သည်။ ရှာဖွေချင်သည်။ ဖော်ထုတ်ချင်သည်။ သို့သော် ဘုရင်မက ခွင့်မပြု။ အရွယ်မရောက်သေးဟု ဆိုသည်။
အရာရှိများကို မီးမွှေးခွင့်ပေးပြီး သာမန်လူများကို မီးအိမ်မထွန်းရဟု တားမြစ်ထားသလိုပင် ဖြစ်သည်။
အနှေးနှင့်အမြန် သူလက်တုံ့ပြန်မည်။ ယခု သူအကြိမ်ကြိမ်သည်းခံနေခဲ့ရသည့်အရာအားလုံး မကြာခင် သူဖေါက်ခွဲပစ်မည်။
တစ်ဘက်သတ် လွှမ်းမိုးခံရသည့် ခံစားချက်ကို ထိုသခင်မ သိသွားစေရမည်။
သူတကယ် အခံရခက်နေသည်။
(**လခွမ်းပါပဲ ဖုန်ချင်အန်းရေ။ မင်းအသက်က ကြီးကိုမကြီးနိုင်သေးဘူးလားကွာ။ စောင့်နေရတဲ့ စာဖတ်သူတွေက သက်ပြင်းချရတာနဲ့တင် အသက်ထွက်တော့မယ်ကွ)
“ငါသွားတော့မယ်။ မြန်မြန်ထတော့”
တုန်ဟွမ်း အဝတ်အစားဝတ်ပြီး အခန်းပြင်သို့ ထွက်သွားသည်။ ကောင်းကင်တွင် အာရုဏ်ချိန်အလင်း ပေါ်လာပြီဖြစ်သည်။ သူ့ခန္ဓာကိုယ်မှ မှော်ဆန်သည့်စွမ်းအင်များက ပေါက်ကွဲမတတ်ဖြစ်နေသည်။ ထွက်လာတော့မည့် နေမင်းလိုပင်ဖြစ်သည်။ အရိုးသားဆုံးဆိုရလျှင် သူ့လိုလူပင် ထိုခံစားချက်မျိုးကို နည်းနည်းစွဲလမ်းနေမိသည်။ ထို့ကြောင့်လည်း ခရီးသွားထွက်လိုက် ပြန်လာလိုက်လုပ်နေခြင်းဖြစ်သည်။ သူ့ကိုယ်သူ အရမ်းအလိုမလိုက်မိအောင် ထိန်းထားခြင်းဖြစ်သည်။
“ကောင်ပါပြီ”
အသက်မဲ့နေသည့်ပုံစံဖြင့် ဖုန်ချင်အန်း ကုတင်ပေါ်မှ ထရပ်သည်။ သူ့ကိုယ်ပေါ်မှ ယန်တံဆိပ်က နည်းနည်းကောင်းလွန်းနေသည်။ တုန်ဟွမ်းကလည်း ဖယ်ရှားပေးမည့်ဟန်မရှိ။ အရွယ်တစ်ခုသို့ ရောက်မှသာ အလိုလိုပျောက်ကွယ်သွားမည့်သဘောရှိသည်။
“အာရုဏ်တက်ပြီပဲ”
ဖုန်ချင်အန်း ခြံဝန်းထဲသို့ မရွှင်မပျမျက်နှာဖြင့် ထွက်လာသည်။ အရှေ့ဘက်တောင်တန်းဆီမှ အနီရောင်အလင်းများကိုကြည့်၍ စိတ်များ အတန်အသင့် လန်းဆန်းလာသည်။
သူ့အသက်ဓာတ်များ တစ်ညလုံးအပြည့်အဝ ရှိနေခဲ့သည်။ များများစားစား ယိုစိမ့်သွားခြင်းမရှိခဲ့။
“တောင်နက် ဘာတွေများလုပ်နေမလဲ”
နတ်ဘုရားပို့လွှတ်ခြင်းစွမ်းရည်ကို သူလည်ပတ်လိုက်သည်။ တောင်နက် ဝံပုလွေဖြူနှင့် ရှိနေမည်ထင်သည်။ ထိုနှစ်ကောင်ကြားဆက်ဆံရေးက ဘဝရင်းမြစ်ကို ရှာဖွေဖေါ်ထုတ်သည့် နောက်ဆုံးအဆင့်ထိ မရောက်သေးမှန်း သူသိသည်။
သခင်ဖြစ်သည့် သူ့အနေဖြင့် အရေးကြီးသည့်အချိန်ရောက်လျှင် တွန်းအားပေးရမည့်တာဝန်ရှိသည်။ ဝံပုလွေဖြူက ထိုအဆင့်ထိ သွားလိုသည့်အချိန်တွင် တောင်နက်က မဝံ့မရဲဖြစ်နေလျှင် သူ့သိက္ခာကျသည်။
သရဲဘုရင်အဖြစ် ရောက်လာမည့် ဝံပုလွေဘုရင်အနေဖြင့် တာဝန်သိစိတ်ရှိရမည်။ ရဲရဲတင်းတင်းဆုံးဖြတ်နိုင်ရမည်။ ရှေ့တိုးရမည့်အချိန် တုံ့ဆိုင်းနေ၍မဖြစ်။ ထိုသို့ဖြစ်နေလျှင် သူဖိအားပေး၍ လုပ်ခိုင်းရမည်။
သို့သော် သိစိတ်အာရုံဆက်သွယ်မိချိန်တွင် တောင်နက်၏စိတ်အခြေအနေက သူထင်ထားသည်နှင့် လုံးဝကွဲပြားနေသည်။
ဒေါသ။ ပြင်းထန်သည့် ဒေါသစိတ်။
အိမ်ငယ်တစ်လုံးစာအရွယ်အစားရှိသည့် တောင်နက်က ကျောက်တောင်ထိပ်တွင် ဝပ်နေသည်။ တိုက်ပွဲကြားတွင် ဖြစ်ပေါ်တတ်သည့် လူသတ်ရိပ်များ သူ့ဘေးပတ်လည်တွင် ဝေ့ဝဲနေသည်။ စိမ်းပြာရောင်မီးတောက်များ သူ့ကိုယ်မှထွက်နေသည်။ သူ့အောက်ဘက်တွင် တုန်ရင်နေသည့် ဝံပုလွေနတ်ဆိုးတစ်ရာနီးပါ ဝပ်နေကြသည်။
တောင်ပေါ်ရောက်ပြီးနောက် ဝံပုလွေဖြူမလေးနှင့် ရင်းရင်းနှီးနှီး ခဏတာ ဆော့ကစားခဲ့ပါသည်။ သို့သော် နူးညံ့သည့်အရာကို သူရေရှည်စိတ်မဝင်စား။ တောင်တန်းများပေါ်တွင် ပြန့်ကျဲနေသည့် သူ့ဝံပုလွေအုပ်ကို ဆင့်ခေါ်လိုက်သည်။
သေချာစစ်ဆေးပြီးနောက် မူမမှန်သည့်အဖြစ်ကို သူသတိထားမိသည်။ ဝံပုလွေနတ်ဆိုးတစ်ကောင်ပျောက်နေသည်။
မဟုတ်သေး။ တစ်ကောင်မက ပျောက်နေသည်။
တောင်တန်းသားရဲများအတွက် သေခြင်းတရားသည် မဆန်းလှ။ ယနေ့ အားအင်အပြည့်ဖြင့် ရှင်သန်နေသော်လည်း နောက်တစ်နေ့တွင် သေကြေပျက်စီး၍ ဘဝကူးသွားနိုင်သည်။
သို့သော် နတ်ဆိုးသားရဲများက ထိုသို့မဟုတ်။ တောင်တန်းနတ်ဘုရားအုပ်ချုပ်သည့် ဤတောင်တန်းကြီးတွင် ကိုယ်တိုင်က သေကြောင်းမကြံလျှင် သေနိုင်လောက်သည့်အန္တရာယ်မျိုးမရှိ။ တောင်တန်းနတ်ဘုရား၏ အကာအကွယ်ရထားသည့် တောင်နက်၏ဝံပုလွနတ်ဆိုးများဆိုလျှင် ပြောစရာပင်မလိုတော့။ သာမန်အခြေအနေအရ ဘာမှဖြစ်စရာအကြောင်းမရှိ။
အခု ဝံပုလွေအုပ်ပြန်စုလိုက်သည်။ တစ်ကောင်မက ပျောက်နေသည်။ ထိုနတ်ဆိုးဝံပုလွများ ဦးနှောက်ပျက်နေခြင်းမဟုတ်လျှင် သူ့အမိန့်ကို ဖီဆန်ရဲမည်မဟုတ်။
ဖြစ်နိုင်ခြေတစ်ခုသာရှိသည်။ တောင်တန်းအပြင်ဘက်မှ ဖြစ်တည်မှုတစ်ချို့က ဝံပုလွေအုပ်ကို ထိပါးလာခြင်းဖြစ်မည်။
ထို့ကြောင့် တောင်နက် ဒေါသထွက်နေခြင်းဖြစ်သည်။ ပျောက်နေသည့်ဝံပုလွေများ၏ ကျက်စားရာနယ်မြေများကို မေးမြန်းကြည့်ပြီးဖြစ်၍ ပြဿနာရှိနေသည့်နေရာကို အကြမ်းဖျင်းသိထားသည်။
စုရပ်သို့ရောက်မလာသည့် ဝံပုလွေများ၏ ကျက်စားနယ်မြေချင်း နီးစပ်နေသည့် တောင်တန်းအပြင်ပိုင်းအစပ်နားတွင်ဖြစ်သည်။
ထို့ကြောင့် နတ်ဆိုးဝံပုလွေများကို အပြင်အနှောက်အယှက်တစ်ခုခု သက်ရောက်ခြင်းဖြစ်မည်ဟု တောင်နက်ဆုံးဖြတ်ထားခြင်းဖြစ်သည်။
“ပျောက်နေတဲ့ ဝံပုလွေရဲ့ အပိုင်နယ်မြေတွေက ဘယ်နားမှာလဲ”
ဖုန်ချင်အန်း အတော်စိုးရိမ်သွားသည်။ ဤဝံပုလွေများအားလုံး သူ့ကြောင့် အသွင်ပြောင်းလဲနိုင်ခဲ့ခြင်းဖြစ်သည်။
တောင်နက်အတွက် သူပြင်ဆင်ပေးထားသည့် ဝံပုလွေအုပ်ဖြစ်သည်။ ယခု တစ်ချို့က ထူးထူးဆန်းဆန်းပျောက်သွားသည်။ သူပင်ပင်ပန်းပန်းအားစိုက်ထားသည့် အရာတစ်ချို့ ခိုးယူခံလိုက်ရသလို သူခံစားမိသည်။
“အူး....”
တစ်ချက်အော်ဟစ်ပြီးနောက် ဖုန်ချင်အန်းအမိန့်အတိုင်း ကျောက်တောင်ပေါ်မှ ခုန်ဆင်းလိုက်သည်။ နတ်ဆိုးဝံပုလွေတစ်ရာနီးပါးလည်း သူ့နောက်မှလိုက်လာကြသည်။ ကြောက်စရာနတ်ဆိုးချီများက တိမ်သားသဖွယ် ရစ်ဆိုင်း၍ လေထဲသို့ ထိုးထွက်လာသည်။ ကြည်လင်နေသည့်ကောင်းကင် မှုန်မှိုင်းလာသည်။ ဝံပုလွေအုပ်ဖြတ်သွားရာတစ်လျှောက် ယင်လေပြင်းများ တိုက်ခတ်သည်။ နတ်ဆိုးချီများကြောင့် ကျားများ ကျားသစ်များ ထွက်ပြေးကြသည်။
“ဗောဓိကျောင်း”
ဝံပုလွေအုပ်ဘာကြောင့် လျော့နည်းနေသည်ကို ဖုန်ချင်အန်း မသိခဲ့။ ယခု တောင်နက်၏ ဦးတည်ရာကိုမြင်ရသည်။ ရင်းနှီးနေသည့်ပတ်ဝန်းကျင်ကို တွေ့ရသည်။ သူခန့်မှန်းမိလာသည်။
“ဟိုဘုန်းကြီးအိုလား”
သူ့မျက်နှာ တင်းမာလာသည်။ စွမ်းရည်စစ်များရှိသည့် ဘုန်းကြီးတစ်ပါးသည် မကောင်းဆိုးဝါးဝိညာဉ်များကို ရှင်းလင်းဖယ်ရှားနိုင်သည်။ ထိုအချက်ကို သူအရေးမစိုက်။ ကောင်းသည့်အလုပ်ပင်ဖြစ်သည်။ သို့သော် ထိုဘုန်းကြီးများ သူ့ကိုလာထိလျင်တော့ သည်းခံနေမည်မဟုတ်။
သူတစ်ခု အာမခံနိုင်သည်။ သူမွေးမြူထားသည့် နတ်ဆိုးဝံပုလွေများသည် လူသားများကို ဒုက္ခမပေးဖူး။ လူ့သွေးကို မသောက်ဖူးပါ။ ထိုသို့လုပ်လျှင် သူကိုယ်တိုင် အရင်သတ်မည်။ တစ်ခြားလူများကို အခွင့်အရေးမပေး။
“နတ်ဆိုးဖယ်ရှားတယ်ပေါ့။ ပစ်မှတ်က ငါလား။ အတော်အတင့်ရဲတာပဲ”
နဂါးဝတ်ရုံကို သူဝတ်လိုက်သည်။ ပိုးခါးပတ်ကိုပတ်သည်။ကျောက်စိမ်းပြား(မိုးမြေသန္ဓေ)ကို ခါးတွင် ချိတ်သည်။ နတ်ဘုရားသတ်ဓားကို ဆွဲယူသည်။ တည်ငြိမ်သည့်မျက်နှာဖြင့် အာရုဏ်အလင်းရောင်ထဲသို့ထွက်၍ ဗောဓိကျောင်းဆီ ဦးတည်လိုက်သည်။
ယနေ့ ထိုဘုန်းကြီးများ မည်သည့်နောက်ခံမျိုးရှိသည်ကို ကြည့်ရမည်။