← Chapters

မွေးရာပါနတ်

Vol. 10 Ch. 148

မွေးရာပါနတ်

Vol. 10 Ch. 148

“အာဝူး....”

တောနက်အတွင်း ဝံပုလွေအော်သံများ ပဲ့တင်ထပ်သွားသည်။ အိမ်တစ်လုံးစာမျှကြီးမားသည့် အနက်ရောင်ဝံပုလွေတစ်ကောင် တဟုန်ထိုးပြေးလွားနေသည်။ ဖြတ်သွားရာတလျှောက် သစ်ပင်နွယ်ပင်များ ကျိုးကြေကျန်ရစ်ခဲ့သည်။ တိရိစ္ဆာန်ငယ်များ ငှက်များ ကြောက်လန့်တကြား ထွက်ပြေးကြသည်။

သူ့နောက်တွင် အရွယ်အစားအမျိုးမျိုးရှိသည် ဝံပုလွေများ ပါလာသည်။ တစ်ချို့က ကျွဲလောက်ရှိသည်။ တစ်ချို့ကဆင်လောက်ရှိသည်။ သူတို့စုဖွဲ့သည့်နေရာမှ အနက်ရောင်နတ်ဆိုးချီတိမ်တိုက်က မိုင်အတော်များများ ပျံ့နှံ့နေသည်။ ရိုင်းစိုင်း ကြမ်းတမ်းသည့် ကျားများ ဝံပုလွေများပင် ထိုမြင်ကွင်းကြောင့် ထိတ်လန့်တုန်လှုပ်သွားသည်။နေကြသည်။

နတ်ဆိုးဝံပုလွေအူသံများ အဆက်မပြတ် ထွက်ပေါ်နေသည်။ တစ်ခြားတောင်တန်းများမ ဝံပုလွေများလည်း ထိုအုပ်စုထဲသို့ ဝင်ရောက်လာသည်။ ဘုရင်နောက်သို့လိုက်သည်။ အရေအတွက် တစ်ရာကျော်မှသည် တစ်ထောင်နီးပါးဖြစ်လာသည်။

“အော်မီတော်ဖေါ် ဗုဒ္ဓ”

တောအုပ်ထဲမှထွက်ခါနီးတွင် သာမန်ထင်ရသည့် ထူးဆန်းသည့် ကျန်းစာရွတ်သံ လေထဲတွင် ဟိန်းထွက်သွားသည်။ ဗုဒ္ဓနာမတော်ကို အားလှိုင်းတစ်ခုနှင့် ရွတ်ဖတ်ခြင်းဖြစ်သည်။ မိုးခြုန်းသံလို အားကောင်းသည်။ ဗုဒ္ဓအလင်းတစ်ခု ကောင်းကင်သို့ ထိုးထွက်၍ ခိုင်မာသည့်အတားအဆီးတစ်ခုအဖြစ် ဝံပုလွေတို့၏လမ်းကြောင်းရှေ့သို့ ကျလာသည်။

ထိုအလင်းကြောင့် နတ်ဆိုးချီတို့ဖြင့် ဖွဲ့စည်းထားသည့် ယင်တိမ်တိုက်များ စတင်ပြိုကွဲလာသည်။ သို့သော် စိမ်းပြာရောင်မီးတောက်များ ဖုံးလွှမ်းနေသည့် ခေါင်းဆောင်ဝံပုလွေကြောင့် ထိုနတ်ဆိုးချီများ ပြန်လည်ဆန့်ထွက်ပျံ့နှံ့လာသည်။ ပန်းပင်မြက်ပင်များကြားတွင် ပြုံး၍ရပ်နေသည့် သင်္ကန်းဝတ်ဘုန်းကြီးအိုကို ဖိနှိပ်သည်။

ဘုန်းကြီးအိုက ကြည်လင်ပြုံးရွှင်သည့်မျက်နှာရှိသည်။ ဇရာအရေးအကြောင်းများရှိသည်။ ဖြတ်သန်းခဲ့ဖူးသည့် အချိန်ကာလနှင့် အတွေ့အကြုံကို ထင်ဟပ်နေသည်။

အသက်ကြီးသော်လည်း ဘုန်းကြီးအို ခါးမကုန်းပေ။ မားမားမတ်မတ်ရပ်နေသည်။ စန္ဒကူးပုတီးကိုစိပ်နေသည်။ ခေါင်းဆောင်ဝံပုလွေကို အပြုံးမပျက် မကြောက်မရွံ့ ရင်ဆိုင်သည်။

သူ့ဘေးတွင် နွားထီးအရွယ် ဝံပုလွေသုံးကောင်ထိုင်နေသည်။ ဂဏာမငြိမ်ဖြစ်နေကြသည်။ မျက်လုံးတွင် အကြောက်တရားများကြီးစိုးနေသည်။

တောင်နက်ဆင့်ခေါ်စဉ်က ဝံပုလွေတောင်ကြားသို့ ရောက်မလာခဲ့သည့် ဝံပုလွေများပင်ဖြစ်သည်။

“ဝံပုလွေဘုရင်၊ ဒေါသကိုထိန်းပါ”

ဘုန်းကြီးကို ပြောလိုက်သည်။ များပြားလွန်းသည့် ဝံပုလွေအုပ်ကို မြင်နေရသော်လည်း သူ့မျက်နှာက ကြည်လင်တည်ငြိမ်နေဆဲဖြစ်သည်။

“တောင်နက်၊ အလျင်စလိုမလုပ်နဲ့။ ငါရောက်လာတဲ့အထိစောင့်ဦး”

ဖုန်ချင်အန်း သိစိတ်အာရုံမှ လှမ်းပြောလိုက်သည်။ လမ်းပိတ်ထားသည့် ဘုန်းကြီးအိုနှင့် သူ့ကိုယ်မှထွက်နေသည့် ဗုဒ္ဓအလင်းကို မြင်နေရသည်။

တစ်ကိုယ်တော်ဘုန်းကြီး။ ဗုဒ္ဓအလင်းဖြင့် ကျယ်ပြန့်သည့်နတ်ဆိုးချီများကို ရင်ဆိုင်နိုင်သည်။ တောင်နက် စွမ်းအားများများ စိုက်ထုတ်ထားခြင်းတော့မရှိ။ သို့သော် ဝံပုလွေအုပ်စုကြောင့် ဖြစ်ပေါ်နေသည့် နတ်ဆီးချီတိမ်တိုက်များသည် အလှကြည့်သက်သက်မဟုတ်။ ထိုဘုန်းကြီးအိုကို လျှော့တွက်၍မရ။

အဝေးတစ်နေရာမှ ဗောဓိကျောင်းကို ဖုန်ချင်အန်း လှမ်းမြင်နေရသည်။ ပြင်းထန်သည့်ဗုဒ္ဓအလင်း ကောင်းကင်သို့ ထိုးထွက်နေသည်။ ယခုသူ့ကြုံတွေ့နေရသည့် ဘုန်းကြီးအို၏အလင်းထက် ပိုပြင်းထန်သည်။

“အာဝူး...”

တောင်နက် တစ်ချက်အော်ဟစ်လိုက်သည်။ အားလုံးခြေလှမ်းရပ်သွားသည်။ အေးစက်စက်အပြာရောင်မျက်လုံးများက ဘုန်းကြီးအိုဘေးမှ နတ်ဆိုးဝံပုလွေသုံးကောင်ထံ အကြည့်ရောက်သွားသည်။ ဤဘုန်းကြီး ပေါ့သေးသေးမဟုတ်ကြောင်း ဤနှစ်များအတွင်း သူရခဲ့သည့် တိုက်ပွဲအာရုံအသိက ပြောနေသည်.

“မနေ့ညက ကျုပ်တောင်တန်းပေါ်မှာ ကျမ်းစာတွေဟောပြောနေတာပါ။ ငှက်တွေသားရဲတွေ လာပြီးနားထောင်နိုင်ဖို့ပါ။ သူတို့ထဲမှာ မင်းလက်အောက်က ဒီဝံပုလွေသုံးကောင်လည်း ပါလာတဲ့။ ဗုဒ္ဓကျမ်းစာကို အကောင်းဆုံးခံယူနိုင်တဲ့ အရည်အသွေးမျိုးရှိတယ်။ ကျမ်းစာရွတ်ရင်း အချိန်ကုန်မှန်းမသိကုန်သွားတော့ မင်းဆင့်ခေါ်တာကို သူတို့မကြားလိုက်ကြတာပါ”

စကားသံက တည်ငြိမ်အေးဆေးသည်။ သူ့ဘေးမှ ဝံပုလွေသုံးကောင်ကို လက်ညှိုးထိုးပြ၍ ချီးကျူးသည်။ သူတို့ကိုယ်စား တောင်းပန်ပေးသည်။

“ဒီလိုနဲ့ ကျုပ်ကျမ်းစာရွတ်တာပြီးသွားတော့ မင်းခေါ်တာကို သူတို့မသွားလိုက်နိုင်မှန်းသိတော့ အရမ်းကြောက်လန့်ပြီး ငါ့ကိုအကူအညီတောင်းကြတယ်။ ဒါက ငါ့အမှားပါ။ အကျိုးဆက်ကို ငါခံယူပါ့မယ်။ ဝံပုလွေဘုရင် ခွင့်လွှတ်ပေးဖို့ တောင်းဆိုပါတယ်”

“ဒီဘုန်းကြီး...”

တောင်နက် အံကိုတင်းတင်းကြိတ်ထားသည်။ ဖုန်ချင်အန်းလည်း မျက်မှောင်ကျုံ့သွားသည်။ ဘုန်းကြီးအို၏စကားက နှိမ်ချသယောင်ရှိသော်လည်း ခြိမ်းခြောက်ခြင်း စိန်ခေါ်ခြင်းအငွေ့အသက်များ ပါဝင်သည်။

တောင်တန်းပေါ်တွင် တရားဟောသည်။ ငှက်များ သားရဲများကို တရားပြသည်။ နတ်ဆိုးများကို လွှမ်းမိုးနိုင်သည့် ထိုဘုန်းကြီးသည် မည်သည့်အဆင့်မျိုးရောက်နေသည်မသိ။ ဝိညာည်အသိဉာဏ်မရှိသည် ငှက်သားရဲများပင် သူ့ကျမ်းစာရွတ်သည်ကို လာနားထောင်ရသည်။

တရားနားထောင်သူ ဝံပုလွေများက ဝံပုလွေဘုရင်ဆင့်ခေါ်သည်ကို မေ့သွားသည်။ ထိုစကားက ရည်ရွယ်ချက်ရှိရှိ စော်ကားခြင်းဖြစ်သည်။ ခွင့်လွှတ်ဖို့တောင်းခံသည်မှာလည်း ဟန်ပြသာဖြစ်သည်။

ဘာမှလုပ်ဖို့မရည်ရွယ်ပါ၊ တောအုပ်ထဲတွင်ထိုင်၍ ကျမ်းစာရွတ်နေပါသည်။ သင့်လက်အောက်ခံများက သင့်အမိန့်ကို လိုက်နာခြင်းထက် ကျုပ်တရားကို နားထောင်ဖို့ ရွေးချယ်လိုက်ပါသည်။ ခွင့်လွှတ်ပါ။

မျက်နှာကို ဆားနှင့်ပွတ်နေခြင်းဖြစ်သည်။

“ဝံပုလွေဘုရင်၊ ငါ တမင်ရည်ရွယ်တာမဟုတ်ဘူး။ ဒါပေမယ့် ဒီကိစ္စကြောင့် တောင်တန်းအပြင်ဘက် အဖြစ်ဆိုးတွေ ပေါ်လာတော့မလို ဖြစ်သွားတယ်။ အခုငါ “သံသရာခရီးသွားရသေ့ဘုရင်သုတ္တန်”ကို ရွတ်ဆိုပြီး မင်းဒေါသကို ငြိမ်းအေးအောင် လုပ်ပေးပါ့မယ်။ ငါ့အမှားအတွက် ဆေးကြောပါ့မယ်”

တောင်နက်၏ ရန်လူသည့်အမူအရာကို အရေးစိုက်ဟန်မရှိ။ မြေပေါ်တွင် တင်ပျဉ်ခွေထိုင်၍ ပုတီးကိုစစိပ်သည်။ အေးချမ်းတည်ငြိမ်သည့် ကျမ်းစာရွတ်သံ လွင့်ပျံလာသည်။လာသည်။

“ဗုဒ္ဓက သူ့နောက်လိုက်တွေကို ပြောခဲ့တယ်။ လောကမှာ သံသရာခရီးသွားရသေ့ဘုရင်ဆိုတာ ရှိတယ်။ ရတနာခုနစ်ပါး ပိုင်ဆိုင်တယ်။ စွမ်းအင်လေးမျိုးပိုင်ဆိုင်တယ်။ ဒီရသေ့ဘုရင်ဟာ ရတနာခုနစ်ပါး ဘယ်လိုရတာလဲ။ ရွှေဘီးရတနာ၊ ဆင်ဖြူရတနာ၊ မြင်းပျံရတနာ....”

(***“ကျမ်းစာရွတ်”ကို မြန်မာမှာ ပါဠိလို ပရိတ်ရွတ်တာလို မြင်ယောင်ကြည့်နိုင်ပါတယ်။ ဘုန်းကြီးနဲ့ လူကြားမှာ “ပါဠိ”ဘာသာ တစ်ဆင့်ခံပါတယ်။ တရားဟောတာနဲ့ ပရိတ်ရွတ်တာက သဘောချင်းမတူတာသိကြမှာပါ။ တရားဟောတာကို နားထောင်သူက နားလည်မယ်။ ပရိတ်ရွတ်တာ(ရဲ့အဓိပ္ပါယ်)ကို လူတိုင်းနားမလည်နိုင်ပါဘူး။ တရုတ် မဟာယာနမှာ အဲလိုတစ်ဆင့်ခံဘာသာ ရှိမရှိမသိပါ။ အဲလိုမရှိရင်လည်း သံနေသံထားအပြောင်းအလဲနဲ့ ရွတ်ဆိုတာရှိပါလိမ့်မယ်။ ဘာသာပြန်ရတာကျတော့ ရေးထားတဲ့အတိုင်းပဲပြန်ရတာမို့ ရွတ်ဖတ်သရဇ္ဇျယ်နေတဲ့ “လေသံ”မျိုး‌လေး မပါတော့ပါဘူး။ မြန်မာစကားနဲ့ “ဟော” တာနဲ့ “ရွတ်” တာကို ကွဲပြားအောင် ရေးဖို့အဆင်မပြေပါဘူး။ လင်္ကာသွားနဲ့ဆိုရင်တော့ တစ်မျိုးပေါ့။

**(ပြန်) At some time, Lord Buddha abode at the Jetawan monastery in Savatti, donated by Anathapin.

**(ရွတ်) ဧကံ သမယံ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာဌပိတ္တိကဿ အာရာမေ။

**(ဟော) အခါတစ်ပါးမှာ မြတ်စွာဘုရားဟာ သာဝတ္တိပြည် အနာထပိဏ်သဌေးရဲ့(လှူဒါန်းတဲ့) ဇေတဝန်ကျောင်းမှာ သီတင်းသုံးတယ်။ )

အသွင်မဲ့ ဗုဒ္ဓအသံစွမ်းအင်က ကျမ်းစာရွတ်သံနှင့်အတူ တောအုပ်တစ်ခုလုံး ဖုံးလွှမ်းသွားသည်။ သူ့ဘေးတွင်ရှိနေသည့် ဝံပုလွေသုံးကောင် ကြောက်ရွံ့တုန်လှုပ်နေရာမှ ပြန်လည်တည်ငြိမ်သွားသည်။

ဝံပုလွေအုပ်၏ အထက်လေဟာနယ်မှ နတ်ဆိုးချီတိမ်တိုက်များလည်း အသွင်ကိုထိန်းမထားနိုင်တော့။ တောင်နက်လည်း နတ်ဆိုးချီထိန်းချုပ်မှုကို အာရုံမစိုက်နိုင်တော့။

***********************************************

All Chapters