မြင့်မြတ်သူ
Vol. 10 Ch. 149
ကျမ်းစာရွတ်သံများ ကြားနေရသည်။ သို့သော် တောင်နက်တွေ့ကြုံရသည်က တစ်ခြားဝံပုလွေများနှင့်မတူ။ ရွှေရောင်စက်ဝန်းတစ်ခုမှ အလင်းတန်းများစွာ ထိုးထွက်လာသည်ကို သူမြင်ရသည်။ ထိုစက်ဝန်းရှေ့တွင် ခံ့ညားသည့်အသွင်တစ်ခု ရပ်နေသည်။ သို့သော် မြင်ကွင်းက ဝေဝေဝါးဝါး။
တောင်နက် ထိုအသွင်ကို သေချာမြင်နိုင်ရန် ကြိုးစားသည်။ သို့သော် ကွဲကွဲပြားပြားမမြင်ရသေး။ သူ့နားထဲသို့ စီးဝင်လာသည့် ကျမ်းစာရွတ်သံများ တဖြေးဖြေးများလာမှ ပုံရိပ်က ပိုပီပြင်လာသည်။
“တောင်နက်”
လယ်ကွင်းစပ်သို့ အပြေးရောက်လာသည့် ဖုန်ချင်အန်းက တောင်နက်၏စိတ်များ ပြောင်းလဲလာသည်ကို ခံစားမိသည်။ သူ့မျက်နှာတင်းသွားသည်။ ထိုဘုန်းကြီးသည် လုံးဝမရိုးသား။
တောင်နက်သာမဟုတ်။ နောက်ဘက်မှ နတ်ဆိုးဝံပုလွေများ၊ နတ်ဆိုးချီဆွဲဆောင်မှုကြောင့် လိုက်ပါလာသည့် သာမန်ဝံပလွေများပင် ယခု မြေပေါ်တွင် ထိုင်လျက် လဲလျောင်းလျက် ရှိနေကြသည်။ တိုက်ခိုက်မည့်အသွင်များ ပျောက်ဆုံးသွားသည်။ ဘုန်းကြီးအို၏ ကျမ်းစာရွတ်သံကို ငြိမ်၍နားထောင်နေကြသည်။
တောင်နက်စိတ်အာရုံနှင့် ချိတ်ဆက်ထားသည့် ဖုန်ချင်အန်းလည်း သက်ရောက်မှုခံရသည်။ ကြည်လင်ပီသသည့် ကျမ်းစာရွတ်သံများ သူ့နားထဲ ပဲ့တင်ထပ်နေသည်။
ဆူးညှောင်ခလုတ်များ အပျက်အစီးများ ချောက်နက်များ အပုပ်အပွများ အဟောင်းအဆွေးများ လုံးဝမရှိသည့် တည်ငြိမ်အေးချမ်းသည့် လောကတစ်ခုကို မြင်နေရသည်။ ရာသီဥတုကသာယာသည်။ လူသားများက သက်သောင့်သက်သာရှိကြသည်။ သံသရာဘုရင်(ဗုဒ္ဓကိုယ်တော်)များ မြင့်မြတ်သည့်သူတော်စင်များ ရတနာခုနစ်ပါးကိုင်ဆောင်ထားကြသည်။
“ဒီဘုန်းကြီးအို”
သူ့လက်ထဲမှဓား သူ့ခါးမှကျောက်စိမ်းပြားတို့က တုံ့ပြန်မှုလုံးဝမရှိ။ တရားဝင်အတည်ပြုထားသည့် ဗုဒ္ဓကျမ်းစာများဖြစ်သည်။ ဖုန်ချင်အန်းစိတ်တွင် တစ်ခုခုကို ဉာဏ်အလင်းပွင့်လာသလိုလို ထင်မိလာသည်။
“အဓိပဓိကြယ်တာရာ...တသမတ်ပြောင်းလဲနေတယ်.......”
ဘာထူးခြားချက်မှ သူရှာမတွေ့။ အကျိုးကျေးဇူးတစ်ချို့ ရလာသည်ဟုပင် ခံစားနေရသည်။ သို့သော် ထိုစိတ်ကို သူမလိုလို တွန်းလှန်မိသည်။ တုန်ဟွမ်းသင်ပေးထားသည့် တာအိုစိတ်သန့်စင်မန္တာန်ကို ရွတ်သည်။
အတွေးများကို ထိန်းချုပ်ပြီးနောက် တောအုပ်ထဲသို့ သူဝင်လာသည်။ လူသူအရိပ်အယောင်မမြင်သဖြင့် ယန်စွမ်းအင်မီးတောက်ကို အသက်သွင်းလိုက်သည်။ နောက်ကျောတွင် တောင်ပ့လေးခု ပေါ်လာသည်။ မြေပြင်မှတက်၍ တောအုပ်ကိုဖြတ်ကာ လှပစွာ ပျံသန်းသွားသည်။
သိပ်မကြာမီ ထူးခြားသည့် ဗုဒ္ဓအလင်းများကို မြင်ရသည်။ ငှက်များ သားရဲများကို ဆွဲဆောင်နိုင်သည့် ကျမ်းစာရွတ်သံများ ကြားရသည်။
အောက်သို့ ငုံ့ကြည့်လိုက်သည်။ အနက်ရောင်မြေခွေးတစ်ကောင် သူ့အဖြစ်သူ သတိမပြုမိဘဲ ချုံပုတ်များကြားမှ ကျမ်းစာရွတ်သံဆီ ခပ်သွက်သွက်ပြေးလွှားနေသည်။
“ဗုဒ္ဓဂိတ်”
လေထဲမှ သူဆင်းလိုက်သည်။ ရှေ့ဆက်လျှောက်သွားရန် ပြင်နေရင်းမှ ရုတ်တရက် ခြေလှမ်းရပ်၍ နောက်သို့လှည့်ကြည့်လိုက်သည်။ တည်ငြိမ်ခံ့ညားသည့် အစိမ်းရောင်ဝတ်ရုံရှင်ကို မြင်ရသည်။ လက်တစ်ဘက် နောက်ပစ်ထားသည်။ တစ်ခြားတစ်ဘက်တွင် ကျောက်စိမ်းတုတ် ကိုင်ထားသည်။ ပေါ့ပါးကြည့်လင်သည် ဟန်ပန်မျိုးရှိသည်။
တောင်တန်းနတ်ဘုရား။
မှန်သည်။ စွမ်းအားမြင့်ဘုန်းကြီးတစ်ပါး တောင်တန်းထဲဝင်လာသည်ကို တောင်တန်းနတ်ဘုရား သတိမပြုမိစရာအကြောင်းမရှိ။ ဘာကြောာင့် မျက်ကွယ်ပြုထားသည်မသိ။
“သခင်လေးဖုန်။ ကျမ်းစာရွတ်တာနားထောင်ဖို့လာတာလား”
တောင်တန်းနတ်ဘုရားပြုံး၍ မေးလိုက်သည်။
“မဟာနတ်ဘုရာားလည်း ဗုဒ္ဓကျမ်းစာကို စိတ်ဝင်စားတာလား”
ဖုန်ချင်အန်း မျက်မှောင်ကျုံ့သွားသည်။ ကျမ်းစာရွတ်သံကို သူတွန်းလှန်နိုင်လျှင် နတ်ဘုရားလည်း တွန်းလှန်နိုင်သည်မှာ သေချာသည်။ လက်ရှိ တောင်တန်းနတ်ဘုရားအသွင်ကလည်း ကျမ်းစာစွမ်းအားသက်ရောက်ခံရသည့်ပုံစံမျိုး မရှိ။
“ကျုပ်အတွက်အကျိုးရှိတာမှန်ရင်လက်ခံပါတယ်”
နတ်ဘုရား ပြန်ဖြေပုံက အတော်ပွင့်လင်းသည်။ အဓိပ္ပါယ်လည်း ရိုးရှင်းသည်။ ကျမ်းစာက သူ့အတွက် အကျိုးရှိ၍ လာနားထောင်သည်။ တစ်ခြားရည်ရွယ်ချက်မရှိ။
“တောင်တန်းနတ်ဘုရား ဒီဘုန်းကြီး တောင်တန်းပေါ်မှာ တရားဟောတာ တောင်တန်းရဲ့သဘာဝကို နှောက်ယှက်တယ်လို့ မထင်ဘူးလား”
ထိုဘုန်းကြီးအပေါ် နတ်ဘုရား၏သဘောထားကို သူသိချင်သည်။ အရေးကြီးသည်။
“မြွေက ကြွက်နဲ့အသိုက်ဖွဲ့နေရင် မြေခွေးက ယုန်နဲ့ အတူနေရင် လင်းယုန်က စာကလေးနဲ့တစ်ကိုင်းတည်းနားရင် တောင်တန်းသဘာဝ ပျက်ပါတယ်”
နတ်ဘုရားက ဗုဒ္ဓအလင်းဆီလှမ်းကြည့်၍ ပြန်ဖြေသည်။ ဘုန်းကြီးအိုဘေးပတ်လည်မှ အခြေအနေကို သူမြင်ရသည်။ ဤတောင်တန်းသည် သူ့ပိုင်နက်ဖြစ်သည်။ တောင်တန်းအတွင်း သူ့မျက်လုံးအောက်မှ လွတ်မြောက်နိုင်သည့်အရာမရှိ။
“ဒါဆို ဒီဘုန်းကြီးကို ဘာလို့မောင်းမထုတ်တာလဲ”
“သခင်လေးဖုန်၊ သူက ဓမ္မကိုသင်ပြနေတာ”
“ဓမ္မကိုသင်ပြတယ်တဲ့လား”
ဖုန်ချင်အန်း မျက်မှောင်ပိုကျုံ့သွားသည်။ လောကတွင် အလကားရသည့်အရာမရှိ။ ဘုန်းကြီးအိုက ဝေးလံခေါင်သီသည့် ဤနေရာသို့လာသည်။ တောင်တန်းပေါ်တက်သည်။ ကိုယ်ကျိုးမငဲ့ဘဲ သားရဲများနတ်ဆိုးများကို တရားပြနေသည်။
ကြည့်ရုံဖြင့် မူမမှန်မှန်းသိသာသည်။ ထိုအဖြစ်ကို နတ်ဘုရား ဘာကြောင့်လျစ်လျူရှုထားသည်မသိ။
“သူသင်ပြနေတဲ့ ဓမ္မှာ တစ်ခုခုပြဿနာ မရှိဘူးလား”
“ကျုပ်နားထောင်မိသလောက်ကတော့ မရှိပါဘူး”
နတ်ဘုရားပြန်ဖြေသည်။ ထို့ကြောင့်လည်း ဤနေရာသို့ သူရောက်လာခြင်းဖြစ်သည်။
“ပြဿနာမရှိတာကိုက ပြဿနာရှိနေတာပဲ။ သူ့မှာ တစ်ခြားရည်ရွယ်ချက်တွေရှိနေတာ သေချာတယ်”
ဖုန်ချင်အန်း ဖုန်းကြီးအိုကို လူကောင်းဟုမထင်။ တကယ်သာ တရားပြလိုလျှင် ကုသိုပြုလိုလျှင် ကျယ်ပြန့်သည့် ဤလောကကြီးတွင် နေရာများစွာ ရှိသည်။ ဘာကြောင့် ဤနေရာသို့လာရသနည်း။
“သူ့မှာ တစ်ခြားရည်ရွယ်ချက်တွေရှိတာ ကျုပ်သိပါတယ်”
နတ်ဘုရားက သူ့စကားကို ထောက်ခံသည်။
“ဒီဘုန်းကြီးသင်ပြပေးတဲ့ ဓမ္မနည်းတွေကို ကျင့်ကြံရင်ဘာပြဿနာမှမရှိပါဘူး။ ဒါပေမယ့် ဒီနည်းလမ်းရဲ့အခြေခံက အသွင်ပြောင်းလဲပေးတဲ့သဘောတွေပါတယ်။ ဒါက ဘုန်းကြီးကြောင့်မဟုတ်ဘူး။ ဗုဒ္ဓကျမ်းစာတွေရဲ့ အခြေခံသဘောကကို အဲလိုဖြစ်နေတာပါ။ ဓမ္မကိုကျင့်ကြံလို့ နက်နက်နဲနဲနားလည်သွားရင် ဗုဒ္ဓဂိတ်တံခါး(လွတ်မြောက်ခြင်း)ကို ဝင်နိုင်လိမ့်မယ်”
“ဓမ္မရဲ့ချို့ယွင်းချက်တွေကိုသိရက်နဲ့ တောင်တန်းနတ်ဘုရားက ဘာလို့ခွင့်ပြုထားတာလဲ”
တောင်တန်းနတ်ဘုရား ဝင်ဖြေရှင်းလျှင် သူ့အတွက် ဒုက္ခသက်သာသည်။
“သူက ဓမ္မကို ဖြန့်ဝေနေတာပါ”
ထိုမေးခွန်းအတွက် ထိုအဖြေသာ ထွက်လာသည်။
“ဓမ္မက ကျင့်ကြံသူတွေကို ဗုဒ္ဓဂိတ်တံခါးဆီ ဆွဲခေါ်နေမယ်ဆိုရင်တောင် ခွင့်ပြုမယ်ပေါ့”
“အမှန်ပေါ့”
ဖုန်ချင်အန်း သဘောပေါက်သွားသည်။ နတ်ဘုရားဘာကြောင့် ခွင့်ပြုထားမှန်း နားလည်လာသည်။
“သခင်လေးဖုန်၊ မင်းနဲ့ကျုပ်ဟာ အခြေအနေမတူပါဘူး။ သခင်လေးတို့ညီအကိုက ကောင်းကင်ဖြစ်တည်မှု ဗီဇမျိုးပါ။ မွေးကတည်းက ကျင့်ကြံမှုနည်းလမ်းတွေ ပိုင်ဆိုင်ထားတယ်။ ကျုပ်ကျတော့ တောင်တန်းပေါ်က မြွေတစ်ကောင်ပါပဲ။ ကျင့်ကြံမှုလမ်းရဲ့ ခက်ခဲကြမ်းတမ်းမှုတွေ၊ တာအိုရဲ့ စိန်ခေါ်မှုတွေကို သခင်လေးမသိဘူး။ ဒါပေမယ့် ကျုပ်ကသိတယ်”
နတ်ဘုရား၏ ရပ်တည်ချက်နှင့် ရွေးချယ်မှုကို ဖုန်ချင်အန်း နာလည်သွားသည်။ သူလည်းလက်ခံပါသည်။
တစ်ချိန်က တောင်နက်အတွက် ကျင့်ကြံမှုနည်းလမ်းများ တောင်းခဲ့သည်။ နတ်ဘုရားက နည်းလမ်းတစ်ခု ချီးမြှင့်ပေးခဲ့သည်။ ရာသီအပြောင်းအလဲများ နေလကြယ်တာရာလည်ပတ်ပုံများကိုကြည့်၍ နှစ်ခြောက်ဆယ်လေ့လာပြီးမှ နားလည်လာသည့်ကျင့်စဉ်နည်းဟု ပြောသည်။
ထိုစဉ်က သူအံ့အားသင့်သွားသည်။သင့်ခဲ့သည်။ တောင်တန်းနတ်ဘုရား၏ ဉာဏ်ရည်ထက်မြက်မှုကို ချီးကျူးခဲ့သည်။
သို့သော်ယခု နတ်ဘုရားစကားထဲမှ စိတ်ပျက်အားငယ်မှုကို နားလည်လာသည်။ ကိုယ့်ဘာသာ ဒုက္ခခံ၍ ထိုနည်းလမ်းကို နားလည်အောင် ကြိုးစားခဲ့ရသည်။
ကျင့်စဉ်နည်းလမ်း ပေးမည့်သူမရှိ။ တာအိုကိုရှာဖွေစရာ နေရာမရှိ။
ယခု တောင်တန်းနတ်ဘုရားသည် နှစ်ပေါင်းထောင့်ငါးရာ တည်ရှိခဲ့သူဖြစ်သည်။ သို့သော် တစ်ချိန်က ရင်းမြစ်ဗီဇ အခြေခံ ဘာမှမရှိခဲ့သည့် မြွေနတ်ဆိုးတစ်ကောင်သာဖြစ်သည်။ စိတ်ပျက်စရာအခြေအနေအောက်မှ ကိုယ့်ကိုယ်ကို သုံးသပ်၍ ကျင့်ကြံရုံမှတစ်ပါး ရွေးချယ်စရာ မရှိခဲ့။
တစ်ယောက်ယောက်ကသာ သူ့ကို ကျင့်စဉ်နည်းတစ်ခုခု ချီးမြှင့်ခဲ့လျှင် ဤတောင်တန်းတွင် သူရှိနေမည်မဟုတ်။ ထိုမြွေသည် ကျင့်စဉ်နည်းလမ်းကို တောင်တန်းပေါ်မှ ရခဲ့သောကြောင့် တောင်တန်းနတ်ဘုရားဖြစ်ရန် သူရွေးချယ်ခဲ့ခြင်းဖြစ်သည်။
“ဒါဟာ ဗုဒ္ဓဓမ္မဆိုရင်တောင် ကျင့်ကြံနည်းတစ်ခုပဲလေ။ ဒီလောကရဲ့ အနည်းအကျဉ်းပဲရှိတဲ့ လမ်းကြောင်းတွေထဲက တစ်ခုပါ။ တောင်တန်းသတ္တဝါတွေ ဓမ္မရယူတာကို ကျုပ်မတားဘူး။ တောင်တန်းနတ်ဘုရားအနေနဲ့ သူတို့အခွင့်အရေးကို ပိတ်ပင်တားဆီးလို့ ဘယ်ဖြစ်မလဲ”
ထိုသို့ပြောရင်း နတ်ဘုရားမျက်နှာ ရုတ်တရက် ပြုံးလာသည်။
“ပြီးတော့ ဒီဗုဒ္ဓဓမ္မကို အဆုံးစွန်ထိမကျင့်ဘဲ တစ်ခြားလမ်းကြောင်းပေါ်ပြောင်းလဲပြီး ကျင့်ကြံလို့လည်းရတယ်လေ”
“ကျုပ်သဘောပေါက်ပါပြီ။ ခုနက ကျုပ်စကားတွေကြမ်းသွားတာ ရှက်မိပါတယ်”
နတ်ဘုရား ဝင်မစွက်သည့်အကြောင်းရင်းကို သူအပြည့်အဝနားလည်သွားသည်။ သူသာ တောင်တန်းနတ်ဘုရားနေရာရောက်နေလျှင်လည်း ထိုသို့သာ ရွေးချယ်ပေလိမ့်မည်။
“ဘာမှမဖြစ်ပါဘူး။ သခင်လေးက တောင်တန်းသတ္တဝါတွေကို ကြည့်ရှုစောင့်ရှောက်လိုစိတ်ရှိတယ်။ သားရဲတွေကို အလင်းပြလိုစိတ်လည်း ရှိတာပဲ။ အထက်တန်းကျကျမွေးဖွားလာတဲ့ ကောင်းကင်ဖြစ်တည်မှုတွေထက် သခင်လေးက အများကြီးပိုသာပါတယ်”
တောင်တန်းနတ်ဘုရား အရိုးခံစိတ်ရင်းဖြင့် ပြောလိုက်သည်။ ဖုန်ချင်အန်း တောင်တန်းပေါ် လှုပ်ရှားခဲ့သည့်အရာအားလုံး သူမြင်ခဲ့သည်။ တောင်တန်းသဘောဝကို အနှောက်အယှက်ဖြစ်သည့်တိုင် များပြားလှသည့် နတ်ဆိုးဝံပုလွေအုပ်ကို သူသည်းခံခဲ့ခြင်းဖြစ်သည်။
“ဒါကို ချီးကျူးတယ်လို့ပဲ မှတ်ယူပါ့မယ် မဟာနတ်ဘုရား”
ဖုန်ချင်အန်း ရယ်လိုက်သည်။ သူ့မျက်နှာ ပြေလျော့သွားသည်။ ဓားကိုကိုင်၍ ရှေ့ဆက်လျှောက်သွားသည်။
“သခင်လေးဖုန်”
ဖုန်ချင်အန်း နောက်လှည့်ကြည့်သည်။
“မဟာနတ်ဘုရား၊ နောက်ထပ်အကြံပြုစရာတစ်ခုခု ရှိလို့လား”